နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲအုပ်မြတ်ထွေးက အမျိုးသမီး တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သိန်း (၃၀) ညှစ်



RB News
26.3.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သော ဒေါ်ဟာလီမာ (ဘ) ဦးအဒူဆလာမ်သည် ယခင်က သိမ်တောင်ပြင် ကျေးရွာတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး၊ ယခုအခါ အမှတ် (၁) ရပ်ကွက် (အနောက်ရပ်ကွက်) တွင် နေထိုင်လျက် ရှိသည်။ ၎င်းသည် ငွေကြေး ချမ်းသာသူ တစ်ဦးဖြစ်သည်။ 

မတ်လ (၂၄) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် စံထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ တစ်ဦးတို့သည် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ ဒေါ်ဟာလီမာကို ဖမ်းဆီးရန် လာရောက်ကြောင်း ပြောကြားပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် အတူ ဒေါ်ဟာလီမာ၏ နေအိမ်သို့ သွားရောက်ကာ ဒေါ်ဟာလီမာကို ရဲအုပ်မြတ်ထွေးက စစ်ဆေးရန် ခေါ်ခိုင်းသည်ဟု ပြောဆို၍ ဖမ်းဆီးပြီး မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဒုတပ်ကြပ် စံထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင် တို့က ဒေါ်ဟာလီမာ၏ နေအိမ်တွင်း ရှာဖွေ စစ်ဆေးခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် မြို့မ ရဲစခန်းသို့ ရောက်သည်နှင့် ရဲအုပ်မြတ်ထွေးက ဒေါ်ဟာလီမာကို ငွေကျပ် ငါးထောင်တန် ငွေစက္ကူများ အတုပြုလုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် သိန်း (၅၀) တောင်းခံခဲ့သည်။ ဒေါ်ဟာလီမာက ညအချိန်၌ စခန်းတွင် ချုပ်နှောင် ခံထားရပါက မဖွယ်မရာ ပြုလုပ်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် သိန်း (၃၀) ပေးကာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ရဲအုပ်မြတ်ထွေးသည် ယခင်က အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ၎င်းသည် နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ပြီး သိန်းထောင်ချီ ချမ်းသာလာသူ တစ်ဦး ဖြစ်ပြီး၊ ဥပဒေကို မလိုက်နာဘဲ လိုင်စင်မဲ့ကား စီးနင်းနေသူလည်း ဖြစ်သည်။ ရဲအုပ်တစ်ဦး၏ လစာဖြင့် ၎င်းပိုင်ဆိုင်နေသည့် တိုက်နှင့် ကားများ မည်ကဲ့သို့ ရရှိသည်ကို မေးခွန်းထုတ်ရမည် ဖြစ်သည်။ ၎င်းသည် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးကို ဝေစုပေးနေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများ ဝေဖန် သုံးသပ် နေကြသည်။ ဒေသခံများက ၎င်း၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်နေမှုများကို အထက် အာဏာပိုင်များက အမြန်ဆုံး စုံစမ်း စစ်ဆေး၍ အရေးယူပေးရန် အထူး လိုလားနေကြသည်။

Comment ရေးရန်

Rohingya Exodus