နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်းရဲသည့် အဘိုးအို တစ်ဦး၏ လယ်တစ်ဧက အတွက် ရွာအုပ်ချုပ်ရေးမှူး ငွေညှစ်သည့် အပြင် လယ်ပါသိမ်းထား

လယ်ပိုင်ရှင် မော်လ၀ီ ဦးဖော်ဇော် အာမတ် (ဓါတ်ပုံ - RB News)

RB News
20.6.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ လယ်ပိုင်ရှင် တစ်ဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူးက လယ်မြေ အထောက်အထား မရှိဟု ဆိုကာ ငွေညှစ်ခဲ့သည့် အပြင် လယ်မြေ ထွန်ယက်ခွင့်ကိုပါ ရပ်ဆိုင်းထား သဖြင့် လယ်မြေပါ ဆုံးရှုံးနေရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သတင်း ရရှိပါသည်။

၁၉၉၉ ခုနှစ်က တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာမှ လယ်ပိုင်ရှင် တစ်ဦး ဖြစ်သူ မော်လ၀ီ ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးအာဘူဘော်ကော်ရ်က ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်စုရှိ ၎င်း၏ လယ် တစ်ဧက အတွက် ၁၉၉၉ ခုနှစ်တွင် ယင်းအချိန်က ရ.၀.တ ဥက္ကဌ ဖြစ်သူ ဦးရှော်ဘိရ်အာမတ် (ယခု အုပ်ချုပ်ရေးမှူး) ၏ မြေခွန် ပြေစာ စည်းကြပ်ပေးရန် ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဌာနမှ (၁၀၅) မြေပုံနှင့်တကွ မြေခွန်ပြေစာပါ စည်းကျပ် ရယူပြီး ၂၀၁၅ ခုနှစ်တွင် တည်ငြိမ် အေးဆေးစွာ လုပ်ကိုင်လာခဲ့သည်။

ယခုအခါ ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘော်ဘိရ်အာမတ် (ယခင် ရ.၀.တ ဥက္ကဌ) က လယ်ပိုင်ရှင် ဖြစ်သူ မော်လ၀ီ ဦးဖော်ဇော်လ်အာမတ် ထံတွင် ခိုင်လုံသည့် အထောက်အထား မရှိဟု ဆိုကာ အုပ်ချုပ်ရေးမှူး အာဏာကို အလွဲသုံးစား ပြုလုပ်၍ အမျိုးမျိုး ခြိမ်းခြောက် ဖိအားပေးကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် ငွေကျပ် ၃ သိန်း ညှစ်ယူပြီးနောက် လယ်ပိုင်ရှင် ဖြစ်သူအား မိုးရာသီတွင် လယ်မြေသို့ သွားရောက်၍ ထွန်ယက်ခွင့် မပြုဘဲ၊ ကျောက်ချောင်း ကျေးရွာ အုပ်စု ရွာသစ်ရွာနေ ဦးဖော်ရိတ်အာလောမ် (ဘ) ဦးဟာဆောင်အလီအား ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှော်ဘိရ်အာမတ်က မော်လ၀ီ ဦးဖော်ဇော်အာမတ်၏ လယ်မြေ တစ်ဧကကို အထောက်အထား အသစ်ဖြင့် လွှဲပြောင်းပေးမည်ဟု လိမ်ညာ၍ ငွေကျပ် ၇ သိန်း ရယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဆင်းရဲသည့် လယ်တစ်ဧက ပိုင်ရှင် ဖြစ်သူ မော်လ၀ီ ဦးဖောဇော်အာမတ်သည် အသက်အရွယ် ကြီးပြင်း နေသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ လယ်နှင့် ပတ်သက်၍ လိုက်လံ ဆောင်ရွက် ပေးမည့် သားသမီးတစ်ဦး တစ်ယောက်မှ မရှိသည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှော်ဘိရ်အာမတ်က အခွင့်ကောင်း ယူ၍ အနိုင်ကျင့်နေခြင်း ဖြစ်သည်။ ၎င်းသည် ငွေညှစ်ခံရသည့် အပြင် သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး တို့မှ ခွင့်ပြုချက် ရယူပြီး လုပ်ကိုင်လာသည့် လယ်မြေလည်း အုပ်ချုပ်ရေးမှူး၏ မတရား ကျူးကျော် သိမ်းပိုက်ခြင်းကို ခံနေရပြီး၊ လုံးဝ လက်လွှတ် ဆုံးရှုံးရမည့် အနေအထားတွင် ရှိနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက စီစစ်၍ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း လယ်ပိုင်ရှင် ဖြစ်သူ မော်လ၀ီ ဦးဖော်ဇော်အာမတ်က ပြောပါသည်။

Comment ရေးရန်

Rohingya Exodus