နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုစခန်းမှ နယ်ခြားစောင့်ရဲနှစ်ဦးက ပြည်နယ်ရဲတပ်ဖွဲ့မှူးအား လစဉ်ကြေးပေးနေရသည်ဟု ဆိုကာ ဒေသခံများထံမှ ငွေညှစ်

RB News
6.8.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုတပ်ကြပ်ကျော်ဌေးနှင့် တပ်သားကျော်မျိုးဦး တို့သည် ပြည်နယ်ရဲတပ်ဖွဲ့မှူးအား လစဉ်ကြေးပေးနေရသည်ဟု ဆိုကာ ခရီးသွားပြည်သူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ညီအစ်ကိုနှစ်ဦးဖြစ်သူ ဒုတပ်ကြပ်ကျော်ဌေးနှင့် တပ်သားကျော်မျိုးဦး တို့သည် ပြည်နယ်ရဲတပ်ဖွဲ့မှူးအား လစဉ်ကြေးပေးနေရသည်ဟု ဆိုကာ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ မော်တော်ယာဉ်များမှ တစ်စီးလျှင် ငွေကျပ် တစ်ထောင်နှင့် ပစ္စည်းအထုပ်တစ်ထုပ်လျှင် ငွေကျပ် သုံးထောင်စီ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့က “မင်းတို့မကျေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်လို့ရတယ်၊ ပြည်နယ်မှူးက ငါတို့လူ မင်းတို့ကို စောက်ဂရုစိုက်စရာ မလိုဘူး” ဟု ကြုံးဝါးလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

ထို့အပြင် တောင်ပြိုလက်ဝဲမြို့ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာ ရိုဟင်ဂျာ အမျိုးသမီးများကိုလည်း မဖွယ်မရာ ပြုလုပ်ခြင်းများ မကြာခဏပြုလုပ်ကြောင်း၊ အမျိုးသားများကို ခေါ်ယူစစ်ဆေး၍ မြန်မာဆင်းမ်ကဒ်များ တွေ့သော်လည်း ဘင်္ဂလားဆင်းမ်ကဒ်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး ငွေညှစ်ကြောင်း၊ ဒုတပ်ကြပ်ကျော်ဌေးက ဆင်းမ်ကဒ်တစ်ကဒ် အတွက် ၎င်းအဆင့်အား အနည်းဆုံး ငွေကျပ် (၅) သိန်း ပေးရမည်ဖြစ်ကြောင်း၊ မပေးနိုင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောပါသည်။ 

ဒုတပ်ကြပ်ကျော်ဌေးသည် စခန်းမှူး ဖြစ်သူ စောရွှေမောင်၏ ညာလက်ရုံး ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ရဲသင်တန်း အတူတက်ရောက်ခဲ့သူများ ဖြစ်ကြသည်။ 

ဒုတပ်ကြပ်ကျော်ဌေး တို့ညီအစ်ကိုနှစ်ဦးသည် ဒေသခံတိုင်းရင်းသားများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး လုပ်ငန်းလုပ်ကိုင်ပြီး ကြွယ်ဝချမ်းသာနေသူများလည်း ဖြစ်ကြပြီး၊ တောင်ပြိုလက်ဝဲမြို့ အတွင်း ငွေကြေးချမ်းသာသည့် ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များသို့ ညအချိန်သွားရောက်၍ ၎င်းတို့နှင့် အတူပါလာသော မူးယစ်ဆေးဝါးများကို စစ်ဆေးနေသည့် အိမ်မှ တွေ့ရှိသည်ဟု လုပ်ကြံ၍ ငွေညှစ်ခြင်းများလည်း ရှိကြောင်း ဒေသခံများက ပြောပါသည်။ လွန်ခဲ့သည့် (၁၅) ရက်ခန့်က တောင်ပြိုလက်ဝဲမြို့ အမှတ် (၁) ရပ်ကွက်မှ ဦးကိုလာ (ဘ) ဦးအဒူရှော်ရှီး၏ နေအိမ်သို့ ညအချိန်ဝင်ရောက်၍ ဦးကိုလာ၏ နေအိမ်မှ မူးယစ်ဆေးဝါး တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ဦးကိုလာက လမ်းတစ်ဝက် ထွက်ပြေးသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်အား ဒုတပ်ကြပ်ကျော်ဌေးမှ စခန်းမှူး စောရွှေမောင်ကို လုပ်ကြံဇတ်များနှင့် အတူ အစီရင်ခံခဲ့သည်။ ထို့နောက် စခန်းမှူးက ဦးကိုလာ၏ ညီဖြစ်သူ ဦးဗွေးရှာကို စခန်းသို့ ဆင့်ခေါ်၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့သည်။ 

ဇူလိုင်လ (၂၇) ရက်နေ့တွင်လည်း တမန်းသားကျေးရွာအုပ်စု၊ သဲကုန်းရွာမှ ဦးဆွေဒူရာမင် (ဘ) ဦးအာဘူ (အသက် ၄၂ နှစ်) နှင့် အခြားတစ်ဦး တို့သည် တောင်ပြိုလက်ဝဲမြို့ အမှတ် (၄) ရပ်ကွက်မှ ဦးရှုနာအလီ၏ နေအိမ်သို့ လူနာသတင်းမေးရန် လာနေစဉ် ဒုတပ်ကြပ်ကျော်ဌေးနှင့် တပ်သားကျော်မျိုးဦးတို့က ၎င်းတို့အား လက်ထိပ်ခတ်ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခဲ့သည်။ စခန်းမှူး စောရွှေမောင်က ဇူလိုင်လ (၂၈) ရက်နေ့တွင် ၎င်းတို့နှစ်ဦးထံမှ ငွေကျပ် တစ်သိန်းခွဲကို တပ်ကြပ်ကြီးနိုင်နိုင်မှတစ်ဆင့် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus