နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ သက္ကေပြင် ဒုက္ခသည်စခန်းတွင် NVC ပေးရန် ကြိုးစားသော်လည်း တစ်ဦးတစ်ယောက်မှ လက်မခံ

Saed Arkani
RB News
13.1.2018

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သက္ကေပြင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ မြို့နယ် အုပ်ချုပ်ရေးရုံးမှ   စာရေးတစ်ဦး သွားရောက်၍  ရိုဟင်ဂျာများကို NVC ယူရန် စည်းရုံးသော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၁၂) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် စစ်တွေမြို့ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည် စခန်းသို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ဦးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့ ရောက်ရှိလာပြီး သက္ကေပြင် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီကို ခေါ်ယူ၍ ၎င်းတို့အား မြို့နယ် အုပ်ချုပ်ရေးမှူးက သက္ကေပြင် စခန်းတွင် နေထိုင်သူများကို NVC လုပ်ပေးရန် လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ စခန်းတွင်း နေထိုင်သူများကို NVC ကဒ် လက်ခံလာအောင် ဖိအားပေး ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

သက္ကေပြင် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီဝင်များက NVC ကို လူအများ မယူလျှင် ၎င်းတို့ မည်သို့မျှ မတတ်နိုင်ကြောင်း၊ လူအများအား ဖိအားပေး ပြော၍ မရကြောင်း၊ လူအများ မကြိုက်၍ မယူခြင်းကို ၎င်းတို့ ဖိအားပေး၍ ယူခိုင်းခြင်း မပြုလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောဆို၍ ငြင်းဆန်ခဲ့သည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးနှင့် သက္ကေပြင်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး တို့သည် ၎င်းတို့အား အဖော်လိုက်ပေးရန် တောင်းဆိုပြီး ဒုက္ခသည်စခန်းထဲသို့ ၀င်ရောက်ကာ တစ်ခန်းဝင် တစ်ခန်းထွက် NVC ယူရန် နိုးဆော်သော်လည်း တစ်ဦးတစ်ယောက်မှ လက်မခံသောကြောင့် မျက်နှာငယ်ဖြင့် ဒုက္ခသည်စခန်းမှ ထွက်လာခဲ့သည်။ 

အုပ်ချုပ်ရေးမှူးရုံးမှ စာရေးက မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ NVC ယူရန် စည်းရုံး၍ မရသည့် အကြောင်းကို အကြောင်းကြားရာ မြို့နယ် အုပ်ချုပ်ရေးမှူးက လူအများက NVC မယူလျှင်လည်း ဒုက္ခသည်စခန်း ကော်မတီဝင်များအား NVC ပေးရန် ပြောဆိုပြီး ကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။ 

ဒုက္ခသည်စခန်း ကော်မတီဝင်များက ၎င်းတို့ မိဘများထံတွင် အမျိုးသား မှတ်ပုံတင်ကဒ်ပြားများ ရှိကြောင်း၊ NVC ကို မိမိတို့ မယူချင်ကြောင်း၊ လိုအပ်လျှင် နိုင်ငံသားစီစစ်ရေး ကဒ်ပြားကို တိုက်ရိုက် လျှောက်ထားမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ 

NVC ပေးရန် လာသည့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့သည် နေ့လည် ၁ နာရီ အချိန်တွင် ၎င်းတို့၏ စီမံကိန်း မအောင်မြင်ဘဲ ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus