နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

18.7.2014

ရခိုင်ပြည်နယ် ပဋိပက္ခကို မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေနဲ့ ပြုပြင် ပြောင်းလဲရေးကို ထိခိုက် နိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee က ဒီနေ့ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် အတွင်းက လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာဖို့ အတွက် ရောက်ရှိ နေတဲ့ Ms Yanghee Lee က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

"မိမိအနေနဲ့ သုံးသပ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်း နိုင်ဘူး ဆိုရင် နိုင်ငံတော်က ဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုပါ ထိခိုက် လာနိုင် ပါတယ်"

ဒါ့အပြင် Ms Yanghee Lee က မြေပုံမြို့နယ်က စပြီး ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဖြစ်မှု ဥပဒေ အတိုင်း ဆောင်ရွက် နေတဲ့ အပေါ် ဝမ်းသာကြောင်းနဲ့ ကာယကံရှင် တွေရဲ့ ဆန္ဒ သဘောထားကို လိုက်နာဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခြေအနေ မငြိမ်မသက် ဖြစ်မှာကို စိုးရိမ်တာကြောင့် ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေကို သီးခြားစီထား ရတာ ဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ အရ နိုင်ငံသား ဖြစ်လာသူ တွေကို နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာ ခွင့်ပြုမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Ms Yanghee Lee ဟာ ဒီကနေ့ စစ်တွေ အကျဉ်းထောင်မှာ ရှိတဲ့ မွတ်စလင် အကျဉ်းသား တချို့နဲ့ သီးသန့် တွေ့ဆုံ ခဲ့သလို ဆတ်ရိုးကျ ရခိုင် ဒုက္ခသည် စခန်းနဲ့ ဘောဒူဘ မွတ်စလင် ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက် လေ့လာ ခဲ့ပါတယ်။



မိုးဇော်
18.7.2014

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ တွေ့ဆုံ ခဲ့သလို စစ်တွေ ထောင်နဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့ပါတယ်။ အပြည့်အစုံ ကိုမိုးဇော် တင်ပြထား ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee သူ့ရဲ့ ဒုတိယ မြောက်နေ့ ခရီးစဉ် အဖြစ် ပြီးခဲ့တဲ့ နှစ်တွေ အတွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ စစ်တွေမြိုမှာ ဆောင်ရွက် ခဲ့တာ တွေကိုတော့ ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ ဒီနေ့မနက် စစ်တွေရောက်တယ် ရောက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့တယ်။ အဲ့ဒီ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပါ အပါအဝင် ပေါ့နော်။ တွေ့တယ်။ တွေ့ပြီးတော့ အခု ကျနော်တို့ စစ်တွေထောင်ကို သွားပြီးတော့ အဲ့ဒီ့က အကျဉ်းသား အချို့နဲ့ တွေ့တယ်။ နောက် စက်ရုံစုဆိုတဲ့ အရပ်ကို ကျနော်တို့ သွားပါတယ်။ အခုပဲ နေ့လည် သုံးနာရီလောက် ရှိနေပြီ။ ကျနော်တို့ IDP ကမ့်တွေထဲ ဝင်တွေ့ဖို့ရှိပါတယ်။ "

ကုလသမဂ္ဂ ပြန်ကြားရေးရုံး ကတော့ အသေးစိတ် သတင်း ထုတ်ပြန်တာ မရှိပါဘူး။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နေ့ခင်း ၁၁ နာရီကနေ ၁၂ နာရီလောက် အထိ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေး ဖြစ်တာ တွေကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အခုလို ပြောပါတယ်။

"တွေ့တော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အရင်ဖြစ်ခဲ့တဲ့ ဟာလေးတွေ အကျဉ်းရုံး ရှင်းပြတယ်။ ရှင်းပြပြီးတော့ အခု အခြေအနေက ဘယ်လို နေရာချထားတယ်။ ဘယ်လို လုပ်ထားတယ် ဆိုတာ ဒီလောက်ပဲ ရှင်းပြတာပေါ့။ သူကလည်း နည်းနည်း သိချင်တာလေးတွေ မေးပြီးတော့ ရှေ့ဘယ်လို ဆက်လုပ် ကြမလဲ။ ဆိုတာ ဆွေးနွေး ကြတာပေါ့။ အရင်ဟာတွေပဲ ပြန်ပြောကြတာပဲ။ အသစ်ဟာတွေ ဘာမှ မပါဘူး။ အဲ့တာတွေပဲ ပြောကြတာ။"

အဲ့ဒီ နောက်မှာတော့ စစ်တွေထောင်ကို သွားရောက် စစ်ဆေး ခဲ့ကြောင်း ထောင်ဝန်ထမ်း တဦးက ပြောပါတယ်။

"သူတို့က ၁၁ နာရီ ၂၀ လောက်မှာ ရောက်တယ်။ ၃ နာရီ လောက်မှာ ပြန်သွားတယ်။"

မေး။ ။ ထောင်ထဲမှာရော ဝင်ပြီး လေ့လာပါသေးလား။

"အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး အစ်ကိုရေ။ သူတို့ကတော့ ခန်းမထဲမှာပဲ တွေ့ဆုံပွဲတွေ လုပ်တာ ပေါ့နော့။"

မေး။ ။ အကျဉ်းသားတွေ ဘာတွေ တွေ့ဆုံတာ ရှိပါသလား။

"အဲ့တာတော့ ကျနော်လည်း မပြောတတ်ပါဘူး။ ကျနော်တို့ အရာရှိတွေပဲ သိပါမယ်။"

ညနေပိုင်းမှာတော့ ရခိုင် ဒုက္ခသည် စခန်း တခုဖြစ်တဲ့ စက်ရုံစု ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့က အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ သိရပေမဲ့ ညနေ ၄နာရီခွဲ အချိန်လောက် ထိတော့ မရောက် လာသေးဘူးလို့ စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ နောက်နေ့တွေ မှာတော့ ခရီးစဉ် အတွင်းမှာတော့ ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကို သွားရောက်မှာ ဖြစ်သလို၊ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေ အပြင် အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံဖို့ ရှိကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန် ထားပါတယ်။



RB News
18.7.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ရွာအုပ်ချုပ်ရေးမှူး တစ်ဦး၏ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များမှ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ပွင့်လင်း မြင်သာမှု မရှိသဖြင့် တရားလိုက အခက်တွေ့ နေရကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာယုဘ်သည် လွန်ခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့က တစ်ရွာတည်းနေ ဦးအေမာရာန် (ဘ) ဦးနူရ်အာမတ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာတွင် ဖော်ပြပြီးနောက် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ စစ်ဆေး၍ ပြန်လည် တင်ပြရန် ညွန်ကြားခဲ့သည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးမှ ဇီးပင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာယုဘ်ကို အကြောင်းကြား ခဲ့ရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလို ဖြစ်သူ ဦးအေမာရာန်ကို မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ အတူ ခေါ်ဆောင် သွားခဲ့သည်။ သို့သော်လည်း တရားလို ဖြစ်သူသည် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ရှေ့မှောက်တွင် အစစ်ဆေးခံခဲ့ရသဖြင့် ကြောက်ရွံစိတ်ဖြင့် အမှန်အတိုင်း ဖွင့်ဟ နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် သီးခြားစီ စစ်ဆေးရန် လိုအပ်ကြောင်း၊ အမှုစစ်ဆေးရာတွင် ခြိမ်းခြောက်သည့် သဏ္ဍန် မပါဝင်ဘဲ ပိုမို၍ ပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တရားလို ဖြစ်သူကို သီးခြားစီ စစ်ဆေးမှသာ အမှုမှန် ပေါ်ပေါက်မည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။



RB News
18.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး ကျော်ဇင်ဝင်းက ဒေသခံ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး ကျော်ဇင်ဝင်းသည် ပေါက်တော ကျေးရွာ အုပ်စု၊ နတလ ရွှေတရွာနေ ဦးအဒူကာဒဲရ်အား ဇူလိုင်လ ၁၇ ရက်နေ့ အကြောင်းမဲ့ ဖမ်းဆီးထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဗိုလ်ကြီး ကျော်ဇင်ဝင်းသည် စားစရိတ်ဟု ဆိုကာ ရွာများမှ ငွေကောက်ခံခြင်း၊ မြင်း ၅ ကောင် မွေးထားပြီး ဆင်းရဲသည့် ဒေသခံ ရိုဟင်ဂျာများ၏ စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ မဆိုင်သည့် ကိစ္စများတွင် ၀င်ရောက် စွက်ဖက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ဒေသခံ တစ်ဦးက “စစ်တပ်က အရာရှိ တစ်ယောက် ဖြစ်ရက်နဲ့ သူတောင်းစားလို တစ်မျိုး၊ ဓါးပြလို တစ်ဖုံ လုပ်နေတာတွေကို တာဝန်ယူ ဖြေရှင်း ပေးမယ့်လူလည်း မရှိဘူး။ အဲဒီတော့ အခုလို မတရားသဖြင့် လုပ်နေတာတွေကို အရာရှိကြီးတွေ တာဝန်ယူ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ အခုကိစ္စကို အချိန်မရွေး လာပြီး စစ်ဆေး နိုင်ပါတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖတွေကို ခေါ်ပြီး စစ်ဆေးကြည့်ပါ။ အကြောင်းစုံကို အမှန် အတိုင်း ဖွင့်ချဖို့ အသင့်ရှိနေတယ်” ဟု RB News သို့ပြောပါသည်။



Rohingya Eye
RB News
18.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်လှေကား ဈေးရှိ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ ဆိုင်မှ ပစ္စည်း အချို့ကို GE ဆောက်လုပ်ရေးတပ်မှ စာရေး တစ်ဦးက အကြောင်းမဲ့ လာရောက် ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် ကျောက်လှေကား ဈေးရှိ မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးမာမတ်မျာ (အသက် ၂၃ နှစ်) ၏ အထည်ဆိုင်ရှေ့သို့ အမှတ် (၆) နယ်မြေ GE ဆောက်လုပ်ရေးတပ် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းတွင် စာရေး အဖြစ်လုပ်ကိုင် နေသူ ရခိုင်လူမျိုး ဦးမောင်လှစိန် ရောက်ရှိလာပြီး အကြောင်းမဲ့ သောင်းကျန်း ဆူပူမှုများ ပြုလုပ်ခဲ့သည့် အပြင် ဆိုင်အတွင်းရှိ ဗီဒိုများကို ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဆိုင်အတွင်းရှိ ပစ္စည်းများ လုယက်ရန် ကြိုးစား ခဲ့သော်လည်း အနီးအနားရှိ ဈေးသည်များ ထွက်လာသည့် အတွက် ၎င်း၏ အကြံအစည် အထမမြောက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ လာရောက်၍ ဆူပူသောင်းကျန်းပြီး ပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ အမှတ် (၆) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘဲ၊ လူစုလူဝေး မပြုလုပ်ရန်သာ မှာကြားပြီး ပျက်စီး ဆုံးရှုံးသွားသည့် ဆိုင်ရှင်ကို ကျေနပ်အောင် ပြောဆိုမှုပင် မပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ရိုဟင်ဂျာ လူမျိုးများသာ ရှိသည့် ဈေးသို့ ရခိုင်လူမျိုး တစ်ဦး ယခုကဲ့သို့ လာရောက်ပြီး၊ သောင်းကျန်းခြင်းမှာ ရိုဟင်ဂျာများ ဒေါသထွက်ပြီး ပဋိပက္ခ ဖြစ်ပွားလာရန် အစိုးရမှ နောက်ကွယ်က စီစဉ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ် ပြောဆို နေကြသည်။



MYARF
RB News
18.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ များကို အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်းဘောင် ကျေးရွာ အုပ်စု၊ ရွာသစ် (နတလ) ရွာရှိ ဘုန်းကြီးကျောင်း၌ အစောင့်ချ ထားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် လမ်းမပေါ်သို့ ထွက်၍ ကင်းစောင့် လေ့ရှိပြီး၊ လမ်းမှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေး၍ ပါလာသည့် ငွေ၊ ပစ္စည်းများကို လုယက်သည့် အပြင် အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆိုင်ကယ် စီးနင်း သွားသူများကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန်နှင့် မသက်ဆိုင်သည့် လိုင်စင် စစ်ဆေးခြင်း၊ ဆိုင်ကယ် ဦးထုပ် မပါသူများကို ဦးထုပ် မပါဟူ၍ လည်းကောင်း၊ အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်လျက်ရှိသည်။

ဆိုင်ကယ် တက္ကစီများကိုလည်း စစ်ဆေးခြင်းများ ပြုလုပ်ပြီး ငွေကျပ် ၅၀၀၀/- မှ ငွေကျပ် ၁၀၀၀၀/- အထိ ညှစ်ယူလျက် ရှိကြောင်း သိရှိရပါသည်။ တက္ကစီကားများ၏ ယာဉ်မောင်းများ၊ စပယ်ယာများကိုလည်း ရိုက်နှက်ခြင်း၊ ခရီးသည်များကို စစ်ဆေး၍ ပါလာသည့် ငွေ၊ ပစ္စည်းများကို လုယက်ခြင်းများ နေ့စဉ်နှင့်အမျှ ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

အလားတူ မောင်တောမြို့နယ်မှ ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် ဇော်မတတ် ကျေးရွာရှိ တံတား ကင်းစခန်းများမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကလည်း သရေကုန်းဘောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ နည်းတူ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။



MYARF
RB News
18.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ  ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများသည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ စီးပွားဖက် နှစ်ဦး ဖြစ်သူ ဦးဆော်ယဒ်ဒူလ္လာ (ဘ) ဦးနော်ဇူမျာနှင့် ဦးဆော်ယဒ်အလီ (ဘ) ဦးဒူဒူမျာတို့သည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ၏ စာရင်းများ ရှင်းလင်းနေစဉ် အငြင်းပွားမှု တစ်ရပ် ဖြစ်ခဲ့ရာ၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ရောက်ရှိလာပြီး စစ်ဆေး မေးမြန်းခဲ့သည်။ အငြင်းပွားနေသည့် စီးပွားဖက် နှစ်ဦးက ၎င်းတို့သည် လုပ်ငန်း စာရင်းများ ရှင်းလင်း နေခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း ရန်ဖြစ်နေသည်ဟု စွပ်စွဲ၍ ၎င်းတို့ နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညနေ ၅ နာရီ အချိန်တွင် ၎င်းတို့ နှစ်ဦးထံမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ငွေကျပ် ၅၀၀၀၀/- စီညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယင်းနေ့ နံနက် ၁၁ နာရီ အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရွာထဲမှ လယ်ကွင်းသို့ အလုပ်လုပ်ရန် ဖြတ်သန်း သွားလာနေသော ဦးဂျော်မိလ်အာမတ် (ဘ) ဦးအဒူခါလဲခ်ကို လိုက်လံဖမ်းဆီးပြီး၊ ဖုန်းရှိသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးဂျော်မိလ်အာမတ်ထံမှ ဖုန်းရှာ မတွေ့ခဲ့သော်လည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး စခန်းတွင် ရိုက်နှက် နှိပ်စက်ကာ ညနေ ၅ နာရီ အချိန်တွင် ငွေကျပ် ၂၅၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ထို့အပြင် ယနေ့ (ဇူလိုင်လ ၁၈) နေ့လည် ၃ နာရီ အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျောက်ပန္ဒူ ရွာရှိ အာရဗီ စာသင်ကျောင်းထဲတွင် ထိုင်၍ စကားပြောနေသည့် ဦးအဘူဆီဒိတ် (ဘ) ဦးမိုဟာမတ် အာခ်ဘောရ်နှင့် ဦးအာဆောဒုလ္လာ (ဘ) ဦးအီဆုပ် တို့ကို ဘင်္ဂလား ဆင်းမ်ကဒ်များ ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညနေ နေ၀င်ချိန် အချိန်တွင် ဦးအဘူဆီဒိတ် ထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်းနှင့် ဦးအာဆော်ဒုလ္လာ ထံမှ ငွေကျပ် ၈၀၀၀/- တန်ဖိုးရှိ ကြက်ဖ တစ်ကောင် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အာမန် (ပညာရေး)
RB News
18.7.2014

နိုင်ငံသားဟူသည်…

လူသည် မိခင်နိုင်ငံနှင့် ကင်း၍ ရပ်တည် ရန် ခဲယဉ်း၏။ နိုင်ငံမဲ့ သူတို့၏ ဘ၀သည် ခက်ခဲ၏။ ထို့ကြောင့် နိုင်ငံ သားဖြစ် မှုသည် အဖိုးတန်၏။ ပြည်ထောင်စုသား ဖြစ်မှုသည်လည်း အလားတူ တန်ဖိုးရှိ၏။ ဇာတိအရ ပြည်ထောင်စုသား ဖြစ်သူတို့ အတွက် ပြည်ထောင်စုသား ဖြစ်မှုသည် အခြေခံ လူ့အခွင့် အရေး တစ်ရပ် ဖြစ်၏။ ၁၉၄၈ ခုနှ စ်၊ ဒီဇင်္ဘာလ (၁၀) ရက်နေ့တွင် အတည်ပြု  ပြဋ္ဌာန်းခဲ့သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကျေညာ စာတမ်း (Universal Declaration of Human Rights) ၏ အပိုဒ် (၁၅) တွင် လူတိုင်းသည် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူပိုင်ခွင့် ရှိသည်။ ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ။ နိုင်ငံသား အဖြစ် ပြောင်းလဲနိုင်သော အခွင့် အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရဟု ပြဋ္ဌာန်း ထားသည်။

နိုင်ငံသား ဆိုသည်မှာ နိုင်ငံ တစ်နို င်ငံ (သို့မဟုတ် ) နိုင်ငံရေး အသိုင်းအ၀န်း တစ်ခု၏ အဖွဲ့ဝင် ပုဂ္ဂိုလ်ကို ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် နိုင်ငံသား ဆိုသည်မှာ နိုင်ငံရေး ဘ၀ တစ်ရပ်တွင် ပါဝင်ဆောင် ရွက် ပိုင်ခွင့်နှင့် တာဝန် ထမ်းဆောင် ပိုင်ခွင့် ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆိုလိုသည်မှာ- နိုင်ငံသားသည် လူတိုင်း ရရှိမည့် အခြေခံ လူ့အခွင့် အရေးများ အပြင် မဲပေးပိုင်ခွင့်၊ရွေးချယ် ခံပိုင်ခွင့် စသော နိုင်ငံရေး အခွင့် အရေး များပါ ရရှိသူ ဖြစ်သည်။

အခြေခံ လူ့အခွင့်အရေး ဆိုသည်မှာ -

(၁) မွေးရာပါ အခွင့်အရေးများ (Natural Rights)

(၂) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးများ (Constitutional Rights) နှင့်

(၃) ပြဋ္ဌာန်း ဥပဒေ ဆိုင်ရာ အခွင့်အရေးများ (Legal Rights) တို့ဖြစ်သည်။

အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးဆို ရာ၌လည်း -

(က) နိုင်ငံ ရေး အခွင့်အရေးများ (Political Rights)

(ခ) နိုင်ငံသား အခွင့်အရေးများ (Civil Rights)

(ဂ) လူမှုရေးနှ င့် စီးပွါးရေးဆိုင် ရာ အခွင့်အရေးများ (Social and Economic Rights) နှင့်

(ဃ) တရားစွဲခံ ရသူ၏ အခွင့်အရေးများ (Rights of Accused) စသည်တို့ပါဝင်သည်။

နိုင်ငံသားဖြစ်မှုသည် အခြေခံ လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည့်အလျှောက် နိုင်ငံတိုင်းလိုလိုတွင် နိုင် ငံသားဖြစ်မှု နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင်လည်းကောင်း၊ သီးသန့် ဥပဒေများ ပြဋ္ဌာန်း၍လည်း ကောင်း ရှင်းလင်းတိကျစွာ ဖော်ပြထားလေ့ ရှိသည်။ မြန်မာနိုင်ငံ၌လည်း အလားတူ ပြဋ္ဌာန်းထား၏။

နိုင်ငံသားဖြစ်မှုနှင့် စပ်လျဉ်း၍ ၁၉၄၇ ခု၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀ နှင့် ၁၁ တို့တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်း ဖေါ်ပြ ထားသည်။

ပုဒ်မ ၁၀။ ။ ပြည်ထောင်စု မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် နိုင်ငံသား ဟူ၍ တစ်မျိုးတည်း သာရှိရမည်။ ဆိုလိုသည်မှာ ပြည် ထောင်စု အဖွဲ့ဝင် များ၏ နိုင်ငံသား ဟူ၍ အသီး အခြား မရှိရ။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဟူ၍သာ ရှိရမည်။

ပုဒ်မ ၁၁။ ။ (က) ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့ သော မိဘ နှစ်ပါးမှ မွေးဖွားသူ တိုင်းသည်၎င်း၊

(ခ) မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်း မဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံးတစ်ဦးမှ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်လတံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွားသူတိုင်းသည်၎င်း၊

(ဂ) ပြည်ထောင်စု နိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံ ဥပဒေ စတင် အာဏာတည်သည့် နေ့တွင် အသက်ရှင်နေသည် ဖြစ်ပါက နိုင်ငံသားအဖြစ်ကို ရယူခွင့်ရှိသော မိဘနှစ် ပါးမှ ပြည်ထောင်စု နိုင်ငံတွ င် ပါဝင် လတံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွား သူတို င်းသည် ၄င်း၊

(ဃ) ဗြိတိသျှဘုရင် မင်းမြတ်၏ အာဏာပြန့်ရာ နယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည် ဖြစ်၍ ဤအခြေခံ ဥပဒေ စတင် အာဏာတည်သည့် နေ့မှအထက် (သို့တည်းမဟုတ်) ၁၉၄၂-ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မဟုတ်သော ကာလအဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ တွင် ပါဝင် လတံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ဘူးပြီးလျှင် ပြည်ထောင်စု အတွင်းတွင် ထာဝစဉ် နေထိုင်ရန် ကြံရွယ်ခဲ့သည် ဖြစ်၍၊ ထို့ပြင် တရား ဥပဒေဖြင့် သတ်မှတ် ထားသော အချိန် အတွင်းတွင် ထိုသို့ သတ်မှတ် ထားသော နည်းလမ်းနှင့် အညီ ပြည်ထောင်စု နိုင်ငံသား အဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော် သူတိုင်းသည်၎င်း၊ … ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။

အခြေခံ ဥပဒေပုဒ်မ ၁၁ တွင် ဖော်ပြထားသော အခွင့်အရေး များမှာ မြန်မာ နိုင်ငံသား တိုင်း၏ မူလ အခြေခံ အခွင့် အရေးများ (Fundamental Rights) ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ အရည် အချင်း များကို ၁၉၄၈- ခုနှစ်၊ ပြည် ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေတွင် အောက်ပါ အတိုင်း အသေးစိတ် ဖော်ပြ ထားလေသည်။

၃။ ။ (၁) အခြေခံ ဥပဒေ ပုဒ်မ ၁၁ အလို့ငှါ “မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး“ ဆိုသည်မှာ ကချင်၊ ကရင်၊ ကရင် နီ၊ ချင်း၊ မြန် မာ၊ မွန်၊ ရခိုင် သို့တည်း မဟုတ် ရှမ်းလူမျိုးကို၎င်း၊ ၁၈၂၃-ခုနှစ် (မြန်မာ သက္ကရာဇ် ၁၁၈၅-ခုနှစ် ) မတိုင် မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် အခြေစိုက် နေထို င်ခဲ့သော မျိုးနွယ်စု များကို၎င်း ဆိုလိုသည်။

(၂) အခြေခံပုဒ်မ ၁၁ နှင့် ၁၉၄၈-ခုနှ စ် ပြည်ထောင်စု မြန်မာနိုင်ငံ သားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ ပုဒ်မ ၃ တို့အလို့ငှါ ၊ “ဗြိတိသျှ ဘုရင် မင်းမြတ်၏ အာဏာပြန့်နှံ့ ရာ နယ်မြေ” ဆိုသည်မှာ၊ ၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး အက်ဥပဒေ ပုဒ် မ ၂ (၂) တွင် ဖော်ပြထား သည့် နယ်မြေများကို ဆိုလိုသည်။

၎။ ။ (၁) အခြေခံ ဥပဒေပုဒ်မ ၁၁ (က)၊ (ခ) နှင့် (ဂ)အရ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ခဲ့သော သူသည် သို့တည်း မဟုတ် အခြေခံ ဥပဒေပု ဒ်မ ၁၁ (ဃ) အရ နိုင်ငံသား အဖြစ် ရွေးချယ်ခွင့် ရရှိ၍ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ရေး အက်ဥပဒေအရ နိုင်ငံသား လက်မှတ်ကို ရရှိသောသူသည်၊ (သို့တည်းမဟုတ်) ဤအက်ဥပဒေအရ နိုင်ငံသားပြုမှု လက်မှတ်ကို ဖြစ်စေ၊ နိုင်ငံသား လက်မှတ်ကို ဖြစ်စေ ရရှိသော သူသည်၊ သို့တည်းမ ဟုတ် ဤအက်ဥပဒေအရ အခြားနည်းဖြင့် ပြည်ထောင်စု နိုင်ငံသားကို ပေးအပ်ခြင်း ခံရသူသည်၊ ဤအက်ဥပဒေ ပြဋ္ဌာန်းချက် များအရ နိုင်ငံသား အဖြစ်ကို မဆုံးရှုံးလျှင် ၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် တည်ရှိသည်ဟု မှတ်ယူရမည်။

(၂) ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေ တစ်ခုခုတွင် အနည်းဆုံး ဘိုးဘွား အားလုံး လက်ထက်မှ စ၍ မိမိတို့၏ ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက် နေထိုင် လာခဲ့သည့်ပြင် မိမိ၏ မိဘနှစ် ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင်၊ ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်။

၅။ ။ အခြေခံ ဥပဒေ စတင် အာဏာ တည်ပြီးမှ၊ မွေးဖွားသည့် အောက်၌ ဖော်ပြသောသူ များသည် ပြည်ထောင်စု မြန်မာနိုင်ငံ သားများ ဖြစ်ရမည်။

(က) ပြည်ထောင်စု နိုင်ငံသား ဖြစ်သည့် မိဖတစ်ပါးပါးမှ၊ ပြည်ထောင်စု နိုင်ငံတွင် မွေးဖွားသူ၊

(ခ) ပြည်ထောင်စု နိုင်ငံသား ဖြစ်သော အဘမှ ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသူ၊

(ဂ) ပြည်ထောင်စု နိုင်ငံသားလည်း ဖြစ်၍ ပြည်ထောင်စု နိုင်ငံ အစိုးရအမှုကို ထမ်းနေဆဲဖြစ်သော မိဘတစ် ပါးပါးမှ ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသောသူ - စသည်ဖြင့် ပါရှိပါသည်။

ရိုဟင်ဂျာသည် နိုင်ငံခြားသားလော့…

ရိုဟင်ဂျာဆို သည်မှာ ရခိုင်ပြည်၌ အစဉ်တစိုက် နေထိုင်လာခဲ့ သော၊ နေထို င်လျက် ရှိသော အစ္စလာမ်ဘာ သာဝင်တို့ကို ဆိုလိုပါသည်။ ၁၈၆၄-ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ ၁ အရ- နိုင်ငံခြား သားဆိုသည်မှာ မြန်မာနို င်ငံသားမဟုတ်သူ ကို ဆိုလိုသည်ဟု ပါရှိသည်။ ထို့အတူ ၁၉၄၇-ခုနှ စ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လက်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ အပိုဒ် ၂ (၁) (င) ၌လည်း “နိုင်ငံခြားသား ဆိုသည်မှာ ပြည်ထောင်စုသား မဟုတ်သည်ကိုဆိုသည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇-ခုနှစ် မှစ၍ နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို ထိန်းသိမ်း ကာကွယ်ရေး အတွက် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းကို စတင် ဆောင်ရွက် လာခဲ့သည်။ အစဦး၌ နှစ်စဉ် ကျပ်ငွေ ၅ သိန်းခန့်သာ သုံးစွဲသော်လည်း ၁၉၆၉-ခု နောက်ပိုင်းတွင် နှစ်စဉ် ကျပ်ငွေ သိန်း ၈၀ ကျော် သုံးစွဲ လာသည်။ ၀န်ထမ်း အင်အား ထောင်ကျော် တို့ကို ခန့်ထားကာ ဆောင်ရွက် နေသည်။ ရခိုင်တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ လုပ်ဆောင် ခဲ့သည့် သမိုင်း အကျဉ်း စာ-၄၀ တွင် ရခိုင်တိုင်း တွင် နိုင်ငံခြားသားများ ၀င်ရောက်မှု ကာကွယ်ရေးအဖွဲ့ (မ၊က၊ဖ) အဖွဲ့ (၃)ဖွဲ့ ဖွဲ့စည်းပြီး ၀န်ထမ်း အင်အား (၄၅) ဦးတို့ဖြင့် အခြေစိုက် စခန်း (၁၄) ခု ဖွင့်လှစ်ကာ နိုင်ငံခြားသားများ ၀င်ရောက်နေခြင်းကို စစ်ဆေးကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း၊ ၁၉၇၂-ခုနှစ်တွင် ရခိုင်တိုင်း၌ နိုင်ငံခြားသား (၁၁၉၂) ဦးရှိ၍ အခွန်ငွေ ၅၆,၆၀၀ိ / ရရှိကြောင်း ဖော်ပြထားသည်။ ၁၉၇၅-၇၆ ခုနှစ် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ ဒုတိယ သုံးလပတ် အစီရင်ခံစာတွင်လည်း ရခိုင်ပြည်နယ်၌ နိုင်ငံခြားသားပေါင်း (၁၀၃၇) ယောက်ရှိပြီး၊ အသက် (၁၂) နှစ် မှ (၁၈) နှစ်အထိ ကလေး (၁၅၂) ယောက်နှင့် (၁၂) နှစ်အောက် ကလေး (၇၇) ရှိနေကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၁၉၉၂ ခုနှစ် မှစ၍ န၀တ အစိုးရသည် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲရေး စီမံချက် အရ နယ် စပ်ဒေသ တလျှောက်တွင် နယ်မြေ (၁၈)ခု၊ စခန်းပေါင်း (၂၀)ကျော် ဖွင့်လှစ်၍ ၀န်ထမ်း အင်အား ၄၅၀၀ ဖြင့် နယ်စပ် လူဝင် လူထွက်ကို ကွပ်ကဲလျက် ရှိနေသော်လည်း ခိုးဝင်လာသူ နိုင်ငံခြားသား တစ်စုံ တစ်ဦး ကိုမှ မတွေ့ ရှိရကြောင်း၊ ပြည်တွင်းမှ နိုင်ငံခြားသို့ ခိုးထွက်သူ များသာ ရှိနေကြောင်း အတွင်း သတင်းများ အရ သိရှိရပါသည်။

သို့ဖြစ်ရာ ရခိုင်ပြည်၌ နိုင်ငံခြားသား တစ်ထောင်ကျော်မှ လွှဲ၍ အခြား နိုင်ငံခြားသား မရှိသည်မှာ ထင်ရှား နေပေသည်။ ထို့ကြောင့် ရိုဟင်ဂျာတို့မှာ နိုင်ငံခြားသား အလျဉ်း မဟုတ်ပေ။

ရိုဟင်ဂျာသည် တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုးတွင် ပါဝင်ခြင်း …

ရိုဟင်ဂျာတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့် မှစ၍ တစ်ဦးစ၊ နှစ် ဦးစမှ အုပ်စုလိုက် လည်းကောင်း၊ အလုံးအရင်းဖြင့် ၀င်ရောက် အခြေစိုက် နေထိုင် လာခဲ့သူများ ဖြစ်သည်။ ၁၇-ရာစုသို့ ရောက်သောအခါ ရခိုင်ပြည်၏ နန်းတွင်း၊ နန်းပြင်တွင် မူဆလင်တို့၏ သြဇာ အလွန် ကြီးမားခြင်းနှင့် မူဆလင် အများအပြား အခြေစိုက် နေထိုင်ခဲ့ကြောင်း သမိုင်း အထောက် အထား များအရ အခိုင်အလုံ တွေ့ရှိ ရပါသည်။

တနည်း အားဖြင့် ၁၇၈၄ မတိုင်မှီကပင် မူဆလင် ဘာသာဝင် တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်သော နယ်မြေ ဖြစ်သည့် ရခိုင်ပြည်တွင် မိမိတို့ ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် နေထိုင် လာခဲ့သူများ ပီပီ ၁၉၄၇-ခု နှစ် အခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) (ခ) နှင့် (၈) အရ အလို အလျောက် နိုင်ငံသား အဖြစ်သို့ လည်းကောင်း၊ ၁၉၄၈-ခု နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၃ (၁) အရ တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုးတွင် အကျုံးဝင်သော တိုင်းရင်းသား အဖြစ်ကို လည်းကောင်း မှတ်ယူသူ များဖြစ်ကြောင်း ထင်ရှား နေလေသည်။

ဗြိတိသျှ တပ်မှူး ရောဘတ်ဆန်၏ ၁၈၂၅ -ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာအရ ထိုစဉ်က ရခိုင်ပြည်၌ လူဦးရေ တစ်သိန်းခန့် ရှိခဲ့ရာ ဗုဒ္ဓဘာသာ ရခိုင် ၆၀,၀၀၀ နှင့် မူဆလင် ၃၀,၀၀၀ ခန့် ရှိကြောင်း ပါရှိရာ၊ ဤမူဆလင် ၃၀,၀၀၀ မှ ဆင်းသက် လာသူတို့ မှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား များဖြစ် ကြောင်းကို အငြင်းပွား စရာ အလျဉ်း မရှိနိုင်ပေ။ ထို့ပြင် ၁၇၈၄-ခုနှစ်တွ င် ဗမာ ကျူးကျော်ရေး စစ်၏ စစ်ဘေးဒဏ်နှင့် ၁၇၈၅-ခု နှစ် နောက်ပိုင်း ဗမာလေးမြို့ဝန် အုပ်ချုပ်ရေး ကာလ အတောအတွင်း ပြည်တွင်း လုံခြုံရေး မရှိ၍ စစ်တကောင်းသို့ ထွက်ပြေး တိမ်းရှောင် ခိုလှုံခဲ့သူများသည် ၁၈၂၆-ခုနှစ် နောက်ပိုင်း ပြည်တွင်း လုံခြုံမှု အတော်အသင့် ရှိလာသဖြင့် ပြန်လည် ၀င်ရောက် လာခဲ့ကြသည် ။ ယင်းတွင် ဗုဒ္ဓဘာသာ ရခိုင် အမျိုးသားများ အပြင်၊ မူဆလင်များနှင့် တောင်ပေါ် လူမျိုးစု များလည်း အများအပြား ပါဝင်ခဲ့သည်။ ထို့ကြောင့် ယင်းတို့ကလည်း အခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) (ခ) (၈) နှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၃ (၁) အရ တိုင်းရင်းသား လူမျိုးများ ဖြစ်ကြသည်။

ကိုလိုနီခေတ်ဦးရောက် မူဆလင်များ…

၁၈၂၆-ခုနှစ် မှ ၁၉၃၇-ခုနှစ် အထိ နှစ်ပေါ င်း ၁၀၀ ကျော် အတွင်း ရခိုင်ပြည်သည် လည်းကောင်း၊ ၁၈၈၅-ခုမှ ၁၉၃၇-ခုနှစ် မြန်မာ တပြည်လုံးသည် လည်းကောင်း ဗြိတိသျှ အုပ်ချုပ်သော အိန္ဒိယ၏ ပြည်နယ် အဖြစ်သာ တည်ရှိခဲ့သည်။ ထို့ကြောင့် ထိုကာလအတွင်း တစ်ပြည်မှ တစ်ပြည်သို့ ၀င်ထွက် သွားလာရာ၌ နိုင်ငံကူး လက်မှတ်၊ ဗီဇာ စသည်တို့ မလိုချေ။ တစ်ပြည် မှတစ်ပြည် သို့ ပြောင်းရွှေ့နေထိုင်ရန်လည်း ဥပဒေအရ တားမြစ်မှု တစ်စုံတစ်ရာ မရှိခဲ့ချေ။

ယင်းသို့ ပြောင်းရွှေ နေထိုင်ခြင်းသည် မတရား ခိုးဝင် နေထိုင်ခြင်းမျိုး မဟုတ်ဘဲ၊ တရားဝင် ပြောင်းရွှေ့ နေထိုင်ခြင်းသာ မည်ပေသည်။ ထိုစဉ်၌ အိန္ဒိယမှ အခြားလူမျိုးများ နည်းတူ မူဆလင် တို့ကလည်း ရခိုင်ပြည်သို့ လာရောက် အခြေကျ နေထိုင် လာခဲ့သည်။ ယင်းတို့ သားသမီးများ ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်မြေထဲတွင် ပါဝင်လာသည့် ရခိုင်ပြည်၌ ပင်ရင်း တိုင်းပြည်အဖြစ် စဉ်ဆက်မပြတ် ယနေ့တိုင် နေထိုင်လျက် ရှိနေကြသည်။ ယင်းတို့သည် ၁၉၄၈-ခု နိုင် ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄ (၂) အရ မြန်မာနိုင်ငံသား အဖြစ် မှတ်ယူခြင်း ခံရသူများ ဖြစ်ကြသည်။

ရွေးချယ်တင်မြှောက်ပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်

ပြည်သူ့လွှတ်တော် ရွေးချယ် တင်မြှောက်ပွဲ များတွင် လည်းကောင်း၊ အခြား အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ များတွင် လည်းကောင်း လွတ်လပ်စွာ ရွေးချယ် တင်မြှောက် ပိုင်ခွင့်နှင့် ရွေးချယ် တင်မြှောက် ခံပိုင်ခွင့်သည် နိုင်ငံသား၏ မူလ အခြေခံ အခွင့်အရေး ပင်ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံသားများ ဖြစ်ကြသော ရိုဟင်ဂျာ တိုင်းရင်းသား များသည် ကိုလိုနီခေတ် ရွေးကောက်ပွဲ များတွင် လည်းကောင်း၊ ပါလီမန်ခေတ် အထွေထွေ ရွေးကောက်ပွဲ များတွင် လည်းကောင်း၊ မဆလခေတ် ပြည်သူ့ လွှတ်တော်နှင့် ကောင်စီ အဆင့်ဆင့် ရွေးချယ်တင် မြှောက်ပွဲများ၌ လည်းကောင်း၊ န၀တခေတ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လည်းကောင်း လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ပိုင်ခွင့်လည်း ရှိ၍ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့်လည်း ရရှိခဲ့သည်။

ဗြိတိသျှတို့သည် အိန္ဒိယမှ မြန်မာ နိုင်ငံအား ခွဲထုတ်ပြီး ၁၉၃၅-ခု မြန်မာနိုင်ငံ အက်ဥပဒေကို ပြဋ္ဌာန်း လိုက်သည်။ ဤဥပဒေအရ ဒိုင်အာခီ အုပ်ချုပ်ရေးကို ဖျက်သိမ်းကာ အုပ်ချုပ်ရေး စနစ် အသစ် တစ်ရပ်ကို အစားထိုး တီထွင် လိုက်လေသည်။ ယင်းအုပ်ချုပ်ရေးကို ၉၁ ဌာန အုပ်ချုပ်ရေး ဟုခေါ်သည်။ ၉၈ ဌာနခွဲ၍ အုပ်ချုပ်ရာ၌ ၉၁ ဌာနတွင် နိုင်ငံသားတို့ ပါဝင်ရမည် ဖြစ်သဖြင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ထွင်ခြင်း ဖြစ်သည်။

ဤအုပ်ချုပ်ရေး စနစ်အရ မင်းတိုင်ပင် အမတ် ၁၃၂ ဦးကို ရွေးချယ်ရန် ဖြစ်ပြီး တိုင်းရင်းသား အပြင် နိုင်ငံခြားသား ကိုယ်စားလှယ် များလည်း ပါဝင်ခွင့် ရရှိ သည်။ တိုင်းရင်းသား မဲဆန္ဒနယ် အဖြစ် မြန်မာ (၉၅) နှင့် ကရင်(၁၂)၊ ပေါင်း (၁၀၇) နယ်ဖြစ်ပြီး၊ နိုင်ငံခြားသား မဲဆန္ဒ နယ်အဖြစ် အိန္ဒိယအမျိုးသားများအတွက် (၁၃)၊ အင်္ဂ လိပ်-မြန်မာ (၂)၊ တရုတ် (၁) နှင့် ဥရောပလူ မျိုးအတွက် (၉)၊ ပေါ င်း (၂၅) နယ်ခွဲကာ ၁၉၃၆-ခု နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ရခိုင် ဒေသတွင် တိုင်းရင်းသား မြန်မာ မဲဆန္ဒနယ် (၉) နယ်နှင့် အိန္ဒိယ အမျိုးသားများ အတွက် စစ်တွေမြို့ပေါ်တွင် (၁) နယ်၊ ပေါင်းမဲဆန္ဒနယ် (၁၀) ခုတွင် မင်းတိုင်ပင် အမတ် ၁၀-ဦးကို ရွေးချယ် ခဲ့ရာ၊ ရိုဟင်ဂျာတို့က တိုင်းရင်းသား မဲဆန္ဒနယ်မှ မဲပေးပိုင်ခွင့် ရရှိခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုး ဂနီမာရ်ကန် က မောင်းတော- ဘူးသီးတောင် မဲဆန္ဒနယ်မှ မြန်မာ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

အောင်ဆန်း- အက်တလီ သဘောတူ စာချုပ် အရ မြန်မာပြည်အား တစ်နှစ် အတွင်း လုံးဝ လွတ်လပ်ရေး ပေးရန် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇-ခု ဧပြီလ (၉) ရက်နေ့တွင် စတင် ကျင်းပခဲ့သည် ။ ဤရွေးကောက်ပွဲတွင် ရိုဟင်ဂျာ တို့၏ သမိုင်းမှန်ကို မသိ၍ မောင်းတော- ဘူးသီးတောင်မှ ရိုဟင်ဂျာများသည် မဲပေးပိုင်ခွင့် ရရှိအောင် လျှောက်ထားရန် လိုသည်ဟု အမိန့်ထုတ် ခဲ့သည်။ ရိုဟင်ဂျာ ခေါင်းဆောင် များက စစ်တွေ ခရိုင်ဝန်နှင့် တွေ့ဆုံ ရှင်းလင်းသော အခါ ခရိုင် ၀န်မင်းသည် ရန်ကုန်နှင့် ဆက်သွယ်၍ ရိုဟင်ဂျာများ မဲပေးရန်နှင့် ရွေးချယ် ခံယူရန် လျှောက်ထား စရာ မလိုကြောင်း၊ အလိုအလျောက် ဤအခွင့်အရေးများ ရရှိသည့် နိုင်ငံသားများ ဖြစ်ကြောင်း ကြေးနန်ဖြင့် အကြောင်းကြား၍ မောင်းတော- ဘူးသီးတောင်မှ ရိုဟင်ဂျာ များသည် မဲပေးပိုင်ခွင့်လည်း ရရှိ၍ ရွေးချယ် ခံပိုင်ခွင့်လည်း ရရှိ ခဲ့သည်။ ဤရွေးကောက်ပွဲတွင် မောင်တော မဲဆန္ဒနယ်မှ မစ္စတာ ဆုလ်တန် အာမတ်က လည်းကောင်း၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ မစ္စတာ အဒူဂေါပ္ပါရ်က လည်းကောင်း တိုင်းပြုပြည်ပြု  လွှတ်တော် အမတ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ပါလီမန်ခေတ် ရွေးကောက်ပွဲ များကို ၁၉၅၂၊ ၁၉၅၆ နှင့် ၁၉၆၀ နှစ် များတွင် ကျင်းပခဲ့ရာ ရိုဟင်ဂျာ အမျိုးသား များသည် မြန်မာနိုင်ငံသား များပီပီ လွတ်လပ်စွာ မဲဆန္ဒ ပေးပိုင်ခွင့်လည်း ရရှိ၍ ရွေးချယ်ခံပိုင် ခွင့်လည်း ရရှိခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ (၃) ပွဲ စလုံးတွင် ရိုဟင်ဂျာ ပါလီမန် အမတ် (၅) ဦးစီ ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မဆလခေတ်တွင် ပြည်သူ့လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြောက်ပွဲများကို ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ -ခုနှစ် များတွင် ကျင်းပခဲ့ သည်။ ၁၉၇၄-ခု ဖွဲ့စည်းပုံအရ မဆလခေတ် ရွေးကောက် ပွဲ တွင် အဖိုးအဖွား၊ မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် မြန်မာနိုင်ငံသား (Three Generations) ဖြစ်ပါမှ လူထု ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခွင့် ရှိကြောင်း ပြဋ္ဌာန်း ခဲ့ကြသည်။ ယင်းဥပဒေပါ အင်္ဂါရပ် များနှင့် ညီညွတ်မှု မရှိသောကြောင့် သတ္တုတွင်း ၀န်ကြီး ဒေါက်တာညီညီ၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဝင်းတို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက် ကြရသည်။

ရိုဟင်ဂျာ တို့သည် ပြည်သူ့ လွှတ်တော်နှင့် ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြောက်ပွဲ အားလုံးတွင် မဲဆန္ဒ ပေးပိုင် ခွင့်လည်း ရရှိပြီး၊ ရွေးချယ် ခံပိုင်ခွင့်လည်း ရရှိခဲ့သည်။ ရွေးချယ် တင်မြောက်ရန် အမည် စာရင်း တင်သွင်း ခဲ့သော သို့မဟုတ် ရွေးချယ် တင်မြောက် ခံခဲ့ ရသော မည်သည့် ရိုဟင်ဂျာ ပြည်သူ့ ကိုယ်စားလှယ်မှ အခြေခံ ဥပဒေ ပုဒ်မ ၁၇၉ ပါ အင်္ဂါရပ်နှင့် မညီညွတ် သောကြောင့် တားမြစ် ခံရခြင်း၊ နှုတ်ထွက် ကြရခြင်း မရှိခဲ့ချေ။

န၀တသည် ၁၉၈၉-ခု ပြည်သူ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းကာ ၁၉၉၀ ပြည့် နှစ်၊ မေလ(၂ရ) ရက်တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲတွင် နိုင်ငံသားများ နည်းတူ ဧည့်နိုင်ငံသား များနှင့် နိုင်ငံသားပြုခြင်း ခံရသူ များပါ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသော်လည်း၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (စ) အရ- ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခြင်း ခံရသူ များနှင့် နိုင်ငံခြားသား များသည် ရွေးချယ်တင်မြှောက်ခံ ပိုင်ခွင့် မရှိချေ။ ပုဒ် မ ၈ (၂) တွင် အကျုံးဝင်သူ များသာ ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့် ရှိသည်ဟု ပုဒ်မ ၁၀ (ဃ) တွင် ဖော်ပြထားသည်။

ပုဒ်မ ၈(၂) အရ…

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံ သား၊

(သို့မဟုတ် )

မိဘနှစ် ပါးစလုံး သေဆုံးလျှင် ၁၉၄၈-ခု နိုင်ငံသားအက်ဥပဒေအရ အလိုအလျောက် နိုင် ငံသားအဖြစ် ရရှိမည့်သူများမှ မွေးဖွားသူ နိုင် ငံသား၊

(သို့မဟုတ် )

မိဘနှစ်ပါး စလုံး သက်ရှိ ထင်ရှား ရှိလျှင်ဖြစ်စေ၊ သေဆုံးလျှင်ဖြစ်စေ နိုင်ငံသား ဖြစ်ပြီးသူ၊ ဖြစ်ခဲ့သူ မိဘနှစ် ပါးမှ မွေးဖွားသူ နိုင်ငံသား၊

(သို့မဟုတ် )

မိဘတစ်ပါးသည် တိုင်းရင်းသား တစ်မျိုးမျိုးတွင် ပါဝင်ပြီး ကျန်တစ်ဦးသည် မြန်မာနို င်ငံသား အက်ဥပဒေ အာဏာ တည်သောနေ့ မတိုင်မီ သေဆုံး၍ နိုင်ငံသားအဖြစ် ရွေးချယ်ရေး အတွက် လျှောက်ထား ပိုင်ခွင့်ရှိသူများမှ မွေးဖွားသူ နိုင်ငံသား…တို့ကသာ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့် ရှိသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာတိုင်း လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိခဲ့သည်။ ရွေးချယ် တင်မြှောက်ခံရန် ရိုဟင်ဂျာ အမတ်လောင်း (၃၀) ကျော် အမည် တင်သွင်းကာ မဲဆွယ်ခဲ့ရာ၊ ယင်းတို့အနက် (၄) ဦး ရွေးချယ်ခြင်း ခံခဲ့ရလေသည်။ ကမန် အမျိုးသား မူဆလင် တစ်ဦးလည်း ရွေးချယ်ခြင်း ခံခဲ့လေသည်။

ရိုဟင်ဂျာ တို့ သည် ၁၉၈၉-ခု ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (၂) အရ အရည်အချင်း ပြည့်စုံသည့် အလျှောက် မည်သည့် ရိုဟင်ဂျာ တစ်ဦးမျှ ပုဒ်မ ၁၀ (ဃ) နှင့် (စ) အရ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့် မရှိဟု တားမြစ် ပိတ်ပင်ခြင်း မခံခဲ့ရချေ။ ရွေးချယ်ခံ ခဲ့ရသူ များလည်း အဆိုပါ ပုဒ်မအရ ရုပ်သိမ်းခြင်း မခံခဲ့ရပေ။

အစိုးရ အကြီးအကဲ တို့၏ အသိအမှတ် ပြုမှုများ

၁။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု သည် ၁၉၅၄-ခု စက်တင် ဘာလ (၂၅) ရက်နေ့ည ၈-နာရီအချိန် တိုင်းပြည် သို့ အသံလွှင့် မိန့် ခွန်း ပြောကြားခဲ့ရာ၌ “ဒီ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ် အတွင်းမှာ နေကြတဲ့ ပြည်ထောင်စုသား များဟာ များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသားများ ဖြစ်ကြပြီး မူဆလင်များ ဖြစ်ကြပါ တယ်။” ဟု မိန့်ကြားခဲ့ဘူးသည်။

၂။ နိုင်ငံတော် ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဦးဗဆွေသည် ၁၉၅၉-ခု နိုဝင်္ဘာလ ၃- ရက်နေ့ နှင့်  ၄ ရက်နေ့ များတွင် ကျင်းပသည့် ဘူးသီးတောင် နှင့် မောင်းတော လူထု အစည်းအဝေး များတွင် “ရိုဟင်ဂျာ လူမျိုးစု များဟာ ပြည်ထောင်စုသားများ ဖြစ်ကြတဲ့ မွန်၊ မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စတဲ့ တိုင်းရင်းသား လူမျိုးစု များနဲ့ တန်းတူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာ ရာဇ၀င်အရ နေထိုင် လာခဲ့ကြောင်း၊ ၄င်းတို့ဟာ သစ္စာ သမာဓိနဲ့ ပြည့်စုံပြီး တိုင်းရင်းသား အခြား လူမျိုးများနဲ့ ရင်းနှီးစွာ ချစ်ကြည်ကြောင်း” မိန့်ကြား ခဲ့လေသည်။

ဤသို့ အစိုးရ အကြီးအကဲ ၀န်ကြီးချုပ် နှစ်ဦးစလုံးက ယင်းတို့ အာဏာ ရှိစဉ် ကာလ အတွင်း တိုင်းသိ ပြည်သိ ရိုဟင်ဂျာ တို့အား နိုင်ငံသား အဖြစ်၊ တိုင်းရင်သား အဖြစ် တရားဝင် ကြေညာခြင်းသည် ရိုဟင်ဂျာ တို့၏ ဖြစ်ရပ် အမှန်ကို လက်ခံခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ တရားစီရင်ထုံးများ

တရားရုံး၏ စစ်ဆေးစီရင်ပိုင်ခွင့်အာဏာ

လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ် မ ၇ - ကို ပြင်ဆင်ခြင်း မပြုမီက နိုင်ငံတော် သမ္မတသည် လည်းကောင်း၊ ထိုအက်ဥပဒေ ပုဒ် မ ၇ - အပိုဒ်ငယ် (၁) အရ ခန့်အပ်သော အာဏာပိုင်သည် လည်းကောင်း ထိုအက်ဥပဒေ ပုဒ် မ တစ်ခု ခုကို သို့တည်း မဟုတ် ထိုအက်ဥပဒေ အရ ပြဋ္ဌာန်း ထားသော နည်းဥပဒေ တစ်ခုခုကို ကျူးလွန်ကြောင်းဖြင့် တရား ရုံးတော်က အပြစ်ပေးခံရသူ နိုင်ငံခြားသားအား ပြည်နှင်ဒဏ် ခတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားလေသည်။

ယင်းဥပဒေပုဒ်မ ၇ ကို ၁၉၅၇ - ခုနှစ် အက်ဥပဒေအမှတ် ၃၉ အရ ပြင်ဆင် ရာတွင် - နိုင်ငံ တော်သမတသည်လည်းကောင်း၊ နိုင်ငံ တော်သမတက ခန့်အပ်သည့် အာဏာပိုင်သည်လည်းကောင်း အဆိုပါ အက်ဥပဒေ၊ သို့တည်း မဟုတ်၊ နည်းဥပဒေများကို ချိုးဖောက်သူ နိုင်ငံခြားသားအား တရားစွဲမည့်အစား ပြည်နှင် ဒဏ်ခတ်နိုင်ကြောင်း ပြဋ္ဌာန်း လိုက်လေသည်။ ထို့ပြင်လည်း ယင်းသို့ ပြည်နှင် ဒဏ်ခတ်ခြင်း မပြု မီ နိုင်ငံခြားသား တစ်ဦးသည် ထိုဥပဒေကိုသော် လည်းကောင်း၊ အက်ဥပဒေအရ ပြဋ္ဌာန်း ထားသည့် နည်းဥပဒေ အရပ်ရပ်ကိုသော် လည်းကောင်း ကျူးလွန်သည် ၊ မကျူးလွန်သည်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်း လိုက်လေသည်။

ယင်းသို့ ပြဋ္ဌာန်းချက် များကို ထောက်ထားသော်၊ နိုင်ငံတော် သမ္မတ၊ သို့တည်းမဟုတ်၊ နိုင်ငံတော် သမ္မတက ခန့်အပ်ထားသော အာဏာပိုင်က နိုင်ငံခြားသား တစ်ဦးဦးသည် အဆိုပါ အက်ဥပဒေ နှင့် ဆန့်ကျင်သော ပြစ်မှုကို ကျူးလွန်သည့် မှုခင်းကိစ္စ၌ တရားရုံးတော်များ စစ်ဆေးစီရင်သည့် နည်းတူ စစ်ဆေး စီရင်ခွင့် ရှိသည်မှာ ထင်ရှားလေသည်။ ယင်းသို့သော တရားရုံးများ၌ စစ်ဆေး စီရင်ပိုင်ခွင့် အာဏာမျိုးမှာ အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် အာဏာမျိုး ဖြစ်သည်ဟု မယူဆနိုင်ပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၅၀ အရ၊ ကန့်သတ် ထားသည့် တရားစီရင် ရေးဆိုင်ရာ အလုပ် ၀တ္တရား များကို ဖြစ်စေ၊ အာဏာကိုဖြစ်စေ သုံးစွဲ ဆောင်ရွက်သည့် သဘော သက်ရောက်သည်ဟု ယူဆရပေမည်။ (၁၉၅၈ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားလွှတ် တော်ချုပ် (တလခ) -၁၀၂)

ဆော်ယော့အလေါမ် (ခ) ဆော်ယော့ခန်အမက် ပါ- ၂၃ ဦးနှင့် အတွင်းဝန် လူဝင်မှုကြီးကြပ်ရေး ဌာန ပါ -၂

မြန်မာပြည်တွင် မြန်မာလူမျိုး အစစ် အများအပြား မရောက်သေးသော ဒေသများ၌ မြန်မာနှင့် အသွင် မတူ၊မြန်မာ စကားမတတ်၊ မြန်မာပြည်တွင် ဘယ်တုန်းက ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သေးသော ပြည်ထောင်စု တိုင်းရင်းသားများ ရှိကြသေးသည်။ ရခိုင် ဒေသများ၌ မြန်မာစကား မတတ်သူ ပြည်ထောင်စု သားများ အမြောက်အများ ရှိနိုင်သည်။ ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၄ (၂) အရ၊ ရှေးအခါက နိုင်ငံခြားမှ လာ၍ နေထိုင်ကြ သူများမှ ဆင်းသက်သော မြေးမြစ်များသည် ဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ကြသည်။ (၁၉၆၀ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားလွှတ်တော်ချုပ် (တလခ) -၂၁၅)

ဟာဆောင်အလီ/မေဟေရ်အလီ နှင့် အတွင်းဝန် လူဝင်မှုကြီးကြပ်ရေးဌာန ပါ-၁

မျိုးဆက် ၂ ဆက် မြန်မာပြည်၌ ပင်ရင်း တိုင်းပြည် အဖြစ် နေထိုင်သူတို့မှ ဆင်းသက်လာပြီး၊ မိမိ အပါအ၀င် မိဘနှစ်ပါး စလုံး မြန်မာနိုင်ငံ၌ မွေးဖွားသူသည် ဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်သည်။ (၁၉၅၉ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားလွှတ်တော်ချုပ် (တလခ) -၁၈၇)

ဂနီ (ခေါ်) မောင်ချစ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ

ပုဒ်မ ၄ (၂) ၏ လိုအပ်ချက်မှာ လျှောက်ထားသူနှင့် ၄င်း၏ မိဘနှစ်ပါးသာ မြန်မာပြည်မှာ မွေးဖွား ကြသူများ ဖြစ်ကြောင်း လိုအပ်၍ ဘိုးဘွားများနှင့် ပတ်သက်၍မူ ၄င်းတို့ သည် မြန်မာပြည်တွင် ပင်ရင်းတိုင်းပြည် အဖြစ် အမျိုး အဆက်မပြတ် နေထိုင်ခဲ့ကြောင်းသာ လိုအပ်ပေသည်။ (၁၉၆၃ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားရုံးချုပ် (တရခ) ၇၅၃)

ပီဆွာမီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ

လျှောက်ထားသူသည် ပြည်ထောင်စုသား ဖြစ်မှု အက်ဥဒေ ပုဒ်မ ၄ (၂) တွင် အကျုံးဝင် စေဦးတော့၊ သက်သေ အထောက် အထားများ အရ အထူး တွဲဖက် ခရို င် တရားမ ရာဇ၀တ် တရားသူကြီး များက ထောက်ခံ၍ သက်ဆိုင်ရာ ၀န်ကြီး ဌာနသို့ တင်ပြရသည်။ ၀န်ကြီး ဌာနက လက်မှတ်ထုတ် ပေးမှ ပြည်ထောင်စုသား ဘ၀ကို ရသည်ဟူ၍ မှတ်ချက် ချထားသည်ကို ၄င်း၏ အစီရင်ခံစာတွင် တွေ့ရသည်။ သို့ရာတွင် အမှန်အားဖြင့် အခြေခံ ဥပဒေ အရ ဖြစ်စေ၊ ပြည်ထောင်စုသား ဖြစ်မှု အက်ဥပဒေ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ အရ ဖြစ်စေ၊ ဇာတိအရ ပြည်ထောင်စုသား ဖြစ်ကြသည်ဟု မှတ်သားခြင်း ခံရသူ များသည် ပြည်ထောင်စုသား ဖြစ်မှုကို လျှောက်ထားခံယူရန် မလိုပေ။ မွေးကတည်းကပင် ပြည်ထောင်စုသား ဖြစ်ကြပါသည်။ ၄င်းတို့အနေနှင့် ဒွိဟရှိ မှ ဒွိဟကင်းစေရန် ပုဒ် မ ၆ အရ ဒွိဟကင်းသော လက်မှတ် တောင်းယူ နိုင်သည်။ (၁၉၆၅ မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားရုံးချုပ် (တရခ) ၁၂၈)

အထက်ပါ စီရင်ထုံးများကို ထောက်ရှုလျှင် ရိုဟင်ဂျာတို့၏ ဥပဒေအရ နိုင်ငံသားဖြစ် မှုကို အငြင်းပွားစရာ လုံးဝ မရှိတန်ပေ။

တိုင်းရင်းသားများအဖြစ် အခွင့်အရေး ရရှိခဲ့ခြင်း

၁။ ၁၉၆၀ ပြည့်နှစ်၌မှ ၁၉၆၂-ခုနှ စ် အထိ ပြည်ထောင်စုနေ့ အခမ်း အနား များသို့ ရိုဟင်ဂျာ အမျိုးသား ကိုယ်စားလှယ် များသည် တိုင်းရင်းသား ကိုယ်စားလှယ်များ အဖြစ် တက်ရောက်ခွင့် ရရှိခဲ့သည်။

၂။ ၁၉၆၀ ပြည့်နှစ် အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့သော တိုင်းရင်းသား လူမျိုးများ ရိုးရာ ယဉ်ကျေးမှု ပြိုင်ပွဲတွင် ရခိုင်နှင့် ရိုဟင်ဂျာ ရိုးရာ အားကစား တစ်မျိုးဖြစ်သော ကျင်ပွဲ၌ ရိုဟင်ဂျာ ကျင်သန်များ ပါဝင် ဆင်နွဲခွင့် ရရှိခဲ့သည်။

၃။ ၁၉၆၄- ခုနှစ်တွင် တော်လှန်ရေး ကောင်စီမှ ကျင်းပခဲ့သော ခပေါင်း တောင်သူ လယ်သမား များနှီးနှော ဖလှယ်ပွဲတွင် ရိုဟင်ဂျာ တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရရှိခဲ့သည်။

၎။ ၁၉၆၉ - ခုနှစ် ကျိုက္ကဆံကွင်းတွင် တော်လှန်ရေး ကောင်စီမှ ကျင်းပသော အလုပ်သမား နှီးနှော ဖလှယ်ပွဲသို့ ရိုဟင်ဂျာ ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရရှိခဲ့သည်။

၅။ ၁၉၆၁ -ခုနှစ် မေလ (၁၅) ရက်နေ့မှ ၁၉၆၅ -ခု အောက်တိုဘာလ (၁) ရက်နေ့ထိ တိုင်းရင်းသား ဘာသာ အစီအစဉ် များတွင် တိုင်းရင်းသား ရိုဟင်ဂျာ ဘာသာ အစီအစဉ် များကို မြန်မာ့အသံ၊ ဒုတိယပိုင်း အစီစဉ်၊ ညနေ ၅-နာရီခွဲမှစ၍ လှိုင်းတိုမီတာ ၆၂.၆၇ နှင့် ၂၆.၁၇ မီတာများမှ ၁၀-မိနစ်စီ၊ တစ်ပတ်လျှင် (၃) ကြိမ်ကျ အသံလွှင့်ခွင့် ရရှိခဲ့သည်။

၆။ ၁၉၆၀ မှ ၁၉၇၀ ပြည့်နှစ် အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ကျင်းပလေ့ ရှိသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲပြို င်ပွဲ များတွင် တိုင်းရင်းသား လူမျိုးများ ဓါတ်ပုံပြပွဲ၌ ရခိုင်အုပ်စုတွင် ရခိုင်၊ သက်၊ ဒိုင်းနက် ၊ မြိုစသည် တိုင်းရင်းသား လူမျိုး၏ ဓါတ်ပုံနှင့်အတူ ရိုဟင်ဂျာ အမျိုးသားနှင့် အမျိုးသမီး များ၏ ဓါတ်ပုံကိုပါ နှစ်စဉ် ပြသလေ့ ရှိလေသည်။

ဖော်ပြပါ များသည် နိုင်ငံတော်မှ ရိုဟင်ဂျာ တို့အား တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုကာ အခြား တိုင်းရင်းသားများ နည်းတူ ပြည်ထောင်စု အရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက် စေခြင်းများ ဖြစ်ကြသည်။

၁၉၇၄- ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ

မဆလခေတ် ရေးဆွဲထားသော ၁၉၇၄-ခု ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၁)၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ အောက်ရှိ ပုဒ်မ ၁၄၅ တွင်(က) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ အားလုံးသည် နိုင်ငံသားများ ဖြစ်သည်။ (ခ) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ များသည်လည်း နိုင်ငံသားများ ဖြစ်သည် -ဟု ပြဋ္ဌာန်းထားသည်။

ဆိုလိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စု မိဘနှစ်ပါးမှ မွေးဖွားသူ အမျိုးသား၊ အမျိုးသမီး အားလုံး တို့သည် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံသား ဖြစ်မှုကို မွေးရာပါ အခွင့် အရေးအရ နိုင်ငံသား အဖြစ် ရရှိကြ လေသည်။ ထို့ပြင် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ တည်ဆဲ ဥပဒေများ အရ (၁၉၄၇ -ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊ ၁၉၄၈-ခုနှ စ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ၊ သို့မဟုတ်၊ ၁၉၄၈ -ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် ”ရွေးချယ်ရေး” အက်ဥပဒေအရ) နိုင်ငံသား ဖြစ်သည့် ၊ သို့တည်း မဟုတ်၊ ဖြစ်သည်ဟု မှတ်ယူခြင်း ခံရသည့်၊ သို့တည်း မဟုတ် ၊ ဖြစ်သည်ဟု အသိအမှတ် ပြုခြင်းခံ ရသည့် သူများနှင့် ယင်းတို့က မွေးဖွားကြသော အမျိုးသား၊ အမျိုးသမီး များကိုလည်း ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံသား အဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆက်လက်၍ အသိအမှတ် ပြုထား လေသည်။

သို့ဖြစ်ရာ ရိုဟင်ဂျာ တို့သည် တည်ဆဲ ဥပဒေများ အရ မြန်မာနိုင်ငံသား ဖြစ်ပြီးသူများ ဖြစ်သည့် အလျောက် ၁၉၇၄ -ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရလည်း နိုင်ငံသားများ ဖြစ်ကြသည်။

၁၉၈၂ -ခု နိုင်ငံသား ဥပဒေ

၁၉၈၂-ခု မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၃ အရ တိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင် ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော လူမျိုးတွင် ပါဝင်သူ များနှင့် ယခု နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ တစ်ခုခု၌ ၁၈၂၃-ခုနှစ် (မြန်မာသက္ကရာဇ် - ၁၁၈၅-ခုနှစ် ) မတိုင်မီ ကာလမှစ၍ မိမိတို့၏ ပင်ရင်း နိုင်ငံ အဖြစ် ထာဝစဉ် အခြေစိုက် နေထိုင်ခဲ့သော လူမျိုးစုများတွင် ပါဝင်သူများသည် နိုင်ငံသား ဖြစ်သည်။ ပုဒ်မ ၅ အရ၊ တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူသည် လည်းကောင်း၊ ဇာတိအရ နိုင်ငံသားများ ဖြစ်ကြသည်။ ပုဒ်မ ၆ အရ၊ ဤဥပဒေ အာဏာ တည်သောနေ့တွင် နိုင်ငံသား ဖြစ်ပြီးသူ များလည်း နိုင်ငံသား ဖြစ်သည်။ သို့သော် ပုဒ်မ ၁၈ အရ၊ အရည်အချင်း ပျက်ယွင်းခြင်း မရှိစေရ-ဟု ပြဋ္ဌာန်းပါ ရှိပါသည် ။

ရိုဟင်ဂျာတို့သည် ဤဥပဒေ ပုဒ်မ သုံးခုစလုံးနှင့် အကျုံးဝင် သူများပီပီ မြန်မာနိုင်ငံသား အဖြစ် ဆက်လက် ရှိနေကြသည်။ ရိုဟင်ဂျာတို့အား ဧည့်နိုင်ငံသား၊ သို့မဟုတ်၊ နိုင်ငံမဲ့ ဘ၀ ရောက်၍ နိုင်ငံသား ပြုခြင်း ခံရအောင် လျှောက်ထား ရမည်ဟု မှတ်ယူစရာ အလျဉ်းမရှိချေ။

ဖော်ပြပါ ၁၉၇၄ -ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၈၂ -ခုနှစ် နိုင်ငံသား ဥပဒေတို့မှာ ပြည်သူ လူထု၏ လွတ်လပ်စွာ အဆို တင်သွင်း ပြောဆိုမှု ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့သည့်ပြင် စစ်အာဏာရှင်တို့ အာဏာ သက်ဆိုး ရှည်စေရေးကို မျှော်ကိုး၍ ရေးဆို ပြဋ္ဌာန်း ခဲ့သော်လည်း ရိုဟင်ဂျာတို့ နိုင်ငံသား ဖြစ်ရေးကို ရပ်စဲ စေခြင်း မပြုလုပ် နိုင်ခဲ့ချေ။

အထက်ပါတို့ကို ခြုံငုံသုံးသပ် ရသော် …

၁။ ရိုဟင်ဂျာတို့သည် နိုင်ငံခြားသားမဟုတ်။

၂။ အခြား မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ နည်းတူ ရှေးနှစ်ပေါင်းများစွာ အလျင်ကစ၍ မြန်မာနိုင်ငံ၌ လာရောက် အခြေစိုက်၊ စဉ်ဆက်မပြတ်၊ ထာဝစဉ် နေထိုင်လာခဲ့သော တိုင်းရင်းသားများ ဖြစ်ကြသည်။

၃။ ၁၉၄၇ -ခု ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ လည်းကောင်း၊ ၁၉၄၈ ခု မြန်မာနိုင်ငံသား ဥပဒေ အရ လည်းကောင်း၊ ၁၉၇၄ -ခု ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လည်းကောင်း၊ ၁၉၈၂ -ခု မြန်မာနိုင်ငံသား ဥပဒေ အရ လည်းကောင်း ရိုဟင်ဂျာတို့သည် ဥပဒေအရ နိုင်ငံသားဖြစ်သည်။

၎။ နိုင်ငံတော်၏ ရွေးချယ် တင်မြှောက်ပွဲ အားလုံးတွင် လည်းကောင်း၊ အဆင့်ဆင့်တိုင်းတွင် လည်းကောင်း၊ မဲပေးပိုင်ခွင့်နှင့် ရွေးချယ် ခံပိုင်ခွင့်ကို လွတ်လပ်စွာ ရရှိခဲ့သည်။

၅။ နိုင်ငံ၏ အမြင့်ဆုံး တရား စီရင်ရေး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သော တရား လွှတ်တော်ချုပ်၊ သို့မဟုတ်၊ တရားရုံးချုပ် တို့၏ စီရင်ထုံးများအရ ရိုဟင်ဂျာ တို့သည် ဥပဒေအရ နိုင်ငံသားဖြစ်မှုကို ရှင်းလင်းစွာ အနက် ဖွင့်ဆို ထားသည်။

၆။ နိုင်ငံတော်၏ အမြင့်ဆုံး စီမံခန့်ခွဲရေးမှူးများ ဖြစ်ကြသည့် နိုင်ငံတော် ၀န်ကြီးချု ပ် နှစ်ဦးက ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကျေညာခြင်းသည် ရိုဟင်ဂျာ တို့အား အခြေအနေ အရ နိုင်ငံသား အဖြစ် အသိအမှတ်ပြု ခံရသူများ (de facto citizens) မဟုတ်။ ဇာတိအရ၊ တရား ဥပဒေအရ နိုင်ငံသားများ (de jure citizens) များဖြစ်ကြောင်း ထင်ရှားလေသည်။

၇။ နိုင်ငံတော်သည် အခါ အားလျော်စွာ ရိုဟင်ဂျာ တို့အား အခြား တိုင်းရင်းသားများ နည်းတူ နိုင်ငံ၏ အရေး ကိစ္စများ၊ အထိမ်းအမှတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ပြပွဲပြိုင်ပွဲများတွင် ကိုယ်စားပြု ခွင့် ပေးခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာတို့သည် …

(က) ၁၉၄၉ - ခု မြန်မာနိုင်ငံ၌ နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေအရ အမျိုးသား မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ခွင့် ရှိသူများ။

(ခ) အကြိမ်ကြိမ် ကောက်ယူလေ့ ရှိသော သန်းခေါင် စာရင်းများအရ.. လူဦးရေ စာရင်း၊ အိမ်ထောင်စု စာရင်း၊ မိသားစု စာရင်း အစရှိသည့် နိုင်ငံတော် စာရင်းဇယား အားလုံးတွင် တိကျစွာ ပါဝင်သူများ။

(ဂ) နိုင်ငံပြင်ပသို့ သွားလာရာ၌ နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ခွင့် ရှိသူများ။

(ဃ) နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ သာသနာရေး ဆိုင်ရာ ပါတီများ၊ အသင်းအဖွဲ့များ၊ အစည်းအရုံးများ တရားဝင် မှတ်ပုံတင်ပြီး ဖွဲ့စည်းခွင့်၊ အခြားသူတို့ ဖွဲ့စည်းသည် များတွင် တရားဝင် ပါဝင်ခွင့် ရှိသူများ။

(င) တစ်ပါတီ အာဏာရှင်စနစ် တလျှောက်တွင်ပင် စစ်အာဏာရှင်များ ကိုယ်တိုင် ဖွဲ့စည်း တည်ထောင် ပေးခဲ့သော လူထု လူတန်းစား အဖွဲ့အစည်းများ အမည်ခံ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ၊ လယ်သမား အစည်းအရုံး၊ အလုပ်သမား အစည်းအရုံး၊ လမ်းစဉ် လူငယ် စသည်တို့တွင် တရားဝင် ပါဝင်ခွင့် ရှိခဲ့သူများ။

(စ) နိုင်ငံတော်၏ စီမံခန့်ခွဲမှု ရေးရာများ၊ တရားစီရင်မှု ရေးရာများ၊ ဥပဒေပြု စုမှု ရေးရာများတွင် ပါဝင်ခွင့် ရှိသူများ။

(ဆ) နိုင်ငံတော် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ၀န်ထမ်း အဖွဲ့အစည်း များတွင် တာဝန် ထမ်းဆောင်ခွင့် ရှိသူများ။

(ဇ) နိုင်ငံတော် အခွန် အကောက်ကို ပြည့်ဝစွာ ပေးဆောင်သူများ။

(ဈ ) ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပိုင်ဆိုင်ခွင့်၊ လက်ဝယ်ထား ရှိခွင့် ၊ ရောင်းဝယ် ဖောက်ကားခွင့်၊ လှဲ့လှယ်သုံးပိုင်ခွင့် ရှိသူများ။

(ည) နိုင်ငံတော်၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး စသည့် နယ်ပယ်တိုင်းတွင် ပါဝင် ဆောင်ရွက်ခွင့် ရှိသူများ… … … ဖြစ်ကြပေသည်။

သို့သော် နိုင်ငံတော် အစိုးရ အဆက်ဆက် တို့သည် ရိုဟင်ဂျာတို့အား ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေး၌ လည်းကောင်း၊ ရိုဟင်ဂျာတို့၏ အသက်၊ အိုးအိမ် ၊ ဂုဏ်သိက္ခာ၏ လုံခြုံမှုကို ရရှိရေး၌ လည်းကောင်း၊ မွေးရာပါ အခွင့်အရေးများ မဆုံးရှုံး မနစ်နာ စေရအောင် ကာကွယ်ရာ၌ လည်းကောင်း ဥပေက္ခာ ပြုသည်ကို တွေ့ရှိရ ပါသည်။ ရိုဟင်ဂျာတို့အား နိုင်ငံသား မဟုတ် ပါဟု တရားဝင် ကျေညာ ပြောဆို ထုတ်ပြန်မှု တစ်စုံတစ်ရာ မပြုသော်လည်း တရားဝင် မဟုတ်သော ပြောဆို ရေးသားမှု များဖြင့် ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်မှုကို သေးသိမ်စေသော ပြုမူ ဆောင်ရွက်မှုများ ပြုလေ့ရှိသည်။ ယင်းသို့ ပြုမူ ဆောင်ရွက်မှု များသည် ခွဲခြားမှု၊ ဖိနှိပ်မှု၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုမှ လွှဲ၍ အခြားအကြောင်း တစ်စုံတစ်ရာ မရှိနိုင်ပေ။



MYARF
RB News
17.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ယာဉ်ထိန်းရဲများက မြို့ပေါ်တွင် ဈေးလာဝယ်သူ တစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် မောင်တောမြို့နယ်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အနီးရှိ ယာဉ်ထိန်းရဲ ကင်းစခန်းတွင် အုပ်စုလိုက် ထိုင်ပြီး ဈေးသွား ဈေးလာများကို အမြဲတစေ နှောက်ယှက်လေ့ ရှိသည့် ရဲများ ဖြစ်သော ဦးမောင်ကျော်၊ ဆရာလှမြင့် တို့က မောင်တောဈေးသို့ မိမိဆိုင်အတွက် စားကုန် ပစ္စည်းများ ၀ယ်ယူရန် လာသည့် ဂေါ်ဒူသာရ ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဖြစ်သော မော်လ၀ီ ရော်ဖိတ် (ဘ) ဦးခေဖာယဒ်ဒူလ္လာ ထံမှ ငွေကျပ် ၇၅၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မော်လ၀ီ ရော်ဖိတ်သည် မောင်တောဈေးမှ ပစ္စည်းများ ၀ယ်ယူ၍ ဂေါ်ဒူသာရဈေးတွင် ရောင်းချပြီး အသက်မွေး ၀မ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။

“သူက ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ လာဝယ်နေတာပါ။ ဆရာလှမြင့်တို့က သူ့ကို ခေါ်ပြီး ဒုချီရာတန်းက လူသတ်မှု ကိစ္စမှာ ပါဝင် ပတ်သက်နေတယ်၊ ဂေါ်ဒူသာရက ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအာနိစ်က လူသတ်မှုမှာ သူပါ ပါတယ်လို့ စာရင်းပေးထားတယ် ဆိုပြီး ပြောတယ်။ ပြီးတော့ အဲဒီ ရဲတွေက ငွေနဲ့ရှင်းမလား၊ အမှုရင်ဆိုင်မလား၊ နှစ်လမ်းက တစ်လမ်းရွေးဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ မော်လ၀ီ ရော်ဖိတ်လည်း ရွေးချယ်စရာ လမ်းမရှိတော့ ငွေ ၇၅၀၀၀/- ပေးလိုက်ရတယ်။ ကျွန်တော်တို့ရဲ့ ဒေသမှာ တရား ဥပဒေ စိုးမိုးမှု မရှိတော့ သူတို့ ရဲတွေ ပြုသမျှ ခံနေရတာပေါ့ဗျာ” ဟု မော်လ၀ီ ရော်ဖိတ်ကို ငွေညှစ်နေစဉ် အတူရှိနေသည့် မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။

ဂေါ်ဒူသာရ ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးအာနိစ်ကိုလည်း အာဏာပိုင်များက ဒုချီရာတန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲမှုကြောင့် ထိုအချိန်မှစ၍ တိမ်းရှောင် နေခဲ့ရာ ယခု အချိန်ထိ ဖြစ်သည်။ ရဲများက မော်လ၀ီ ရော်ဖိတ် လိမ်ညာ လှည့်ဖျား၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။



17.7.2014

နယ်သာလန်နိုင်ငံ Amsterdam မြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အသွား ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသမှာ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျက်ကျ သွားခဲ့တာဟာ အကြမ်းသမား တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ယူကရိန်း အစိုးရ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Snizhne မြို့အနီးမှာ ကြာသပတေးနေ့က ပျက်ကျ သွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်း နေတဲ့ ကွင်းပြင်ထဲမှာ ခရီးသည်တွေရဲ့ ခန္ဓာကိုယ် အပိုင်းအစ တွေနဲ့ လေယာဉ်ပျက် အပိုင်းအစတွေ ပြန့်ကျဲ နေတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လေယာဉ်ပေါ် ပါသွားသူ စုစုပေါင်း ၂၉၅ ယောက်ဟာလည်း အသက်ရှင် ကျန်ရစ်မယ့် အလားအလာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီ ဘိုးရင်း 777 လေယာဉ်ကို ရုရှား လိုလားတဲ့ အကြမ်းဖက် သမားတွေက မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချ လိုက်တာ ဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေး ၀န်ကြီးဌာန အရာရှိ Anton Gerashchenko က ပြောပါတယ်။ ခွဲထွက်ရေး သူပုန် အဖွဲ့ခေါင်းဆောင် ကတော့ ယူကရိန်း အစိုးရ တိုက်လေယာဉ်က အဲဒီ မလေးရှား လေကြောင်းလိုင်း MH-17 ကို ပစ်ချ လိုက်တာလို့ ပြောပါတယ်။

အမေရိကန် ဒုသမ္မတ Joe Biden လည်း ယူကရိန်း သမ္မတ Petro Poroshenko နဲ့ တယ်လီဖုန်း ကတဆင့် စကားပြောကြား ခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ အတွက် အမေရိကန် ပြည်ထောင်စုက ကူညီမယ့် အကြောင်း ပြောခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်း ထုတ်ပြန်ပါတယ်။

အဲဒီ လေယာဉ်ပေါ်မှာ အမေရိကန် နိုင်ငံသားတွေ ပါသွားခြင်း ရှိမရှိ ဦးစားပေး စုံစမ်းဖို့ လိုအပ် ကြောင်းလည်း သမ္မတ Barack Obama က ပြောကြား လိုက်ပြီး အမေရိကန် နိုင်ငံ အနေနဲ့ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေနဲ့ သူတို့ မိသားစုဝင်တွေ အတွက် ဆုတောင်းပေး နေကြောင်း ပြောပါတယ်။

လေယာဉ် ဘာကြောင့် ပျက်ကျသွားတယ် ဆိုတဲ့ အပေါ်မှာတော့ အမေရိကန် အရာရှိတွေက ထင်မြင်ချက် တစုံတရာ ပေးခြင်း မရှိခဲ့ပါဘူး။

လေယာဉ် ပျက်ကျတဲ့ အကြောင်း အရင် ကြိုတင် စီစဉ်ထားတဲ့ အတိုင်း တယ်လီဖုန်းနဲ့ စကားပြောတဲ့ အချိန် ရုရှား သမ္မတ Vladimir Putin က သမ္မတ အိုဘားမားကို ဦးစွာ အသိပေး အကြောင်းကြား လိုက်တာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။



Rohingya Eye
RB News
16.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ တစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်းနှင့် မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး ကျေးရွာမှ ဒေသခံ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က မတရား ဖမ်းဆီးချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၀) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်သည် အလယ်သံကျော် ဈေးတွင် အထည်ဆိုင် ရောင်းချသည့် ဟာဂျီဦးဖာရုခ် (ဘ) ဦးအလီဟူဆောင်း (အသက် ၆၅ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဟာဂျီ ဦးဖာရုခ်သည် ၎င်း၏ ဆိုင်ရှေ့တွင် အသက် ၁၈ နှစ် အရွယ် လူငယ် တစ်ဦးက အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးကို နောက်ပြောင် ကျီစယ် ခဲ့သဖြင့် ဟန့်တားခဲ့ရာ အဆိုပါ လူငယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး ထံ တိုင်ကြားသည့် အတွက်ဟု ဆိုကာ ယင်းနေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဇူလိုင်လ(၇) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး ကျေးရွာမှ ကိုမူဇာဖာရ် (ဘ) ဦးမာမတ်ဆွေယာဒ် (အသက် ၂၇ နှစ်) သည် ကျောက်လှေကား ဈေးသို့ သွားရောက်၍ ဈေးဝယ်နေစဉ် နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ နယ်မြေရုံးတွင် ချုပ်နှောင် ထားခဲ့ပြီး၊ နောက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ပို့ဆောင်၍ ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကိုမူဇာဖာရ်ကို ပေါင်းဇားကျေးရွာမှ ဦးအာယာစ် (ဘ) ဦးဒိလ်မာမတ် (အသက် ၄၀ နှစ်) က နယ်ခြားစောင့် ရဲတပ်ဖွဲ့ပိုင် ပုဇွန်ကန်များကို မင်္ဂလာကြီးချောင်းမှ တား၍ ငါးဖမ်းနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ပြောကြားခြင်း အတွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကိုမူဇာဖာရ်ကို လုပ်ကြံ၍ ဖမ်းဆီးခြင်းသာ ဖြစ်ပြီး၊ ၎င်းသည် ပညာသင်ကြား နေသူ တစ်ဦး ဖြစ်ပြီး မည်သည့် အခါကမှ ငါးဖမ်းခြင်း မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
16.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ါပိတ်ရွာမှ ဒေသခံ ရိုဟင်ဂျာ (၆) ဦး၏ နွား ၁၅ ကောင် မတရား သဖြင့် သိမ်းဆည်းခံ ထားရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ါပိတ်ရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို န.စ.က လက်ထက်တွင် မတရား သိမ်းဆည်းခြင်း ခံခဲ့ရသည်။ အဆိုပါ လယ်ယာမြေများကို န.စ.က လက်ထက်တွင် န.စ.က များက လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ ပိုင်ဆိုင် လာသည်။ ယခုနှစ်တွင် အဆိုပါ လယ်ယာမြေများကို စိုက်ပျိုး လုပ်ကိုင်ရန် ဦးနူရ်အာလမ် (ခ) ဆော်ဒါန်း (ဘ) ဦးနူလ်မာဟာကီးမ် (အသက် ၄၅ နှစ်) က တစ်ဦးတည်း ကိုယ်စားလှယ် ရယူခဲ့သည်။ ဦးနူရ်အာလမ်ထံမှ တဆင့် ကိုယ်စားလှယ် ယူခဲ့သူများမှာ နေ့စား လယ်သမားများ ရှားပါးမှုကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိသဖြင့် ၎င်းတို့ ငှားရမ်းခဲ့သည့် လယ်ယာမြေများကို ဦးနူရ်အာလမ်ထံ ပြန်လည် အပ်နှံခဲ့ကြသည်။

လယ်ယာမြေများ ပြန်လည်အပ်နှံခဲ့သည်ကို တစ်ဦးတည်း ကိုယ်စားလှယ် ရယူထားသူ ဦးနူရ်အာလမ်က မကျေနပ်သည့် အတွက် ဇူလိုင်လ (၇) ရက်နေ့က အဆိုပါ လယ်ယာမြေများ ပေါ်တွင် အစာလာစားသည့် နွား ၁၅ ကောင်ကို ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အာဏာ အရှိန်အ၀ါသုံး၍ သိမ်းဆည်း ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ သိမ်းဆည်းခံရသည့် နွား ၁၅ ကောင်၏ ပိုင်ရှင်များမှာ ဦးနူရ်အာလမ်ထံမှ တစ်ဆင့် ကိုယ်စားလှယ် ယူခဲ့သူများ ဖြစ်ကြသည်။ နွားပိုင်ရှင်များက ဦးနူရ်အာလမ်ကို နွားများ ပြန်လည် ပေးရန် တောင်းပန်ခဲ့သော်လည်း ဦးနူရ်အာလမ်က အဆိုပါ နွားများကို ၎င်းက ပိုင်ဆိုင်သွားပြီ ဖြစ်ကြောင်း၊ အကယ်၍ တစ်စုံတစ်ဦးကို တိုင်ကြားပါကလည်း ထူးခြားလာမည် မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မတရားသဖြင့် သိမ်းဆည်းခံရသည့် နွား (၁၄) ကောင်၏ ပိုင်ရှင်များမှာ --

(၁) ဦးအော်လီဟူဆောင်း (ဘ) ဦးအုမာရ်ဟမ်ဇား (အသက် ၆၀ နှစ်) (သိမ်းခံရသည့် နွား ၄ ကောင်)
(၂) ဒေါ်ဟာမီဒါ (ဘ) ဦးအာသာလ်မျာ (အသက် ၄၅ နှစ်) (သိမ်းခံရသည့် နွား ၄ ကောင်)
(၃) ဒေါ်ဇူဘေဒါ (ဘ) ဦးအာသာလ်မျာ (အသက် ၄၀ နှစ်) (သိမ်းခံရသည့် နွား ၄ ကောင်)
(၄) ဦးဖေရာန် (ဘ) ဦးမာမတ်နော်ဘီ (အသက် ၄၈ နှစ်) (သိမ်းခံရသည့် နွား ၁ ကောင်)
(၅) ဦးနူရ်မာမတ် (ဘ) ဦးရှော်ဖီ (အသက် ၆၀ နှစ်) (သိမ်းခံရသည့် နွား ၁ ကောင်)
(၆) ဦးဟူဆောင်းအာမတ် (အသက် ၆၀ နှစ်) (သိမ်းခံရသည့် နွား ၁ ကောင်) --- တို့ဖြစ်သည်။



ကိုမိုးဇော်
16.7.2014

ထိုင်းမြန်မာ နယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး အကူ အညီပေးမှာ ဖြစ်ပေမဲ့ လတ်တလော မှာတော့ ဒုက္ခသည်တွေ ပြန်လည် အခြေချမယ့် ဒေသတွေမှာ အဆင်သင့် မဖြစ်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒုက္ခသည် အရေး ကြိုးပမ်းနေသူ တွေကလည်း ထိုင်းနိုင်ငံမှာ ခိုလှုံနေသူတွေ ပြန်လည် အခြေချနိုင်ဖို့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းတာ အပါအ၀င် ဘေးကင်း လုံခြုံမှုနဲ့ တည်ငြိမ်မှု တွေရှိဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ သတိပေး နေကြတာပါ။ အပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေး ပို့ထား ပါတယ်။

ထိုင်းနိုင်ငံ စစ်အစိုးရ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ထိုင်းနိုင်ငံရှိ စခန်း ၉ ခုက မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သိန်း ၃ သောင်းလောက်ကို နေရပ်ရင်း ပြန်ပို့ဖို့ အတွက် ဒီရက်ပိုင်း အတွင်း ပြောဆို ထားတာ ဖြစ်သလို မြန်မာ အစိုးရ တာဝန်ရှိသူ တွေလည်း နေရပ်ရင်း ပြန်မယ့် ဒုက္ခသည်တွေ အတွက် အဆင်သင့် ဖြစ်အောင် စီစဉ် နေတယ်လို့ ပြောဆို ထားတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေက ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို မေးမြန်းရာ မှာတော့ - မိမိသဘော ဆန္ဒ အလျောက် နေရပ်ပြန် လိုတဲ့ ဒုက္ခသည် တွေကို ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာ မထိခိုက်ဘဲ နေရပ်ပြန်နိုင်ဖို့ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက သက်ဆိုင်ရာ နိုင်ငံတွေက အာဏာပိုင်တွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေ၊ လူမှု အသိုင်းတွေနဲ့ အတူ လက်တွဲ ဆောင်ရွက် နေကြောင်း UNHCR ရုံးက တာဝန်ရှိသူက အီးမေးလ်က တဆင့် ပြန်ကြားပါတယ်။

ဒါပေမဲ့လည်း လောလောဆယ် မှာတော့ ဒုက္ခသည်တွေ အများစုရဲ့ နေရပ်ရင်း ဖြစ်တဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသက အခြေအနေ တချို့အရ ဒုက္ခသည်တွေ စည်းစနစ် တကျ နေရပ် ပြန်ရေး လုပ်ငန်းတွေကို တိုးမြှင့် လုပ်ဆောင်ဖို့ အတွက် အပြည့်အ၀ ပံ့ပိုး ဆောင်ရွက်ဖို့ မဖြစ်နိုင် သေးကြောင်း သုံးသပ် ထားပါတယ်။

ဒီအခြေအနေ တွေကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေ မရရှိ သေးတာ၊ မြေမြှုပ်မိုင်းတွေ မရှင်းလင်း ရသေးတာနဲ့ အချို့ ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ မြေယာနဲ့ သက်မွေး ၀မ်းကြောင်း အခက်အခဲ စတာတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။ နေရပ် မပြန်လိုသူ တွေနဲ့ တတိယ နိုင်ငံတွေကို ရွှေ့ပြောင်းလို သူတွေနဲ့ ပတ်သက်လို့တော့ ဘာသဘော တူညီချက်မှ ချမှတ်ထားတာ မရှိသေးဘူးလို့ ပြန်ကြား ထားပါတယ်။ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဗဟို အလုပ် အမှုဆောင် တဦးဖြစ်တဲ့ ဦးဒယ်နီရယ် ကတော့ ဒုက္ခသည်တွေ ပြန်ပို့မယ် ဆိုရင် အဓိက နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း အခုလို ပြောပါတယ်။

“အဓိက အရေးကြီးဆုံး ကတော့ ဒီနိုင်ငံရေး အပိုင်းပဲပေါ့။ တကယ် မြန်မာပြည်မှာ အပစ် အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေး တို့က ခိုင်ခိုင်မာမာ ရှိနေဖို့က လိုတယ်။ နိုင်ငံရေး ပြေလည်မှ သာလျှင် ဒီဟာတွေကို စဉ်းစား ပေးတယ် ပေါ့နော်။ ဒါကတော့ အဓိက နိုင်ငံရေး တည်ငြိမ်ဖို့က အဓိက ကျတာပေါ့။ ဒါတွေ ပြင်ဆင် ထားဖို့ လိုပါတယ်။ အဲ့ဒါကတော့ ဗမာပြည် အစိုးရဘက်က ပေါ့နော် ထိုင်းနိုင်ငံမှာ လက်ရှိ စစ်အာဏာ သိမ်းပြီးတဲ့ကာလ ဖြစ်နေလို့ ဒါက ဒုက္ခသည်တွေ အတွက် အခွင့်အရေး ပြည့်ပြည့်၀၀ ရှိနေတဲ့ အချိန် ဖြစ်ချင်မှ ဖြစ်မယ် ပေါ့လေ။ ဒီမိုကရေစီ အစိုးရ လက်ထက်မှ သာလျှင် ဒါတွေကို စဉ်းစားသင့် ပါတယ်။”

နိုင်ငံရေး အရ တည်ငြိမ်တဲ့ တိုင်အောင် အခြား လိုအပ်ချက် တွေလည်း ရှိနေသေးတယ်လို့ ဦးဒယ်နီရယ်က အခုလို ဆက်ပြောပါတယ်။

“ဒုက္ခသည် အပိုင်းနဲ့ ပတ်သက် လာရင် ဒီနယ်စပ် တလျှောက်မှာ နှစ်ပေါင်း ၆၀ လောက် စစ်မြေပြင်လို ဖြစ်နေ တယ်ပေါ့။ အဲ့ဒီနေရာမှာ ဒုက္ခသည်တွေ အတွက်က မြေမြုပ်မိုင်းတွေ ဘာတွေ အရင်ဆုံး ရှင်းလင်း ထားသင့်တယ်။ အဲ့ဒါကတော့ ဒုတိယ အရေးကြီးတယ်ပေါ့။ နောက် သူတို့ရဲ့ ဘ၀ အာမခံချက် အတွက်က ဘာတွေလဲ။ စသဖြင့်က ဒါတွေပေါ့ စီစဉ်ရမှာ အများကြီးပါ။ ဥပမာလေ သူတို့ ပြန်လာတာနဲ့ သူတို့အတွက် ဘာတွေ ထောက်ပံ့မလဲ။ ဘယ်ကနေရမလဲ။ ဘယ်နှစ်နှစ် ထောက်ပံ့မလဲ စသဖြင့် အဲဒါတွေလည်း ပြင်ဆင်ဖို့က အများကြီး လိုအပ်ပါတယ်။ ဒုက္ခသည်တွေ သဘောထား မေးမြန်းရမှာ စသဖြင့် အဲ့ဒါတွေပေါ့လေ။”

အခုလို ဒုက္ခသည်တွေကို ပြန်ပို့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ကရင်ပြည်နယ် ဖာပွန်ခရိုင် အတွင်းမှာ အပစ်အခတ် ရပ်စဲထားတဲ့ ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ တပ်တွေ အကြား ဒီလ ၁၅ ရက်နေ့က တိုက်ပွဲ ထပ်မံ ဖြစ်ပွား ခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား တပြည်လုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို သြဂုတ်လဆန်းမှာ လက်မှတ် ရေးထိုးဖို့ မူလက ရည်ရွယ် ထားပေမဲ့ စာချုပ် မူကြမ်း ရေးဆွဲရာမှာ နှစ်ဘက် ကွဲလွဲချက်တွေ ရှိနေတာကြောင့် လောလောဆယ် ရက်ရွှေ့ဆိုင်းရမယ့် အခြေအနေ ရှိနေပါတယ်။

(ဓါတ်ပုံ - ဘီဘီစီ)

16.7.2014

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် အသစ် ဖြစ်တဲ့ မစ္စ ယန်ဟီလီ Yanghee Lee ဟာ ဗုဒ္ဓဟူးနေ့ ညမှာ မြန်မာနိုင်ငံကို ရောက်ရှိ လာပါတယ်။

သူမဟာ လူမျိုးရေး ဘာသာရေး ဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် တွေကို သွားဖို့ စီစဉ်ထား ပါတယ်။

