နောက်ဆုံးသတင်း/ဆောင်းပါးများ

သာမာန် ဥပဒေဖြင့် ဖြေရှင်းရမည့်ကိစ္စတစ်ခုကို အာဏာပိုင်များက အခွင့်အာဏာ အလွဲသုံးစားလုပ်၍ ငွေညှစ်

Rohingya Eye
RB News
13.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း တပ်ချောင်းကျေးရွာအုပ်စုတွင် အာဏာပိုင်များက ဥပဒေဖြင့် ပြေလည်အောင် ဖြေရှင်းပေးရမည့် ကိစ္စတစ်ခုကို အခွင့်အာဏာ အလွဲသုံးစားလုပ်၍ ငွေညှစ်ခဲ့ပြီး၊ ထပ်မံ၍ ငွေညှစ်နေသဖြင့် မိသားစုအလိုက် တိမ်းရှောင်နေရကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၁) တပ်ချောင်းကျေးရွာအုပ်စု၊ ရွှေဒိုင် (ဘာဟာသ်ဆဲဒါ) ရွာမှ ဦးအဒူမော်တော်လော်ဖ် (ဘ) ဦးကာလာမျာ (အသက် ၆၅ နှစ်) ၏ နေအိမ်သို့ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးတန်ဒါမျာ (အသက် ၅၅ နှစ်) ၏ သားဖြစ်သူ အစ္စလာမ် (အသက် ၁၆ နှစ်) က သွားရောက်၍ ဦးအဒူမော်တော်လော်ဖ်၏ တတိယမြောက်သမီး ဖြစ်သူနှင့် စကားပြောဆိုသည်ကို ဦးအဒူမော်တော်လော်ဖ်က တွေ့မြင်သွားပြီး ဒူးညှိ (ဒေါမ်ဂါးဖာရာ) ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် နယ်ခြားစောင့်ရဲများ၊ ပြည်သူ့စစ်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်နှင့် စစ်သားများ ပူးပေါင်း၍ ဦးမိုမာမတ်အီနုစ်၏ နေအိမ်ကို သွားရောက်၍ ရှာဖွေခဲ့ကြသည်။ 

ဦးမိုမာမတ်အီနုစ်နှင့် သားဖြစ်သူတို့ တိမ်းရှောင်သွားခဲ့သဖြင့် ၎င်း၏ သမီးများဖြစ်ကြသော ဂူရာဖူသူနီ (အသက် ၁၈ နှစ်) နှင့် မူနာဘိ (အသက် ၁၇ နှစ်) တို့ကို အိမ်အပြင်သို့ ထွက်ခိုင်း၍ နေပူထဲတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မတ်တပ်ရပ်ခိုင်းထားခဲ့သည်။ အဆိုပါ မိန်းကလေးများကို နေအိမ်သို့ ရှာဖွေရန်လာသူများက မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

လာရောက်ရှာဖွေသူများက ဦးမိုဟာမတ်အီနုစ် ကို ကင်းစခန်းသို့ မပို့ပါက မိန်းကလေးနှစ်ဦးကို ကင်းစခန်းသို့ ဖမ်းဆီးခေါ်သွားမည်ဟု ခြိမ်းခြောက်၍ ပြန်သွားခဲ့ကြသည်။ 

ဦးမိုဟာမတ်အီနုစ်သည် တိမ်းရှောင်နေရာမှ အိမ်သို့ ပြန်လာကာ ကင်းစခန်းသို့ သွားရောက်၍ ငွေကျပ် ၁၀ သိန်းနှင့် ဆိတ်တစ်ကောင် ပေးကာ ပြေလည်မှု ရယူခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် ဦးအဒူမော်တော်လော်ဖ်က လျော်ကြေးငွေ ၅ သိန်း တောင်းခံခဲ့ရာ၊ ဦးမိုဟာမတ်အီနုစ်တွင် ငွေပေးရန် မရှိတော့သဖြင့် မိသားစုတစ်စုလုံး အခြားရွာတစ်ရွာသို့ တိမ်းရှောင်သွားခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို ပေးခဲ့ရသည့် ငွေကျပ် ၁၀ သိန်းကိုလည်း ၎င်းတွင် ရှိသည့် နွားနှင့် လယ်မြေရောင်းချ၍ ရရှိသောငွေများကို ပေးခဲ့ခြင်း ဖြစ်သည်။ 

“ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုကို ဒေသခံအာဏာပိုင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူမှုရေးရှုထောင့်ကနေ ပြေလည်အောင် လုပ်နိုင်ပါလျက်နဲ့ မိန်းကလေးတွေကို မဖွယ်မရာလုပ်တယ်၊ ပြီးတော့ ငွေညှစ်တယ်။ ရထားတဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်နေတာတွေ အစိုးရက အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ကျေးရွာမှ လူကြီးတစ်ဦးက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus