နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
14.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ ဆိုင်မှ ပစ္စည်းများကို မတရား သိမ်းယူပြီး၊ ဆိုင်ရှင် ဖြစ်သူကိုလည်း ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ (ဘော်လီဘာဇာရ်) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ တပ်ဖွဲ့ဝင်များသည် ခမောင်းဆိပ် ကျေးရွာရှိ ဈေးသို့ သွားရောက်၍ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ ဘော်ဒလာရွာမှ ဦးရှော်ဖီအုလ္လာ (ဘ) ဦးဆော်ယဒ်ဟူစိန်း၏ ဆိုင်ကို ၀င်ရောက် စစ်ဆေးပြီး ဆိုင်အတွင်းရှိ ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်မှ ယူလာပြီး ရောင်းချနေသည်ဟု စွပ်စွဲ၍ မတရားသဖြင့် သိမ်းယူလိုက်သည့် အပြင်၊ ဦးရှော်ဖီ အုလ္လာကိုလည်း ဖမ်းဆီး၍ မောင်တော ရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက မတရားသဖြင့် သိမ်းယူခဲ့သည့် ပစ္စည်းများမှာ --

(၁) Solar ၁၅ ပြား (20w နှင့် 30w - ပျှမ်းမျှတန်ဖိုး - တစ်ချပ်လျှင် ငွေကျပ် ၂၅၀၀၀ - စုစုပေါင်း တန်ဖိုး ငွေကျပ် ၃၇၅၀၀၀/-)

(၂) Symphony D46i (တန်ဖိုး ငွေကျပ် ၃၅၀၀၀/-) နှင့် L10 ဖုန်းဟန်းဆက် ၄၂ လုံး - SIM မပါ (တစ်လုံး ၃၀၀၀၀/- - စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၀၀၀၀၀/- ခန့်)

(၃) CDMA ဖုန်းဟန်းဆက် တစ်လုံး - SIM မပါ (တန်ဖိုး ငွေကျပ် ၈၀၀၀၀/-)

(၄) ဓါတ်မီး ၃ လုံး (တန်ဖိုး ၂၅၀၀၀/- စုစုပေါင်း တန်ဖိုး ငွေကျပ် ၇၅၀၀၀/-) -- တို့ဖြစ်ပါသည်။



RB News
14.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၂) လေးမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် ကင်းတောင်ကျေးရွာ အုပ်စုမှ ဒေသခံနှစ်ဦးကို မတရားဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၇) ရက်နေ့က ဘူးသီးတောင်မြို့နယ် ကင်းတောင် ကျေးရွာအုပ်စု မှ ဦးဒေါဘီရ်အာမတ် (ဘ) ဦးဂူလာမ်ကာစင်နှင့် ဦးဖော်ဇော်အာမတ် (ဘ) ဦးဂူလာမ်ကာစင်တို့ ညီအစ်ကို နှစ်ဦးကို အမှတ် (၂) နယ်မြေ၊ စခန်း အမှတ် (၂၁) လေးမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် စခန်း၏ တပည့်များ ဖြစ်သည့် ဦးရှော်မ်ရှု (ဘ) ဦးရှုနာမျာနှင့် ဦးအာရ်ဖာအာမတ် (ဘ) ဦးဆီနာမီန် (ကြာညိုပြင်)၊ ဦးဇော်မြင့်နိုင် (ခ) ဦးအာနီးစ် (ယခင် န.စ.က) တို့ပူးပေါင်း၍ ကင်းတောင်ရွာမှ မတရားဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြသည်။

ဦးဒေါဘီရ်အာမတ်နှင့် ဦးဖော်ဇော်အာမတ်တို့ ညီအစ်ကို နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ကြပြီး၊ စခန်းမှူးက ညှဉ်းပန်း နှိပ်စက် မခံချင်ပါက ငွေကျပ် ၁၀ သိန်းပေးလျှင် ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မတရား ဖမ်ဆီးခံရသည့် ညီအစ်ကိုနှစ်ဦးက ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် လယ်ယာမြေများကို ရောင်းချ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့ကို ငွေကျပ် လေးသိန်း ငါးသောင်း ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ကျနေသည့် စခန်းမှူးသည် ဘူးသီးတောင် မြို့နယ်တွင် အဆိုးဝါးဆုံး စခန်းမှူး တစ်ဦး ဖြစ်နေပြီး၊ ဒေသခံ ရိုဟင်ဂျာများကို မတရားဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်သည့် အပြင် ထောင်ချခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောပါသည်။ ထိုကဲ့သို့ မတရားသဖြင့် ပြုလုပ်နေမှု များကြောင့် ဒေသခံများ မခံမရပ်နိုင် ဖြစ်လာလျှင် ဖြေရှင်းရ ခက်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ၎င်းတို့က ဆိုသည်။ အဆိုပါ စခန်းမှူး၏ မတရားမှုများနှင့် ပတ်သက်၍ အထက်အရာရှိများက သိရှိသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု သိရှိရပါသည်။



Rohingya Eye
RB News
13.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို နေအိမ် ဆောက်လုပ်ခွင့် ပေးမည်ဟု ဆိုကာ ငွေညှစ်ခဲ့ပြီး၊ တရားမ၀င်သည့် ခွင့်ပြုချက်သာ ပေးခဲ့သဖြင့် နောက်ပိုင်းများ ဆောက်လုပ်ပြီး အိမ်များ ဖြိုဖျက်ခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အုပ်စု ဦးဝင်းဌေးသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို နေအိမ် ဆောက်လုပ်ခွင့် ပေးမည်ဟု ဆိုကာ ငွေညှစ်ခဲ့သည်။ ဦးဝင်းဌေးသည် ဒေသခံ ရွာသား (၄) ဦးထံမှ ငွေကျပ် သုံးသောင်းစီ လိမ်လည်ယူခဲ့ခြင်း ဖြစ်သည်။ ငွေကျပ် သုံးသောင်းစီယူပြီး အစပိုင်းတွင် နေအိမ်များကို ဆောက်လုပ်ခွင့် ပေးခဲ့သော်လည်း နောက်ပိုင်းတွင် စည်ပင်မှ တရားဝင် ခွင့်ပြုချက် မဟုတ်ဟု ဆိုကာ ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ငွေပေးခဲ့ရသူများက ၎င်းတို့ပေးခဲ့သည့် ငွေများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး ထံမှ ပြန်လည် တောင်းခံသော်လည်း ပြန်ပေးခြင်း မရှိကြောင်း သိရှိရပါသည်။ နေအိမ်များ ဆောက်လုပ်ပြီးမှ ဖြိုဖျက် ဖျက်ဆီးခံရသူ (၄) ဦးမှာ --

(၁) ဦးမာတာအာလာမ် (ဘ) ဦးရှောမ်ရှုအာလာမ် (အသက် ၃၅ နှစ်)
(၂) ဦးဒိလ်မိုဟာမတ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၃၂ နှစ်)
(၃) ဦးနူရ်ဟာဘီ (ဘ) ဦးဆွေယာဒ်ဒူလ္လာ (အသက် ၃၂ နှစ်)
(၄) ဦးဆွေတာလမ် (ဘ) ဦးမူနာ (အသက် ၃၆ နှစ်) -- တို့ဖြစ်သည်။

အလားတူ နေအိမ်ပြုပြင်သည့် ဒေသခံ ရွာသားများ အချို့ထံမှလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ငွေညှစ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နေအိမ်ပြုပြင်သည့် အတွက် ငွေညှစ်ခံရသူများမှာ --

(၁) ဒေါ်နုနု (ဘ) ဦးဆီရာဇ် (အသက် ၄၈ နှစ်) (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း)
(၂) ဦးအဘူလ်ဘော်ရှော်ရ် (ဘ) ဦးရော်ရှိတ် (အသက် ၄၅ နှစ်) (ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း)
(၃) ဦးအဒူမာဘူ (ဘ) ဦးအဒူဇီဇာခ် (အသက် ၅၂ နှစ်) (ညှစ်ခံရသည့် ငွေကျပ် သုံးသောင်း) – (ထို့အပြင် ပြုပြင်သည့် အိမ်ဝရံတာလည်း ဖျက်ဆီးခံခဲ့ရသည်) -- တို့ဖြစ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးသည် ဒေသခံများထံမှ ငွေလိမ်ယူသူ တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ဦးဆွေတာမီးန် (ဘ) ဦးအာမူဟောက်ခ် (အသက် ၄၅ နှစ်) သည် ညီမဖြစ်သူနှင့် အမွေမြေကိစ္စ စကားများရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ဦးဆွေတာမီးန်ကို အနိုင်ပေးမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ငါးသောင်း ရယူခဲ့သည်။ သို့သော်လည်း ဦးဆွေတာမီးန်ကို အနိုင်ပေးခဲ့ခြင်းလည်း မရှိသလို၊ ယူခဲ့သည့် ငွေကျပ် တစ်သိန်း ငါးသောင်းကို ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း သိရှိရပါသည်။



နေဆန်းလွင်
RB News
13.7.2014

ဂိုဏ်းခေါင်းဆောင်လား .. နိုင်ငံရေးခေါင်းဆောင်လား ဆိုတာကို ကွဲကွဲပြားပြား မြင်တတ်ဖို့ အလွန်ကို အရေးကြီးပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့တွေ ဒုက္ခပင်လယ် ဝေနေဦးမှာဘဲ။

ဂိုဏ်းခေါင်းဆောင်တွေက သူတို့ကို လူတွေ အသိအမှတ်ပြုလာအောင်၊ လက်ခံလာအောင် ခြိမ်းခြောက်ပြီး စည်းရုံးတယ်။ မြှောက်ပင့်တာကို ခုံမင်တော့ မြှောက်ပင့်မယ့်သူတွေကို အခကြေးငွေပေးပြီး ခိုင်းတတ်တယ်။ သူတို့ ပြောသလို မလိုက်နာတဲ့သူတွေကို ခြိမ်းခြောက်တယ်၊ ဆဲဆိုကြိမ်းမောင်းတယ်၊ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ရိုက်စား၊ နှိုက်စား၊ လက်တစ်လုံးကြား လုပ်ပြီး စီးပွားရှာ၊ ဒုစရိုက် လုပ်ငန်းလုပ်သူတွေကို အကာအကွယ် ပေးသလိုလိုနဲ့ ငွေညှစ်တတ်တယ်။ သတ္တိရှိသယောင် ဟန်ဆောင်တတ်တယ်။ အမျိုးသားရေး သမားလိုလို နိုင်ငံရေး သမားလိုလို ဟန်ဆောင်တတ်တယ်။ အမှန်တရား အတွက် ရင်မဆိုင်ရဲဘူး။ လူတွေကို မြှောက်ပင့်ပြီး Hero ပြောဖို့ ၀န်မလေးသလို Zero လုပ်ပစ်ဖို့လည်း လက်မနှေးတတ်ဘူး။

အရေးကြုံလာပြီဆိုရင် ရှေ့ကမားမားမတ်မတ် ရပ်တည်မပေးဘဲ ပုန်းနေတတ်တယ်။ အန္တရာယ်ကင်းအောင် နေရာတစ်ခုပြီး တစ်ခု ရွှေ့နေတတ်တယ်။

အဲဒီလို ဂိုဏ်းခေါင်းဆောင်တွေရဲ့ နောက်ဆုံးခရီးကတော့ အဖြစ်ဆိုးတွေနဲ့ ကြုံရတတ်ပြီး သံတိုင်တွေရဲ့ နောက်ကို ရောက်သွားလေ့ ရှိတာပါဘဲ ..

စစ်မှန်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လူတွေကို ခြိမ်းခြောက်ပြီး မစည်းရုံးဘူး။ မြှောက်တိုင်းလည်း မကြိုက်ဘူး။ ဝေဖန်တိုင်းလည်း မဖြုံဘူး။ စိတ်အလိုမကျတိုင်း လူတွေကို မဆဲဆိုတတ်ဘူး။ မခြိမ်းခြောက်တတ်ဘူး။ စိတ်ရှည်လက်ရှည်နဲ့ လူတွေကို ရှင်းပြတတ်တယ်။ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးတယ်။ ရိုက်စား၊ နှိုက်စား၊ လက်တစ်လုံးကြား မလုပ်တတ်ဘူး။ ဒုစရိုက်လုပ်ငန်းရှင်တွေနဲ့ အပေါင်းအသင်း မလုပ်ဘူး။ ငွေမညှစ်တတ်ဘူး။ တတ်နိုင်သလောက် ကူညီတတ်တယ်။ အမှန်တရား အတွက်ဆိုရင် မိုးကောင်ကင်ကိုတောင် ဒူးနဲ့တိုက်ရဲတယ်။ သူရဲဘော မကြောင်ဘူး။ လူတွေကို Hero ဆိုပြီးတော့ မမြှောက်စားသလို Zero ဖြစ်အောင်လည်း ဘယ်တော့မှ မလုပ်ဘူး။

အရေးကြုံလာပြီဆိုရင် ပြည်သူတွေဖက်က မားမားမတ်မတ် ရပ်တည်တယ်။ နောက်ဆုံးမှာတော့ လူတွေရဲ့ နှလုံးသားတွေထဲမှာ ကိန်းအောင်းခံရတဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်လာပါတယ်။

ကျွန်တော့်ရဲ့ မိတ်ဆွေများ၊ ညီနောင်များ .. ဂိုဏ်းခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင် ကွဲကွဲပြားပြား မြင်နိုင်ကြပါစေ၊ ဒုက္ခသံသရာမှ လွတ်မြောက်ပါစေလို့ ဆုမွန်ကောင်း ပို့သရင်း ..

လေးစားစွာဖြင့်

နေဆန်းလွင်



Rohingya Eye
RB News
12.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု (ဟာဝါလ်ဘီလ်) သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ (၈) ဦးကို ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၇) ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ါပိတ်ရွာသို့ ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုရဲအုပ် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် (၅) ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာတို့ ၀င်ရောက်၍ ဦးနူရ်မိုဟာမတ် (ဘ) ဦးဖော်ဇော်အာမတ် (အသက် ၅၅ နှစ်)၊ ဦးဆွေတာမောက် (ဘ) ဦးဖော်ဇော်အာမတ် (အသက် ၃၈ နှစ်)၊ ဦးရှာဟဲရ်အာမတ် (ဘ) ဦးဖော်ဇော်အာမတ် (အသက် ၃၆ နှစ်)၊ ဇာဖော်ရ် (ဘ) ဦးမာမတ်ဟာရှီးမ် (အသက် ၂၁ နှစ်) နှင့် ဦးယူနူစ် (ဘ) ဦးဇာဖော်ရ် (အသက် ၃၃ နှစ်) တို့ကို ဖမ်းဆီးရန် ရှာဖွေခဲ့ရာ ၎င်းတို့ကို နေအိမ် အသီးသီးတွင် မတွေ့သဖြင့် မိသားစု ၀င်များကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက မိုးပေါ်သို့ သေနတ် ၅ ချက် ပစ်ဖောက်၍ ဒေသခံ ရွာသားများ အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အထက် ဖော်ပြပါ (၅) ဦးကို ယခု နယ်ခြားစောင့်တပ်မှ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းသည့် လူဦးရေ စစ်ဆေးမှုတွင် မပါဝင်ရန် လှုံ့ဆော်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေခဲ့ခြင်း ဖြစ်သည်။ နယ်ခြားစောင့်တပ်ကို သတင်းပို့ခဲ့သူမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးပင် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ဖော်ပြပါ (၅) ဦး၏ မိသားစုဝင်များမှာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရသည့် အပြင် နောက်တစ်ကြိမ် လာရောက်၍ ဖမ်းဆီးမည်ကို စိုးရိမ်၍ တိမ်းရှောင် နေကြကြောင်း သိရှိရပါသည်။
ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရသူများမှာ --

(၁) ဒေါ်မုစ်တာဖာ (ဘ) ဦးနော်ဇူ (အသက် ၅၀ နှစ်) (ခေါင်းကွဲ)
(၂) ကိုအီလီယာစ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၅ နှစ်) (ခေါင်းကွဲ)
(၃) ကိုဟူဆောင်းန် (ဘ) ဦးရှောမ်ရှု (အသက် ၂၇ နှစ်) (ခေါင်းကွဲ)
(၄) ဟာဖီးဇ်အာမတ် (ဘ) ဦးရှောမ်ရှု (အသက် ၂၈ နှစ်) (ခေါင်းကွဲ)
(၅) မမော်နူဝါရာ (ဘ) ဦးဟာလာရှုနာ (အသက် ၂၈ နှစ်) (ခေါင်းကွဲ)
(၆) မဆော်မီရာ (ဘ) ဦးမာမတ်ဟာရှီးမ် (အသက် ၂၃ နှစ်) (လက်ကျိုးသွား)
(၇) မဆူမိုက်ရာ (ဘ) ဦးအေခ်ဘာလ် (အသက် ၂၃ နှစ်) (ခေါင်းကွဲ)
(၈) မတော်စ်လီမာ (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။



12.7.2014

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ပြန် ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မနေ့က စတင်ပြီး နောက်ထပ် သက်တမ်း ၂ လ ထပ်မံ တိုးမြှင့် လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။

"သူက ၂ လတစ်ကြိမ် ကြေညာ နေရတာကိုး၊ သူကပုံမှန်ပဲ တိုးနေတာကိုး၊ သီးခြား ထပ်ပြီးတော့ ထုတ်တာတော့ မဟုတ်ဘူးပေါ့၊ ထူးခြား ရင်တော့ ထူးခြား သလို သူက ကြေညာတာကိုး၊ အခြေ အနေတွေ အကုန်လုံး အေးချမ်း သွားရင်တော့ ရုပ်ချင်လည်း ရုပ်မှာပေါ့၊ တချို့ နေရာတွေ သံတွဲ ဆိုရင် ပြန်ရုပ် ထားတာကိုး"

စစ်တွေမြို့နယ်ရဲ့ လက်ရှိ အခြေအနေဟာ အများ ပြည်သူတွေရဲ့လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေး တွေကို ထိခိုက်စေတဲ့ အပြင် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ပွား လာနိုင်တယ်လို့ ယုံကြည် ယူဆ ရတဲ့အတွက် မနေ့ကစတင်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပုဒ်မ- ၁၄၄ ညမထွက်ရ အမိန့်ကို စစ်တွေ မြို့နယ် အုပ်ချုပ်ရေးမှုး လက်မှတ်နဲ့ သက်တမ်း တိုးမြှင့် ထုတ်ပြန် လိုက်တာလို့ သိရပါတယ်။

စစ်တွေမြို့နယ် အတွင်း ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန် ထားခဲ့တာဟာ ပဋိပက္ခတွေ စတင် ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ကတည်းက ဖြစ်ပြီး အခုအချိန်မှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီအတွက် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေ ကျဆင်းခဲ့ ရသလို အခြေခံ လူတန်းစား တွေရဲ့ ဘဝတွေလည်း ဆိုးကျိုး ဖြစ်စေတဲ့ အတွက် ပဋိပက္ခ ဖြစ်ပွား နိုင်ခြေ မရှိတဲ့ နေရာတွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကို ပြန်လည် ရုတ်သိမ်း သင့်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အခြေစိုက် လူ့အခွင့် အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ AHRDO က ထုတ်ဝေတဲ့ ဖွံ့ဖြိုး တိုးတက်ရေး သတင်း ဂျာနယ်က ဒီကနေ့ ရက်စွဲနဲ့ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် ဇွန်လကလို့ မြို့နယ် အတော် များများမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ထုတ်ပြန် ထားခဲ့ရာမှာ မြို့နယ်အချို့ကို ပြန်လည် ရုတ်သိမ်း ခဲ့ပြီး ဖြစ်ပေမယ့် စစ်တွေမြို့ အပါအဝင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော် စတဲ့မြို့တွေ မှာတော့ ဆက်လက် ထုတ်ပြန် ထားဆဲ ဖြစ်ပါတယ်။



ကိုဇော်ဝင်းလှိုင်
12.7.2014

ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်တို့ကို အခုလို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် လိုက်တဲ့ အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့် အရေး အခြေ အနေတွေ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့် အတွက် အမှောင်ဖုံးတဲ့ နေ့တနေ့ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ အပြည့်အစုံ ကိုတော့ Amnesty ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar ကို ဆက်သွယ် မေးမြန်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ထုတ်ပြန် လိုက်တဲ့ ကြေညာချက်ဟာ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ယောက် ပေါင်း ၅ ယောက်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပခုက္ကူခရိုင် တရားရုံးက မနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၁၀ စီ ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အပေါ် နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့အစည်း တွေက တုန့်ပြန် ပြောဆိုမှုတွေ ထွက်ပေါ်လာနေတဲ့ အထဲက နောက်ဆုံး ထွက်ပေါ် လာခြင်းလည်း ဖြစ်ပါတယ်။

ယူနတီဂျာနယ် သတင်းထောက် တွေနဲ့ အမှုဆောင် အရာရှိ တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် လိုက်တာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့် အတွက် အမှောင် လွမ်းတဲ့ နေ့တနေ့ ဖြစ်ကြောင်း Amnesty က ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အတွင်း လူ့အခွင့် အရေး အခြေအနေတွေ တဖြည်းဖြည်း ဆိုးရွား လာနေတဲ့ အပေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ အထူး စိုးရိမ် ပူပန်မိကြောင်း Amensty အမေရိကန် ရုံးခွဲရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

“မြန်မာနိုင်ငံ ထဲမှာ လူ့အခွင့် အရေး အခြေ အနေတွေ တဖြည်းဖြည်း ဆိုးရွား လာနေတဲ့ အပေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။ အခုနောက်ဆုံး ဖြစ်ရပ် ကတော့ သတင်း မီဒီယာ ဌာနတွေကို နှုတ်ပိတ်တဲ့ အနေနဲ့ အခုနောက်ဆုံး သတင်းထောက် ၅ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ထောင်ဒဏ် အပြစ် ပေးလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။”

ဇန်န၀ါရီလက မကွေးတိုင်း ပေါက်မြို့နယ်မှာ ရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ တခုကို လျှို့ဝှက် ဓာတု လက်နက် စက်ရုံဆိုပြီး သတင်း ဖော်ပြမှုနဲ့ ပတ်သက်ပြီး ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေ ကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖေဖော်ဝါရီလက ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ - CPJ ကလည်း ကြာသပတေးနေ့က ယူနတီဂျာနယ် သတင်းထောက် တွေကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် စီရင်လိုက်တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ မြန်မာနိုင်ငံကို အကူအညီ ပေးနေတဲ့ နိုင်ငံတကာက အလှုရှင် နိုင်ငံတွေ အနေနဲ့ မြန်မာ အစိုးရ အပေါ် အကူအညီ ပေးနေတာ တွေကို ပြန်လည် သုံးသပ်ပြီး သံတမန်ရေး နည်းလမ်း အရ ဖိအားပေး လုပ်ဆောင် ကြဖို့ တိုက်တွန်းကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ယူနတီ ဂျာနယ်က သတင်းထောက် တွေကို အခုလို ပြင်းထန်တဲ့ စီရင်ချက်ချ လိုက်တဲ့ အပေါ် မြန်မာ ဂျာနယ်လစ် ကွန်ယက်အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြလိုက်ပြီး အခုလို စီရင်ချက် ချလိုက်တဲ့ အပေါ် စိတ်ပျက်မိကြောင်းနဲ့ စာနယ်ဇင်း သမားတွေ အနေနဲ့ အကာကွယ်မဲ့မှု ခံစားရကြောင်း တခြား ပြည်တွင်း သတင်း မီဒီယာ အဖွဲ့အစည်းတွေက တာဝန်ရှိ သူတွေကလည်း ထုတ်ဖော် ပြောဆိုကြပါတယ်။

ယူနတီ ဂျာနယ် သတင်းထောက်တွေ အမှုကို မျှမျှတတ စဉ်းစားပေးဖို့ ပြည်တွင်း သတင်း မီဒီယာ အဖွဲ့အစည်းတွေက လွှတ်တော် အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးကို အကြိမ်ကြိမ် စာရေး အကြောင်းကြား ခဲ့တဲ့ ကြားကပဲ အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတိုင်းက သူတို့ဖက်က ချိုးဖောက်မှုကို ခုခံ ကာကွယ်ဖို့ အကြောင်းပြချက် အသီးသီး ရှိကြတာကြောင့် မြန်မာ အစိုးရဟာလည်း တခြား လူ့အခွင့်အရေး ချိုးဖောက်တဲ့ တိုင်းပြည်တွေလို အကြောင်းပြချက် ရှိနေမှာ ဖြစ်တဲ့ အကြောင်း Amnesty International အဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

“ ဒီနေရာမှာ စိုးရိမ်စရာ ကောင်းတာက အစိုးရက သူတို့ဟာ တိုင်းပြည်ကို ဖွင့်ပေးလိုက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး တွေကို လုပ်ဆောင် နေပါပြီ လို့ ပြောတယ်။ ဒါပေမယ့် အခုဖြစ်နေတာက ဆန့်ကျင်ဘက် လုံးလုံး ဖြစ်နေတယ်။ တရားမျှတမှု မရှိတဲ့ တရားစီရင်မှုတွေ လုပ်ဆောင်ပြီး သတင်းထောက် တွေနဲ့ တခြားလူ တွေကို လိုက်လံ ဖမ်းဆီး အပြစ်ပေး နေတယ်။ ဒါကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတာက - မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဖက်ကို ဦးတည် လျှောက်လှမ်း နေသလား . . . . . . မသွားပါဘူး၊ မှန်ကန်တဲ့ ဘက်ကို ဦးတည် သွားမနေပါဘူး။ လူ့အခွင့်အရေး ရှုဒေါင့်က ကြည့်မယ် ဆိုရင် အခြေအနေက ပိုဆိုး လာနေပါတယ်။ အဲဒါကို တိုးတက် ကောင်းမွန် လာအောင် အစိုးရ အနေနဲ့ ချက်ခြင်း လုပ်ဆောင် သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဖမ်းခံထားရတဲ့ သူတွေကိစ္စ၊ ညှဉ်းပန်း နှိပ်စက်တဲ့ ကိစ္စ စတာတွေအတွက် အစိုးရအနေနဲ့ ဖြေရှင်းချက် ပေးဖို့ လိုအပ် ပါလိမ့်မယ်။”

ဒီသတင်းထောက် တွေဟာ အများပြည်သူ သိသင့် သိထိုက်တယ်လို့ ယူဆတဲ့ သတင်း အချက်အလက် တွေကို ရေးသား ဖော်ပြခြင်း ဖြစ်တဲ့ အတွက် သူတို့ ၅ ဦးစလုံးဟာ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူတွေ အဖြစ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ ယုံကြည်ကြောင်းနဲ့ သူတို့ကို ချက်ခြင်း လွတ်ပေးဖို့ တောင်းဆိုကြောင်းလည်း Amnesty International က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလူတွေ ဖမ်းဆီး အပြစ်ပေး ခံရတဲ့ အမှုကို ကြည့်ခြင်း အားဖြင့် အစိုးရအနေနဲ့ လူ့အခွင့် အရေး အခြေ အနေတွေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက် ပါမယ်လို့ ပြောဆိုနေတာတွေ အချည်း အနှီး ဖြစ်သွား စေကြောင်း နဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း မီဒီယာ သမားတွေကို ဖမ်းဆီး အရေးယူမှုတွေ ရပ်တန့်မယ့် အကြောင်း အစိုးရက ပြောဆိုနေတဲ့ ကြားကပဲ အခု နှစ်ဆန်းပိုင်း ကစပြီး သတင်း မီဒီယာ သမားတွေ အပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ ဟာလည်း ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် လာနေတယ်လို့ Amnesty International ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဌေးလွင်ဦး
RB News
11.7.2014

ရိုဟင်ဂျာ သမိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော့ရဲ့ ဖေါ်ထုတ်မှု၊ တင်ပြမှု၊ သမိုင်း အထောက် အထား များကို ကမ္ဘာ့ ခေါင်းဆောင်များ၊ ကမ္ဘာ့ အသိုင်းအ၀ိုင်း များဆီ အရောက် ပို့ပေးမှုများ အတိုင်းအတာ တစ်ရပ်ထိ ပြီးခဲ့ပြီလို့ ခံယူကာ- သမိုင်း တင်ပြမှု များကို မှေးမှိန် ထားလျှက် - သမိုင်းဖုံး သမိုင်းဖျက် ရာဇ၀တ်မှုကိုသာ ဆက်တိုက်ကျူး လွန်နေတဲ့ ရာဇ၀တ်ကောင် များအား ကမ္ဘာ့ခုံရုံးပေါ်ကိုသာ အရောက်ပို့ရေး အချိန်ပေးထား ခဲ့ပါတယ်။

သို့သော်- လ၀က ၀န်ကြီး ဦးခင်ရီက မြန်မာ့ လူ့သမိုင်းနဲ့ ပတ်သက်ပြီး မျက်လုံးစုံမှိတ် ဆက်လက် ဇွတ်ငြင်း ဖုံး ကွယ်လျှက် မြန်မာ့ လူ့အသိုင်း အ၀ိုင်း ကြီးအား လှည့်စားရန် ထပ်မံကြိုးစား လာပြန်သောအခါ- မြန်မာ့ လူ့ အသိုင်းကြား သမိုင်းမှန်နဲ့ ပတ်သက်ပြီး မျက်လုံးလည် မသွားစေရန် တင်ပြစရာ ကျန်ရှိသည့် လက်ကျန် သမိုင်း အစအနများအား ဆက်လက် တင်ပြလိုပါတယ်။

ဦးခင်ရီ ပြောသလို- လူတွေဟာ မြေကြီးထဲက ထွက်လာခဲ့ခြင်း မဟုတ်ပါ။ အလားတူ မိုးပေါ်ကလည်း ကျ လာခြင်း မဟုတ်ပါ။ မြန်မာ့ လူ့အသိုင်း အ၀ိုင်း လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူသား အားလုံးဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း (တရုတ်ပြည်ကြီး) ဘက်က ၀င်ရောက်လာ သူများနဲ့ အနောက်ပိုင်း အိန္ဒိယပြည်ကြီး ဘက်က ၀င်ရောက်လာ သူများသာ ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ၀င်ရောက် လာတဲ့ ခေတ်ကာလ၊ ခုနှစ်များကိုသာ ပိုင်းခြား လေ့လာရမှာ ဖြစ်ပါတယ်။

မြန်မာပြည် လို့ အခု သတ်မှတ် ထားတဲ့ ဧရိယာထဲကို အခုခေတ် သတ်မှတ်ထားတဲ့ တိုင်းရင်းသား အားလုံး ၀င်လာတဲ့ ကာလများကို စီစစ်ရင် အေဒီ ၂ ရာစုလောက်မှာ မွန်လူမျိုးများက အခုခေတ် ထိုင်းနိုင်ငံဘက်က ပတ်ပြီး ၀င်ရောက်လာ ခဲ့ပါတယ်။ သူတို့ မတိုင်မှီ မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အိန္ဒိယ မျိုးဆက် ယက္ခ (အသားမဲ) လူမျိုးများ နေထိုင် ခဲ့ပါတယ်။ မွန်တို့က ယက္ခများကို တိုက်ခိုက် မောင်းထုတ်ခဲ့ပြီး မွန်နိုင်ငံကို ထူထောင် ခဲ့ပါတယ်။ ၀င်လာတဲ့ မွန်နဲ့ ယက္ခ ပေါင်းတဲ့ ကပြားများကို တလိုင်း လို့ ခေါ်ပါတယ်။ (တလိုင်းခေါ်ခံရ သူများက မွန်အစစ် များထက် အသားရောင် ပိုမို ညိုညက်ပါတယ်။) မြန်မာနိုင်ငံ အောက်ဆုံးပိုင်းရဲ့ အထက်နား ဆီသို့ ကရင် လူမျိုးများ အခြေချ နေထိုင်ကြပါတယ်။ ၀င်ရောက်ခဲ့တဲ့ ခုနှစ်များက မွန်တို့ထက် စောနိုင်ပေမယ့် မှတ်တမ်းများမှာ လေ့လာနေဆဲပါ။

အေဒီ ၃ ရာစုလောက်မှာ အခု ဗမာ လို့ ဖြစ်လာမယ့် တရုတ်ပြည် အနောက်မြောက်ပိုင်းက နန်ကျောင် လူမျိုး များ ၀င်ရောက်လာခဲ့ပါတယ်။ ရှေ့ဦးရောက်လာတဲ့ အဲ့ဒီ နန်ကျောင်လူမျိုးများဟာ မဏိပူရ ကုန်းမြင့် တစ်လျှောက် (ချင်းတောင်တန်း အပေါ်ယံ တစ်လျှောက်)က ဖြတ်လာခဲ့ပြီး ရခိုင်ဒေသ ဆီသို့ ၀င်ရောက်ခဲ့ ပါတယ်။

အခု ရခိုင်လို့ ခေါ်တဲ့ အရက္ခဒေသ (မွန်တို့ လုယူလိုက်တဲ့ ဒေသက ယက္ခ ဒေသ)မှာ နန်ကျောင်လူမျိုးများ မရောက်မှီကတည်းက တိုင်းပြည်ငယ် အဖြစ် တည်ရှိခဲ့ပြီး- မူလ Native လူမျိုးတွေ ရှိနေခဲ့ပါတယ်။ Native လူမျိုးများကို နီဂရစ်တို (အသားမဲ ယက္ခ) လို့ ခေါ်တွင်ခဲ့ပါတယ်။ ၀င်ရောက် လာတဲ့ နန်ကျောင် လူမျိုးများက မွန်ဂိုးလီးယား အနွယ် ဖြစ်လို့ ဒေသခံ Native များက မော့ဂ် လို့ ခေါ်တွင်ခဲ့ပါတယ်။ ဒီနေ့ထိလည်း ဘင်္ဂလားနယ်က ရခိုင်များကို မော့ဂ် လူမျိုးလို့ ခေါ်တွင်ဆဲပါ။

ဝင်ရောက်လာတဲ့ မော့ဂ်များဟာ အေဒီ ၇ ရာစု သို့မဟုတ် ၉ ရာစုလောက်မှာ အင်အားထွားလာပြီး Native တို့ရဲ့ ဝေသာလီပြည်ကို သြဇာလွှမ်းမိုးနိုင်ခဲ့ပါတယ်။ တစ်ပြိုင်နက်မှာ ဝေသာလီပြည်ဟာ ရေလမ်း ဆက်သွယ်မှုအရ အစ္စလာမ် သာသနာကို စတင်လက်ခံချိန် ဖြစ်ပြီး Native များက အစ္စလာမ် သာသနာကို စတင်သက်ဝင်ချိန် လည်း ဖြစ်ရပြန်ပါတယ်။ Native များကို အဲ့ဒီ အချိန်ကစ မဟာမေဒင် များလို့ ကမ္ဘာက မှတ်တမ်း စတင်ပြုပါ တော့တယ်။

အေဒီ ၁၁ ရာစုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဆီသို့ ရောက်လာတဲ့ နန်ကျောင်များက ပုဂံကို ဗဟိုပြု မြန်မာ အင်ပါယာအား စတင်ထူထောင်ခဲ့ပါတယ်။ စတင်ထူထောင်ချိန်ထိ ဝေသာလီပြည်က Native များရဲ့ ဘာသာ စာပေဟာ ပုဂံအင်ပါယာထဲထိ ရှိနေခဲ့ပါတယ်။ (စောလူးမင်း ကျောက်စာကို ကြည့်ပါ။)

ကျန်စစ်သားမင်း လက်ထက်မှာမှ နန်ကျောင်လူမျိုးများ ထူထောင်တဲ့ အင်ပါယာအား လျှင်မြန်ဖြတ်လတ်ပြီး သန်မာသော လူမျိုးများ တည်ထောင်ရာ အင်ပါယာ အဖြစ် ကင်ပွန်းတပ်ကာ လူမျိုးအမည်အား "မြန်-မာ" လို့ ခေါ်တွင်စေခဲ့တာ ဖြစ်ပြီး မွန်တို့က "မီရ် မာ" လို့ ခေါ်တွင်ခဲ့ပါတယ်။

ဗြိတိသျှ သုတေသီများက လူမျိုးရင်းမြစ် အမည်ကို လိုက်လံတဲ့ ကာလ ရောက်မှ တရုတ်တို့ တိုက်ထုတ်လိုက် တဲ့ နန်ကျောင် လူမျိုးများကို အင်္ဂလိပ်အခေါ် Burma နဲ့ Tibet ဒေသမှာ လူစုကွဲပြီး တွေ့ရလို့ Tibetan Burmese (တီဘက်တို ဘာမီး) လူမျိုး အဖြစ် အမည် သတ်မှတ်ခဲ့တာပါ။ (တိဘက်ကုန်းမြင့်က မြန်မာပြည် ထဲ ကို ဆင်းလာတဲ့ လူမျိုးလို့ အဓိပ္ပါယ် မပေးပါ။- တိဘက် ဒေသနှင့် မြန်မာ ဒေသ တွင် တွေ့ရသော လူမျိုးလို့ အမည် ပေးခြင်းသာ ဖြစ်ပါတယ်။)

အေဒီ ၁၁ ရာစု ပထမ မြန်မာနိုင်ငံ အင်ပါယာ အတွင်း ရခိုင် (အရက္ခဒေသ)ရဲ့ မြောက်ပိုင်း မပါဝင်ခဲ့ပါ။ ဘုရင့် နောင်လက်ထက် အာသံ မဏိပူရ်ရမှ - လာအို ယိုးဒယိုး သို့ သိမ်းပိုက် အုပ်ချုပ်စဉ်ကလည်း အရက္ခဒေသ ရဲ့ မြောက်ပိုင်း မပါဝင်ခဲ့ပါ။ ရခိုင်တောင်ပိုင်း တောင်ကုတ်၊ သံတွဲ၊ ဂွ နယ်နိမိတ်တို့သည်သာ ဗမာ အင်ပါယာထဲမှာ ရှိနေခဲ့ပါတယ်။ (ပုဂံခေတ် မြန်မာ့မြေပုံ၊ ဘုရင့်နောင်ခေတ် မြန်မာ့ မြေပုံများကို ပြန်ကြည့်ပါ။)

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထတ်မှာမှာ ရခိုင်ဒေသ တစ်ခုလုံး ဗမာ့လက်အောက်သို့ ၄၅ နှစ်ကြာ ကျရောက်ခဲ့ရခြင်းသာ ဖြစ်ပါတယ်။ ၄၅ နှစ်လွန်သော အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွားခြင်းသာ ဖြစ်ပါတယ်။

ဗမာများ ဘိုးတော်ဘုရား လက်ထက်မှာ ရခိုင်ကို သိမ်းပိုက်စဉ် ရခိုင်ပြည်ရှိ လူဦးရေ၏ သုံးပုံ နှစ်ပုံသည် စစ်တကောင်း ဒေသသို့ ထွက်ပြေး ခိုလှုံရကြောင်း Henry G. Bell မှတ်တမ်းတင်တဲ့ An Account of Burma Empire II page 2 တွင် အတိအကျ မှတ်တမ်းတင်ထားပါတယ်။ ဗမာ လက်မှ အင်္ဂလိပ်တို့က ရခိုင်ဒေသကို ပြန်ယူတဲ့အခါမှာ မူလ ရခိုင်ဇာတိ စစ်တကောင်းရောက် စစ်ပြေးဒုက္ခသည်များ ရခိုင်ထဲသို့ ပြန်လာခဲ့ခြင်းဟာ သူ့ အိမ်ကို သူပြန်လာခြင်းသာ ဖြစ်ပါတယ်။ ပြန်လာသူများ ထဲမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ် အားလုံး ပါဝင်မှာ က သဘာဝ တရားပါ။

ဦးခင်ရီ ပြောသလို လာခဲ့တဲ့ နိုင်ငံ ရှိမှာပဲ ဆိုတဲ့ စကားက သဘာဝကျ ပါတယ်။ အမှန်ကို လက်ခံရဲတဲ့ နှလုံးသား ရှိရင် ပြောတာပါ။ အရက္ခဒေသက Native တွေဟာ ရိုဟင်ဂျာ များ ဖြစ်ကြောင်းနဲ့ မော့ဂ် ခေါ် နန်ကျောင် (ရှေး ဦး မြန်မာလူမျိုး)များဟာလည်း အေဒီ ၃ ရာစုလောက်ကစ ရခိုင်ဒေသမှ စတင်အခြေချခဲ့ကြောင်း သမိုင်း အထောက်အထား ခိုင်ခိုင်မာမာ ရှိနေပါတယ်။

ဦးခင်ရီ ပြောလိုတဲ့ ဘင်္ဂလား နိုင်ငံ ဆိုတဲ့ စကားလုံးကို အလွန်အင်မတန် ပညာမဲ့သူများသာ လက်ခံနိုင်ကောင်း ပါတယ်။ ဘင်္ဂလားနယ် ဆိုတာ ဂင်္ဂါမြစ် အနောက်ဘက် အခြမ်းသာ ဖြစ်ပြီး- မူလ ရခိုင်တို့ ပိုင်ဆိုင်ရာ စစ်တကောင်းနယ်ကို ဘင်္ဂလားနိုင်ငံက ရယူလျှက် ဘင်္ဂလား နိုင်ငံထဲမှာ သွတ်သပ်သွင်းခဲ့တာ ၁၉၇၀ ပြည့်နှစ် လောက်မှာပါ။ သူတို့ကို သူတို့ ဘာလီ (ပါဠိ) စကားပြော လူမျိုး ဖြစ်လို့ ဘာလီ လို့ ပြောဆိုနေခဲ့တဲ့ အခြေခံလူထုဟာ စစ်ဖိနပ်အောက်မှာ ဘာလီကို အသံပြောင်းကာ ဘင်္ဂလီ လို့ မသေအသက် ဆက်နေခဲ့ရခြင်း အား အခွင့်ကောင်းယူပြီး- ရိုဟင်ဂျာခေါ် (ဘာလီ- ပါဠိ) စကားပြော လူမျိုးအား ဘင်္ဂလီ အဖြစ် ပုံသွင်းနေခြင်း ဟာ အိမ်မြှောင်ကို အမြီးဖြတ်ပြီး ပိုးဟပ် ဖြစ်တယ်လို့ ဖေါ်ပြနေခြင်းမျှသာ ဖြစ်ပါတယ်။

ဘင်္ဂလားနဲ့ မြန်မာ ဟာ မူလ ရခိုင်နိုင်ငံတော်အား တစ်ယောက်တစ်ဝက် ဖြတ်ယူလျှက် နှစ်ဘက်ညှပ် ဖိနှိပ်ခံ ထားရတဲ့ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘ၀ အား မြန်မာနိုင်ငံသားများ အနေနဲ့ အမှန်အတိုင်း နားလည်လာစေဘို့သာ ရည်ရွယ်ပါတယ်။

အခြားတစ်ဘက်မှာ ရိုဟင်ဂျာ ကို ရိုဟင်ဂျာ အဖြစ် လက်မခံဘဲ တင်းခံနေခြင်းများ အားလုံးက ဗဟိုအစိုးရရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု မူတစ်ရပ်သာ ဖြစ်ပြီး-၊ ဒီအမှုအတွက် လက်ရှိ ဗမာ အစိုးရဟာ ကမ္ဘာ့ ခုံရုံးပေါ် မှာ ရှင်းကို ရှင်းရမယ့် ကိစ္စရပ် ဖြစ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားပါရစေ။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement




MYARF
RB News
10.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၀က်ကျိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံဖူးသည် ဒေသခံ ရိုဟင်ဂျာ များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ၀က်ကျိန်း ကျေးရွာ (၀က်ကောမ်) အုပ်ချုပ်ရေးမှူး ဖြစ်သူ မြိုလူမျိုး ဦးကံဖူးသည် ကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်လျက် ရှိသည့် အပြင် အကြောင်း အမျိုးမျိုးဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဝက်ကျိန်းကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေ များကို ယခင် န.စ.က လက်ထက်တွင် သိမ်းယူခဲ့ပြီး မြိုလူမျိုးများကို ပေးအပ်ခဲ့သည်။ မတရားသဖြင့် အလကား ရရှိသည့် လယ်ယာမြေများကို မြိုလူမျိုးများက ကိုယ်တိုင် မထွန်ယက်ဘဲ ရိုဟင်ဂျာ လူမျိုးများကို ငှားရမ်းလေ့ ရှိသည်။ ယခုနှစ်တွင် ဦးမာမတ်ဟူစိန်း၏ သားများ ဖြစ်သည့် ဦးရှော်ရှိဒုလ္လာနှင့် ဦးဟာမိတ်ဟူစိန်း တို့မှအပ ကျန်သည့် ရိုဟင်ဂျာများက လယ်ယာမြေများကို မငှားရမ်းခဲ့သဖြင့် လယ်ယာမြေ အများအပြား လုပ်ကိုင်သူမဲ့ လျက်ရှိသည်။ ထိုသို့ လုပ်ကိုင်သူမဲ့ နေသည့် လယ်ယာမြေများတွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများ ၀င်ရောက်လျှင် မြိုလူမျိုးများက ဖမ်းဆီး၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံဖူးထံ အပ်နှံလေ့ရှိပြီး၊ အုပ်ချုပ်ရေးမှူးက နွားတစ်ကောင် အတွက် ငွေကျပ် ၂၀၀၀၀/- မှ ၅၀၀၀၀/- ထိ ပိုင်ရှင်များထံမှ ငွေညှစ်၍ ပြန်ပေးကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် ကျေးရွာ အတွင်းရှိ တံတားများ ပြုပြင်ရန် သစ်အချို့ကို တံတားအနားတွင် ပုံထားခဲ့ပြီး၊ အဆိုပါ သစ်များကို ရိုဟင်ဂျာ ရွာသားများက ခိုးယူသည်ဟု စွပ်စွဲ၍ ငွေညှစ်လျက် ရှိသည်။ ဇွန်လ (၂၈) ရက်နေ့တွင် ဟာဖီးဇ် ဦးဆုလ်တာန် (ဘ) ဦးမာမတ်ဟူဆောင်းကို သစ်များ ခိုးယူသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ဦးကံဖူးက ငွေကျပ် ၂၀၀၀၀/- ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။



9.7.2014

အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရကို အလျှော့ပေး လိုက်လျော နေတာတွေ အဆုံးသတ်ဖို့  အမေရိကန် လွှတ်တော် အမတ်တွေက တောင်းဆို လိုက်ပါတယ်။

မနေ့က ပြုလုပ်တဲ့ အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ လွှတ်တော် အမတ်တွေက မြန်မာ အစိုးရ အပေါ် စိတ်ပျက် နေကြကြောင်း အထင်အရှား ပြသခဲ့ ကြသလို အိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကိုလည်း တိုးမြှင့် ဝေဖန် တိုက်ခိုက်ခဲ့ ကြပါတယ်။

ရီပတ်ပလစ်ကန် အမတ် တစ်ဦး ဖြစ်တဲ့ အောက်လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီ ဥက္ကဌ Mr. Ed Royce က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဟာ နှိပ်စက် ညှင်းပမ်းရေး စခန်းတွေ အလား ဖြစ်နေကြောင်း ပြောဆို ခဲ့သလို၊ မြန်မာနိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်တဲ့ လက္ခဏာတွေ ပေါ်ပေါက် နေပြီလားလို့  ဒီမိုကရက် အမတ် တစ်ဦး ကလည်း မေးခွန်းထုတ် ခဲ့ပါတယ်။

အဲဒီကြားနာပွဲမှာ ဝါရှင်တန်ဒီစီမြို့  အခြေစိုက် United To End Genocide ခေါ် လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး အဖွဲ့  ဥက္ကဌ သောမတ်စ် အန်ဒရူးစ် Thomas Andrews က၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ၊ မွတ်စလင်တွေ ဖိနှိပ် သတ်ဖြတ် ခံနေရတာနဲ့ ပတ်သက်လို့  ထွက်ဆိုခဲ့ပြီး ဒီဖြစ်ရပ်တွေ အတွက် ပြစ်တင်ရှုံ့ချဖို့  လွှတ်တော် အမတ်တွေကို တိုက်တွန်း လိုက်ပါတယ်။

ဆက်လက်ပြီး သူက မြန်မာနိုင်ငံမှာ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေ ပြန်လည် ဆောင်ရွက်ခွင့် ရရေးနဲ့ ကုလ သမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ ရုံးခွဲ ဖွင့်လှစ်ခွင့် ရရှိရေး အပါအဝင် လက်ရှိ အရေးတကြီး လိုအပ်တဲ့ ပြဿနာတွေကို မြန်မာ အစိုးရက လိုက်လျော ဆောင်ရွက်တဲ့ အထိ သံတမန်နဲ့ စစ်ရေး ဆက်ဆံမှုတွေ ကုန်သွယ် အခွင့်အရေး ပေးမှုတွေကို ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းက စဉ်ဆက်မပြတ် ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ ပြောင်းလဲ မှုတွေ ပေါ်ပေါက် ခဲ့တာ ဖြစ်ကြောင်း၊ ရိုဟင်ဂျာနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်ချေမှုန်းမှုတွေ ပပျောက်ရေး အတွက် အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမြန်ဆုံး ပြောင်းလဲပြီး ဖိအားပေးဖို့ လိုနေပြီ ဖြစ်ကြောင်း စသဖြင့်လည်း Mr. Andrews က ပြောကြား သွားပါတယ်။




RB News
9.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြာ အလယ်တန်း ကျောင်းခွဲတွင် ကျောင်းသား/သူ များကို စာသင်ကြားခြင်း မရှိဘဲ၊ ကျောင်းအုပ်ကြီး ဖြစ်သူက ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြာ ကျေးရွာရှိ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား/သူ များကို ယခု အချိန်ထိ ပညာသင်ကြား ပေးခြင်း မရှိသည့် အပြင် ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးခင်က ကျောင်းသား/သူ များထံမှ နည်းလမ်း မျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးခင်များ တံဆိပ်များ ရောင်း၍ ငွေညှစ်ခြင်း၊ ငွေမပေးပါက အတန်းတင် မပေးဟုဆိုကာ ငွေညှစ်ခြင်း၊ စာမေးပွဲ ကောင်းမွန်စွာ မဖြေဟုဆိုကာ ကျောင်းသား/သူများ ရသည့် ထောက်ပံ့ကြေး ငွေကျပ် တစ်ထောင်ကို မပေးခြင်း၊ စာမေးပွဲ ကျရှုံးသူများထံမှ ကျရှုံးသည့် အတွက်ဟု ဆိုကာ ငွေညှစ်ခြင်း၊ လဘက်ရည်ဖိုးဟု ဆိုကာ ငွေညှစ်ခြင်းနှင့် ခြံစည်းရိုး မရှိသည့် ကျောင်းဝင်း အတွင်းသို့ နွား၊ ဆိတ်များ ၀င်လျှင် ငွေညှစ်ခြင်း၊ တခါတရံ သတ်ဖြတ် စားလိုက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ ကျောင်းတွင် မူလတန်း ကျောင်းသား ၅၀၀ ကျော်နှင့် အလယ်တန်း ကျောင်းသား ၂၀၀ ကျော်ရှိပြီး၊ အဆိုပါ ကျောင်းသားများထံမှ ညှစ်ယူ၍ ရရှိသည့် ငွေများကို ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးခင်က တစ်ဦးတည်း ရယူလျက်ရှိပြီး အခြားသော ကျောင်းဆရာ/မ များကို ဝေစုခွဲ၍ ပေးခြင်း မရှိဟု အမည် မဖော်လိုသည့် ဆရာမ တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

“ကျွန်တော်တို့ ရွာက ကျောင်းရဲ့ အခြေအနေကို နေပြည်တော်ကနေ အချိန်မရွေး လာပြီး စစ်နိုင်ပါတယ်။ ကျွန်တော်တို့ ရွာက ရပ်မိရပ်ဖ တွေကလည်း ပြည်ထောင်စု အစိုးရဆီကို တိုင်ကြားဖို့ အချက်အလက်တွေ အားလုံးကို သေချာ စုဆောင်း နေပါတယ်။ ကျောင်းအုပ်ကြီး ကိုယ်တိုင်က အခုလို လုပ်နေတဲ့ အတွက် ကလေးတွေရဲ့ ပညာရေး အလွန် ထိခိုက် နစ်နာ နေတယ်။ အခုထိ ကျောင်းဝင်ခွင့် မရသေးတဲ့ ကျောင်းသားတွေ ရှိနေသလို ကျောင်းဝင်ခွင့် ရတဲ့ ကျောင်းသားတွေက စာသင်ခွင့် မရဘူး ဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

RFA မြန်မာပိုင်း
8.7.2014

အပတ်စဉ်ထုတ် "Bi မွန်းတည့်နေ" ဂျာနယ်က အယ်ဒီတာ ၃ ဦးကို ရဲသတင်း အထူး တပ်ဖွဲ့က ဒီနေ့ မနက် အစောပိုင်းက သူတို့ရဲ့နေအိမ်တွေ ကနေ ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

တာဝန်ခံ အယ်ဒီတာနဲ့ အယ်ဒီတာ ၂ ဦးကို ပန်းဆိုးတန်း ရဲသတင်း အထူးတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားတာ ဖြစ်ကြောင်း မွန်းတည့်နေ ဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောပါတယ်။

"ဒီနေ့ မနက် ၁၂ နာရီ ၁၅ ကနေ စပြီးတော့ အယ်ဒီတာ ၃ ယောက်မှာ ၁ ယောက် ကိုရဲမင်းအောင် ဆိုတဲ့ တစ်ယောက်ကို ၁၂ နာရီ ၁၅ မှာ စပြီးတော့ ဖမ်းသွားတယ်၊ ပန်းဆိုးတန်း ရဲသတင်း အထူး တပ်ဖွဲ့ရုံးကို ခေါ်သွားတယ်၊ ၂ နာရီကျော်မှာ နောက်ထပ် တစ်ယောက် ကိုဝင်းတင် ဆိုတဲ့ တစ်ယောက်ကို ခေါ်သွားတယ်၊ ၄ နာရီ ထိုးခါနီးမှာ တာဝန်ခံ အယ်ဒီတာ အယ်ဒီတာချုပ် ကိုအောင်သန့် ကိုခေါ်သွားတယ်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် Bi မွန်းတည့်နေမှာ ပါတဲ့ သတင်းနဲ့ ပတ်သက် ပြီးတော့ မေးချင်တယ် ဆိုပြီး ခေါ်သွားတာ"

ဒီကနေ့ နေ့လည်ပိုင်းက ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွမ်ပတ်လမ်းမှာ ရှိတဲ့ မွန်းတည့်နေ ဂျာနယ်တိုက်က ကွန်ပျူတာ သုံးလုံးနဲ့ အင်တာနက်ချိတ်တဲ့ စက်တွေကိုပါ လာရောက် သိမ်းဆည်း သွားတယ်လို့ သိရပါတယ်။

မနေ့က ထုတ်တဲ့ မွန်းတည့်နေ ဂျာနယ်မှာ “ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု တွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုပြီး သတင်း ရေးသား ဖော်ပြခဲ့ ပါတယ်။

မနေ့က ထုတ်ဝေတဲ့ ဂျာနယ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ဝေရမှာ ဖြစ်ပြီး အဲဒီ သတင်းဟာ ဖတ်ရှုသူ တွေကို ထင်ယောင် ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများ ပြည်သူ အကျိုး ပျက်စီးမှုကို ဖြစ်ပေါ် စေနိုင်တယ်လို့ မြန်မာ့ အလင်း သတင်းစာမှာ ရေးသားထား ပါတယ်။

ဒီမိုကရေစီ အရေး စဉ်ဆက် မပြတ် လှုပ်ရှားမှု အဖွဲ့ MDCF က အဖွဲ့ဝင် တချို့ဟာ မနေ့က မြို့တော် ခန်းမ ရှေ့မှာ ပြည်ထောင်စု အစိုးရကို အယုံအကြည် မရှိကြောင်း ဆန္ဒပြခဲ့ ကြသလို ကြေညာချက် ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

မွန်းတည့်နေ ဂျာနယ် ထုတ်ဝေချိန်မှာ အဲဒီ ဆန္ဒပြပွဲ မဖြစ်သေးဘူး လို့လည်း သိရပါတယ်။

မွန်းတည့်နေ ဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်ကို RFA သတင်းထောက် မစန်းမော်အောင်က တွေ့ဆုံ မေးမြန်း ထားတာ နားဆင်နိုင် ပါတယ်။




Bi မွန်းတည့်နေ ဂျာနယ်၏ ထုတ်ပြန်ချက် 





အင်ကြင်းနိုင်
8.7.2014

ဇူလိုင်လ (၇) ရက်နေ့က သမ္မတ ဦးသိန်းစိန် ပြောသွားတဲ့ အရေးပေါ် မိန့်ခွန်း ထဲမှာ လက်ရှိ မန္တလေးမြို့ရဲ့အခြေအနေ တွေကို ထိန်းချုပ် နိုင်အောင် ဆောင်ရွက် နေကြောင်းနဲ့ အကြမ်းဖက်မှု တွေထဲမှာ ပါဝင်သူ တွေကို စုံစမ်း ဖေါ်ထုတ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူ သွားမယ်လို့ ပြောသွား ပါတယ်။ ဒီပြောဆိုချက် အပေါ် ကြိုဆို ကြပေမယ့် တကယ်ပဲ ထိထိ ရောက်ရောက် အရေးယူ နိုင်ပါ့မလား ဆိုတာကို နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့တွေနဲ့ မြန်မာ့ အရေး စောင့်ကြည့်နေသူ တွေက သံသယ ရှိနေကြ ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြ ပေးထား ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မန္တလေးမြို့မှာ အကြမ်းဖက် ကျူးလွန်သူ တွေကို တည်ဆဲ ဥပဒေနဲ့ အရေးယူ သွားမယ်လို့ ပြင်းပြင်း ထန်ထန် သတိပေး ပြောသွား ပါတယ်။

“လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ် အေးချမ်းရေး အတွက် လိုအပ်တဲ့ အဖွဲ့ အစည်းများ ဖြည့်ဆီး ထားပြီး ဖြစ်ပါတယ်။ လုံခြုံရေး အဖွဲ့အစည်း များရဲ့ အကူအညီကို ရယူပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှု များကို စနစ်တကျ လုပ်ဆောင်လျှက် ရှိပါတယ်။ အကြမ်းဖက်မှု အတွင်းမှာ ပါဝင် ခဲ့ကြသူများနဲ့ ပဋိပက္ခ ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက် ရှိရှိ ဖန်တီး ခဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ် သားသားနဲ့ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ သွေးထိုး လှုံ့ဆော်မှု များနဲ့ အကြမ်းဖက် ဖျက်ဆီးမှု များကိုလည်း နိုင်ငံတော် အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘဲ ချက်ခြင်း ပြင်းပြင်း ထန်ထန် အရေးယူ ဆောင်ရွက်မှာ ဖြစ်တဲ့ အကြောင်း ထပ်လောင်း ပြောကြား အပ်ပါတယ်။”

ဒါ့အပြင် ဒီလို အကြမ်းဖက် လုပ်ရပ်တွေကြောင့် နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီး အမုန်းတရား ဖြန့်ဖြူးမှုတွေကို ရပ်တန့်အောင် အရေးယူ ဆောင်ရွက် သွားလို့လည်း သမ္မတက ပြောပါတယ်။

“မိမိတို့ရဲ့ ကိုယ်ကျိုး စီးပွားကို ရှေ့ရှုပြီး အတ္တကို ရှေ့တန်းတင် လုပ်ဆောင် ကြသူများရဲ့ သွေးထိုး လှုံ့ဆော်မှု များကြောင့် အပြစ်မဲ့ ပြည်သူများ နာကျင် ခံစားစေရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေ ခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက် ရှိရှိနဲ့ လူ့အသိုက်အဝိုင်းများ အကြားမှာ အမုန်း တရားများ ပြန့်ပွားပြီး ပဋိပက္ခ ဖြစ်အောင် သွေးထိုး လှုံ့ဆော် ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်တာပဲ ဖြစ်ပြီး လူမျိုး၊ ဘာသာမရွေး မိမိတို့ လူ့အဖွဲ့ အစည်း တခုလုံးကို အန္တရာယ်ကျ ရောက်စေမယ့် လုပ်ရပ်များ ဖြစ်တဲ့ အတွက် ပြတ်ပြတ် သားသား ကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။”

မကြာခဏ ဖြစ်နေတဲ့ အကြမ်းဖက်မှု တွေကို မြန်မာ အစိုးရက နိုင်နိုင်နင်းနင်း မထိန်းချုပ်နိုင်ဘူး ဆိုရင် မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေဟာ ရှေ့ဆက် တိုးနိုင်မှာ မဟုတ်ဘူးလို့ မန္တလေးမြို့က အဓိကရုဏ်း အကြမ်းဖက်မှု တွေကို အနီးကပ် စောင့်ကြည့်နေတဲ့ HRW နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams ကပြောပါတယ်။

“ဒီလို အကြမ်းဖက်မှု တွေဟာ မကောင်းဘူးလို့ မြင်နေကြတဲ့သူ တွေတောင် ဒီလိုကျူးလွန်မှု တွေကို ရပ်သွားအောင် မလုပ်နိုင်ပါဘူး။ ရခိုင်ပြည်နယ် အပါအ၀င် အခြားနယ် တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေ မှာလည်း လုံခြုံရေးရဲ အင်အားတွေကို လမ်းပေါ်တွေမှာ ချထားတယ် ဆိုပေမယ့် လူအုပ်နဲ့ မီးရှို့ ဖျက်ဆီး တာတွေကို တားဆီးတာ ထိထိ ရောက်ရောက် မလုပ် ခဲ့ပါဘူး။ နောက်ပြီး သေဆုံးခဲ့ ရတဲ့သူတွေ အတွက်လည်း ဘယ်သူတွေ ကျူးလွန်ခဲ့သလဲ ဆိုတာ ဖေါ်ထုတ် အရေးယူတာ မျိုးလည်း မတွေ့ရပါဘူး။ ဒါကြောင့် မြန်မာ အစိုးရဟာ ဒီအကြမ်းဖက်မှု တွေကို တကယ်ပဲ ရပ်တန့် စေချင် သလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။"

အခုလို နိုင်ငံတကာ အသိုင်း အ၀ိုင်းက မြန်မာနိုင်ငံရဲ့ အခြေအနေ တွေကို စောင့်ကြည့် နေချိန်မှာ နိုင်ငံ အနှံ့ အမုန်း တရား ပြန့်ပွားရေးကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေသူ တွေကို ထိထိ ရောက်ရောက်နဲ့ ထင်သာ မြင်သာ ဖြစ်အောင် အရေးယူ ဖမ်းဆီးတာမျိုး အခုချိန်ထိ မရှိသေးဘူးလို့ သတင်းစာ ဆရာ ဦးစည်သူ အောင်မြင့်က ထောက်ပြ ပါတယ်။

“ကျနော်တို့ သေချာပေါက် ပြောနိုင်တာ တခုက ရခိုင်ပြည်နယ်မှာ စပြီး ဖြစ်ခဲ့စဉ် ကတည်းက ဒီနေ့ အချိန် အထိ အချိန်ကာလ တော်တော့်ကို ကြာသွားပြီ။ နောက် ရခိုင်ကနေ တဆင့် တဆင့် ကူးစက် လာလိုက်တာ ရှမ်းပြည်တို့၊ ရန်ကုန်တိုင်းတို့ ၊ ပဲခူးတိုင်းတို့၊ မန္တလေးတိုင်းတို့ အကုန်လုံး အခု မန္တလေးမြို့တို့မှာတောင် ဖြစ်တာ ပေါ့နော်။ ဆိုတော့... ဒီဟာတွေမှာ ကျနော်တို့ သေချာပေါက် ပြောနိုင်တာ တခုက အစိုးရက ကောင်းကောင်း မကိုင်တွယ်ဘူး ဆိုတာတော့ အရမ်း ရှင်းလင်းတယ်။ ဥပမာ အမုန်းတရားနဲ့ ပတ်သက်တဲ့ ဟာဆိုရင် ဘာမှ သွားတောင်မှ တို့တာ ထိတာ မလုပ်တော့ ပိုပြီးတော့ ဆိုးလာတယ်။ ပိုပြီးတော့မှ ကြမ်းတမ်း လာတာပေါ့။ ပြောတာ ဆိုတာ လှုံ့ဆော် တာတွေက ပိုပြီးတော့ ဗြောင်ကျ လာတယ်။”

တဆက်တည်းပဲ သမ္မတ ဦးသိန်းစိန် ပြောဆို ခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့လည်း သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“သမ္မတက သူပြောတာ အကြိမ်ရေက များနေပြီလေ၊ များနေတော့ သာမန် ပြည်သူတွေ ကတော့ ဘယ်သူမှ ယုံတယ် ဆိုတာ သိပ်ပြီးတော့ မတွေ့ရဘူး၊ ဒါ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် ရှိသွားပြီပေါ့။ ဒီတကြိမ်မှာ တကယ် မလုပ်ဘူး ဆိုရင်တော့ သူ့အတွက်လည်း နာမည်ပျက် စရာ ဖြစ်မယ်၊ ဒုတိယ တခုကတော့ အမုန်းတရား လှုံ့ဆော် နေတယ် ဆိုတာက facebook တခုတည်းမှာ မဟုတ်ပါဘူး၊ တကယ့် တကယ် ကျတော့ စာရွက်တွေနဲ့လည်း ကမ်းတာရှိတယ်။ ပြီးတော့မှ ဘီနိုင်းကြီးတွေ ထောင်ပြီးတော့မှ လုပ်တာတွေ ရှိတယ်။ လူထုကြား ထဲမှာ ပြောင်ပြောင် တင်းတင်း ဟောတာတွေ ရှိတယ်။ နောက် အဲဒီ ဟောပြောချက် တွေကို အသံဖိုင်တွေ၊ ဗွီဒီယို ဖိုင်တွေနဲ့ ၊ ဓာတ်ပြားတွေနဲ့ သေသေချာချာ ဖြန့်ဖြူးတာတွေ ရှိနေတယ်။ အဲဒါတွေ အကုန်လုံးကို အရေးယူ ဆောင်ရွက်မှု မလုပ်ဘဲနဲ့တော့ ဒီမီးပွားကြီးဟာ ပျောက်မသွားဘူး။”

ဇူလိုင်လ (၁) ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့က အကြမ်းဖက် ပဋိပက္ခတွေမှာ သံသယရှိသူ ၁၆ ဦး အပါအ၀င် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သူ စုစုပေါင်း ၃၆၂ ဦးကို ဖမ်းဆီးခဲ့တဲ့ အကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လူသတ်မှု (၂) မှု၊ နာကျင်စေမှု (၃) မှု၊ မီးရှို့မှု (၁) မှုတွေအတွက် သံသယရှိသူ တွေကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်တယ် လို့လည်း သတင်းထုတ်ပြန် ထားတာပါ။ ဒီအကြမ်းဖက်မှုမှာ လူနှစ်ဦး သေဆုံးပြီး လူ ၁ ဒါဇင်ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။



8.7.2014

အင်တာနက် လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ် (FaceBook) ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတွေ လျော့နည်း သွားအောင် ဖေ့စ်ဘွတ် တာဝန်ရှိသူ တွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသား ချက်တွေကို ၂၄ နာရီ ပတ်လုံး စိစစ် စောင့်ကြည့် သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တွေဟာ ဖေ့စ်ဘွတ် ကုမ္ပဏီ ဌာနချုပ်က ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ ၀ါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာ ရှိကြတဲ့ ဖေ့စ်ဘွတ် တာဝန်ရှိသူ (၃) ယောက်ကို မြန်မာနိုင်ငံ အတွက် တာဝန် ပေးထားတယ်လို့ သိရပါတယ်။

အမေရိကန် ဖေ့ဘုတ်စ် ကုမ္ပဏီနဲ့ အစိုးရတို့ သဘော တူညီချက် အရ လုပ်ငန်းစဉ် ၃ ရပ်ချမှတ် ထား ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"သဘော တူညီချက်ပေါ့နော် ရေတိုရယ်၊ အလယ် အလတ်ရယ် နောက် ရေရှည်ရယ် လုပ်ဆောင် သွားမယ်လို့ ပူးပေါင်း ဆောင်ရွက် သွားမဲ့ဟာ လုပ်ငန်းစဉ် ၃ ရပ်ပေါ်ထွက် လာပါတယ်၊ ထွက်လာတော့ ရေတို အားဖြင့် ကျနော်တို့ မြန်မာနိုင်ငံက User တွေ သုံးနေတဲ့ ဖေ့စ်ဘွတ်မှာ သွေးထိုးလှုံ့ဆော်မှုတွေ လျော့ကျ သွားအောင် ဖေ့စ်ဘွတ်ရဲ့ စည်းမျဉ်း စည်းကမ်း မူဝါဒနဲ့ အညီပေါ့လေ တည်းဖြတ် တာတွေ၊ ကန့်သတ် တာတွေ ဒါမျိုးတွေ လုပ်ဖို့ ဆွေးနွေးပါတယ် နောက်ဖေ့စ်ဘွတ်ရဲ့ သဘောအရ သူတို့မှာက သု့ရဲ့ ပေါ်လစီ ကတော့ အကောင့် အတုတွေ ပေါ့နော် နာမည်ဝှတ်တွေနဲ့ သုံးတာတာ သူတို့က ခွင့်မပြုဘူးနော် အဲ့ဒါမျိုးနဲ့ သူတို့ မူဝါဒနဲ့ ညီတယ်၊ ကျနော်တို့နဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ ဟာတွေကို ဆွေးနွေးပြီး အဲ့ဒါမျိုးတွေနဲ့ သူတို့ဘက် ကလည်း ကူညီ လုပ်ဆောင် ပေးသွားမယ်"

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသား ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှု ရှိကြဖို့ အတွက် ပညာပေး ဆွေးနွေးပွဲ တွေကိုလည်း ဖေ့စ်ဘွတ် တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပ သွားမယ် လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ် အပြင် နောက်ထပ် ကမ္ဘာကျော် အိုင်တီ နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ ဂူဂယ်လ် (Google) ကလည်း အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



Rohingya Eye
RB News
8.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ နေအိမ် ပြုပြင်သည့် ဒေသခံ ရိုဟင်ဂျာ အချို့ကို နေအိမ် အသစ်ဆောက်လုပ်သည်ဟု မြေတိုင်း စာရေးက စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၆) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ နေအိမ် ပြုပြင်ခဲ့သည့် ဒေသခံ ရိုဟင်ဂျာ အချို့အား မြို့နယ် မြေတိုင်းစာရင်း ဦးစီးဌာနမှ စာရေး ဖြစ်သူ ဦးကျော်ဝင်းက နေအိမ်များ အသစ် ဆောက်လုပ်သည်ဟု စွပ်စွဲ၍ တစ်အိမ်မှ ငွေကျပ် ၃ သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒေသခံ ရွာသားများက မိမိတို့သည် နေအိမ်များ အသစ် ဆောက်လုပ်ခြင်း မဟုတ်ဘဲ၊ ပြုပြင်ခြင်းသာ ဖြစ်သဖြင့် မည်သူ တစ်ဦး တစ်ယောက်ကိုမှ ငွေကြေး တစ်စုံတစ်ရာ ပေးမည် မဟုတ် ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

သို့သော်လည်း မြေတိုင်း စာရေး ဦးကျော်ဝင်းက ၎င်းတောင်းသည့် ငွေကို မပေးလျှင် နေအိမ်များ ဖြိုချ ဖျက်ဆီး၍ အိမ်ပိုင်ရှင်များကိုလည်း ကျားခေါင်းတောင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဖမ်းဆီးခိုင်းမည်ဟု ပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ ထိုကဲ့သို့ ခြိမ်းခြောက်ခံရမှုကြောင့် ဒေသခံ ရွာသား အချို့ တိမ်းရှောင် နေရသည်ဟု ဆိုသည်။

နေအိမ်ပြုပြင်သူများမှာ အိမ်ထရံလဲလှယ်ခြင်းနှင့် သွပ်မိုးများ ပြုပြင်ခြင်းသာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့မှာ ငွေကြေး ချမ်းသာသူများ မဟုတ်ကြောင်း သိရှိရပါသည်။

မြေတိုင်း စာရေး ဦးကျော်ဝင်း၏ ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ခံရသူများမှာ --

(၁) ဖော်ယာ့စ် (ဘ) ဦးအဘူလ်ကာဆိမ်း (အသက် ၂၁ နှစ်)
(၂) မာမတ်ဆော်လိမ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၄ နှစ်)
(၃) ဆူလေမန် (ဘ) ဦးတူဖိုင်လ် (အသက် ၃၀ နှစ်)
(၄) မာမတ်ရော်ရှိတ် (ဘ) ဦးရှော်ဖီ (အသက် ၃၀ နှစ်)
(၅) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအာနူမျာ (အသက် ၄၀ နှစ်)
(၆) ဦးဖူရ်ခါန် (ဘ) ဦးအာဘူအာမတ် (အသက် ၃၆ နှစ်)
(၇) ဦးရှုကူရ် (ဘ) ဦးအဒူရဟီးမ် (အသက် ၃၈ နှစ်)
(၈) အဒူဆလာမ် (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၇ နှစ်)
(၉) ဦးနူရ်အာလမ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၅၀ နှစ်) -- တို့ဖြစ်သည်။

မြေတိုင်း စာရေး ဦးကျော်ဝင်းသည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးနူရ်ဟာရှိမ်းမှာ ရိုဟင်ဂျာ လူမျိုး ဖြစ်သော်လည်း ဒေသခံ ရိုဟင်ဂျာများမှ အမှန်တရားကို ကာကွယ်၍ ပြောနိုင်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။



RB News
7.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် အုပ်စုတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး၊ မသက်ဆိုင်သူ များကို ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇူလိုင် (၄) ရက်နေ့ မတိုင်မှီ ရက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက် ပြင်ရှည် အုပ်စု၊ ကျောက်လှပြင် ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ဦးမာမတ်ကာဆိမ်း (ဘ) ဦးမာမတ်ဆူဘေဟန်ကို အမည်မသိသူ များက သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ် မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်လှနှင့် ဒုရဲအုပ် ကျော်လှတို့သည် ကျေးရွာ အတွင်းမှ အပြစ်မဲ့ အမျိုးသမီး ၁၃ ဦးကို ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း စစ်ဆေးသည့် အခါတွင် မဖွယ်မရာများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ကျေးရွာတွင်းရှိ မူလတန်းကျောင်းတွင် စေတနာဖြင့် ကျောင်းဆရာ လုပ်နေသည့် ဆရာ (၄) ဦးကို ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး တစ်ဦးထံမှ ငွေကျပ် ၇၀၀၀၀/- စီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ယနေ့ (ဇူလိုင်လ ၇) ညပိုင်းတွင် ကျေးရွာ အတွင်း ကင်းစောင့်သည့် ကင်းသမား (၂၃) ဦးကို ဖမ်းဆီး စစ်ဆေးမည်ဟု အကြောင်းကြား ထားကြောင်း သိရှိရပါသည်။

အသတ်ခံရသူ ဦးမာမတ်ကာဆိမ်း၏ နေအိမ်တွင် မိသားစုဝင်များ မရှိတော့သဖြင့် နေအိမ်ရှိ ပစ္စည်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ထုခွဲရောင်းချရန် စီစဉ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ဦးမာမတ်ကာဆိမ်းတွင် သားတစ်ဦး ဖြစ်သူ ရှိသော်လည်း အမွေရမည့်သူကို မပေးဘဲ၊ ကျေးရွာ အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေရှာရန် ကြံရွယ် နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောပါသည်။

မောင်တောမြို့နယ် မောင်နီရွာမှ အစိုးရကျောင်း

Rohingya Eyes
RB News
6.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောင်းခေါင်းတောင် ကျေးရွာရှိ မူလတန်းလွန်ကျောင်းကို ယခုအချိန်ထိ ဖွင့်လှစ်ခြင်း မရှိသေးသလို ကျောင်းသား/သူ များကိုလည်း ကျောင်းအပ်ခွင့် မပေးသေးကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာရှိ မူလတန်း လွန်ကျောင်း၌ ယမန်နှစ်က သူငယ်တန်းမှ ဆဌမတန်းထိ ကျောင်းသား/သူ ပေါင်း ၅၁၃ ယောက် ပညာသင်ကြားခွင့် ရရှိခဲ့သည်။ ကျောင်းအုပ် ဆရာကြီး ဦးထွန်းရီ (ကျောက်တော်ဇာတိ၊ ရခိုင်လူမျိုး) သည် ယခု ပညာသင်နှစ် အတွက် ကျောင်းသား/သူ များကို ကျောင်းအပ်ခွင့် မပေးသလို၊ ကျောင်းဖွင့်မည့် ရက်ကိုလည်း ကြေညာခြင်း မရှိသေးကြောင်း ကျောင်းသား/သူများ၏ မိဘများက RB News သို့ပြောပါသည်။

ဇွန်လ (၁) ရက်နေ့မှ စ၍ မောင်တော မြို့တွင် အခြားသော ကျောင်းများ ဖွင့်လှစ်ပြီ ဖြစ်သော်လည်း ကျားခေါင်းတောင် ကျေးရွာရှိ မူလတန်း လွန်ကျောင်း မဖွင့်သေး သဖြင့် ကျောင်းအကျိုးတော်ဆောင် များက ကျောင်းအုပ်ကြီး ဦးထွန်းရီနှင့် အကြိမ်ကြိမ် တွေ့ဆုံ၍ ကျောင်းဖွင့်လှစ် ပေးရန် ပန်ကြား ခဲ့သော်လည်း ဦးထွန်းရီက ကျောင်းမွမ်းမံရန်နှင့် ထိုင်ခုံများ တိုးပေးရန် ကိစ္စကိုသာ ပြောပြီး ကျောင်းဖွင့်လှစ်ရေး ကိစ္စနှင့် ပတ်သက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ကျောင်းအုပ်ကြီး ဦးထွန်းရီသည် ရွက်ညိုတောင် ကျေးရွာ အုပ်စု န.တ.လ ရွာတွင် နေထိုင်လျက် ရှိပြီး၊ နိုင်ငံတော်မှ လစာကို ယူ၍ တာဝန်ကို မလေးမစား ပြုလုပ်နေသည့် အတွက် အဓိက ထိခိုက်သူများမှာ အပြစ်မဲ့ ကျောင်းသား/သူ ငယ်များ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ဦးထွန်းရီသည် ယမန်နှစ်ကလည်း ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
6.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ လ.၀.က နှင့် စစ်သားများ ၀င်ရောက်၍ လူဦးရေ စစ်မည်ဟု ခေါင်းစဉ် တပ်ကာ လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁) ရက်နေ့ ည ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အဆုံးရှိ သ၀န်းချောင်း ကျေးရွာ (ဘားစော်ရား ဖာရာ) သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်သားများနှင့် လ.၀.က များ ပူးပေါင်း၍ အင်အား ၁၀၀ ခန့်တို့ ၀င်ရောက်လာပြီး ဧည့်စာရင်း စစ်သည့် ပုံစံမျိုးဖြင့် စစ်ဆေးခြင်း မဟုတ်ဘဲ၊ ယခင် န.စ.က ပုံစံဖြင့် ဆွဲ၊ တင်၊ စစ် ပုံသဏ္ဍန် စစ်ဆေးမှုများ ပြုလုပ်လာသဖြင့် ဒေသခံ ရွာသား အများစုက နေအိမ် တံခါးများကို ဖွင့်မပေးဘဲ နေခဲ့ကြရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်သားများနှင့် လ.၀.က များက နေအိမ် တံခါးများကို ရိုက်ချိုး၍ ၀င်ရောက်ပြီး နေအိမ် နံရံများ၊ ထရံများကို ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းမှ ပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လုယက်ခံရသူများမှာ --

(၁) ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအဘာစ်မျာ (အသက် ၂၇ နှစ်) – (ငွေကျပ် နှစ်သောင်း တန်ဖိုးရှိ ဘက်ထရီ တစ်လုံး လုယက်ခံရသည်)

(၂) ဒေါ်ဖာတေမာ (ဘ) ဦးရှာနိုင်ဒိန်း (အသက် ၄၅ နှစ်) – (ကြက်နှစ်ကောင်နှင့် ငွေကျပ် ၇ သောင်း လုယက်ခံ ရသည်)

(၃) ဦးအီမာန်ဟူစိန်း (ဘ) ဦးဘော်ဇူရ် (အသက် ၆၀ နှစ်) – (ကြက်နှစ်ကောင် လုယက်ခံရသည့် အပြင် နေအိမ်၏ တံခါးလည်း ရိုက်ချိုး ဖျက်ဆီးခံခဲ့ရသည်)

နယ်ခြားစောင့်ရဲများ၊ စစ်သားများနှင့် လ.၀.က များသည် ဦးအော်လီအာမတ် (ဘ) ဦးဇာနုလ်ဒိန်း၏ နေအိမ် တံခါးကို ဖျက်၍ ၀င်ရောက်ပြီး ဦးအော်လီအာမတ်၏ အသက် ၁၈ နှစ် အရွယ်ရှိ သမီးနှင့် ချွေးမတို့အား ပါးရိုက်သည့် အပြင်၊ သေနတ်များဖြင့် ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ဦးဘော်လီ နူရ်ဟူဆောင်း (ဘ) ဦးဖေရာန်၏ နေအိမ် တံခါးကိုလည်း ရိုက်ချိုး ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ ရွာသားများ အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ လက်နက်ကိုင် အဖွဲ့သည် နေအိမ်များထဲသို့ ၀င်ရောက်ပြီး မိသားစုဝင်များကို နေအိမ် တစ်နေရာတွင် စုထားပြီးနောက် နေအိမ်ထဲတွင် ရှာဖွေ တွေ့ရှိသမျှကို လုယက်ခဲ့ကြောင်း သိရှိရပါသည်။




RB News
6.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် ဒေသခံ ရိုဟင်ဂျာများ ထံမှ လက်ထပ်ခွင့်ကို အကြောင်းပြ၍ ငွေညှစ်သည့် အပြင် အခြားသော အလွဲသုံးစားမှုများပါ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအာရောပ်သည် ဒေသခံ ရိုဟင်ဂျာများ လက်ထပ်ခွင့် အတွက် အကြောင်းကြားလျှင် သတို့သားနှင့် သတို့သမီး နှစ်ဦးတို့မှ ငွေကျပ် ၅ သောင်းစီ ညှစ်ယူလျက် ရှိပြီး၊ ပုဒ်မ ၁၄၄ ကို အကြောင်းပြ၍ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပသည့် စုံတွဲများထံမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေအား ပေးရန်ဟု ဆိုကာ ငွေကျပ် နှစ်သောင်းစီ ညှစ်ယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လက်ထပ်ခွင့် အတွက် ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဇော်ဟီးရော်ဒိန် (ဘ) ဦးမော်တီရာမန်
(၂) အီဒီရိစ် (ဘ) ဦးရှုနာအလီ
(၃) အဒူရာမန် (ဘ) ဦးဇော်ဟီးရော်ဒိန်
(၄) ဆောအိဒ်အာမီးန် (ဘ) ဦးဒိလ်မာမတ်
(၅) အာမီးရ်ဟာကီးမ် (ဘ) ဦးဟာမီဒူရာမန်
(၆) ဖေတာန်ရှောရိဖ် (ဘ) ဦးနော်ဇူမျာ -- တို့ဖြစ်သည်။

ထို့အပြင် မော်လ၀ီ ဦးမာမတ်နူရ် (ဘ) ဦးအဒူလ်ဖော်ဇော်လ်နှင့် ဦးအဒူလ္လာ (ဘ) ဦးမာမတ်ဟူဆောင်း တို့ကို ဘင်္ဂလားဖုန်း ကိုင်ဆောင် နေသည်၊ လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ရဲစခန်းမှ စာပို့ထားသည်ဟု လုပ်ကြံ၍ ကြမ်းကြုတ်စွာ ဆဲဆိုပြီး ငွေကျပ် တစ်သိန်းစီ အတင်း အဓမ္မ ညစ်ယူခဲ့ရာ၊ လုပ်ကြံ စွပ်စွဲခံရသူ နှစ်ဦးက ငွေမပေးလျှင် မတရား သဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ငွေကျပ် ငါးသောင်းစီ ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပြည်ထောင်စု လွှတ်တော်မှ ဒေသ ဖွံ့ဖြိုးရေး အတွက် ထုတ်ပေးခဲ့သည့် ငွေကျပ် သိန်း ၃၀ မှ ငွေကျပ် ၁၀ သိန်းဖြင့် ဆရာ/မများ အဆောင် ဆောက်လုပ်ပြီး ကျန်သည့် ငွေကျပ် သိန်း ၂၀ ကို မိမိကိုယ်ကျိုး အတွက် အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

RB News
5.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောခရိုင် အတွင်းရှိ မြို့နယ်များမှ အစိုးရ ကျောင်းများတွင် ကျောင်းဆရာ/မမျာ လာရောက်၍ စာသင်ကြား ပေးခြင်း မရှိသဖြင့် ကျောင်းသားများ အခက်တွေ့လျက် ရှိကြောင်း သတင်း ရရှိပါသည်။

“ကျွန်တော်တို့ မောင်တော ခရိုင် အတွင်းမှာရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ကျောင်းတွေမှာ အခု အချိန်ထိ ပုံနှိပ်စာအုပ်တွေ၊ ဗလာ စာအုပ်တွေ မဝေသေးဘူး။ ကျောင်းဖွင့်တာ တစ်လကျော်ပြီ၊ ဘယ်တော့ ရောက်လာမလဲ ဆိုတာလည်း မသိဘူး။ အစိုးရကျောင်းတွေမှာ အလယ်တန်းကျောင်းထိ ပညာရေး အခမဲ့လို့ ပြောထားတာ ရှိပါတယ်။ ဒီဘက်မှာ ငွေကြေး တတ်နိုင်တဲ့လူနည်းပြီး၊ ငွေကြေး မတတ်နိုင်သူတွေ များတော့ မိဘတိုင်းက ကျောင်းသားတွေ လိုအပ်တဲ့ ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ် တွေကို အပြင်ကနေ ၀ယ်ပေးဖို့ မဖြစ်နိုင်ဘူး။ အဲဒီတော့ အစိုးရက ပေးမှာကို မျှော်နေကြတယ်။ ကျောင်းဖွင့်တာ တစ်လကျော် သွားပေမယ့် ပုံနှိပ်စာအုပ်နဲ့ အခြားသော စာရေး ကိရိယာတွေ မရသေးတဲ့ အတွက် ပညာသင်ဖို့ အထောက် အကူဘာမှ မရှိဘူး ဖြစ်နေတယ်” ဟု ဘူးသီးတောင်မြို့ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့မှ အခြားသော ဒေသခံ တစ်ဦးက “ပြည်နယ် ၀န်ကြီး ဦးမောင်စံရွှေက ကျောင်းတွေ မဖွင့်ခင်မှာ အစည်းအဝေး လုပ်တယ်။ ပညာရေး ၀န်ထမ်းတွေကို ပညာရေးကို သေချာ ကျပ်မတ်ပြီး သင်ကြားပေးဖို့ မှာကြားခဲ့ပါတယ်။ ဒါပေမယ့် အခု ဖြစ်နေတာက ၀န်ကြီး ဦးမောင်စံရွှေ မှာကြားတာနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ လူကြီး ခရီးစဉ် ရှိတယ်ဆိုရင် ကျောင်းဆရာ/မ တွေအားလုံး ကျောင်းတက်ကြတယ်။ လူကြီး ခရီးစဉ် ရှိတဲ့ နေ့တစ်ရက်ထဲ ကျောင်းမှာ ဆရာဆိုတာ မြင်နေရတယ်။ မြို့နယ် ပညာရေးမှူးရုံးက လူကြီး ခရီးစဉ် ရှိတဲ့နေ့ဆိုရင် ဆရာမတွေကို ကြိုတင် အကြောင်းကြား ထားတယ်။ မြို့နယ် ပညာရေးမှူး ကိုယ်တိုင်က အခုလို ပညာမသင်ကြား ပေးရေး ကိစ္စမှာ ပူးပေါင်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဆရာမတွေ ကျောင်းလာတဲ့ ရက်တွေမှာ ဆိုရင်လည်း ငွေကောက်ရုံက လွဲပြီး ဘာမှ မလုပ်ဘူး။ ဟိုကြေး၊ ဒီကြေးဆိုပြီး ကောက်တာတွေ မနည်းဘူး” ဟု ပြောပါသည်။

ရသေ့တောင် မြို့နယ်တွင် ပညာသင်ကြားရေး အတွက် အခက်အခဲ ဖြစ်နေသည့် ကျောင်းသား များမှာ ဘူးသီးတောင် မြို့နယ် ညောင်ချောင်းရှိ တွဲဖက် အထက်တန်းကျောင်းတွင် ပညာသင်ကြားရန် ကြိုးစားနေ ကြသော်လည်း အဆိုပါ ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ကျောင်းဝင်ခွင့် မပေးသဖြင့် ပညာသင်ကြား၍ မရဖြစ်နေသည်ဟု ရသေ့တောင်မှ ဒေသခံ တစ်ဦးက ပြောပါသည်။

မောင်တောမြို့နယ်မှ ဒေသခံ တစ်ဦးက “ကျွန်တော်တို့ ကျွန်းခေါင်းရွာမှာ မူလတန်းလွန် ကျောင်းလေး တစ်ကျောင်း ရှိပါတယ်။ အဲဒီကျောင်းမှာ ကျောင်းသား/သူ ပေါင်း ၁၅၀၀ နီးပါး ရှိပြီး၊ ဆရာ/မ ၆ ယောက် ရှိပါတယ်။ ကျောင်းအုပ်ကြီးက ဦးမင်းအောင် ဖြစ်ပါတယ်။ ဆရာ/မ တွေထဲမှာ ၅ ယောက်က ရခိုင် လူမျိုးပါ။ ရိုဟင်ဂျာ ဆရာ တစ်ယောက်ဘဲ ပါတယ်။ အဲဒီ ရခိုင်လူမျိုး ဆရာ/မ ၅ ယောက် စလုံး ကျောင်းကို လုံးဝ မလာဘူး။ အဲဒီတော့ ကျောင်းသား/သူ ၁၅၀၀ ကျော်ကို ဆရာ တစ်ယောက်ထဲနဲ့ စာသင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ကျောင်းသား/သူတွေရဲ့ ပညာရေး အလွန်ကို နစ်နာ နေပါတယ်” ဟု RB News သို့ပြောပါသည်။

၎င်းက ဆက်လက်၍ “လွန်ခဲ့တဲ့နှစ်ကလည်း ရခိုင်လူမျိုး ဆရာမတွေ မလာလို့ ရွာထဲက ရိုဟင်ဂျာ ဆရာ ၉ ယောက်က ကလေးတွေကို စာသင်ပေးခဲ့ ပါတယ်။ လစာပေးမယ် ဆိုပြီး ကျောင်းအုပ်ကြီး ဦးမင်းအောင်က ခန့်ခဲ့ပေမယ့် နောက်ဆုံးမှာ တစ်နှစ်လုံး ဘာလစာ တစ်ပြားမှ မရခဲ့ကြဘူး။ အခု ဒီနှစ်လည်း ဦးမင်းအောင်က အဲဒီဆရာတွေကို ပြန်ခေါ်နေတယ်။ ဒါပေမယ့် ဆရာတွေက မနှစ်ကလို အလကား မသင်နိုင်ဘူးလို့ အကြောင်း ပြန်လိုက်ပါတယ်။ ဘာကြောင့် အဲဒီလို အကြောင်းပြန်လိုက်လည်း ဆိုတော့ ကျောင်းအုပ်ကြီးက အစိုးရဆီက ကျောင်းအတွက် လိုအပ်တဲ့ ထောက်ပံ့ကြေး၊ ဆရာတွေ အတွက် လစာတွေ ရနေတဲ့ အပြင်၊ UNICEF ကလည်း ထောက်ပံ့ကြေး တစ်ချို့ ရပါတယ်။ အဲဒီတော့ ကျေးရွာက ဆရာတွေကို အသုံးချပြီး ငွေရှာတဲ့ အတွက် ရိုဟင်ဂျာ ဆရာတွေက ငြင်းလိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်က ကလည်း မြို့နယ် အုပ်ချုပ်ရေးက ကျောင်းခြံစည်းရိုး ပြင်ဖို့ ဆိုပြီး ဦးမင်းအောင်ကို ငွေ ၁၀ သိန်း ပေးလိုက်ပါတယ်။ အဲဒီငွေနဲ့ ခြံစည်းရိုး ပြင်ဖို့ အစီအစဉ် မရှိဘူး။ ဦးမင်းအောင် အလွဲသုံးစား လုပ်လိုက်မှာ ဖြစ်ပါတယ်” ဟု ပြောပါသည်။

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် ပညာရေး မြင့်မားရန် လုပ်ဆောင်ပေး ရမည်ဟု လစဉ် မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း တကယ့် လက်တွေ့တွင် ပြောင်းပြန် ဖြစ်နေပြီး၊ ပညာရေး အခြေအနေမှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိ နေပါသည်။ ထို့ကြောင့် နေပြည်တော် အစိုးရ ကိုယ်တိုင် စုံစမ်း စစ်ဆေး၍ အရေးယူ ဆောင်ရွက် ပေးရန် အထူး လိုအပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

MYARF မှ အချက်အလက် ကူညီပံ့ပိုးသည်။ 

မဇ္ဈိမ
5.7.2014









ကလေးများထားရှိရာ အာရဗီ စာသင်ကျောင်း နှင့် ၄င်းအစ္စလာမ် သုသာန်အားစောင့်ရှောက်နေသော အစောင့်နေအိမ် တို့ အခြေအနေကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၅ ရက် နေ့  နံနက်ပိုင်းကတွေ့ ရစဉ်။ (ဓာတ်ပုံ ဘိုဘို/မဇ္ဈိမ)



အင်ကြင်းနိုင်
5.7.2014

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်း ဆူပူ အကြမ်းဖက်မှု တွေကြောင့် သေဆုံး ခဲ့ရသူရဲ့ နာရေးကို သောကြာနေ့ ကပြုလုပ်ခဲ့ရာမှာ တုတ်တွေ ကိုင်ထားတဲ့ လူအုပ် တချို့ဟာ အသုဘချရာ လမ်းတလျောက် အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန် ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ဒီလူအုပ် တွေဟာ ဘယ်သူ၊ ဘယ်ဝါတွေ မှန်းမသိ အုပ်စုဖွဲ့ တုတ်၊ ဓါးတွေကိုင် အော်ဟစ် အကြမ်းဖက် ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဇူလိုင် ၁ ရက် ညက သေဆုံးခဲ့တဲ့ ကိုထွန်းထွန်းရဲ့နာရေးကို ပို့ဆောင်တဲ့ ယာဉ်တန်းဟာ မန္တလေးကျုံးကို ပတ်တဲ့ အချိန်မှာ အကြမ်းဖက်မှု စတင်ခဲ့ တာဖြစ်တယ်လို့ မြို့ခံ သတင်း သမား တဦး ဖြစ်တဲ့ ကိုစန်းယုကျော် က ဗွီအိုအေကို ပြောပါတယ်။

"လူက လိုက်ပို့တဲ့သူက ထောင်ချီရှိတယ်။ ၂၀၊ ၂၁ ကြား ကျုံးပတ်ပြီးတော့ တစ်ပတ်ပတ်တဲ့အခါကျတော့ ၂၀၊ ၂၁ ကြား လမ်း ၈၀မှာ အဲ့ဒီ့နားမှာ ပဋိပက္ခ နည်းနည်းဖြစ်တယ်။ ကျနော်တို့ကြားတာကတော့ အဲ့ဒီ့မှာ သွားနေတဲ့ နာရေးလိုက်ပို့တဲ့သူတွေထဲက ခဲနဲ့ထုတယ်ဆိုပြီး အဲ့ဒီ့မှာ ပြဿနာတက်တယ်။ ဆိုင်ကယ်တစ်စီး၊ ရိုက်ဖျက်ခံရတယ်။

အဲ့ကနေ ဆက်သွားတယ်။ ဆက်သွားတဲ့ အခါမှ ကြာနီကန်မှာ အစ္စလာမ်ရယ် မြန်မာရယ် သုံးခုရှိတဲ့ အထဲမှာ အစ္စလာမ် သုဿန်ကို မီးရှို့ဖို့ ကြိုးစားတယ်လို့ ပြောတယ်ဗျ။"

အကြမ်းဖက်ဖို့ ကြိုးစားတဲ့ လူအုပ်တွေဟာ ကြာနီကန် သုသာန်က ဘာသာ ပေါင်းစုံ အတွက် သတ်မှတ် ထားတဲ့ နေရာတွေထဲက အစ္စလာမ် ဘာသာဝင်တွေ အတွက် သတ်မှတ် ထားတဲ့ ဝင်းအတွင်း ဇရပ်ကို မီးရှို့ခဲ့တယ်လို့ မျက်မြင် သက်သေတွေ ကပြောပါတယ်။

ရာဂဏန်းရှိတဲ့ အကြမ်းဖက် လူအုပ်တွေဟာ ဆိုင်ကယ်တွေ စီးနင်းပြီး တုတ်တွေ ကိုင်ဆောင် ထားကြတယ် လို့လည်း ဆိုပါတယ်။ ဒီလူအုပ် တွေရဲ့ လှုပ်ရှားပုံ ကိုမြင်တွေ့ ရတဲ့သူ တဦး ကလည်း ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"ကြားထဲမှာ ပြဿနာဖြစ်နေ တာက ဘာလဲ ဆိုတော့ ဗမာက ကုလားကို ရိုက်တာလည်း မဟုတ်ဘူး။ ကုလားက ဗမာကို ရိုက်တာလည်း မဟုတ်ဘူး။ ဘယ်ကမှန်း မသိတဲ့ လူအုပ်က ဗမာရော ကုလားရော ခရစ်ယာန်ရော တရုတ်ရော ဘယ်သူမှ မချန်ဘူး။ ကြုံတဲ့သူကို ရိုက်သွားတာ၊ ကြုံတဲ့ နေရာကို ဖျက်ဆီး သွားတာ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တစု တစီးတည်း တပုံစံတည်းပဲ။ ပုံစံတူတွေချည်းပဲ။ နောက်ပြီးတော့ ဘုန်းကြီးလို့ အလွယ်တကူ ပြောလို့ရအောင် အားလုံး ကတုံး ဆံတောက် ကေတွေ အကုန် ပုံစံကေတွေ တပုံစံတည်း ညှပ်ထားတယ်။ မသေချာတဲ့ သတင်း ရင်းမြစ်တွေက လာတဲ့ ပုံစံဆို အဲ့ဒီ့လူတွေ အကုန်လုံးက စနစ်တကျ လေ့ကျင့် ပေးထားတဲ့ အဖွဲ့အစည်း တွေကနေ တိုက်ရိုက် လွှတ်လိုက်တဲ့ အင်အား စုကြီးလို့ပြောလို့ရတယ်။"

မန္တလေးမြို့က အကြမ်းဖက်မှုတွေကို စောင့်ကြည့် သတင်း ယူနေတဲ့ ကိုစန်းယုကျော် ကလည်း အမည်မသိ လူအုပ်တွေကနေ အကြမ်းဖက်မှုတွေ တမင် တကာ ဆောင်ရွက်နေတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ ပြောပါတယ်။

"အဲ့လိုမျိုး ဖြစ်လိမ့်မယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကရော၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကရော ယူဆ ထားတယ်။ ကျနော်တို့ သတင်း သမားတွေက ဖြစ်စဉ်မှာ တညလုံး အစ အဆုံး ရှိတဲ့ အခါမှာ သာမာန် ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ပဲနဲ့ တစုံတယောက် ဒါမှ မဟုတ်ရင် အဖွဲ့အစည်း တခုရဲ့ လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှု တွေလို့ ကျနော် တို့လည်း ခံစားရတယ် ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဖြစ်စဉ် တွေမှာ ဟိုနားမှာ ဘာဖြစ်နေပြီ။ လာခဲ့ပါဦး၊ ဒီနားမှာ ဘာဖြစ်နေပြီ။ လာခဲ့ပါဦး။ ပြောနေတဲ့ သူတွေက ဒီလိုလူ တွေချည်းပဲ။ ဒီလို လူတွေချည်းပဲ ဖြစ်နေတယ်။ တကယ်တမ်း ကျတော့ အဲ့လို နေရာ တွေမှာ တကယ်တမ်း ကျတော့ မရှိဘူး။ သာမာန် မြို့မှာ ဗမာနဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်နဲ့ မုန်းတီးလို့ ဖြစ်တဲ့ ကိစ္စ မဟုတ်ဘဲနဲ့ တခြားတနေရာကနေ မန္တလေးမှာ လာပြီးတော့ တခုခုဖြစ်အောင် လှုံ့ဆော်တယ်လို့ ကျနော်တို့လည်း ယူဆတယ်။"

မန္တလေးမြို့က အကြမ်းဖက် ကျူးလွန်သူ တချို့ကိုတော့ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဗွီအိုအေကို ရဲဘက်က အတည်ပြု ပြောပါတယ်။ ကြာသာပတေးနေ့က မန္တလေး ကျုံးဘေးမှာ သင်္ဃန်းကို လက်နဲ့ပိုက် ကတုံး ဆံပင်နဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ သူတစ်ယောက် လမ်းလျှောက် နေတာကို တွေ့လိုက် ရတဲ့ သတင်းထောက် တဦးရဲ့ သတင်း ပို့ချက်ကြောင့် အမှတ် (၂) ရဲစခန်း ကနေ အဲဒီသူကို ဖမ်းဆီး ခဲ့တယ်လို့ အမှတ် (၄) ရဲစခန်းက တာဝန်ရှိ ရဲတဦးက ဗွီအိုအေကို ပြောပါတယ်။

"အမှတ် (၂) က အမှတ် (၂) က ဖမ်းတာ၊ ကျနော်တို့ အမှတ် (၄) က မဟုတ်ဘူး။"

မေး။ ။ လူအုပ်တွေနဲ့ တုတ်တွေ ကိုင်သွားလာ နေတဲ့သူတွေ ကိုရော ဖမ်းတာ ဆီးတာမျိုးတွေ ရှိပြီးလားရှင့်။

"ရှိပါတယ်။ အဲ့တာမျိုးတွေ ရှိပါတယ်။ ပြစ်မှု ကျူးလွန်သူတွေ ကိုတော့ အကုန် ဖမ်းတယ်။"

မေး။ ။ ဟုတ်ကဲ့။ ဘယ်ရဲစခန်း တွေက အဲ့လို ဖမ်းတာ ဆီးတာတွေ လုပ်ခဲ့လဲရှင့်။

"အဲ့တာတော့ မြို့ထဲပိုင်း ရောက်သွားပြီ။ မန္တလေးမြို့မှာက ခရိုင်နဲ့ မြို့နယ် ရှိတယ်လေ။ မြို့နယ်မှာ သူတို့ရဲ့ လှုပ်ရှားမှုက တနေရာမှာ ဖြစ်နေမှာပဲ။ ပုသိမ်ကြီး ထဲမှာ ဖြစ်မယ်။ ချမ်းမြ သာစည်မှာ သွားဖြစ်ရင် ဖြစ်မယ်။ ဒါမျိုးတွေပေါ့။ ကျနော်တို့ မြို့နယ် မှာတော့ အဲ့တာမျိုး မတွေ့ဘူး။ ဒီ့ပြင် မြို့နယ်က ဖြစ်မယ်။"

မန္တလေးမှာ အင်္ဂါနေ့ညက စတင်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ် တွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ ခဲ့ပါတယ်။ လောလော ဆယ်မှာ မြို့နယ် ခြောက်မြို့နယ် အပါအ၀င် ပုသိမ်ကြီး မြို့နယ် မှာပါ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ နဲ့ လူ (၅)ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ကို အာဏာပိုင် တွေက ထုတ်ပြန် ထားပါတယ်။



MYARF
RB News
4.7.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်မှ ငါးဖမ်း သမားတစ်ဦးကို အမည်မသိ သူများက သတ်ဖြတ်လိုက်ပြီး၊ အာဏာပိုင်များက အလောင်းကို ယူဆောင်ခွင့် မပြုကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၉) ရက်နေ့ ညပိုင်းတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက်မှ ကိုဂျူနိုက် (အသက် ၃၀ နှစ်) သည် ချောင်းတွင် ပိုက်ချရန် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိ မလာခဲ့ဘဲ၊ ပျောက်ဆုံး နေခဲ့သည်။ ဇွန်လ (၂၉) ရက်နေ့မှ စတင်၍ ပျောက်ဆုံးသွားခဲ့ရာ ကိုဂျူနိုက်၏ အလောင်းကို ချောင်းအနီးမှ ယနေ့ (ဇူလိုင် ၄) တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အခြားသော တံငါသည်များက ချောင်း၌ ပိုက်ချနေစဉ် အနံ့ဆိုးများ ရကြ၍ ရှာဖွေခဲ့ကြရာ ချောင်းအနီးရှိ ကိုဂျူနိုက်ကို သတ်ဖြတ်၍ ချုံတောထဲတွင် စောင်နှင့်ပတ်ပြီး အပင်တစ်ပင်တွင် ကြိုးချည်ထားသည်ကို တွေ့ရှိခဲ့ပြီး အသတ်ခံရသူ ကိုဂျူနိုက်၏ မိသားစုများကို အကြောင်းကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကိုဂျူနိုက်၏ မိသားစုဝင်များက အလောင်းကို သယ်ယူရန် ကြိုးစားသော်လည်း အာဏာပိုင်များ၏ တားမြစ်မှုကြောင့် သယ်ဆောင်လာ နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။ ကိုဂျူနိုက်၏ အလောင်းသည် ယခု အချိန်ထိ ချုံတောထဲတွင် ရှိနေပြီး၊ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သူမည်ဝါက သတ်ခဲ့သည်ကို ယခုအချိန်ထိ စုံစမ်း၍ မရရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

OIC မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံတမန် မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Syed Hamid Albar

RFA မြန်မာပိုင်း
4.7.2014

OIC လို့ခေါ်တဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန် အဖြစ် မကြာသေးခင်က ခန့်အပ်ခံ ထားရတဲ့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စတာ ဆာယစ် ဟာမစ် အယ်လ်ဘား Syed Hamid Albar က မြန်မာနိုင်ငံနဲ့ အဆက် အသွယ် ပိုကောင်းအောင် ပထမ ဦးစားပေး လုပ်ငန်း အဖြစ် ကြိုးပမ်း သွားမယ်လို့ ပြောကြား လိုက်ပါတယ်။

မိမိ အနေနဲ့ OIC ရဲ့ အထူး သံကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကို သွားရောက်ပြီး၊ OIC အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ မိမိ ဦးတည် ဆောင်ရွက် သွားမယ့် ကိစ္စတွေကို မြန်မာ အစိုးရနဲ့ မြန်မာ ပြည်သူ တွေကို ရှင်းပြဖို့ ဆန္ဒ ရှိတယ်လို့ သူကပြော ပါတယ်။ မိမိ အနေနဲ့ ရိုဟင်ဂျာ မွတ်စလင် လူနည်းစု တွေရဲ့အရေးကို အလေးထား ဆောင်ရွက်ဖို့ မျှော်လင့် ထားတယ် လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံ တကာ အသိုင်း အ၀ိုင်းရဲ့ အသိအမှတ် ပြုမှုကို စတင် ရရှိတဲ့ တချိန်တည်း မှာပဲ လူနည်းစု အရေးနဲ့ ပတ်သက်လို့ နာမည်ဆိုးနဲ့ ရင်ဆိုင်နေ ရတယ်လို့ မစ္စတာ ဟာမစ်က ပြောပါတယ်။

OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ဖို့ စိတ်မ၀င်စားပေမယ့်လည်း နိုင်ငံတွေ ရဲ့အောင်မြင်မှုဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်မှာ မူတည်နေတယ်ဆိုတာ ပြောကြား လိုကြောင်း၊ OIC အနေနဲ့ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးအတွက် အဖြေတစ်ခုကို ရှာဖွေနေကြောင်း သူက ပြောပါတယ်။

အကြမ်းဖက် သတ်ဖြတ်ခံ ရသည့် ဦးစိုးမင်း၏ နာရေးတွင် မိသားစုဝင် များကို တွေ့ရစဉ် (ဓါတ်ပုံ - Reuters)

RB News
4.7.2014

မန္တလေး ။ ။ ဇူလိုင်လ (၁) ရက်နေ့မှ စ၍ မန္တလေးမြို့တွင် တင်းမာလာသည့် အခြေအနေသည် ယမန်နေ့ (ဇူလိုင်လ ၃) က ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် အနည်းငယ် တည်ငြိမ် အေးချမ်းခဲ့သော်လည်း ယနေ့ နံနက်ပိုင်းမှ စ၍ ဖမ်းဆီးမှုများ၊ မီးရှို့မှုများနှင့် မွတ်စလင်များကို အကြမ်းဖက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း သတင်း ရရှိပါသည်။

မန္တလေးမြို့တွင် ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက်မှုများမှာ ဇူလိုင်လ (၃) ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် အနည်းငယ် တည်ငြိမ်ခဲ့သော်လည်း ယနေ့ (ဇူလိုင် ၄) နံနက် ၅ နာရီကျော် အချိန်တွင် ၂၇ လမ်းနှင့် ၂၈ လမ်းကြား ၈၂ လမ်းနှင့် ၈၁ လမ်းကြားမှာ ရှိတဲ့ ဂျွန်းဗလီဝန်း အတွင်းကို အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင် များက လက်နက်ရှိ သယောင် ၀င်ရောက် ရှာဖွေ စစ်ဆေးခဲ့သော်လည်း ရန်ပြုနိုင်စွမ်း ရှိသည့် လက်နက် တစ်စုံတစ်ရာ သိမ်းဆည်း ရမိခြင်း မရှိခဲ့ပေ။ သို့သော်လည်း ဗလီရှေ့ဆောင် ဆရာ တစ်ဦး အပါအ၀င် မွတ်စလင် ၅ ဦးကို စုံစမ်း စစ်ဆေး မေးမြန်းရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အကြမ်းဖက်မှုများကို အုပ်စုတစ်စုမှ ဦးဆောင်၍ ပြုလုပ်လျက် ရှိပြီး၊ မြို့ခံများ၏ အဆိုအရ အဆိုပါ အုပ်စုသည် လူမျိုး၊ ဘာသာ မရွေး အကြမ်းဖက် သတ်ဖြတ်ပြီး အခြေအနေ ပိုမိုတင်းမာ လာရန် ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ အဖွဲ့၏ အကြမ်းဖက်မှုကြောင့် ဇူလိုင်လ (၂) ရက်နေ့ ညပိုင်းတွင် ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းနှင့် ဇူလိုင်လ (၃) ရက်နေ့ နံနက် အစောပိုင်းတွင် အစ္စလာမ် ဘာသာဝင် ဦးစိုးမင်းတို့ သတ်ဖြတ်ခံ ခဲ့ရသည်။ အစ္စလာမ် ဘာသာဝင် ဦးစိုးမင်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော်လည်း နောက်ဆုံး ခရီး ပို့ဆောင်ရာတွင် မည်သူတစ်ဦးမှ စိတ်အနှောက်အယှက် ဖြစ်စေရန်၊ သွေးထိုး လှုံ့ဆော်မှုများ မရှိခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်း၏ ယနေ့ နေ့လည် နောက်ဆုံး ခရီး ပို့ဆောင်ရာတွင် သွေးထိုး လှုံ့ဆော်သည့် ပိုစတာများ၊ ကားများ ဆိုင်ကယ်များဖြင့် အော်ဟစ် ရမ်းကား၍ မြို့ခံ မွတ်စလင်များကို အကြမ်းဖက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ အသုဘ လိုက်ပို့သူများက ကြာနီကန် မွတ်စလင် င်္သချိုင်းရှိ ဗလီကို မီးရှို့ရန် ကြိုးစားခဲ့ကြပြီး၊ ဗလီကို မီးရှို့ရန် အဆင်မပြေသဖြင့် င်္သချိုင်းစောင့်၏ အိမ်၊ ဇရပ်နှင့် ဆိတ်ခြံတို့ကို မီးရှို့ အကြမ်းဖက် ခဲ့ကြသည်။

ညနေ ၅ နာရီကျော် အချိန်တွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမား နှစ်ရာကျော် သုံးရာခန့်တို့သည် ဆိုင်ကယ်များဖြင့် လသာရပ်ရှိ အစ္စလာမ် ဘာသာရေး ကျောင်းသို့ သွားရောက်၍ ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး၊ ကျောင်းအနီး ပတ်ဝန်းကျင်ရှိ အိမ်များကိုလည်း ခဲများဖြင့် ပစ်ပေါက်၍ အကြမ်းဖက် ခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

ဇူလိုင်လ (၃) ရက်နေ့က ပုဒ်မ ၁၄၄ ကို မြို့နယ် ၆ မြို့နယ် ဖြစ်သည့် ချမ်းအေးသာဇံ ၊ ချမ်းအေးသာဇံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် ၊ အမရပူရမြို့နယ်တွင် ထုတ်ပြန် ခဲ့သော်လည်း ပုသိမ်ကြီးမြို့နယ် ကိုလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း ယနေ့ ကြေညာခဲ့သည်။



ဘီဘီစီမြန်မာပိုင်း
3.7.2014

အခု လတ်တလော မန္တလေးမှာ ဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ဆူပူ တိုက်ခိုက်မှု မျိုးဟာ အခုမှ စဖြစ်တာ မဟုတ်ပါဘူး။

အရင်ကလည်း ရခိုင်ပြည်နယ်နဲ့ နိုင်ငံအတွင်းက မြို့ကြီးတချို့မှာ ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုချိန်ထိ မထိန်းနိုင်တာ ဘာကြောင့်ပါလဲ။ မန္တလေးက စာရေးဆရာ ဦးကျော်ရင်မြင့်ကို မေးကြည့်ပါတယ်။

(ဓါတ်ပုံ - ဦးသာအေး Facebook)


RB News
2.7.2014

ရန်ကုန် ။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သြစတြေးလျ နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး Ms. Julie Bishop က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် အပါအ၀င် အခြားသော ရိုဟင်ဂျာ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါသည်။

မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ် ခရီး ရောက်ရှိနေသည့် သြစတြေးလျ နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး Ms. Julie Bishop သည် ယနေ့ (ဇူလိုင် ၂) ညနေ ၄ နာရီ အချိန်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ရိုဟင်ဂျာ နိုင်ငံရေး ပါတီများ ဖြစ်သည့် DHRP, UNDP နှင့် UNDP တို့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ရှိ သြစတြေးလျ သံရုံးတွင် တွေ့ဆုံခဲ့သည်။

ဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ လူမျိုးများ၏ လက်ရှိ အခြေအနေ၊ ၁၈၂၃ ခုနှစ် မတိုင်မှီ အာရ်ကာန် ဒေသရှိ လူဦးရေနှင့် Charles Paton ၏ အစီရင်ခံစာပါ ရိုဟင်ဂျာ လူမျိုး ၃၀၀၀၀ တည်ရှိခဲ့မှု၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိခဲ့ခြင်း တို့ကို ဆွေးနွေး တင်ပြခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရာတွင် ဖြစ်နိုင်ချေများ၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ရိုဟင်ဂျာများ ၂၀၁၅ တွင် မဲထည့်ပိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခြေအနေ၊ ရွေးကောက်ပွဲ စနစ်နှင့် ပတ်သက်သည်များ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အခြေအနေ၊ ၂၀၁၄ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံ လူ့အခွင့် အရေး Charter ပြင်ဆင်မှု အလားအလာ၊ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ်များ အဖွဲ့ (APHR) ၏ လှုပ်ရှားမှုများ စသည်တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ UNDP ပါတီ ဥက္ကဌ ဦးအဘူတာဟဲရ် (ခ) ဦးသာအေးနှင့် ဦးနူရ်အာလမ်၊ DHRP ပါတီမှ ဒု-ဥက္ကဌ ဦးတယုဘ်အူဒင်နှင့် ဦးအေးလွင်၊ NDPD ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဝလီအုလ္လာနှင့် ဦးခင်မောင်မြင့် တို့တက်ရောက်၍ ပါဝင် ဆွေးနွေးခဲ့ကြသည်။




Rohingya Eye
RB News
2.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကျေးရွာ ရာအိမ်မှူး တစ်ဦးကို စစ်ဖိနပ်ဖြင့် ကန်၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာပြီး၊ လူဦးရေ စစ်ဆေးမှုပါ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဒေသခံ ရွာသား တစ်ဦးမှ ပါဝင် စစ်ဆေးခံခြင်း မရှိသဖြင့် နေ့လည် ၁၂ နာရီ ခန့်တွင် ရာအိမ်မှူး ဖြစ်သူ ဦးမော်ဆီအူဒင် (ဘ) ဦးအလီအုလ္လာ (အသက် ၅၀ နှစ်) ကို စစ်ဆေးခံရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပြောဆိုခဲ့သည်။

ရာအိမ်မှူး ဖြစ်သူ ဦးမော်ဆီအူဒင်က အစစ်ဆေး မခံချင်သဖြင့် ဇနီးသည် ဖြစ်သူ နေအိမ်တွင် မရှိကြောင်း ပြောဆို၍ ရှောင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဇနီးသည် မရှိလည်း အစစ်ဆေး ခံနိုင်ကြောင်း ပြောဆိုပြီး အစစ်ဆေးခံခိုင်းရာ၊ ဦးမော်ဆီအူဒင်က လုံးဝ အစစ်ဆေး ခံချင်စိတ် မရှိသဖြင့် အိမ်ထောင်စု စာရင်း အိမ်တွင် မရှိကြောင်း ပြောဆို၍ ရှောင်ရန် ကြိုးစားသည့် အခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက စစ်ဖိနပ်ဖြင့် ကန်ကျောက်၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးမော်ဆီအူဒင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရှိရပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူဦးရေ စာရင်း စစ်ဆေးနေသည်ဟု ပြောဆို၍ စစ်ဆေးလျက် ရှိသော်လည်း အမှန်တကယ် စာရင်းတွင် ခိုးဝင် ဘင်္ဂလီ စာရင်းများဟု ရေးသား၍ မှတ်တမ်းလျက် ရှိခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာများက အစစ်ဆေးခံရန် ငြင်းဆိုနေခြင်း ဖြစ်သည်။ လူဦးရေ စာရင်းကို အမှန်တကယ် စစ်ဆေးလိုပါက အာဏာပိုင်များဖက်မှ ရိုးသားမှသာ ဒေသခံ ရိုဟင်ဂျာများ ပါဝင်မည်ဟု ဒေသခံများက ပြောပါသည်။




Rohingya Eye
RB News
2.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်တော ရဲစခန်းတွင် မတရားသဖြင့် ချုပ်နှောင် ဖမ်းဆီးခံ ထားရသူ များကို ယခင်က ဥပုသ်လတွင် ထမင်းပို့ခွင့် ရခဲ့သော်လည်း ယခုနှစ်တွင် စခန်းမှူးက ပိတ်ပင်ထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ရဲစခန်းတွင် မတရားသဖြင့် ချုပ်နှောင် ဖမ်းဆီးခံထားရသူ များကို ယခင်နှစ်များက ဥပုသ်လတွင် စေတနာရှင် များ၏ လှူဒါန်းငွေဖြင့် ထမင်းနှစ်ကြိမ် ပို့ခွင့် ရခဲ့သော်လည်း ယခုနှစ်တွင် စခန်းမှူး ဖြစ်သူ ဒုရဲမှူး မြင့်လွင်က တားဆီး ပိတ်ပင်လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇွန်လ (၃၀) ရက်နေ့တွင် စခန်းမှူး ဒုရဲမှူး မြင့်လွင်က အကျဉ်းသားများ အတွက် ထမင်းနှစ်ကြိမ် ပို့မည့်ကိစ္စကို ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း၊ အကယ်၍ လှူဒါန်း လိုပါက ရဲမိသားစုများ အတွက် လှူဒါန်း နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဒုရဲမှူး မြင့်လွင်က “အချုပ်သားတွေကို ကျွေးစရာ မလိုဘူး၊ သူတို့က ပြစ်မှု ကျူးလွန် ထားတဲ့ သူတွေ၊ ထမင်းပို့တဲ့ အချိန်မှာ တစ်ယောက်ယောက် ထွက်ပြေးသွားရင် ဘယ်သူ တာဝန်ယူမလဲ” ဟု အခြေအမြစ် မရှိ ပြောဆို၍ ငြင်းဆိုလိုက်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ညနေပိုင်း ထမင်းကို နီးစပ်ရာမှ တဆင့် ပို့ခွင့် ရနေသော်လည်း နံနက် ၃ နာရီ အချိန်တွင် ဥပုသ် မစောင့်မှီ စားမည့် ထမင်း အတွက် ထမင်းထုပ် ပို့ခွင့် မရသဖြင့် အကျဉ်းသားများ ဥပုသ် စောင့်တည်ရန် ခက်ခဲလျက် ရှိကြောင်း သိရှိရပါသည်။ မောင်တော မြို့နယ် ရဲစခန်း အချုပ်ခန်းတွင် ချုပ်နှောင် ခံထားရသည့် အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ အကျဉ်းသား အများစုမှာ မတရား သဖြင့် လုပ်ကြံ ဖမ်းဆီးခံရထားသူများ ဖြစ်သည်။



Rohingya Eye
RB News
30.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက်မှ ပိတ်နေသည့် ရေမြောင်းများ ရေစီးဆင်းနိုင်ရန် အတွက် ငွေကျပ် ၅ သိန်းပေးမှ ပြုလုပ်ပေး နိုင်မည်ဟု စည်ပင်သာယာမှ ၀န်ထမ်း ဖြစ်သူ ဦးလှရွှေက ပြောကြောင်း သတင်း ရရှိပါသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဦးက မြို့မ ဗလီကြီးရှေ့ရှိ ဆိုင်တန်းများ ရှေ့မှ ရေမြောင်းများ ရှင်းလင်းရန် အတွက်ဟု ငွေကျပ် ၃၀၀၀/- စီ ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ယခင်က စည်ပင်သာယာမှ ရေမြောင်းများကို ရှင်းလင်း ပေးခဲ့သော်လည်း စည်ပင် ဦးစီးအရာရှိ ဦးတင်ဦး ပြောင်းရွှေ့လာသည့် အချိန်မှစ၍ ယခုကဲ့သို့ ငွေကောက်ခံခြင်း စနစ်များ ဖြစ်လာခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ဆိုင်ခန်း ပိုင်ရှင် အချို့က ၎င်းတို့၏ ဆိုင်ရှေ့မှ ရေမြောင်းများကို ရှင်းလင်း ခဲ့သော်လည်း ရေမြောင်းမှ အမှိုက်များကို ကားပေါ်သို့ မတင်ဟု ဆိုကာ ဆိုင်ရှင် (၃) ဦးကို ဒဏ်ငွေ ၅၀၀၀/- စီပေးဆောင် စေခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ငွေ ၅၀၀၀/- စီပေးဆောင် ခဲ့ရသူ (၃) ဦးမှာ --

(၁) ဦးဟူဆောင်းန်အာမတ် (ဘ) ဦးရော်ရှိတ် (အသက် ၃၃ နှစ်) - အမှတ် (၂) ရပ်ကွက်မှ
(၂) ဦးမူဂျီရာမန် (ဘ) ဦးအာလမ် (အသက် ၃၈ နှစ်) - အမှတ် (၂) ရပ်ကွက်မှ
(၃) ဦးအဒူရော်ဇာခ် (ပလာဇာ ကွမ်းယာဆိုင်) အမှတ် (၂) ရပ်ကွက်မှ - တို့ဖြစ်သည်။

ရေမြောင်းရှင်းလင်း ရမည့် အလုပ်မှာ မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန၏ အလုပ် ဖြစ်သော်လည်း ရှင်းလင်း ပေးခြင်း မရှိဘဲ၊ နှစ်စဉ်နှစ်တိုင်း ဆိုင်ခန်းများမှ လိုင်စင်ကြေးကို တစ်သောင်းမှ နှစ်သောင်းထိ ကောက်ခံလျက် ရှိသည်။

အမှတ် (၂) ရပ်ကွက်ရှိ ဆရာမောင်နက် (ခ) ဦးမူနာဖ်၏ နေအိမ်မှ ရှေ့နေ ဦးမောင်သာထွန်း (ခ) ဦးအဒူဟိုက်၏ နေအိမ်ရှေ့ရှိ ဆိုင်ခန်းများရှေ့ ရေမြောင်းများသည် မိုးရာသီတွင် လွယ်လင့်တကူ ရေစီးဆင်းနိုင်ခြင်း မရှိသည့် အပြင် နေအိမ်ခြံများအတွင်းမှ မိုးရေများ ရေမြောင်းထဲသို့ စီးဆင်းနိုင်ခြင်း မရှိသည့် အတွက် အနံ့ဆိုးများ ဖြစ်ပွားလျက် ရှိသည်။ ယခင်က အဆိုပါ ရေမြောင်းများမှ ရေများသည် မြို့မ ဘုန်းကြီးကျောင်းရှေ့ရှိ ရေမြောင်းကြီးများသို့ စီးဆင်း နိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းတွင် ရေမြောင်းများမှ ရေမစီးဆင်းနိုင်ရန် ပိတ်ပင်ခဲ့သည့် အတွက် ဆရာမောင်နက်၏ အိမ်အပါအ၀င် အခြားသော အိမ်များ အနံ့အသက်ဆိုးများဖြင့် ရင်ဆိုင် နေရခြင်း ဖြစ်သည်။ ဒေသခံများက ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို ရပ်ရွာ လူကြီးများကို စာဖြင့်သော် လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း အသနားခံ တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ လုပ်ဆောင် ပေးခဲ့ခြင်း မရှိပေ။ ရပ်ရွာ လူကြီးများက စည်ပင်သာယာရေး ဦးစီးဌာနမှ စာရေး ဖြစ်သူ ဦးလှရွှေက ငွေကျပ် ၅ သိန်း ပေးမှသာ အဆိုပါ ရေမြောင်းများမှ ရေများ စီးဆင်းနိုင်အောင် ပြုလုပ် ပေးနိုင်မည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နှစ်စဉ်နှစ်တိုင်း အဆောက်အအုံနှင့် မြေခွန် ၃၆၀၀/- ကျပ်၊ လမ်းမီးခွန် ၁၄၄၀/- ကျပ်နှင့် အမှိုက်နှင့် အညစ်အကြေးခွန် ၃၆၀၀/- ကျပ် -- စုစုပေါင်း ၈၆၄၀/- ကျပ် စည်ပင်သာယာရေး ဦးစီးဌာနသို့ ပုံမှန် ပေးသွင်း နေရသော်လည်း စည်ပင်သာယာမှ လိုအပ်သည်များကို လုပ်ဆောင် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ရခိုင်လူမျိုးများ နေထိုင်သည့် မြို့၏ အချက်အချာ မဟုတ်သည့် မဟာဗန္ဓုလလမ်းဆုံ၊ ကျော်တည်းခို ရိပ်သာ ပတ်ဝန်းကျင်ရှိ ရေမြောင်းများကို စည်ပင်သာယာမှ ရှင်းလင်း ပေးနိုင်သော်လည်း ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်ခြံဝင်းများ အတွင်း အနံ့သက်ဆိုးများ ဖြစ်နေသည်ကို စည်ပင်သာယာရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဦး၏ လူမျိုးရေး ခွဲခြား ဆက်ဆံရေး မူဝါဒကြောင့် ရှင်းလင်း မပေးဘဲ၊ ၎င်း၏ စာရေး ဖြစ်သူ ဦးလှရွှေက ငွေကျပ် ၅ သိန်း ပေးမှသာ ရှင်းလင်း ပေးနိုင်မည်ဟု ပြောကြားလျက် ရှိကြောင်း သိရှိရပါသည်။ မောင်တောမြို့ပေါ်တွင် အမှိုက်များ ရှင်းလင်းရေး တာဝန်ခံမှာ ဦးလှရွှေ ဖြစ်သည်။

Rohingya Exodus