နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၆၂ ဦးပါ AirAsia ၏ ခရီးသည်တင် လေယာဉ် တစ်စီး ပျောက်ဆုံးလျက်ရှိ




RB News
28.12.2014

အင်ဒိုနီးရှား နိုင်ငံ၊ Surabya မြို့ကနေ စင်ကာပူနိုင်ငံကို ခရီးသည် ၁၅၅ ဦးနဲ့ ၀န်ထမ်း ၇ ဦး တင်ဆောင် ပျံသန်း လာတဲ့ AirAsia ရဲ့ ခရီးစဉ် အမှတ် QZ8501 Airbus လေယာဉ် A320-200 လေယာဉ်ဟာ Surabaya မြို့ကနေ တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် နံနက် ၅ နာရီ ၃၅ မိနစ်မှာ ထွက်ခွာလာခဲ့ပြီး၊ စင်ကာပူ နိုင်ငံကို ဒေသ စံတော်ချိန် ၈ နာရီ ၃၀ မိနစ် ရောက်ရှိရမှာ ဖြစ်ပေမယ့် နံနက် ၇ နာရီ ၂၄ မိနစ်မှာ အင်ဒိုနီးရှားမှာ ရှိတဲ့ လေကြောင်း ထိန်းသိမ်းရေး စခန်းနဲ့ အဆက် အသွယ် ပြတ်တောက် သွားတယ်လို့ AirAsia ကနေ သတင်းထုတ် ပြန်ခဲ့ပါတယ်။

လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်တောက် သွားတဲ့ အချိန်ကစပြီး လေယာဉ်က ပျောက်ဆုံး လျက်ရှိပြီး၊ အခုတော့ ရဟတ်ယာဉ်၊ သင်္ဘောတွေနဲ့ ရှာဖွေလျက် ရှိပါတယ်။ ရဟတ်ယာဉ် တွေကတော့ ညပိုင်းမှာ ရှာဖွေမှုတွေကို ရပ်တန့် ထားပြီး၊ တနင်္လာနေ့ မနက် အလင်းရောင် ရမယ့် အချိန်မှသာ ပြန်ပြီး ရှာဖွေမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားပိုင် သင်္ဘောတွေကတော့ ညပိုင်းမှာ အလင်းရောင် အားများတဲ့ မီးတွေနဲ့ထိုးပြီး ပင်လယ်ပြင်မှာ ဆက်လက် ရှာဖွေ သွားမှာပါ။

လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် မပြတ်တောက်ခင်မှာ လေယာဉ်မှူးက ရာသီဥတု ဆိုးရွားနေတဲ့ အတွက် အမြင့်ပေ ၃၈၀၀၀ ကနေ ပျံသန်းခွင့် တောင်းခံခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာန များမှာ ရေးသား ဖော်ပြ ထားပါတယ်။

လူ ၁၆၂ ဦးတင်ဆောင် ထားတဲ့ လေယာဉ်က ဂျဗား ပင်လယ်ပြင်မှာ ပျောက်ဆုံး သွားတာ ဖြစ်လို့ ပင်လယ်ပြင်ကို အဓိက ထားပြီး ရှာဖွေမှာ ဖြစ်ပါတယ်။ ခရီးသည်တွေထဲမှာ အင်ဒိုနီးရှား နိုင်ငံသား ၁၄၉ ဦး၊ စင်ကာပူ၊ မလေးရှားနဲ့ ဗြိတိန် နိုင်ငံတို့မှ တစ်ဦးစီနဲ့ တောင်ကိုရီးယား နိုင်ငံ ၃ ဦး ပါဝင်ပါတယ်။ လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦးနဲ့ ကလေးငယ် ၁ ဦး တို့ပါဝင်ပါတယ်။ လေယာဉ်မောင်း နှစ်ဦးနဲ့ ၀န်ထမ်း ၅ ဦးတို့ကတော့ တစ်ဦးက ပြင်သစ် နိုင်ငံသား ဖြစ်ပြီး ကျန်တဲ့ ၆ ဦးက အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ပါတယ်။ ဒီလေယာဉ်က AirAsia လေကြောင်းလိုင်းရဲ့ လေကြောင်းလိုင်းခွဲ တစ်ခု ဖြစ်တဲ့ AirAsia Indonesia ရဲ့စီမံခန့်ခွဲမှု အောက်က ဖြစ်ပြီး၊ သက်တမ်း ၆ နှစ်ကျော်သာ ရှိသေးတဲ့ လေယာဉ်ပါ။

Comment ရေးရန်

Rohingya Exodus