နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ လမ်းလျှောက် ဆန္ဒပြပွဲ ကျင်းပ



RB News
20.6.2015

တိုကျို  -- မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) BRAJ မှ ဦးစီး၍ ဂျပန်နိုင်ငံ တိုကျိုမြို့ မြို့လည်တွင် လမ်းလျှောက် ဆန္ဒပြပွဲ တစ်ရပ်ကို ယနေ့ ဇွန်လ (၂၀) ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်မှ) အဖွဲ့ဝင် ၄၀ ဦး၊ ဂျပန်နိုင်ငံမှ သတင်းဌာန ဆယ်ခုခန့်၊ ရိုဟင်ဂျာအရေး အားပေး ထောက်ခံသည့် နိုင်ငံခြားသားများ၊ ဂျပန်ကျောင်းသားများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဆန္ဒပြပွဲတွင် BRAJ ဥက္ကဌ ဦးအောင်တင်၊ ဒု-ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဘဏ္ဍရေးမှူး ဦးမိုဟာမတ်စလင်းနှင့် ပါဝင်သူများက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးများသည် ခေတ်အဆက်ဆက် ဘိုးဘွားဘီဘင် လက်ထက်မှစ၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ် နေထိုင်လာခဲ့ရာ ဦးနေ၀င်း လက်ထက်မှ စ၍ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လာခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား များကို အကြောင်း အမျိုးမျိုးဖြင့် လိမ်လည် လှည့်ဖျား၍ သိမ်းဆည်းပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ သွားလာရေး၊ အိမ်ထောင်ရေး များကို ကန့်သတ်ထားသည့် အပြင် ၂၀၁၂ ခုနှစ်မှစ၍ စနစ်တကျ စီမံကိန်းဖြင့် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခဲ့ပြီးနောက် ယခု အခါ နိုင်ငံတကာသို့ စက်လှေဖြင့် ပင်လယ်ခရီးကြမ်းများ ဖြတ်၍ ထွက်ခွာနေရကြောင်း အကျယ်တ၀န့် ပြောဆိုခဲ့သည်။

ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရက ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံတွင်းရှိ မွတ်စလင်များ ခံစားနေရသည့် အခြေအနေများကို ကမ္ဘာသို့ အမြဲတစေ လိမ်ညာ ပြောဆိုလျက် ရှိသောကြောင့် BRAJ မှ ဂျပန်အစိုးရ၊ ပြည်သူများနှင့် မီဒီယာများ အားလုံး အဖြစ်မှန်ကို သိရှိစေရန် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု RB News သို့ပြောသည်။ 

ဆန္ဒပြပွဲတွင် မြန်မာ အစိုးရအား ကူညီထောက်ပံ့၍ အဓိက အားပေးနေသည့် ဂျပန်အစိုးရနှင့် စီးပွားရေး သမားများကို ဖိအားပေးရန်နှင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ချုပ်ငြိမ်းမှသာ ရင်းနှီးမြှပ်နှံမှုများ ဆက်လက် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဆန္ဒပြပွဲကို နေ့လည် ၁ နာရီမှ ၃ နာရီထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။









ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဂျပန် ဘာသာဖြင့် ဖော်ပြထားသည့် သတင်း

Comment ရေးရန်

Rohingya Exodus