ညသန်းခေါင်ယံဝယ် ဦးနှောက်အခန်းကို သူထိုးဖောက်ဝင်လာစဉ်က
ယျာတင် (ရိုဟင်းသား)
RB News
14.1.2018
အခုတလော ကျွန်တော့်စိတ်ကို စာအုပ်တွေထဲ ကျက်စားစေ၏။ စာအုပ်ကောင်းတစ်အုပ်သည် သင်ခန်းစာများစွာ၊ ဗဟုသုတများစွာတို့ကို ပေးနိုင်စွမ်းရှိသည့်အပြင် တွေးစရာများစွာကိုလည်း မွေးပေးနိုင်စွမ်းရှိသည်။ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် ထိုစာအုပ်၏ ဇတ်လမ်းထဲတွင် အချိန်ကြာကြာ စီးမျောသွားတတ်၏။ ပကတိခံစားချက်များ၏ ဖိစီးနှိပ်စက်မှုသည်လည်း ခဏတဖြုတ်တော့ ပျောက်ကင်းသွား၏။ ကျွန်တော်က အမိုးပွင့်အကျဉ်းထောင်ထဲ၌ ပိတ်မိနေသော လူသားမြူမှုန်တစ်ပွင့် မဟုတ်ပါလော။
မနေ့ မနက်ကစ၍ ဖတ်လာခဲ့သော စာရေးဆရာ မြသန်းတင့်၏ "ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ" စာအုပ်ကို ဒီနေ့ည ၁၁ နာရီတွင် ဖတ်ပြီး၏။ တွေးစရာများစွာလည်း ကျွန်တော်ထဲခေါင်းထဲ နေရာယူခဲ့ပြီ။
အခန်းထဲတွင် ရေနွေးကြမ်း ငှဲ့သောက်ရင်း ကျွန်တော်တစ်ယောက်တည်း တွေးနေ၏။ ခေါင်းစဉ်ဟူ၍ သီးသန့် မရှိသော တွေးမိတွေးရာများ။ တွေးချင်ရာတွေးနေခြင်းပင်ဖြစ်သည်။
တလောက ဖတ်ဖူးသော "စာရေးခြင်း အတတ်ပညာ" စာအုပ်ထဲက စကားလုံးအများကြီးလည်း ခေါင်းထဲမှာ နေရာယူထားသည်မှာ ပူပူနွေးနွေး။ စာရေးခြင်း ဆိုတာ ကျွန်တော့အတွက် အကျဉ်းကျခံနေရသည့် ခေါင်းကို လွတ်လပ်မှုပေးခြင်းဖြစ်၏။ ကျွန်တော် တစ်ခုခုရေးချင်သည်။ အကျဉ်းကျခံနေရသော အမှန်တရားများကို ထုတ်ရေးချင်သည်။ ထို့ကြောင့် တွေးနေ၏။ အတွေးကို ဘောင်ခတ်မထားဘဲ လွတ်လပ်စွာထား၏။ တွေးချင်ရာတွေးပါစေတော့။
အခန်းထဲက မီးကြီးကိုပိတ်လိုက်သည်။ ညအိပ်မီးသည်သာ မှိတ်တုတ်မှိတ်တုတ် လင်းလျက်။ တိတ်ဆိတ်နေသော အမှောင်ထဲတွင် အတွေးခန်းဝင်ရသည်ကို ကျွန်တော် အလွန်နှစ်သက်သည်။
"ဟေ့ ... လူ ... ဟေ့ ... လူ ..."
ခေါ်သံတစ်ခု။ အသံက ပက်လက်ကုလားထိုင်ပေါ် လဲလျောင်းနေသည့် ကျွန်တော့၏ ခေါင်းရင်းက ထွက်လာသည်အလား အလွန်နီးကပ်သော အသံ။ လှည့်ကြည့်လိုက်တော့ ထူးဆန်းသော လူတစ်ယောက်။ ထိုလူကို ကျွန်တော်မသိ။ အသက်က ကျွန်တော်နှင့် မတိမ်မယိမ်းပင် ရှိမည်ထင်ရ၏။ ကျွန်တော့ကဲ့သို့ပင် ခပ်ပိန်ပိန်၊ အသားဖြူဖြူ၊ များလုံးကြည်ကြည်၊ ဆံပင်က မတိုလွန်းမရှည်လွန်း။ အပြာရင့်ရင့် အင်္ကျီကို အပြာရင့်ရင့် ဘောင်းဘီနှင့်တွဲဝတ်ဆင်ထားပြီး အဖြူရောင် လည်စီးကို အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထားသည်။ မြင်ဖူးသလိုလို ဖြစ်နေသော်လည်း မည်သူမည်ဝါဆိုသည်ကို သေချာ မှတ်မရ။
ကျွန်တော်က အခန်းတံခါးကို သေချာပိတ်ထားခဲ့သည်ပင်။ ဒီလူ အခန်းထဲသို့ မည်သို့ဝင်လာခဲ့သနည်း။ ကျွန်တော့ လိပ်ပြာတောင် အေးခနဲဖြစ်သွား၏။ ကျွန်တော့် ခန္ဓာကိုယ်လည်း မသိမသာ တုန်ယင်နေသည်။ ကြောက်စရာပင်မဟုတ်လား။ စဉ်းစားနေတုန်းမှာပင် ဒီလူက ထပ်ပြီးခေါ်သံပြုလိုက်သည်။
"ဟေ့ လူ ... ခေါ်နေတာ မကြားဘူးလားဗျ ... ဘယ်အတွေးထဲ နစ်မြုပ်နေတာလဲ ..."