ဘာသာရေး မငြိမ်မသက်မှုတွေ လောလော လတ်လတ် ဖြစ်ခဲ့တဲ့ မန္တလေးကိုလည်း သူသွားချင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မှာတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး ခဲ့တဲ့ နောက်ပိုင်း လူ့အဖွဲ့အစည်း နှစ်ခုကြား ပြန်လည် ပေါင်းစည်းရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

စစ်တွေ မြို့မိမြို့ဖ တဦး ဖြစ်တဲ့ ဦးသန်းထွန်းက "အခု ရခိုင်နဲ့ ဘင်္ဂလီ နှစ်ဖက်လုံးဟာ တဦးနဲ့တဦး အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး" လို့ ပြောပါတယ်။

ကျောက်ဖြူမြို့ အနီးက ကျောက်တလုံး ဒုက္ခသည် စခန်းမှာတော့ ဒုက္ခသည် ၁၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ နှစ်ပတ် အတွင်း ရိက္ခာ ထောက်ပံ့မှု မရတာကြောင့် ဆန်ပြုတ် သောက်ရတဲ့ အခြေအနေ ရောက်ခဲ့ ရတယ်လို့ စခန်း တာဝန်ခံ တဦးက ဘီဘီစီကို ပြောပြပါတယ်။

သူတို့ အနေနဲ့ မြို့ပေါ်မှာရှိတဲ့ သူတို့ရဲ့ အိမ်၊ ဈေးဆိုင် စတဲ့ ပိုင်ဆိုင်မှု တွေကိုလည်း ရောင်းချခွင့် ရချင် ပေမယ့် အစိုးရဘက်က ခွင့်မပြုဘူးလို့ သူက ဆိုပါတယ်။

ဒီနေ့မှာတော့ ကုလသမဂ္ဂက ပို့တဲ့ ရိက္ခာတွေ ဆိပ်ကမ်းကို ရောက်လာပြီလို့ ဆိုပါတယ်။




RB News
15.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ၀န်ထမ်း များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဦးထွန်းထွန်းနိုင်နှင့် အခြား ၀န်ထမ်းတစ်ဦး တို့သည် ဦးမာမတ်ရှား၊ ဦးချီဘီလီနှင့် ဦးရှော်ဘူလ္လာ တို့နှင့် အတူ အမည်းရောင် ဂျစ်ကား တစ်စီးဖြင့် လောင်ချောင်း ကျေးရွာ အုပ်စု၊ ခရုချောင်း ကျေးရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားဘဲ၊ ရာအိမ်မှူး ဖြစ်သူ ဦးဂုလ်အာမီးန်ကို ခေါ်ယူ၍ ဒေသခံ ရွာသား တစ်ဦး ဖြစ်သည့် ဦးနူရ်အစ္စလာမ် (ဘ) ဦးမာမတ်ဇော်လိလ်ကို ဖမ်းဆီးပြီး ခေါ်ဆောင်လာခဲ့သည်။

စစ်ဗျူဟာဂိတ် အရောက်တွင် ကားကို ရပ်၍ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ဦးနူရ်အစ္စလာမ်ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးနူရ်အစ္စလာမ်က ၎င်းသည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး သားသမီး ၁၀ ဦးကို အလုပ်ကျွေး ပြုနေသူ တစ်ဦး ဖြစ်သည့် အတွက် ပြန်လည် လွှတ်ပေးရန် အသနားခံ ပြောဆိုခဲ့သော်လည်း လ.၀.က ၀န်ထမ်းများက ပြန်လည် မလွှတ်ပေးဘဲ လ.၀.က ရုံးသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။

လ.၀.က ရုံးတွင် ဦးထွန်းထွန်းနိုင်နှင့် လ.၀.က ၀န်ထမ်းများသည် အရက်သေစာများ သောက်သုံး၍ ဦးနူရ်အစ္စလာမ်ကို လူမဆန်စွာ ရိုက်နှက်ပြီး၊ ဥပုသ်စောင့် ထားသော ဦးနူရ်အစ္စလာမ်ကို အရက်သောက်မှ ပြန်လည် လွှတ်ပေးမည်ဟု ပြောဆို၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ လိုက်လာပြီး လ.၀.က ၀န်ထမ်းများကို ငွေကျပ် ၃ သိန်းပေးမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။ ပြန်လည် မလွှတ်ပေးမှီတွင် ဦးနူရ်အစ္စလာမ်ကို စာရွက်တစ်ရွက်ပေါ်၌ မည်သည့် ဌာနဆိုင်ရာ အရာရှိကိုမှ တိုင်ကြားခြင်း ပြုမည်မဟုတ်ဟု ခံဝန် လက်မှတ်ရေးထိုး ခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့က ထိုကဲ့သို့ လူမဆန်စွာ ပြုမှု၍ ငွေညှစ်ခြင်းကို ဦးစီးအရာရှိ ဖြစ်သူ ဦးခင်မောင်မြင့်က သိရှိသော်လည်း အရေးယူခြင်း မရှိကြောင်း သိရှိရပါသည်။ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ စီးနင်းသွားသည့် ဂျစ်ကားမှာ ခရိုင် လ.၀.က အရာရှိ ဦးစောနိုင် ပိုင်ဆိုင်သော ကားဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။



ဗွီအိုအေမြန်မာပိုင်း
15.7.2014

ဗြိတိန်ရဲ့ ထိပ်တန်း သံတမန် ရာထူးမှာ လေးနှစ် တာဝန် ထမ်းဆောင် ခဲ့ပြီးတဲ့နောက် အဲဒီ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် (William Hague) က တနင်္လာနေ့က ပြောပါတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဝန်ကြီးချုပ်ဒေးဗစ် ကမ်မရွမ်းရဲ့ အစိုးရအဖွဲ့မှာ ကြီးမားတဲ့ အပြောင်း အလဲတွေ ဖော်ဆောင်မှုရဲ့ တစိတ် တပိုင်းလို့ ရှုမြင်ကြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Hague က သူ့ရဲ့ တွစ်တာ အကောင့်မှာ သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်တဲ့ အကြောင်း နောက်နှစ် မေလမှာ ကျင်းပဖို့ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ သူ့အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အကြောင်း ရေးသားထား ပါတယ်။ သူ့နေရာမှာ လက်ရှိ ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟာမန် (Philip Hammond) ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အစားထိုး ခန့်အပ်ဖွယ် ရှိကြောင်း ဗြိတိသျှ သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြ ကြပါတယ်။

Conservative ပါတီခေါင်းဆောင် ဝန်ကြီးချုပ် David Cameron အနေနဲ့ အထွေထွေ ရွေးကောက်ပွဲကြီး မတိုင်မီ ထိပ်တန်း အစိုးရ ရာထူးတွေမှာ နောက်ဆုံး အပြောင်းအလဲ ခန့်အပ်မှုတွေ ပြုလုပ် နေတာ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ အင်္ဂါနေ့မှာတော့ မစ္စတာ ကင်မရွန်း အနေနဲ့ ခန့်အပ်မှု အသစ်တွေကို ကြေညာ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လူထု သဘောထား အမြင် ကောက်ခံချက်တွေမှာ အတိုက်အခံ လေဘာ ပါတီနောက်က သူ့ပါတီ အနေနဲ့ ၇% အမှတ်ကွာနဲ့ လိုက်နေတာကြောင့် မစ္စတာ ကင်မရွန်းအနေနဲ့ ကျား-မ မညီမျှမှု ရှိနေတာကို ပြုပြင်တဲ့ အနေနဲ့ အသက်ကြီးတဲ့ အမျိုးသား အတော်များများကို ရာထူးကနေ ထုတ်ပယ်ပစ်ပြီး ထိပ်တန်း ရာထူးတွေမှာ အမျိုးသမီးတွေကို တိုးခန့်အပ် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ဟိတ်ဂ်က သူ့အနေနဲ့ အောက်လွှတ်တော်မှာ ခေါင်းဆောင် အဖြစ်သာ တာဝန် ထမ်းဆောင် သွားမယ်လို့ ပြောပါတယ်။

အာမန် (ပညာရေး)
RB News
14.7.2014

(၁)

ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင်ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တို့သည် မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ တရေတည်းသောက်ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။ နိုင်ငံ့ဦးဆောင် မင်းတို့သည် ပြည်သူ တစ်ရပ်လုံး၏ ခိုင်မာသော ညီညွတ်မှုကို စုစည်းနိုင်ခဲ့တိုင်း နိုင်ငံ၏အရှိန်အ၀ါ ထွန်းပြောင်နိုင်စေခဲ့ပြီး၊ ညီညွတ်မှု ဖြိုခွဲလေတိုင်း နိုင်ငံ၏ ဂုဏ်ရည် မှေးမှိန်ခဲ့သည်။ ၁၅ - ရာစုမှ ၁၇ - ရာစုနှစ်များသည် ရခိုင်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး စသည့်နယ်ပယ်အားလုံးတွင် တိုးတက်ခိုင်မာခဲ့ဘူးသော်လည်း ၁၇ - ရာစုနောက်ပိုင်းတွင် နိုင်ငံတွင် ညီညွတ်မှု ဖြိုခွဲခဲ့သောကြောင့် နိုင်ငံ့အင်အား တစတစ ယုတ်လျော့လာကာ ဖရိုဖရဲ ဖြစ်ရရှာသည်။ ၁၆၆၆-ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခြင်းခံရပြီး ၁၇၈၄-ခုနှစ် အမရပူရဘုရင် ဗဒုံမင်း၏ တိုက်ခိုက်မှု ကို ခုခံနိုင်စွမ်း မရှိရကာ၊ ရခိုင်လွတ်လပ်ရေး ဆုံးရှုံးရလေသည်။ လူပေါင်းနှစ်သိန်းခန့် သေဆုံးလေသည်။ နိုင် ငံ့လူဦးရေ တ၀က်ကျော်တို့မှာ ပြည်တွင်းလုံခြုံမှု မရှိသဖြင့် စစ်တကောင်းနယ်ထဲသို့ အလုံးအရင်းဖြင့် ထွက် ပြေး ခိုလှုံကြသည်။ ဘုရင် မဟာသမ္မတနှင့် မိဖုရားများ၊ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ မှူးမတ်ဗိုလ်ပါနှင့် တကွ အမြောက်စိန်ပြောင်း လက်နက် တစ်သောင်းကျော်၊ သေနတ်လက်နက် တစ်သောင်းကျော်၊ ကြေးရုပ် သုံးဆယ်ကျော်၊ မိန်းမစိုး သုံးဆယ်ကျော်၊ ပုဏ္ဏားမျိုးသန့် အိမ်ထောင်စု ငါးရာကျော်၊ တတ်သိပညာရှင် ဟူသ ရွေ့ကအစ ဆင်မြင်း သုံးပန့် သုံးသောင်းကျော်နှင့် မဟာမုနိ ရုပ်ပွါးတော်ကို သိမ်းယူသွားလေသည်။ လက်ရဖမ်းယူသွားသော လူပေါင်း နှစ်သိန်းကျော်လေသည်။၁ အနှစ် ၃၅၀ ကျော် ပြုစုပျိုးထောင်လာခဲ့သော မြောက်ဦးမြို့တော်သည်လည်း တစပြင် ဖြစ်သွားလေသည်။ အနှစ် (၄၀) မျှသာ အုပ်ချုပ်နိုင်ခဲ့သော မြန်မာ လေးမြို့ဝန် အုပ်ချုပ်ရေးလက်အောက်တွင် ရခိုင့်ယဉ်ကျေးမှု အဆောက်အအုံကြီး တစ်ခုလုံးသည် ထွားထွား ညက် ပျက်စီးခဲ့လေသည်။ ၁၈၂၅-ခုနှစ်မှ ၁၉၄၈-ခုနှစ်ထိ ဗြိတိသျှတို့လက်အောက်တွင် ကျွန်ပြုခံရပြီး၊ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ရခိုင်ပြည်သည် မြန်မာပြည်၏ အစိတ်အပိုင်း ဖြစ်နေရပြန်သည်။

လေးမြို့ဝန်ခေတ် အုပ်ချုပ်ရေးကာလနှင့် ဗြိတိသျှ ခေတ်ဦးကာလတို့တွင် ပုန်ကန်မှုအချို့ ပေါ်ပေါက်ခဲ့သော် လည်း ပြည်သူတစ်ရပ်လုံး၏ ကျစ်လစ်ခိုင်မှာသော ညီညွတ်မှုအားဖြင့် စနစ်တကျ တော်လှန်မှုမျိုး မဟုတ်ခဲ့ သဖြင့် အောင်မြင်မှု မရရှိခဲ့ချေ။ ၁၉၄၈-ခုနောက်ပိုင်းတွင်လည်း ပြည်သူတစ်ရပ်လုံး၏ ညီညွတ်မှုကို စုစည်း ရန် ဆောင်ရွက်ရမည့်အစား၊ ပညာတတ်အမည်ခံ ရခိုင်အမျိုးသား အချို့သည် လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒ၊ အစွန်းရောက် အယူသည်းဝါဒ တို့ကိုသာ ကျင့်သုံးလာခဲ့သည်။

(၂) 

လူမျိုးတစ်မျိုး၊ လူစုတစ်စု၏ သမိုင်းကို ဖျောက်ဖျက်၍ မရစကောင်းပါ။ အင်အားနည်းသော လူစုတစ်ခုကို အင်အားများ သော လူစုတစ်ခုက စစ်နိုင်၍သော်လည်းကောင်း၊ အခြားနည်းအမျိုးမျိုးဖြင့်သော်လည်းကောင်း၊ ယဉ်ကျေးမှု အယူဝါဒ များ စိမ့်ဝင်ပျောက်ကွယ် သွားစေနိုင်သော်လည်း အဆိုပါဖြစ်စဉ် သမိုင်းကြောင်းကို ဖုံးကွယ်ဖျောက်ဖျက်၍ မရနိုင် ကြောင်း ကမ္ဘာ့နိုင်ငံရေး သမိုင်းများက သက်သေထူထားကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ချိန်မှစ၍ သုတေသီအမည်ခံ၊ ပညာတတ်အမည်ခံ ရခိုင်အမျိုးသား အချို့သည် ရိုဟင် ဂျာတို့၏ သမိုင်းမှန်ကို ဖုံးကွယ်ဖျောက်ဖျက်ရန် အလို့ငှာ- စာတမ်းအသွယ်သွယ်၊ ဆောင်းပါးအမျိုးမျိုး၊ စာစောင်အဖုံဖုံ ရေးသားထုတ်ဝေကြသည်။ လုပ်ကြံဇာတ်လမ်းမျိုးစုံကို ပြည်သူတို့ထံ ၀ါဒဖြန့်ကြသည်၊ အစိုးရ အဆက်ဆက်သို့ တင်ပြ လာခဲ့သည်။ ရိုဟင်ဂျာတို့၏ သမိုင်းမှန်ကို ငြင်းဆိုကာ -

(၁) ရခိုင်လူမျိုးမှန်လျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။

(၂) အစ္စလာမ်ဘာသာဝင် ရခိုင်ပြည်တွင် မရှိခဲ့။

(၃) ယခုရှိသော အစ္စလာမ်ဘာသာဝင်များသည်-

(က) ၁၈၅၀ -ခုနှစ် လမ်းဖောက်လုပ်ရန် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ခေါ်သွင်းလာသူများ၊

(ခ) ၁၈၅၆ -ခုနှစ် နယ်ချဲ့ဗြိတိသျှတို့က လယ်ကူလီအဖြစ် အသုံးပြုရန် ခေါ်သွင်းလာသူများ၊

(ဂ) ၁၈၈၀ -ခုနောက်ပိုင်း ရာသီအလိုက် စပါးရိတ်သိမ်းရန်လာပြီး၊ မပြန်ဘဲ နေထိုင်သူများ၊

(ဃ) ဗြိတိသျှ အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသို့ တံခါးမရှိ၊ ဓါးမရှိ ခိုးဝင်လာသူများ၊

(င) ၁၉၄၂ -ခုနှစ်နောက်ပိုင်း ခိုးဝင်လာသူများ၊

(စ) ဖဆပလ အစိုးရက မဲရယူလို၍ ခေါ်သွင်းလာသူများ၊

(ဆ) ၁၉၇၁ -ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာပြီး၊ ပြည်တွင်းစီးပွါး ပျက်ပြားသဖြင့် အငတ်ဘေးမှ ပြေး ၀င်လာသူများ။

(ဇ) ဟသာင်္စီမံချက်ဖြင့် ၀င်လာသူများ၊

(ဈ) ၈၈ -ခု ဒီမိုကရေစီ လှုပ်ရှားမှုတွင် ၀င်ရောက်လာသူများ - သာဖြစ်ကြသည်။

ထို့ကြောင့် ယင်းတို့သည် မြန်မာနိုင်ငံ တိုင်းရင်းသားများမဟုတ်၊ ဧည့်နိုင်ငံသားများသာ ဖြစ်တန်ရာသည်။

ဤကဲ့သို့ အခြေအမြစ်မရှိ ပြောဆိုရေးသား ၀ါဒဖြန့်မှုများသည် ရိုဟင်ဂျာ သမိုင်းမှန်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုများ သာဖြစ်သည်။ မဟာဗမာ လူမျိုးကြီးဝါဒအောက်တွင် ပြားပြာဝပ်ခံနေရကာ ခရုဆံကျွတ်ဘ၀ ရောက်နေရလည်း ကိုရွှေ ရခိုင် အမျိုးသား သုတေသီ အမည်ခံ၊ ပညာတတ် အမည်ခံတို့က ရခိုင် လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒကို အသက်သွင်း လာခြင်းပင် ဖြစ်ပေသည်။

(၃) 

ယခု ရိုဟင်ဂျာဟု ခေါ်သော ရခိုင်ပြည်ရှိ မူဆလင်တို့၏ သမိုင်းမှန်ကို ပြည်တွင်းပြည်ပ သမိုင်းသုတေသီများ၏ တွေ့ရှိ ချက်များ၊ ခရီးသွားမှတ်တမ်း၊ ကိုယ်တွေ့မှတ်တမ်းများ၊ သမိုင်းအထောက်အထားများကို လေ့လာကြည်ရှုပါက ကိုရွှေရ ခိုင် အမျိုးသားတို့ ရေးသားဖေါ်ပြ၊ ၀ါဒဖြန့်ချက်များနှင့် လားလားမျှမတူကြောင်း တွေ့ရှိနိုင်ပေသည်။ အစ္စလာမ်ဘာသာ သည် ၁၈၅၀ -ပြည့်နှစ်ထက် နှစ်ပေါင်း ၁၀၀၀ ကျော် စောစွာကပင် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ကြောင်း အောက်ပါခိုင် မာသော သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိရပါမည်။

အစ္စလာမ်ဘာသာသည် ရခိုင်ပြည် အပါအ၀င် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၁၀၀၀ ကျော်၊ ၁၂၀၀ ခန့်ကစ၍ အုပ်စုလိုက် လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်လည်းကောင်း ပြန့်နှံ့ဝင်ရောက်ခဲ့ပါသည်။ အစောဦးရောက်လာသူများမှာ အာရပ် လူမျိုးများ ဖြစ်ကြသည်။

အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန်သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်းသွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်းဝယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ - ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

“ရခိုင်ဘုရင် မဟာတိုင်း စန္ဒြမင်း (အေဒီ ၇၈၈ - ၈၁၀) လက်ထက်တွင် ရမ်းဗြဲကျွန်းအနီး အာရပ်သင်္ဘောများစွာ ပျက် စီးခဲ့ကြောင်း၊ သင်္ဘောသားများက သေဘေးမှလွတ်ကာ နီးရာကမ်းခြေဒေသဖြစ်သော ရမ်းဗြဲကျွန်းသို့ ၀င်ရောက်ခိုလှုံခဲ့ ကြောင်း၊ ရခိုင်ဘုရင် ကြားသိသောအခါ ယင်းတို့အား ကောင်းမွန်စွာ ပြုစုဧည့်ခံပြီး လယ်ယာမြေများပေးကာ အခြေတ ကျနေထိုင်ခွင့် ပေးခဲ့ကြောင်း” ပါရှိသည်။၎ အေဒီ ၁၈၇၉ ခုထုတ် ဗြိတိသျှဘားမားဂေဇက် (British Burma Gazetters) ကို ကိုးကား၍ အာရ်ဘီ စမတ် (R. B. Smart) ကလည်း “အေဒီ ၇၈၈ - ခုနှစ်တွင် မဟာတိုင်း စန္ဒြမင်း သည် ရခိုင်ထီးနန်းကို ဆက်ခံခဲ့ကြောင်း၊ ၄င်းသည် ယခင် ရာမ၀တီ မြို့ဟောင်းကို မြို့သစ်တည်ထောင်ကာ နှစ်ပေါင်း ၂၂ နှစ်တိုင် စိုးစံခဲ့ကြောင်း၊ ယင်းမင်းလက်ထက်တွင် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ကြောင်း၊ သင်္ဘောသားများမှာ မဟာမေဒင် ဘာသာဝင်များဖြစ်ကြ ကြောင်း၊ ယင်းတို့ကို ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးကြောင်း” စစ်တွေဂေးဇတ် (Akyab Gazette) တွင် ရေးသားထားသည်။၅ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သော ဗိုလ်မှူးဘရှင်ကလည်း- မြန်မာနိုင်ငံ ပင်လယ်ဆိပ်ခံမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများ ပျက်ပြားခြင်းဆိုင်ရာ အကြာင်းအရာများ အချိန်ကာလ စောစွာကပင် ရှိခဲ့ကြောင်း၊ မွန်-မြန်မာ ရာဇ၀င်များနှင့် အချို့ သော ဘုရားသမိုင်းများတွင် သင်္ဘောပျက် စစ်သား များအကြာင်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း - ၁၉၆၁ -ခု နှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော အာရှသမိုင်း နှီးနှောဖလှယ်ပွဲတွင် တင်ပြသော “မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဝင်များ ၀င်ရောက် လာပုံ (အေဒီ ၁ရ၀၀)” စာတမ်းတွင် ရေးသားထားပါသည်။

ရခိုင့်သမိုင်းများအရ - တိုင်းစန္ဒြမင်းလက်ထက် ဝေသာလီသည် အထူးစည်းကားခဲ့ကြောင်း၊ နှစ်စဉ်သင်္ဘောအစီး တစ် သောင်းကျော် ဝေသာလီသို့လာရောက် ကုန်သွယ်မှုပြုခဲ့ကြောင်း၊ ဝေသာလီသည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင် အရေးပါသော ကုန်သွယ်စခန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။၆ ဂ - ရာစုတွင်း တရုတ်ခရီးသည်တို့၏ မှတ် တမ်းများအရလည်း - ဘင်္ဂလားနှင့် ဝေသာလီတွင် အာရပ်နှင့် မိုးလူမျိုးပိုင် သင်္ဘောများစွာ တွေ့ရှိကြောင်း ပါရှိသည်။ အာရပ်နှင့် ပါရှန်းသမိုင်း အထောက်အထားများအရလည်း အိန္ဒိယသမုဒ္ဒရာကို “အာရပ်ရေကန်” ဟုခေါ်ဆိုရလောက် အောင် အိန္ဒိယသမုဒ္ဒရာတွင် အာရပ်သင်္ဘောများ ဥဒဟို သွားလာခဲ့ကြောင်း ပါရှိသည်။၇ ဆရာဦးကြည်ကလည်း ၈ -ရာ စုအတွင်းက ပုဂံဘုရင် ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမ ဒေသများသို့ အာရပ်ကုန်သည်များရောက်ရှိ ၀င်ထွက် သွားလာလေ့ရှိခဲ့သည်ကို သက္ကရာဇ် ၈၀၀ ကျော်လောက်က ရေးသားထားသော အာရပ်မှတ်တမ်းများမှ သိရကြောင်း၊ အာရပ်သင်္ဘောများသည် အနောက်ဖက် ဒမတ်စကတ်ကျွန်းမှ အရှေ့အိန္ဒိယ ကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ခရီးပေါက်ရောက်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။၈

သို့ဖြစ်ရာ ထိုခေတ်ထိုအခါက ပင်လယ် ကူးသန်းသွားလာခဲ့သော ရွက်သင်္ဘောများမှာ ယခုခေတ်ကဲ့သို့ ခေတ်မီ စက်ကရိယာများဖြင့် ခုတ်မောင်းနိုင်ခဲ့သည် မဟုတ်ချေ။ မိုးလေ၀သ အချက်ပြ ရေဒါစက်များလည်း မရှိခဲ့ချေ။ သာမန် ရွက်သင်္ဘောများသာ ဖြစ်ခဲ့ရာ - ရာသီဥတု အခြေအနေ ဆိုးလျှင်ဆိုးတိုင်း ခံခဲ့ရသည်။ အထူးသဖြင့် ဘင်္ဂလား ပင်လယ်အော်သည် မိုးတွင်းအချိန်ကာလများ၌ ရာသီဥတု အခြေအနေသည် အလွန်ဆိုးရွားလေ့ရှိရာ ဘင်္ဂလား ပင်လယ် ကမ်းခြေတွင် ပင်လယ်ကူးသင်္ဘောများ မြောက် မြားစွာတို့မှာ ကံဆိုးမိုးမှောင် ကျနိုင်ပြီး၊ သင်္ဘောသား များစွာတို့မှာ သက်ဆုံးရှာပေမည်။ နှစ်စဉ် သင်္ဘောအစီး သောင်း ကျော် ၀င်ထွက်လေ့ရှိသော ဝေသာလီ အနီးတ၀ိုက် တွင် နှစ်စဉ် သင်္ဘောပျက် ကိစ္စမှာ နည်းလှမည် မဟုတ်ပေ။ တိုင်စန္ဒြားမင်းလက်ထက်၌သာ မှတ်တမ်းတင်ခဲ့သော် လည်း ၄င်းထက်စောစွာ မရှိခဲ့ဟူလည်း မဆိုနိုင်ပေ။ ၄င်းနောက် ပိုင်းတွင်လည်း မရှိခဲ့ဟု အတတ်မပြောနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ အရေအတွက်များပြားသော သင်္ဘောပျက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြောက်မြားစွာသော သင်္ဘောသား များ၊ ကုန်သည်များ၊ ခရီးသည်များ၊ စစ်သားများသည် နီးရာကမ်းဘေး သက်ဘေးလွတ်အောင် ခိုလှုံခဲ့ရသည်။ ယင်းတို့ အား မင်းနှင့်တကွ ပြည်သူတို့က လိုလေးသေးမရှိအောင် ပြုစု စောင့်ရှောက် ကူညီခဲ့သည် သာမက၊ အခြေချနေနိုင် အောင် လယ်မြေပေးကာ ဆောင်ရွက်ပေးခဲ့သည်။

ဤသို့ဖြင့် အေ ဒီ ၇၀၀ ကျော်မှစ၍ အရေအတွက် မနည်းလှသော သဘာဝ ဘေးအန္တရာယ်ကြောင့် ရောက်ရှိလာသူ သင်္ဘောသား အာရပ်မူဆလင်များသည် ရခိုင်ပြည်၌ အခြေစိုက်နေထိုင်ရင်း - ဒေသခံ အမျိုးသမီးများနှင့် အိမ်ထောင် သားမွေး ပြုလာကြသည်။ ယင်းတို့၏ ဇနီးမယားများအား အစ္စလာမ်ဘာသာသို့ သွတ်သွင်းပြီး ယင်းတို့၏ သားသမီး၊ မြေးမြစ်တီကျွတ် တို့မှာ အစ္စလာမ်ဘာသာဝင် မူဆလင်များ ဖြစ်လာကြသည်။ တနည်းအားဖြင့် နောင်တွင် ရိုဟင်ဂျာ ဟု ခေါ်ထွင်မည့် လူမျိုးများ၏ မျိုးဆက်စသည် ရခိုင်ပြည် လူ့အဖွဲ့အစည်းတွင် အေဒီ ၇၀၀ ကျော်မှစ၍ စတင်ပေါ် ပေါက် အခြေစိုက် လာခဲ့လေသည်။

ပါရှန်နှင့် အာရပ် ကုန်သည်တို့မှာ ပင်လယ် ရေကြောင်း ကူးလူး သွားလာရင်း အချက်အချာ ကျသော ဒေသများနှင့် ကမ်း သာယာ အရပ်များတွင် ရောင်းဝယ်ရေး စခန်းများ ပြုလုပ်ကာ အခြေချ နေထိုင် လာခဲ့သည်။ အလားတူ ရခိုင်ပြည် အပါအ၀င် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေး စခန်းများ၌လည်း ပါရှန်နှင့် အာရပ် ကုန်သည် တို့သည် အခြေချ နေထိုင်ခဲ့သည်။၉ ထို့ ပြင် ရခိုင် ကမ်းရိုးတန်းနှင့် မြန်မာ့ ပင်လယ် ကမ်းရိုးတန်း တလျှောက် အစ္စလာမ် ဘာသာ ဒါရ်ဂါ (ခေါ်) သူတော်စင် များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များ အပြင် သူတော်စင်တို့ကလည်း ရောနှောဝင်ရောက် နေထိုင်လာခဲ့ ကြောင်း သက်သေခံနေသည်။၁၀

ဥရောပ လူမျိုးများဖြစ်ကြသော ဗဲတေမာ (Varthema)၊ ဘာဘို့(စ) (Barbose)၊ ဆီဇာ ဖဲဒရိဒ် (Caesar Frederide)၊ ရဲလ(ဖ) ဖီတ်(ရှ) (Ralph Fitch) နှင့် ပေါ်တူဂီလူမျိုးများ၏ ရေးသားချက်များအရ ဘင်္ဂလားကမ်းခြေဒေသများတွင် မူဆလင်ကုန်သည် အမြောက်အမြား အခြေစိုက်နေထိုင်လျက်ရှိခဲ့ကြောင်း၊ အများအားဖြင့် အာရပ်လူမျိုးများဖြစ်ကြ ကြောင်း၊ မူဆလင်များက စစ်တကောင်းကို သိမ်းသွင်းနိုင်ခဲ့သော အေဒီ ၁၃၃၈ - ခု မတိုင်မီကပင် မူဆလင်မြောက် မြားစွာတို့သည် စစ်တကောင်းနှင့် ရခိုင်ကမ်းရိုးတန်းအထိ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။၁၁

သို့ဖြစ်ရာ သမိုင်းသုတေသီပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် ရခိုင် ပြည်အပါအ၀င် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြ ကြောင်း သိရှိရပါသည်။ အစောဦးရောက်လာသူများမှာ အာရပ်၊ မိုးနှင့် ပါရှန်လူမျိုးဖြစ်ကြသည်။ ယင်းတို့သည် မိမိတို့ ၏ ကိုယ်ပိုင်ယဉ်ကျေးမှုထုံးစံ၊ အစ္စလာမ်ဘာသာအယူဝါဒ၊ ကျင့်စဉ်တို့နှင့်အတူ ဒေသခံများနှင့်ရောနှောပေါင်းသင်း အခြေစိုက်နေထိုင်လာခဲ့သော အေဒီ ၇၀၀ ကျော်မှစ၍ နှစ်ပေါင်း ၇၀၀ ကျော်အတွင်း ဒေသခံအယူအဆ အလေ့အထ တို့ပါ ရောနှောပါဝင်သော ယဉ်ကျေးမှုသစ်တစ်ရပ်ကို ပြုစုပျိုးထောင်လာခဲ့သည်။ ယင်းသို့ဖြင့် အေဒီ ၁၄ - ရာစု မတိုင် မီကစ၍ ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကြားတွင် ဦးရေမနည်းလှသော ခိုင်မာတောင့်တင်းသည့် လူ့အဖွဲ့အစည်း တစ်ရပ်သည် ရခိုင်ပြည်၌ ပေါ်ထွန်းလာခဲ့သည်။

(၄) 

အေဒီ ၁၅ - ရာစုသို့ ရောက်သောအခါ အစ္စလာမ် ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာရန် အကြောင်းတရား က ဖန်တီးလာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ - နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ - ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ - ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည်အင်အားရှိသည့် စစ်တပ်ကိုလည်းကောင်း စေလွှတ်ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည်ရယူစေခဲ့ပြီး - ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည်များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(၅)

ရခိုင်ဘုရင် နရမိတ်လှသည် ဂေါ့ဘုရင် ဆုလ်တန်၏ စစ်သည်အကူအညီဖြင့် ဘုရင်ပြန်ဖြစ်လာပြီး ၁၄၃၀ - ခုနှစ်တွင် မြောက်ဦးမြို့ကို တည်ထောင်သည်။ “ပါရှန်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းလိုက်သည်။” ကလီမာ ပါသော ဒင်္ဂါးများကိုသွန်လုပ် အသုံးပြုလာရသည်။ ၄င်းအပါအ၀င် နောင်ဆက်ခံသော မင်းအများအပြားမှာ မူလ သက္ကတ၊ ပါဠိ အမည်များအပြင် မူဆလင် ဘွဲ့အမည်များကို ခံယူခဲ့သည်။ နန်းတွင်းစီရင်အုပ်ချုပ်မှုစနစ်နှင့် နန်းခန်းနန်း နား တို့မှာ ဒေလီနှင့် ဂေါ့ရှိ မူဆလင် ပုံစံအတိုင်း ပြောင်းလဲလိုက်သည်။ သို့ဖြစ်ရာ ရခိုင်ဘုရင်အနေဖြင့် အဆိုပါအ တွက် အတတ်ပညာရှင်များ၊ အသိပညာရှင်များ၊ တရားသူကြီးများ၊ ပညာရှိအမတ်များ၊ အနုဗိသုကာ ပညာရှင်များ၊ လက်မှုပညာရှင်များ လိုအပ်လာသည်။ သို့ကြောင့် ဘင်္ဂလားမှ မြောက်များစွာသော မူဆလင် တတ်သိပညာရှင်များ နှင့် လက်မှုပညာရှင်တို့မှာ တော်ရာတန်ရာ ရာထူးရာခံများဖြင့် ချီမြှင့်ခြင်းခံရကာ အခြေချနေထိုင် လာကြသည်။

သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ - မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ်ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည်များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ - ခုနှစ်မှ ၁၅၃၈ - ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ - ခုနှစ်မှ ၁၆၆၆ - ခုနှစ် ထိ စစ်တကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦးနေပြည်တော်သည် အိမ်ဦးနှင့် ကြမ်းပြင်အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ်မှုမှအစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော်အတွင်း မူဆလင် မြောက်များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေထိုင်လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

ရခိုင်ပြည်ရှိ အာရပ်၊ ပါရှန်၊ ပထန်တို့ဖြင့် ဖွဲ့စည်းလာခဲ့သော မူဆလင် လူ့အဖွဲ့အစည်းတွင် စစ်တကောင်းမူဆလင် တို့၏ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာသည်။

အေဒီ ၁၆ - ရာစုနှောင်းပိုင်းမှ ၁၇ - ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေးမတည်မငြိမ် ဖြစ်ခဲ့သော ကာလဖြစ်သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိပညာရှင်များနှင့် မင်းမှူးထမ်း မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင်လာလေသည်။ ယင်းတို့အနက်မှ အချို့မှာ မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာသည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါယာသို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာတို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက်ခိုလှုံ နေထိုင်လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ - ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့သည်။

(၆) 

ရခိုင်ပြည်တွင် မူဆလင်အင်အား တိုးပွါးလာစေသော အခြားအကြောင်းတစ်ရပ်မှာ ၁၇ - ရာစုတွင် ဘင်္ဂလားပင်လယ် အော် အရှေ့ပိုင်းသို့ ပေါ်တူဂီများ ၀င်ရောက်လာခြင်းပင် ဖြစ်ပါသည်။ ၁၇ - ရာစု အစောပိုင်းကာလမှစ၍ ပေါ်တူဂီ တို့ သည် ဘင်္ဂလားနှင့် ရခိုင်ကမ်းခြေသို့ ရောက်ရှိနေပြီးဖြစ်သည်။ ထိုစဉ်က ပေါ်တူဂီတို့သည် ရေကြောင်းအတတ်ပညာ၊ ခေတ်မီလက်နက်ပညာ နှင့် ခံတပ်တည်ဆောက်မှု အတတ်ပညာတို့ကို ပို၍ ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။ ရခိုင်တို့က ပေါ်တူဂီတို့အား ကုန်ကူးခွင့် ပေးခြင်းအားဖြင့် မိမိတို့အကျိုး ဖြစ်ထွန်းလိမ့်မည်ဟု မြင်ခဲ့သည်။ ထို့ကြောင့် ယင်းတို့အား ကုန်ကူးခွင့်နှင့် သင်္ဘောများ ရပ်နားဆောက်လုပ်ခွင့်ကို ပေးခဲ့သည်။ ပေါ်တူဂီတို့၏ အဓိက စီးပွါးရေး လုပ်ငန်းမှာ ကျွန်ကူးသန်းရောင်းဝယ်ရေးပင်ဖြစ်သည်။ ရခိုင်တို့သည် ပေါ်တူဂီတို့နှင့် ပူးပေါင်းပြီး၊ စစ်ဒဏ်ကြောင့် အင် အား ယုတ်လျော့နေသော ဘင်္ဂလားတွင် ပင်လယ်ဓါးပြတိုက်လုပ်ငန်းကို စတင်တော့သည်။ ဓါးပြတိုက်သည်ဆိုရာ၌ ဥစ္စာပစ္စည်းကို တိုက်ယူရုံသာ မဟုတ်ဘဲ၊ တွေ့ရာလူတိုင်း လက်ရဖမ်းဆီး ချုပ်နှောင် သယ်ဆောင်ယူလာကာ လူ့သ မိုင်းတွင် အရက်စက်ဆုံး၊ အဆိုးဝါးဆုံး၊ ယုတ်မာဆုံးသော ကျွန်ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ခြင်းပင်ဖြစ်သည်။ ဖမ်း ဆီးရမိသော ကျွန်များအနက် အတတ်ပညာရှင်များ၊ လက်မှုပညာရှင်များကို ရခိုင်ဘုရင်အားပေးကမ်းပြီး၊ ကျန်ကျွန်များ ကို ကျွန်ဈေးကွက်တွင် ရောင်းချသည်။ သို့တည်းမဟုတ် ရခိုင်နယ်များတွင် အတင်းအဓ္ဓမ အခြေချနေထိုင်စေကာ လယ်ယာစိုက်ခင်း၊ ပျိုးခင်းများတွင် ကိုင်းစေသည်။၁၅ ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ရာတွင် ဟိန္ဒူလူမျိုးများအပြင် မူဆလင်များလည်း များစွာပါဝင်ခဲ့သည်။ ဆယိဒ်စစ်စစ်များ၊ ဆယိဒ်အနွယ်ဖွားများလည်း ပါဝင်ခဲ့သည်ဟု ၁၇ - ရာစု၏ ထင်ရှားသော သမိုင်းသုတေသီ တစ်ဦးလည်းဖြစ်၍ ပေါ်တူဂီ၊ မောဂ်တို့ သောင်းကျန်းမှုကို မျက်မြင်ကိုယ်တွေ့ဖြစ်သော ရှီဟာဘ်အွဒ္ဒိန်း တာလီရှ် (Shihabuddin Talish) က ဆိုထားသည်။၁၆ စယိဒ်ဆိုသည်မှာ တမန်တော် မူဟာမတ် (စွ)၏ အမျိုးအနွယ်များမှ ဆင်းသက်လာသူများကို ခေါ်ဆိုသည်။၁၇

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လာသူများကြောင့် ရခိုင်နယ်တွင် မူဆလင်ဦးရေ တိုးပွါးလာခဲ့သည်။ ဗြိတိသျှလူမျိုး ဖဲယား က-ဖမ်းဆီးခေါ်ဆောင်လာသော မူဆလင်ဦးရေသည် ရခိုင်ပြည်လူဦးရေ၏ ၁၅ % ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။၁၈

(၇) 

ရခိုင်ပြည်တွင် ပြင်ပမှ ရောက်လာသော မူဆလင် လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ် ဘာသာကို ကိုးကွယ်နေသည် မဟုတ်ဘဲ၊ ဟိန္ဒူ ဘာသာဝင် အချို့လည်း အစ္စလာမ် ဘာသာသို့ ကူးပြောင်း လာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုးကွယ်နေကြပြီးသူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤအ ကြောင်းကို ရခိုင်မဟာရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုးဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက် နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည်လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ်ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ ဖြစ် ရှိလေသည်။ ဘုရင်မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက် ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။

၁၅ - ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ်တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူကလည်း - ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည်သူများနှင့် လက်ထပ် ထိမ်းမြားနိုင်သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယားများကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီးမယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း - ဒတ်(ချ) မှတ်တမ်းများတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။

(၈) 

မူဆလင်တို့၏ အလွန် အရေးကြီးသော ရခိုင်ပြည်နှင့် ယှက်နွယ်သည့် ဇာတ်လမ်းတကွက် ရှိပါသေးသည်။ ယင်းသည် ကား မဂို အိမ်ရှေ့မင်းသား ရှားရှုဇားသည် ရခိုင်ပြည်သို့ ရောက်ရှိလာခြင်းပင်ဖြစ်သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည် ၌ ရှားဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှားရှုဇားသည် နောင်တော် သြရန်ဂဇစ် နှင့် နန်းလုခဲ့ရာ အရေးနိမ့်သ ဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂ - ၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာသည်။ စန္ဒသုဓမ္မမင်း အား ကတိမ တည် ဟုဆိုကာ ရှားရှုဇား ပုန်ကန်ခဲ့ရာ ရှားရှုဇား ကျဆုံးခဲ့သည်။ ၄င်းနှင့်ပါလာသော အခြွေအရံ ကမန် (လေးသည် တော်) တို့အား ရခိုင်ဘုရင် ကိုယ်ရံတော်အဖြစ် ခန့်ထားခဲ့သည်။ ထိုစဉ်ကစ၍ ကမန်မူဆလင်ဟု ရခိုင်ပြည်တွင် တည်ရှိ လာသည်။ ရှားရှုဇားနှင့်အတူ ကမန်လေးသည်တော် သုံးထောင်ကျော် ပါရှိခဲ့သည်ဟု အချို့သမိုင်းဆရာများက ဆိုပါ သည်။ နောင်ဘင်္ဂလားနှင့် အိန္ဒိယတို့မှလည်း လေးသည်တော် အများအပြားအပြင်၊ အိန္ဒိယတောင်ပိုင်းမှလည်း စစ်သည်အမြောက်အမြား ကိုယ်ရံတော်တပ်တွင် အမှူးထမ်းလာခဲ့သည်။ ၁၆၈၅ - ခုနှစ်တွင် နန်းတွင်းကိုယ်ရံတော် တပ်သားအင်အား လေးသောင်းကျော် ရှိခဲ့သည်ဟု ဆိုသည်။၁၈ မင်းဘာကြီးလက်ထက် ကမန်သူရဲကောင်း ၅ သောင်း ကျော်ခဲ့ဟု စောမဲကျီ စာအုပ်တွင် အရှင် ဥက္ကံက ဖေါ်ပြခဲ့သည်။

(၉)

သို့ဖြစ်ရာ ၁၇ - ရာစု ရခိုင်ပြည်တွင် -

(၁) သဘာဝ ဘေးအန္တရာယ်ကြောင့် ရောက်ရှိလာရသော အာရပ်မူဆလင်များ၊

(၂) ကူးသန်းရောင်းဝယ်ရေးကြောင့် ရောက်ရှိနေထိုင် အခြေစိုက်လာသော အာရပ်၊ ပါရှန်ကုန်သည်များ၊

(၃) ရခိုင်ဘုရင် နရမိတ်လှ၏ မေတ္တာရပ်ခံချက်အရ ဂေါ့ဘုရင်၏ စစ်သည်အကူအညီအဖြစ် ရောက်ရှိလာပြီး၊ နရ မိတ်လှအား နန်းတင်ပေးခဲ့သော တူရကီ၊ ပါထန်၊ ပါရှန် စစ်သည်တော်များ၊

(၄) ရခိုင်ပြည်၏ စီရင်အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် မရှိမဖြစ်လိုအပ်၍ ဖိတ်ခေါ်၊ ခေါ်ယူခဲ့သဖြင့် လာရောက်မင်းမှူးထမ်းခဲ့သူများ၊

(၅) ဘင်္ဂလား နိုင်ငံရေးနှင့် စစ်ရေးအခြေအနေအရ မနေနိုင်ဘဲ ရခိုင်ပြည်ထဲသို့ ခိုလှုံလာသူများ၊

(၆) ပေါ်တူဂီ-မောဂ်တို့က ဖမ်းဆီးခေါ်ဆောင်လာသော ဘင်္ဂါလီလူမျိုးများ၊

(၇) ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင် တို့မှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူများ၊

(၈) ကိုယ်ရံတော်တပ်များ အစရှိသည့် အရပ်ဒေသမျိုးစုံမှလာသော လူမျိုး အမျိုးမျိုးတို့သည် ဒေသတစ်ခုတည်း

သို့ တစ်ဦးချင်း၊ နှစ်ဦးချင်းမှစ အုပ်စုလိုက်လည်းကောင်း၊ အလုံးအရင်းဖြင့်လည်းကောင်း ရာစုပေါင်းဆယ်ကျော် တစတစ အခြေစိုက် နေထိုင်လာခဲ့သည်။ ယင်းသို့ အခြေစိုက် နေထိုင်လာရင်း၊ ယင်းတို့ အသီးသီးတို့၏ ကိုယ်ပိုင်ယဉ် ကျေးမှု၊ ဓလေ့ထုံးစံ၊ အစ္စလာမ်ဘာသာဝါဒနှင့် ကျင့်စဉ်တို့နှင့်အတူ ဒေသခံတို့၏ ထုံးဓလေ့များကိုပါ ရောနှောပြီး၊ ရခိုင် ပြည် လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးမှုသစ်တစ်ရပ် ပြုစုပျိုးထောင်လာခဲ့ပြီး မျိုးဆက်သစ်တစ်ရပ်ကို ပေါ်ထွန်းစေခဲ့ သည်။ ယင်းတို့ “ရိုဟင်” ဟုခေါ်သော ရခိုင်ပြည်တွင် နေထိုင်သူများဖြစ်သဖြင့် “ရိုဟင်ဂျာ” (ရိုဟင်သား)ဟု ခေါ်ထွင် လာခဲ့သည်။

မူဆလင် ယဉ်ကျေးမှု၏ အကျိုးဆက်များကြောင့် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုမှာလည်း တစတစ တိုးတက်လာခဲ့ပေ သည်။ အုပ်ချုပ်ရေးနယ်ပယ်၌လည်းကောင်း၊ စစ်ဖက်၌လည်းကောင်း တိုးတက်မှုများ အဆင့်ဆင့် ဖြစ်ထွန်းခဲ့ပေသည်။

(၁၀)

သို့ဖြစ်ရာ ရိုးမတဖက်ကျော်မှ ဗမာလူမျိုးများက ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သော ၁၇၈၅ - ခုနှစ် မတိုင်မီက ရခိုင်ပြည်တွင် အစ္စလာမ်ဘာသာဝင် မူဆလင်လူမျိုးပေါင်း သိန်းနှင့်ချီပြီး ရာစုနှစ်များစွာကတည်းကပင် အခြေစိုက်နေထိုင်လာခဲ့ပြီး၊ ဗမာတို့ထက် အဆပေါင်းများစွာ တိုးတက်သစ်လွင်သော ယဉ်ကျေးမှုကို ပြုစုပျိုးထောင် လာခဲ့ကြောင်း ခိုင်လုံသော ပြည်တွင်းပြည်ပ သမိုင်းမှတ်တမ်း အထောက်အထားများက သက်သေထူလျက် ရှိနေပါ သည်။

၁၇၈၅ - ခုနှစ်မှ ၁၈၂၄ - ခုနှစ်ထိ နှစ်ပေါင်း (၄၀) နီးပါးသာ အုပ်ချုပ်ခဲ့သော ဗမာမြို့ဝန် လက်ထက်တွင် လူပေါင်း နှစ်သိန်းကျော် သေပြီး၊ နိုင်ငံ့ဦးရေ၏ တ၀က်ကျော်တို့မှာ စစ်တကောင်းနယ်သို့ တိမ်းရှောင်ခဲ့ရသည်။ တတ်သိပညာရှင် သုံးသောင်းကျော် အပါအ၀င် လက်ရဖမ်းဆီး ခေါ်ဆောင်သွားလေသူ နှစ်သိန်းကျော်လေသည်။ ထို့အပြင် နှစ်ပေါင်း ၄၀ အတွင်း မြန်မာပြည်မသို့ အကြိမ်ကြိမ် လူတောင်းခံမှုများကြောင့် ပြည်မသို့ ပေးပို့ခဲ့ရသည်များအပြင် စစ်တကောင်း နယ်သို့ ထပ်မံ တိမ်းရှောင်သွားရသူများလည်း မနည်းလှပေ။ အင်္ဂလိပ်တို့ ရခိုင်ပြည်ကို သိမ်းယူစဉ်က ၁၈၂၄ - ခုနှစ် တွင် ရခိုင်ပြည်၌ လူဦးရေ အနည်းမျှသာ ကျန်ရစ်ခဲ့သည်။ ရ န္တပိုစာချုပ် ချုပ်ဆိုပြီးနောက် လအနည်းငယ်အကြာ ၁၈၂၅ - ခု ဇူလိုင်လ (၂၁) ရက်နေ့ အစီရင်ခံခဲ့သော ဗြိတိသျှတပ်မှူး ရောဘတ်ဆန်၏ အစီရင်ခံစာအရ ၁၈၂၅ - ခုနှစ်တွင် ရခိုင် ပြည် လူဦးရေသည် တသိန်းခန့်သာရှိခဲ့ကြောင်း မောဂ် (ရခိုင်) ၆၀ ၀၀၀၊ မူဆလင် ၃၀ ၀၀၀ ခန့်နှင့် ဗမာနှင့် အခြား ၁၀ ၀၀၀ ခန့် ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။၁၉ နှစ်ပေါင်း ၄၀ အတွင်း စိတ်တိုင်းကျ ဖိနှိပ်ချူပ်ချယ်ပြီး၊ ရခိုင်ပြည် ယဉ် ကျေးမှု အဆောက်အအုံကြီး တစ်ခုလုံးကို ပျက်စီးစေပြီး၊ ကြက်ပျံမကျ စည်ကားခဲ့သော ရခိုင်ပြည်ကို တစပြင်ဖြစ် အောင် ဖန်တီးခဲ့သော ဗမာလေးမြို့ဝန်ခေတ် ကုန်ဆုံးချိန်တွင် မူဆလင်ဦးရေ သုံးသောင်းကျော်ရှိလျှင် ယင်းမတိုင်မီ မည်မျှရှိခဲ့မည်ကို ခန့်မှန်းနိုင်ပေသည်။

သို့ဖြစ်၍ လူ့သမိုင်းသည် ဖျောက်ဖျက်၍ မရနိုင်စကောင်းသော အမှန်အဖြစ်အပျက်တစ်ရပ် ဖြစ်သော်လည်း သမိုင်းအ ကြောင်းကို ဖျောက်ဖျက်ရန် ကြိုးစားနေကြသော ကိုရွှေရခိုင် ပညာတတ်အမည်ခံ၊ သုတေသီအမည်ခံတို့ ၀ါဒဖြန့်မှုများ သည် ရခိုင်ပြည်၏ တိုးတက်မှုကို ပို၍ နောက်ပြန်ဆွဲစေမည့် လုပ်ငန်းများပင်ဖြစ်သည်။ နှစ်ပေါင်း ၁၂၀၀ ခန့်မှစ၍ ရခိုင် ပြည်၌ အခြေစိုက်နေထိုင်လာခဲ့သူများအား လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်မှ ကျူးကျော်ရောက်ရှိလာသူ ဗမာများက နိုင်ငံခြားသားဟု ပြောဆိုနေခြင်းများမှာ မည်မျှယုတ္တိတန်နိုင်သည်ကို စဉ်စားနိုင်ပေသည်။ ရခိုင်ပြည်သည် ရခိုင်နှင့် ရိုဟင်ဂျာအပါအ၀င် မြို၊ သက်၊ ဒိုင်းနက်၊ ခမီ၊ ချင်း စသည် သမိုင်းအစဉ် အဆက် နေထိုင်လာခဲ့သူများ စုပေါင်း ပိုင်ဆိုင်ကြပြီး ဤလူမျိုးများသည် ရခိုင်ပြည်၏ အရှင်သခင် ဖြစ်ကြသည်။

နောက်မှရောက်လာသော ရွှေကြာပင် ဗမာတို့မှာ ဖွဲလှမ်းခိုက် ဖျာခင်းကာ စိုးမိုးသူဘ၀ ရောက်သော်လည်း ယင်းတို့ သည် ရခိုင်ပြည် သမိုင်းစဉ်ဆက် နေထိုင်လာခဲ့သူများ မဟုတ်ပေ။ ၁၇၈၅ မှ ၁၈၂၄ အထိ နှစ်ပေါင်း (၄၀) အတွင်း ရခိုင်ပြည်အား ကျူးကျော်သိမ်းပိုက်ကာ တစပြင်ဖြစ်စေခဲ့ပြီး၊ ၁၉၄၈ မှ ယနေ့အထိ နှစ်ပေါင်း (၆၀) ကျော် အတွင်း ရခိုင်ပြည်အား ခရုဆံကျွတ်ဘ၀သို့ အောင်မြင်စွာ ရောက်စေခဲ့ပါသည်။

သို့ပင်ဖြစ်သော်ငှါးလည်း များစွာသော ယနေ့ရခိုင်ပြည်သူတို့မှာ လက်ပိုက်ကြည့်နေရုံသာမက ကြည်ဖြူနေကြသူများ လည်း မနည်းလှပေ။ ရခိုင်မြေပေါ် ရခိုင်မြေအောက် ရခိုင်ပြည်သူတို့ကသာ ပိုင်ဆိုင်သည့် သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ ရေနံ၊ ဓါတ်ငွေ့မှစ သံယံဇာတ ပစ္စည်းဟူသရွေးကို ရခိုင်ပြည်သူတို့အတွက် တစိုးတစီးမျှ ချန်မ ထားဘဲ ထုတ်ယူဖော်ဆောင်၊ သယ်ယူရောင်းချနေသည်ကို ရေငုံနုတ်ပိတ် နေရုံမျှသာမက ဓါးရိုးကမ်းနေသူများလည်း မရှားပေ။ အရေးကြီးသော မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေအားလျှပ်စစ်ဓါတ်ထုတ်ယူကာ တရုတ်-အိန္ဒိယ ကုမ္ပဏီများ သို့ ရောင်းချရန် ကြံစည်နေသည်ကိုလည်း ရေနံဆီးမီးခွက်ပင် မှန်မှန်မထွန်းနိုင်ရှာသော ရခိုင်ပြည်သူတို့မှာ ကြိတ်မှိတ် နေကြသည်သာမက ရေလာမြောင်းပေးသူများလည်း ရှိနေသေးသည်။ ဤသို့သော အနေအထားတွင် ကိုရွှေဗမာ တို့သည် ကံကောင်းထောက်မ၍ နောက်ထပ် နှစ်တစ်ရာ ပိုမို စိုးမိုးပိုင်ခွင့်ရမည်ဆိုက ရခိုင်ပြည်၏ ပထ၀ီအနေအထား ကို ကမ္ဘာ့မျက်နှာပြင်ပေါ် မြင်ရမြင်ပါ့မည်လားဟု တွေးတောဖွယ် ဖြစ်နေပါသည်။

ကျမ်းကိုးစာရင်း -

၁။ ဆရာတော် စန္ဒမာလာလင်္ကာရ - ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒု-တွဲ)၊ မန္တလေး (၁၉၃၁)၊ စာ - ၃၁၂

၂။ ဒု-ဗိုလ်မှူးကြီး ၀င်းမောင် (ကာကွယ်ရေးဝန်ကြီးဌာန) “သာသနာ့ရောင်ဝါ ထွန်းစေဖို့”၊ ရန်ကုန် (၁၉၉၇)၊ စာ-၆၅

၃။ ကိုး (၂)၊ စာ - ၆၅

၎။ JASB – Vol. XIII, Calcutta (1844), p – 36

Dr. S.B Qanungo “ A History of Chiitagong”, Vol. I, Chittagong (1988), p – 111

၅။ R. B Smart – Burma Gazetters (Akyab Distric) Vol. A, Ragoon (1957), p – 19

၆။ ဦးကြည် (ဘီအေ- ရာဇ၀င် ဂုဏ်ထူး) “မြန်မာရာဇ၀င်မှ သိကောင်းစရာများ”၊ စာ ၁၅၆

၇။ Mohammed Abdur Rahim “Social and Cultural History of Bengal”, Vol. I, Karachi (1966), p – 37

၈။ ကိုး (၆)၊ စာ - ၁၅၇

၉။ S. N. H Rizvi “Bangladesh Distric Gazetteers (Chittagong)”, Dacca (1975), p – 122

၁၀။ ဆရာချေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) “ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပတ္တိ”၊ စာ - ၁၆

“သာသနာရောင်ဝါ ထွန်းစေဖို့”၊ စာ - ၆၆

၁၁။ S. N. H Rizvi – “East Pakistan Dicstric Gazetteers (Chittagong Dist)”, Dacca (1970), p – 111

၁၂။ Mohammed Enamul Huq and Abdul Karim – “Bengali Litrature in Arakanese Court (1600 ~ 1700 AD)

Calcutta (1935), p – 4 ~9

၁၃။ တိုင်းရင်းသားလူမျိုးစု ဘ၀သစ်ထူထောင်ရေးပါတီ - သတင်းလွှာ၊ ရန်ကုန် (၁၉၈၉)၊ စာ - ၄၅

၁၄။ Muhammad Mohar Ali “History of The Muslim Bengle” Vol. I (B), Riyadh, 1985, p – 865

၁၅။ J. A. S. B – Vol. X, Calcutta (1941), p – 681

မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ရန်ကုန် (၁၉၆၀)၊ စာ - ၇၂

၁၆။ Qanungo, p – 322

၁၇။ ၄င်း စာ - ၃၂၄

၁၈။ ၄င်း စာ - ၂၉၁

၁၉။ Secrect Consultation (SC) of the Government of Bengal, Preserved in the National Acrhives of India, New Delhi, Jun 9, 1926, No. 10

Also Robertson’s Report dated July 21, 1825 (SC- August 26, 1825, No. 41)

Rohingya Exodus