နောက်ဆုံးသတင်း/ဆောင်းပါးများ

လှဖိုးခေါင်တွင် ယာယီအခြေစိုက်ထားသည့် စစ်သားများက မြောတောင်မှ ရိုဟင်ဂျာများ၏ ကျွဲ များ လုယက်

Rohingya Eye
RB News
26.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာတွင် ယာယီအခြေစိုက်ထားသည့် တပ်ရင်းမှ စစ်သားများက မြောတောင်ကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာများ၏ ကျွဲ များ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင်ကျေးရွာတွင် ယာယီစခန်းချထားသည့် တပ်ရင်း (၅၅၃) တပ်ခွဲ (၂) မှ စစ်သား (၆) ဦးနှင့် အရပ်ဝတ် လူနှစ်ဦးတို့သည် ဆိုင်ကယ်များဖြင့် မြောတောင်ကျေးရွာအုပ်စု၊ သလူချောင်းရွာသို့ ရောက်ရှိလာပြီး ဒေသခံများ၏ ကျွဲများ လုယက်ခဲ့သည်။ 

စစ်သားများနှင့် အရပ်သားများသည် သလူချောင်းရွာသို့ ရောက်ရှိပြီးနောက် ကျွဲကျောင်းနေသူများကို သေနတ်များဖြင့် ချိန်လိုက်ရာ ကျွဲကျောင်းသူများသည် ဖမ်းဆီးခံရမည်၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမည်ကို ကြောက်ရွှံ၍ ကျွဲကျောင်းနေရာမှ ထွက်လာခဲ့ကြသည်။ ထို့နောက် လိုင်စင်ရ လုယက်သူများဖြစ်ကြသည့် စစ်သားများနှင့် အရပ်သားများသည် ကျွဲ အကောင်ရေ ၄၀ ခန့်ကို မောင်း၍ ယူသွားရာ ကျွဲများ၏ သဘာဝအရ ၎င်းတို့ ကျက်စားရာနေရာကို ကျော်လွန်၍ မသွားသဖြင့် ၂၈ ကောင်ကိုသာ အတင်းအဓမ္မ မောင်း၍ ယူသွားနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

၂၈ ကောင်ကို ယူသွားပြီးနောက် ကျန်သည့် ကျွဲများကိုလည်း ထပ်မံယူရန် စစ်သားများ ပြန်လည် လာခဲ့သော်လည်း ရွာသားများက ၎င်းတို့၏ ကျွဲများကို ရွာအတွင်းသို့ မောင်းသွင်းခဲ့သောကြောင့် ကျန်သည့် ကျွဲများကို ယူသွား၍ မရခဲ့ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ကျွဲများ လုယက်ခံရသူများမှာ --

(၁) ဦးအလီဇူဟာရ် (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၂၆ နှစ်) -- ကျွဲ (၅) ကောင်
(၂) ဦးဆီရာဇူလ်အစ္စလာမ် (ဘ) ဦးဆော်ဒူလ်အာမီးန် (အသက် ၅၀ နှစ်) -- ကျွဲ (၆) ကောင်
(၃) ဦးအေနာမူလ်ဟာဆန် (ဘ) ဦးမိုဟာမတ်အာလာမ် (အသက် ၂၄ နှစ်) -- ကျွဲ (၄) ကောင်
(၄)  ဦးအာဘူအာလာမ် (ဘ) ဦးအာဘူသာဟိရ် (အသက် ၄၅ နှစ်) -- ကျွဲ (၃) ကောင်
(၅) ဦးဟာဘီအုလ္လာ (ဘ) ဦးနူရ်အာမတ် (အသက် ၆၂ နှစ်) -- ကျွဲ (၁၀) ကောင် -- တို့ဖြစ်ကြသည်။ 



Comment ရေးရန်

Rohingya Exodus