ပြောရင်းနှင့် ကျွန်တော့ရှေ့ကိုတောင် ရောက်လို့လာခဲ့ပြီ။ သူ့အသံက ပြတ်သားသော်လည်း ညှင်သာလှ၏။
"ခင်ဗျာ ... ဘာမှတော့ ထွေထွေထူးထူး မတွေးပါဘူး ... ဒီအတိုင်းပဲ မှိန်းနေတာပါ ... ဒါနဲ့ ခင်ဗျား ဘယ်သူလဲဗျာ ..."
ကျွန်တော်က မဝံ့မရဲ မေးလိုက်သည်။ သူက တစ်ချက်ပြုံးလိုက်၏။ မဲ့ပြုံး လှောင်ပြုံးလား။ သူ့ဟာသူ သည်အတိုင်း ပြုံးကျင့်ရှိလို့ ရိုးရိုးသားသားပဲ ပြုံးမိတာလား ကျွန်တော်မခွဲဝေတတ်။ အခန့်မသင့်လျှင် အော်ပြီး အကူအညီတောင်းရန်သာ ကျွန်တော် အသင့်ပြင်ထား၏။
"ကျုပ်က Facebook လေဗျာ ... ခင်ဗျား ကျုပ်ကို တကယ်မသိတာလား ... မသိဟန်ဆောင်နေတာလား ..."
သူက တအံ့တဩ မေးသည်။ အသံက ရင်းရင်းနှီးနှီး။ ကျွန်တော့် အကြောက်စိတ်သည်လည်း အတန်အသင့် ပြေစပြုပြီ။ သို့ရာတွင် ကျွန်တော် ရှက်မိသွား၏။ တုံးလွန်းတဲ့ ငါပါလားနော်။
"သိပါပြီဗျာ ... အခုတလော ခင်ဗျားဆီ သိပ်မရောက်ဖြစ်တာနဲ့ .... ပြီးတော့ ခင်ဗျားကလည်း အသွင်အပြင် နည်းနည်း ပြောင်းလိုက်တော့ ... "
ကျွန်တော်က ကိုယ့်အပြစ်ချည်းသက်သက်လည်း မဟုတ်အောင် သူ့ဖက်ကိုလည်း အနည်းငယ်ထိုးချပြီးပြောလိုက်လျှင် သူက ရယ်လျက် --
"ဟားဟား ... ဟုတ်တယ်ဗျာ ... ကျုပ်ဘဝကလည်း မလွယ်ဘူး ... ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံးပန်းနေရတာနဲ့ သေချာ ပြင်ဆင်ချိန်တောင် ရတာမဟုတ်ဘူး ... "
သူက ညည်းတွားသည်။
"ပြောပြပါအုံး ... ဘယ်လို ပြဿနာတွေနဲ့များ လုံးပန်းနေရတာလဲဆိုတာလေး"
" ကဲဗျာ ... ဒါဆိုလည်း ကြုံတုန်း နည်းနည်း ရင်ဖွင့်လိုက်မယ်... ဒီမှာ ထိုင်မယ်နော် ... "
" ထိုင်ပါ ထိုင်ပါ ..."
ကျွန်တော့ ရှေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
"ကျုပ်စင်မြင့်ပေါ်တက်ပြီး ကျုပ်ကိုရော သူတစ်ပါးကိုရော ဆဲနည်းမျိုးစုံနဲ့ ဆဲနေတဲ့လူတွေရဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး သူများသားသမီးကို လွယ်လွယ်လေး ရည်စားစကားသွားပြောတဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး အပြိုင်အဆိုင် နိုင်ငံရေးမဲဆွယ်နေတဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ဟောပြောနေတဲ့ ပြဿနာ ... ပြောရရင် ပြောမဆုံးဘူးဗျာ ... ဒီပြဿနာတွေ လိုက်ဖြေရှင်းနေရတာနဲ့ ကျုပ်ရဲ့ အသွင်အပြင်ကို ကျုပ်တောင် မှန်ထဲ မကြည့်အားတာ ကြာလှပြီ ..."
