နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင် ဆိုင်ကယ်တိုက်ခံရသည့် ရိုဟင်ဂျာတစ်ဦး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်

Saed Arakani
RB News
5.8.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကယ်တိုက်ခံရသည့် ရိုဟင်ဂျာတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၅) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် စစ်တွေမြို့ ခေါင်းဒုက္ကာရွာမှ ဦးမိုဟာမတ်အဗ်ဒူလ် (ဘ) ဦးအလီအဟမတ် (အသက် ၄၅ နှစ်) သည် ဘုမေလမ်းဆုံတွင် နားကပ်တစ်စုံရောင်းချ၍ မိသားစုဝင်များအတွက် အစားအသောက်ဝယ်ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် စစ်တွေတက္ကသိုလ် ၀င်ပေါက်အနီးတွင် မင်းဂံ ရခိုင်ရွာမှ ရခိုင်ကျောင်းသားတစ်ယောက်က ၎င်းအား ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည်။ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီးနောက် နှစ်ဦးစလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး နှစ်ဦးစလုံး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်။ 

ဆိုင်ကယ်တိုက်မှု ဖြစ်ပွားသည့် နေရာသို့ စစ်တွေတက္ကသိုလ်တွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ရင်း ၃၆ မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရခိုင်ကျောင်းသားကို စစ်တွေမြို့ပေါ်သို့ ဆေးကုသမှု ခံယူရန် လွှတ်လိုက်ပြီး ဦးမိုဟာမတ်အဗ်ဒူလ်ကို ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ဦးမိုဟာမတ်အဗ်ဒူလ်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ရာတွင် သေဆုံးသွားခဲ့ပြီး နံနက် ၁၁ နာရီခန့် အချိန်တွင် စစ်တွေဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးမိုဟာမတ်အဗ်ဒူလ်ကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ဒဏ်ရာများ ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတွင် ပန်းနာရင်ကြပ်ရောဂါ ရှိကြောင်း လိမ်ညာ၍ ပြောဆိုနေသော်လည်း၊ ရဲတပ်ရင်းရှေ့မှ ဆိုက်ကားစီး၍ ဖြတ်သွားသည့် မျက်မြင်သက်သေတစ်ဦးက ဦးမိုဟာမတ်အဗ်ဒူလ်ကို ရဲများက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည်ကို မြင်တွေ့ခဲ့ကြောင်း RB News သို့ပြောပါသည်။ 

ဦးမိုဟာမတ်အဗ်ဒူလ်၏ ရုပ်အလောင်းကို စစ်တွေဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးပြီးနောက် နေ့လည် ၁ နာရီ အချိန်တွင် ရဲများက ၎င်း၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ 



Comment ရေးရန်

Rohingya Exodus