နောက်ဆုံးသတင်း/ဆောင်းပါးများ

ကော်မရှင် အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံ၍ စစ်တပ်၏ အကြမ်းဖက်မှုများ တင်ပြ၊ တွေ့ဆုံခဲ့သူအချို့ ဖမ်းဆီး ရိုက်နှက်ခံရ

RB News
12.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းသို့ ရောက်ရှိနေသည့် မောင်တော အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် အဖွဲ့နှင့် ဒေသခံ ရိုဟင်ဂျာများ တွေ့ဆုံပြီး စစ်တပ်၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ မုဒိမ်းကျင့်ခြင်း စသည်တို့ကို တင်ပြနိုင်ခဲ့ကြောင်း၊ တွေ့ဆုံခဲ့သူ အချို့ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စုံစမ်းရေး ကော်မရှင်အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ရေခဲချောင်းခွဆုံ ကျေးရွာသို့ ရောက်ရှိခဲ့သည်။ ယင်းကျေးရွာမှ အမျိုးသားများနှင့် အမျိုးသမီးများ အချို့ လာရောက်တွေ့ဆုံပြီး၊ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်များကို လောင်ချာဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးဖြင့် ခုတ်၍ သတ်ဖြတ်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ကလေးများကို မီးထဲသို့ ပစ်ချ၍ သတ်ဖြတ်ခြင်း စသည်တို့ကို တင်ပြနိုင်ခဲ့သည်။ ကော်မရှင်အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံစကားပြောစဉ် စစ်သားတစ်ဦးက ဗီဒီယိုရိုက်၍ မှတ်တမ်းတင်ခဲ့သည်။

ကော်မရှင်အဖွဲ့ ထွက်ခွာသွားပြီးနောက် အောက်ပါ ဒေသခံ (၆) ဦးကို စစ်သားများက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

(၁) ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးအဗ်ဒူဆတာရ် (အသက် ၇၁ နှစ်)
(၂) ဦးမာမွတ်ဆော်လာမ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၅၀ နှစ်)
(၃) အဘူဆီဒိတ် (ဘ) ဦးအဘူလ်ဟိုက်ရ် (အသက် ၁၅ နှစ်)
(၄) ဦးဘော်ဆိရ်အဟမတ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၇၀ နှစ်)
(၅) ဆော်ဒါမ် (ဘ) ဦးအဘူလ်ဟိုက် (အသက် ၁၆ နှစ်)
(၆) ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးနဇီရ်ဟူစိန်း (အသက် ၅၃ နှစ်) - တို့ဖြစ်သည်။

စစ်သားများသည် ဖမ်းဆီးထားသူ (၆) ဦးတို့ကို တစ်နေရာသို့ ခေါ်ဆောင် သွားပြီး ဗီဒီယို ရိုက်ကူးထားသည့် မှတ်တမ်းကို ဖွင့်ပြပြီး ကော်မရှင်အဖွဲ့နှင့် စကားပြောသူများ၏ အမည်များကို မေးမြန်းပြီး၊ ဘာသာပြန်သူ၏ အမည်များကို မေးမြန်းခဲ့သည်။ ဗီဒီယိုမှတ်တမ်းတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးတစ်ဦးက ကော်မရှင်အဖွဲ့ကို ပြောဆိုနေသည်များလည်း ပါဝင်ပြီး၊ အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်များကို အစားထိုးနိုင်ရန် အခြားသော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ကော်မရှင်အဖွဲ့နှင့် ထွက်ဆိုစဉ် ပြောဆိုသည်များနှင့် ဆန့်ကျင်သည့် ထွက်ဆိုချက်များ ထွက်ဆိုခိုင်းပြီး ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့သည်။

ဖမ်းဆီးခံရသူ (၆) ဦးအနက် ဦးဇာဖောရ်ဟူစိန်းနှင့် ဦးမာမွတ်ဆော်လာမ် တို့သည် ဗမာစကား ကျွမ်းကျင်စွာ ပြောဆိုတတ်သူများ ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့နှင့် ရွာသားများ တွေ့ဆုံစဉ် ပြောဆိုသည် များကို ဘာသာပြန် ပေးခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ၎င်းတို့ကို ညနေ (၄) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ အသက် (၇၀) နှစ် အရွယ် ဦးဇာဖောရ်ဟူစိန်းမှာ အခြေအနေ အရမ်းဆိုးရွား နေကြောင်း ဒေသခံများက ပြောပါသည်။

ရေခဲချောင်းခွဆုံ ကျေးရွာမှ ကျေးရွာ အဖွဲ့ထွက်ခွာ သွားပြီးနောက် စစ်သားများသည် အမျိုးသမီး (၃) ဦးကိုလည်း တောတောင်ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး ညနေ နေ၀င်ချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ကော်မရှင်အဖွဲ့သည် ရေခဲချောင်းခွဆုံ ကျေးရွာမှ တဆင့် ဓါးကြီးစား ကျေးရွာသို့ သွားရောက်ခဲ့သည်။ ဓါးကြီးစားတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၃) ဦး အပါအ၀င် အမျိုးသမီး (၇) ဦးနှင့် အမျိုးသမီး (၄) ဦးတို့က တွေ့ဆုံ၍ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှု အပြည့်အစုံကို တင်ပြခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နေ့လည်ပိုင်းတွင် ကြက်ရိုးပြင် ကျေးရွာသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ဒေသခံများကလည်း အဖြစ်အပျက်များ အားလုံးကို တင်ပြခဲ့သည်။

မောင်တောမြို့နယ် တောင်ပိုင်း နူရူလ္လာ ကျေးရွာသို့ ကော်မရှင် အဖွဲ့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်သားများက ရွာထဲသို့ ၀င်ရောက်၍ အမျိုးသားများကို မောင်းထုတ်ခဲ့ပြီး၊ ကော်မရှင်အဖွဲ့ ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

MYARF နှင့် Rohingya Eye မှ သတင်းပေးပို့သည်။

(ဓါတ်ပုံ - MOI)

Comment ရေးရန်

Rohingya Exodus