ဒီလူပြောပြနေသည့် အကြောင်းအရာများကို ကျွန်တော် ချက်ချင်းနားလည်၏။ သူ့စင်မြင့်ပေါ်တက်လျှင် နိစ္စဓူဝ ကိုယ်တွေ့ကြုံတွေ့နေရသည့် အကြောင်းအရာချည်းပဲ မဟုတ်ပါလား။
"ခင်ဗျား ပြောပြတဲ့ ပြဿနာ အများစုဟာ ဘယ်နိုင်ငံက user တွေကြားမှာ ပိုများသလဲ ..."
ကျွန်တော်က ဗဟုသုတအလို့ငှါ မေးလိုက်သည်။
"ခင်ဗျားတို့ နိုင်ငံက user တွေပေါ့ဗျာ ... ခင်ဗျားလည်း တွေ့နေကျပဲဟာကို အထူးအဆန်း လာမေးနေသေးတယ် ... ဟွန့် "
လာပြီ။ အရေးထဲ ကိုယ့်နိုင်ငံကို နှိမ်ပြီးပြောတယ် .. ဟု သူမသိအောင် ရေရွတ်လိုက်မိသည်။
"ခင်ဗျား ပြောတဲ့ ပြဿနာနဲ့ မတူဘဲ အမှန်တရားအကြောင်း၊ မေတ္တာတရားအကြောင်း၊ ပညာဗဟုတ ရစေတဲ့အကြောင်းတွေ ရေးပြောနေတဲ့ user တွေလည်း ကျုပ်တို့ နိုင်ငံမှာ ရှိတယ်လေဗျာ ..."
ကျွန်တော်ကလည်း ခေသူမဟုတ်တော့ ကိုယ့်နိုင်ငံ၏ ဂုဏ်သိက္ခာကို သူကချလည်း ကိုယ်က ပြန် မ,ယူဖို့ အားထုတ်သည်။
"ရှိတော့ရှိတယ် ... ဒါပေမယ့် သိပ်နည်းတယ်ဗျာ ... အဲ့လို user တွေများလေ ပြဿနာ နည်းလေပဲ ... ဒါပေမယ့် ခင်ဗျားတို့ နိုင်ငံက ဝီရသူတစ်ယောက်ရဲ့ တစ်ရက်တည်း ပြဿနာကိုတောင် တစ်နှစ်လောက် လိုက်ပြီး ဖြေရှင်းနေရတာတောင် ရှင်းမကုန်ဘူးဗျာ... ကျန်တာ ခင်ဗျားပဲ တွေးကြည့်ပေတော့ ..."
သူ၏ သက်သေသာဓကနှင့်တကွ ပြောပြလာသည်ကို ပြန်ချေပဖို့ အားအင် ကျွန်တော့်မှာ မရှိတော့။ ထပ်ပြီး မည့်သည့်သက်သေများ လာချပြမည်နည်း။ ကျွန်တော် စိတ်ဝင်တစား နားစွင့်နေမိသည်။
"ပြီးတော့ ... ရခိုင်အရေး ပြဿနာ ... အဲ့ ပြဿနာနဲ့လည်း တော်တော် ပင်ပန်းတယ်ဗျာ ... ခင်ဗျားတို့အစိုးရက အဲ့ဒေသကို သတင်းသမားတွေ နိုင်ငံတကာသံတမန်တွေ သွားခွင့်မပြုတော့ အဲ့ဒေသမှာ ရှိနေတဲ့ လူနည်းစုတစ်စု ... နာမည်ဘာလဲ ... ဪ ... မှတ်မိပြီ ... ရိုဟင်ဂျာပဲ ... ခပ်နွမ်းနွမ်း မျက်နှာနဲ့ ပိန်ပိန်ချုံးချုံး ခန္ဓာနဲ့ အဲ့လူတစ်စုအပေါ် အစိုးရကိုယ်တိုင်က စီမံကိန်းချပြီး အနိုင်ကျင့် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေကို verify လုပ်ပေးရတာကလည်း ကျုပ်အတွက် အတော်ခေါင်းစားနေတဲ့ ပြဿနာဗျာ ... တစ်ချို့လူတွေက တစ်ခါတလေ ကျုပ်ကပါ ဂျီနိုဆိုက်တရားခံတွေကို အားပေးနေတယ် ဘာညာဆိုပြီး စွပ်စွဲတယ်လေဗျာ ... တကယ်တော့ အဲ့တာမမှန်ဘူးလေ ... ကျုပ်က ဂျီနိုဆိုက်တရားခံတွေကို ရအောင်ဖော်မယ့် အမျိုးအစားထဲကပဲဆိုတာ အဲ့လူတွေ နားလည်အောင် ရှင်းပြဖို့ကလည်း ကျုပ်မတတ်သာဘူး ... "
ရခိုင်အရေး ပြောလာတော့ ကျွန်တော်ပို၍ စိတ်ဝင်စားသွားမိ၏။ သည်တစ်ခါ သူ၏ ပြောပြပုံမှာ သူ့ကိုသူ အားမလိုအားမရသည့်ပုံစံမျိုး။
"တကယ်လည်း ခင်ဗျားက မတရားခံနေရတဲ့ လူတွေရဲ့ ပိုစ့်တွေကို တစ်ခါတလေ ဖြုတ်တတ်တယ်လေ ... ကျုပ်ရဲ့ အကောင့် သုံးလေးခုတောင် ပိတ်ပစ်တာပဲ မဟုတ်လား"
ဂွင်ကြုံတုန်း ကျွန်တော်ကလည်း ဖိပြောလိုက်သည်။
"အေးဗျာ ... ကျုပ်တို့အဖွဲ့ကလည်း တစ်ခါတလေ အမှားကျူးလွန်တတ်တာ ရိုးရိုးသားသားပဲ ဝန်ခံပါရစေ ... ဒါပေမယ့် အဲ့ဒီ လူနည်းစု ရိုဟင်ဂျာအကြောင်း အများဆုံးနဲ့ အမှန်ဆုံးတွေ အရေးများတဲ့ လူတစ်ယောက်ကို ကျုပ်တို့က Blue Mark တောင်ပေးပြီး authentic ဖြစ်အောင် လုပ်ပေးတယ်လေ... "
သူ ဘယ်သူ့အကြောင်း ပြောနေသည်ဆိုတာကို ကျွန်တော်တပ်အပ်သိနေ၍ ပြန်ပြီး မေးခွန်းမထုတ်ဖြစ်။
"ဒါနဲ့ ... ပြောလက်စ ပြဿနာအကြောင်း ဆက်ပြောပြမယ်ဗျာ ... အဲ့ဒီ ရခိုင်ဒေသက ရိုဟင်ဂျာတွေ နေ့တိုင်း မတရား အသတ်ခံရတာတို့ ... မတရား ဖမ်းဆီးခံရတာတို့ ... ဒီသတင်းတွေကို တစ်ချို့လူတွေက ခက်ခက်ခဲခဲလိုက်ပြီး ကျုပ်စင်မြင့်ပေါ်ကနေ ကမ္ဘာကို သိစေချင်တာလေ ... ကျုပ်လည်း ကမ္ဘာကြီးလက်ခံစေနိုင်တဲ့ သတင်းအမှန်လား သတင်းအမှားလား ဆိုတာတွေ verify လုပ်ပေးရတယ်ဆိုပါတော့ ... ခက်တော့ ခက်သားဗျ ... တစ်ဖက်က ဒီလူတွေကို မျိုးတုံးအောင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ လူသတ်သမားတွေ ကိုယ်တိုင်က လုပ်ကြံဇတ်လမ်းအမျိုးမျိုးနဲ့ ကမ္ဘာကြီးကို ဗြောင်လိမ်ဖို့ကြိုးစားနေတယ်လေ ... ခင်ဗျားတို့ စကားနဲ့ပြောရရင် ဂျင်းထည့်နေတယ်ပေါ့ဗျာ ... အဲ့ဒါတွေကို ကျော်ပြီး ခံနေရသူတွေရဲ့ သတင်းကို လူအများကယုံအောင် လုပ်ရတာကလည်း တကယ်မလွယ်ဘူးဗျာ ..."
သူက စီကာပတ်ကုံး ပြောပြနေသည်။
"ဒါနဲ့ ... ကွမ်းတစ်ယာလောက်ရှိရင် ကျွေးပါအုံး ..."
"ကွမ်းဖြတ်ထားတာ ကြာပြီဗျာ ... ရေနွေးကြမ်းလေး သောက်ပါလား .... "
"ဒါဆို စီးကရက် တစ်လိပ်လောက် ... ရေနွေးကြမ်းနဲ့ စီးကရက်တွဲလိုက်ရင် တကယ်အရသာဗျာ ... အချမ်းလည်းပြေစေတယ်လေ ... ဟားဟား ..."
သူက ပြောပြီး သူ့ဘာသာသူ ရယ်လိုက်သည်။
"အားနာပါတယ်ဗျာ ... ကျုပ်က စီးကရက်သမားမဟုတ်တော့ ..."
" အို့ ... ဆောရီးနော် ..."
သူအားနာသွားသည်။ ကျွန်တော်လည်း အားနာသွားပြန်သည်။ ရှက်လည်းရှက်မိသွား၏။ သူက ကျွန်တော့်ဆီ လာလည်သော ဧည့်သည်။ တစ်ခုခုနှင့် တည်ခင်းဧည့်ခံသင့်သည် မဟုတ်လား။
"ခဏဗျာ ... ကျုပ် စီးကရက် သွားယူမယ်" ဆိုပြီး အခန်းထဲက ကျွန်တော် ထွက်လာခဲ့သည်။ အိမ်းနားက ဆိုင်ရှင်က အိပ်နေပြီ။ အတော်ခေါ်ယူခဲ့ရ၏။ ပရီမီယားဂုလ်စီးကရက်တစ်ဗူး ဝယ်လာသည်။
"ရော့ ... သောက်ပါအုံး ... ကျုပ်လည်း သောက်မယ်ဗျာ ... ခင်ဗျားနဲ့ စကားပြောရတာ အားရတယ် ..."
"ဟား ဟား ... ဟား ဟား ..."
သူက ခွက်ထိုးခွက်လှန် ရယ်သည်။ စီးကရက်တစ်လိပ်ကို မီးညှိပြီး ဖွာလိုက်ရင်း ...
"တလောက မောင်တော အင်းဒင်ဆိုတဲ့ရွာက လူဆယ်ယောက် အသတ်ခံရပြီး အစုလိုက်အပြုံလိုက်မြုပ်ထားတယ်ဆိုတဲ့ သတင်းတက်လာတာ ခင်ဗျား ဖတ်ပြီးပြီ ထင်တယ် ..."
"အင်း ... ဖတ်လိုက်တယ်လေ ... အဲ့အလောင်းတွေကို အစိုးရက သွားဖော်တယ်လို့ ဖတ်လိုက်ရတယ် ... ဘယ်သူသတ်လဲ ဆိုတာတော့ သေသေချာချာ ရေးမထားဘူး ... ကျွန်တော် ဖတ်ဖူးတာ တစ်လလောက်က ရှိမယ်ထင်တယ် ... အခုတလော သိပ် online မတက်ဖြစ်တာနဲ့ ... "
"ဪ ... ခင်ဗျားက update နဲ့ ပြတ်နေတယ်ပေါ့လေ ... ကျုပ်ပြောပြမယ်ဗျာ ... အဲ့လူဆယ်ယောက်ကို ဘယ်သူသတ်လဲ ဆိုတာထက် အဲ့အလောင်းတွေကို အစိုးရက ဘာလို့ သွားတူးဖော်သလဲဆိုတာ အတော်စိတ်ဝင်းစားဖို့ ကောင်းတယ် ... မနှစ်က ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို အစိုးရကိုယ်တိုင်က သတ်တယ်လို့ နိုင်ငံတကာအစိုးရကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကရော ခိုင်ခိုင်မာမာ သက်သေတွေနဲ့ ပြောနေတယ်လေ ... ဒီလို အပြောခံနေရတဲ့ အစိုးရကိုယ်တိုင်က သူတို့သတ်တယ်လို့ စွပ်စွဲခံရတဲ့ အလောင်းတွေကို သူတို့ကိုယ်တိုင် သွားတူးဖော်တာ အကြောင်းရှိတယ်ဗျာ ... "
သူက ကုန်လက်စ စီးကရက်ကနေ မီးကို နောက်တစ်လိပ်မှာ ကူးပြီး ဆက်ဖွာလိုက်သည်။ ကျွန်တော်က မသောက်တတ်သောက်တတ်နှင့် စီးကရက်ကို ဖွာနေလေတော့ သိပ်အရသာမတွေ့။ အချမ်းတော့ နည်းနည်းပြေစေတာ သတိပြုမိသည်။ သူက ဆက်ပြောပြလာ၏။
"ဒီအလောင်းကိစ္စနဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်အဖမ်းခံရတာနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်ဗျာ ... ပြီးတော့ အင်းဒင်က ရခိုင် ကျောင်းဆရာတစ်ချို့နဲ့ ရခိုင်ရွာသားတစ်ချို့ အဖမ်းခံရတာနဲ့ပါပေါ့ ... ဒီတော့ အစိုးရက သူတို့သတ်တာ မဖုံးနိုင်တဲ့အဆုံး လိုက်ဖော်လိုက်တာလေ ... "
သူက ရေနွေးကြမ်း တစ်ငုံသောက်ပြီး စီးကရက်ကို ဆက်ဖွာနေ၏။ စိတ်ဝင်းစာစရာကောင်းသော သူ၏ ပြောပြချက်များကို ကျွန်တော် အသေအချာ နားထောင်နေသည်။
"အဲ့တုန်းက ရိုဟင်ဂျာ အက်တီဗစ် ကို Ro Nay San Lwin က ဒီလူတွေကို ဘယ်နေ့ ဘယ်နေရာကနေ ဖမ်းပြီး ဘယ်မှာ သတ်လိုက်တယ်ဆိုတာ ဓာတ်ပုံသက်သေနဲ့တကွ အတိအလင်း ပြောပြသွားတာ ... ကိုနေဆန်းလွင်ကလည်း တကယ် FBI ဗျာ ... လျှို့ဝှက်ချက်တွေ သိပ်ဖော်တတ်တယ် ... ဟားဟား ..."
သူက သူ့ဘာသာသူ သဘောကျပြီး သူဘာသာသူ ရယ်မိပြန်သည်။
"ကျွန်တော်လည်း သတိပြုမိတယ် ... ကိုနေဆန်းလွင်က ဒီလောက်အဝေးကြီးမှာနေပြီး ရခိုင်က သတင်းအတော်များများကို လိုက်ပြီး အမှန်အတိုင်း ဖော်ရေးတတ်တယ်နော် ... "
"ဟုတ်တယ်ဗျာ ... ဒီအစိုးရကလည်း သူ့ကြောင့် ဗျာများရတာတွေ မနည်းဘူး ... အခုကိစ္စမှာလည်း ဒီအစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဘယ်လို ထုတ်ပြန်တယ်လို့ ထင်လဲ ... "
သူက ကျွန်တော့်ကို မေးလိုက်သည်။ ကျွန်တော် သေသေချာချာ မသိ။ အစိုးရ လုပ်နေကျ "အမည်မသိ လူအုပ်စုက သတ်တယ်လို့ပဲ ထုတ်ပြန်တာလား ..." ဆိုပြီး ပြန်မေးခွန်းထုတ်လိုက်၏။
"ဒီတစ်ခါ အဲ့လို ဘယ်ရမလဲဗျာ ... ရိုက်တာသတင်းထောက်နှစ်ယောက်ကြောင့်ရယ် ... အင်းဒင် ရွာသားအချို့ကြောင့်ရယ် ... ပြီးတော့ ကိုနေဆန်းလွင်ကြောင့်ရယ်ပေါ့ ... "
သူက စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေ၏။
"ဒီတော့ ..."
"ဒီတော့ ... ဒီတစ်ခါ သူတို့ တပ်မတော်ကိုယ်တိုင်က သတ်တယ်လို့ ဝန်ခံရတာပေါ့ဗျာ ..."
"ဟာ ... တကယ်လားဗျာ ... ထူးဆန်းလိုက်တာ ... ဒါဟာ လူသတ်တယ်ဆိုပြီး တပ်မတော်က ပထမဆုံးအကြိမ် ဝန်ခံတာရှိမယ် ..."
ကျွန်တော်က တအံတဩ ပြောလိုက်သည်။
"ဒါပေမယ့် ... ဇတ်လမ်းကို မိတ်ကပ်လိမ်းပြီး စိတ်ကူးနဲ့ ထွင်တယ်လေဗျာ ... ဒီလူဆယ်ယောက်က ရခိုင်ရွာတွေကို တိုက်ဖို့ သွားတယ် ... ထိန်းမနိုင်တဲ့အဆုံး လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလိုက်ရတယ် သဘောနဲ့ ရေးထားတယ်လေ ... အကြမ်းဖက်သမားတွေကို ရှင်းလိုက်တဲ့သဘောနဲ့ သတင်းထုတ်ပြန်လိုက်တာပေါ့ဗျာ ..."
"ဒါက ဒေသခံရခိုင်နဲ့ ရိုဟင်ဂျာတွေကြား သက်သက်ကို မသင့်မတင့်ဖြစ်အောင် ပြဿနာမီးမွှေးပေးတာ ... အကြမ်းဖက်သမားဖြစ်ဖြစ် ဘာသမားပဲဖြစ်ဖြစ် လူတွေကို အဲ့လို လက်လွတ်စပယ် သတ်လို့မှ မရတာ ... သတ်တုန်းက သတင်းထုတ်ပြန်တာလည်း မရှိဘူး ... ဒီအစိုးရက တော်တော် တစ်ဇောက်ထိုး လိမ်ရဲတယ်ဗျာ ..."
ကျွန်တော့်အသံမှာ ဒေါသထွက်လာသံက မသိမသာ ရောထွေးလာ၏။
"ခင်ဗျားပြောသလိုပဲ ... ကိုနေဆန်းလွင်ကလည်း ပြောတယ် ... ပြီးတော့ နိုင်ငံတကာ အစိုးရကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကရော အဲ့ဒီလို မေးခွန်းထုတ်နေပြီ ... ဒီတစ်ခါတော့ ဒီအစိုးရမိပြီဗျာ ... ICC အတွက် ကုန်ကြမ်းတွေ သူတို့ကိုယ်တိုင် ထုတ်ပေးသလို ဖြစ်နေတယ်လေ ... ဟားဟား ...."
သူက ပြောပြီး ရယ်ပြန်သည်။ စကားပြောကောင်းနေသည်နှင့် စီးကရက်ဗူးကလည်း တစ်ဝက်လောက် ကုန်ခဲ့ပြီ။ အချိန်ကလည်း ညသန်းခေါင်ကျော်လာပြီ။ ကျွန်တော့ မျက်လုံးတွင် အိပ်ရေးက တွဲခိုလာစပြုနေ၏။
"ဟိုကြောင်း ဒီကြောင်းတွေပြောရင်းနဲ့ ခင်ဗျားဆီရောက်လာတဲ့ အဓိက အကြောင်ရင်းတောင် လွဲကုန်ပြီဗျာ ... "
"ပြောပါ ခင်ဗျား"
"ခင်ဗျား ကျုပ်ဆီမလာတာကြာလေတော့ ဖျားများဖျားနေသလား ဆိုပြီး စုံစမ်းချင်တာနဲ့ ဝင်လာမိတာ ... ပြီးတော့ ခင်ဗျားရဲ့ "သူလေး" ကဗျာတွေ၊ "နှလုံးသားအတိုအထွာ"တွေ ဆက်ဖတ်ချင်တယ်လေ... အဲ့ဒါလေ ရေးဖို့ တောင်းဆိုမလို့ ... "
သူက ရွှင်ရွှင်ပြပြ ပြုံးလျက် တောင်းဆိုလိုက်သည်။ ကျွန်တော်က ပြန်ပြောစရာမရှိသလို ငြိမ်နေမိ၏။ အမျိုးအမည်မသိသော ခံစားချက်များ၊ ခေါင်းစဉ်မရှိသော အလွမ်းများ ကျွန်တော့် ကိုယ်ထဲသို့ မသိမသာ ဝင်ပူးလာနေသည်။
"ခင်ဗျားကို တစ်ခုဝန်ခံရမယ်ဗျာ ... သူလေးအတွက် ရေးရေးပြီး only me နဲ့ တင်နေတဲ့ ခင်ဗျားရဲ့ အလွမ်းစာတွေ သတိရစာတွေ သူလေးကိုဘယ်လောက်ချစ်ကြောင်း ခံစားချက်တွေ ချရေးတဲ့စာတွေကို ကျုပ် ဝင်ဝင်ပြီး ခိုးဖတ်တယ်ဗျာ ...ဟားဟား ..."
သူက လျှို့ဝှက်ချက်တစ်ခုကို ရင်ဖွင့်လိုက်ပြီးနောက် စိတ်ပေါ့ပါးသွားသည့်ဟန်ပန်ဖြင့် တဟားဟား ရယ်လိုက်သည်။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွား၏။ သူလေးနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ကျွန်တော် မသိစေလို။ သူလေး ဂုဏ်သိက္ခာကျစရာတွေ ကျွန်တော့်ဖက်က မည်သည့်အခါမှ မည်သည့်အခြေအနေကြောင့်မှ မကျူးလွန်စေရ။ ဤသည်မှာ သူလေးနှင့် ပတ်သက်ပြီး ကျွန်တော့၏ ရိုးသားသော ခံယူချက်ပင်ဖြစ်သည်။
သို့သော် ကျွန်တော့အတွက် only me ဆိုသော်လည်း သူ့အတွက် မဟုတ်။ သည်စင်မြင့်ပေါ်မှာ ဘယ်သူ့မှမမြင်အောင် တက်လည်း စင်မြင့်ကိုယ်တိုင်က သူပဲ မဟုတ်လား။ ကျွန်တော့ only me တွေ သူက ခိုးဖတ်တယ်ဆိုတာ ကျွန်တော့ဖက်က စိတ်ဆိုးခွင့် နည်းနည်း ရှိသော်လည်း စောဒကတက်စရာ မရှိ။ သို့သော် ...
"social media ကျင့်ဝတ်နဲ့တော့ နည်းနည်း လွဲနေမှာပေါ့နော် ... "
အတန်ကြာမှ ပြောသော ကျွန်တော့် စကားကြောင့် သူက ကုန်လက်စ စီးကရက်ကို မီးသတ်လိုက်ပြီး _
"ခင်ဗျားသာ မကြိုက်ဘူးဆိုရင် ကျုပ် အနူးအညွှတ် တောင်းပန်ပါတယ်ဗျာ ... ဒါပေမယ့် ကျုပ်က ခင်ဗျားရဲ့ စာဖတ်ပရိသတ်ဆိုတော့ တစ်ခါတလေ စိတ်ဝင်စားလို့ ဝင်ဖတ်ရုံပါပဲ ... privacy ပိုင်းမှာတော့ လုံးဝစိတ်ချလို့ရပါတယ် ... "
ပြုံးစိစိနှင့် ပြောပြနေသော သူ့ကိုကြည့်ပြီး စိတ်ဆိုးရမလား ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမလား ကျွန်တော် မခွဲဝေတတ်။
"ဖြစ်နိုင်ရင် ခုနက တောင်းဆိုသလိုပဲ "သူလေး" ကဗျာတွေ၊ "နှလုံးသားအတိုအထွာ"တွေ ဆက်ရေးပါဗျာ ... ပရိသတ်ကလည်း မျှော်လောက်ရောပေါ့ ... ပြီးတော့ ခင်ဗျားရဲ့ သူလေးကလည်း သူ့ကို သတိမရဘူးဆိုပြီး တွေးကောင်းတွေးနိုင်တယ် ... ကျုပ်လည်း ဖတ်ချင်လှပြီ ..."
