နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော သစ်တောနားခွဆုံမှ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲက သေနတ်ဖြင့် ပစ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရ

MYARF
RB News
21.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သစ်တောနားခွဆုံ ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ သစ်တောနားခွဆုံ ကျေးရွာအုပ်စုမှ ဦးနူရ်အာလောမ် (ဘ) ဦးနူရ်အာမတ်သည် ဆိုင်ကယ်ဖြင့် ခမောင်းဆိပ်မြို့မှ ပြန်လာစဉ် သစ်တောနားခွဆုံ ကျေးရွာအုပ်စု ရွာမအနီးတွင် လှည့်ကင်းလှည့်နေသည့် နယ်ခြားစောင့်ရဲ နှစ်ဦးက ရပ်တန့်ခိုင်းရာ အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ မရပ်ပေးဘဲ ဆက်လက်မောင်းနှင်သွားရာ နယ်ခြားစောင့်ရဲ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့သည်။ 

ဆိုင်ကယ်မောင်းနှင်သူ ဦးနူရ်အာလောမ်သည် ဒဏ်ရာကို မကြည့်တော့ဘဲ အိမ်ရောက်သည်အထိ ဆက်လက်၍ မောင်းနှင်သွားခဲ့သည်။ နယ်ခြားစောင့်ရဲ နှစ်ဦးက လမ်းတစ်လျှောက် သွေးများ ယိုစီးကျခဲ့သည့် သွေးစက်များ အတိုင်း လိုက်သွားပြီး ဦးနူရ်အာလောမ်၏ အိမ်သို့ ရောက်ရှိသွားခဲ့သည်။ 

ထို့နောက် သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရရှိသူ ဦးနူရ်အာလောမ်၏ ဖခင်ဖြစ်သူ ဦးနူရ်အာမတ်ကို ခမောင်းဆိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဆိုင်ကယ်မတော်တဆ လဲကျရာတွင် ဒဏ်ရာရခြင်းသာ ဖြစ်သည်ဟု စာရွက်ပေါ်တွင် ရေးသား၍ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲများက ဆိုင်ကယ်စီးသွားသူ၊ ကားမောင်းသွားသူ များကို ရပ်တန့်ခိုင်းလျှင် အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်လေ့ရှိသည်။ ယခုအခါ အကြောင်းမဲ့ ပစ်သတ်ခြင်းများ များပြားလျက် ရှိသဖြင့် နယ်ခြားစောင့်ရဲများ၊ စစ်သားများ တွေ့လျှင် အသတ်ခံရမည်လားဟု ဒေသခံရိုဟင်ဂျာများ အကြား စိုးရိမ်စိတ်များ တိုးပွားလျက် ရှိသည်။ 


Comment ရေးရန်

Rohingya Exodus