ပြောချင်ရာပြောပြီး သူက ထိုင်ရာက ထလိုက်သည်။ ပြန်သွားရန် ဟန်ပြင်နေခြင်းဖြစ်နိုင်သည်။
"ခဏလေး ... သူလေးကို တွေ့ရင် ဒီကဗျာလေး ပေးလိုက်ပါဗျာ ... နေ့လည်က သတိရတုန်း သူ့ပုံလေးကို ထုတ်ကြည့်ပြီး ရေးလိုက်တာ ... "
ကျွန်တော်က ဒိုင်ယာရီထဲရေးထားသည့် သူလေး (၈) ကဗျာ၏ စာမျက်နှာကို ဆုတ်ပြီး သူ့ကိုကမ်းပေးလိုက်လျှင် သူက လှမ်းယူပြီး အသံထွက်၍ ရွတ်ဆိုနေသည်။
"သူလေး (၈)"
နှစ်တွေကား အလီလီပြောင်းလဲလို့
ရက်ကြွေးတွေလည်း ဟောင်းနွမ်းသွားခဲ့။
ကျွန်တော့မျက်လုံးမှာတော့ သူလေးက
အလှမပျက် အနုမပျက်နဲ့။
ကျွန်တော့ အတွေးထဲမှာလည်း
သူလေး အနုကြမ်းစီးဝင်မြဲ။
တကယ်ပါ ...
သူလေးကို ကျွန်တော် မေ့ရခက်နေဆဲ။
ယျာတင် (ရိုဟင်းသား)
"တကယ် မိုက်တယ်ဗျာ ... ခင်ဗျာ စာရေးဆရာ လုပ်စားလို့ရပြီ ... စာရေးဆရာ လုပ်ဗျာ ..."
သူက ကျွန်တော့ကို အကွက်ကောင်းကောင်းနှင့် မြှောက်ထိုးပင့်ကော် လုပ်နေသည်။
"ဟားဟား ... ခင်ဗျားက ကျုပ်ကို ငမွဲဖြစ်စေချင်နေပြီနဲ့ တူတယ် ... "
"ဘာဆိုင်လို့တုန်း ... စာရေးတာနဲ့ ငမွဲ ဖြစ်ရတာ ဘာဆက်စပ်မှု ရှိတာတုန်း ...."
သူက မကျေမနပ်သံဖြင့် မေးခွန်းထုတ်သည်။
"တစ်နေ့က ဆရာကြီး မြသန်းတင့်ရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်ဗျာ ... ပီမိုးနင်းတို့ အင်္ဂလိပ် စာရေးဆရာကြီး အော်လစ်ဗာဂိုးစမစ်တို့ကို ဥပမာပေးပြီး ပြောသွားတာလေ ... တကယ့် စာရေးဆရာကြီးတွေက ဘဝအဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်တဲ့ ... အဲ့လို အဆင်မပြေမှုတွေကပဲ သူတို့ကို ခံစားချက်တွေ ဖြစ်စေပြီး စာကောင်းပေကောင်းတွေ ထွက်လာစေတတ်တာတဲ့ ... ဟားဟား ... ကျုပ်လည်း သေချာမသိဘူးဗျာ ... ဖတ်မိတာလေး ပြောပြတာပါ ..."
သူက သက်ပြင်းရှည်တစ်ခုကို ချပြီး တစ်ခုခုပြောရန် အားယူလိုက်သည်။ ပြီးလျှင် ......။
သူ ဆက်ပြီး ဘာတွေပြောခဲ့သနည်း။ သူဘယ်အချိန် ပြန်သွားခဲ့သနည်း။ ကျွန်တော် မမှတ်မိတော့။ နေအတော်မြင့်မှ ကျွန်တော် မနက်အိပ်ရာက နိုးလာတော့သည်။
ဪ ... ဟိုလူနှင့် စကားပြောရင်း ညက ကျွန်တော် အိပ်ပျော်သွားသည်ကိုး။