မောင်တောတွင် ရိုဟင်ဂျာများကို ရိုက်နှက်၍ NVC ထုတ်ပေး၊ အမျိုးသားမှတ်ပုံတင် ရှိသူများကိုလည်း အတင်းအဓမ္မ ထုတ်ပေးနေ
RB News
11.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသခံရိုဟင်ဂျာများကို ကိုယ်ထိလက်ရောက် ရိုက်နှက် ထိုးကြိတ်၍ NVC ထုတ်ပေးခြင်း၊ အမျိုးသားမှတ်ပုံတင် ရှိသူများကိုပင် အတင်းအဓမ္မ NVC ထုတ်ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် (မြို့မ အလယ်ရပ်ကွက်) မှ စီအာန်ဂျီမောင်းသူ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအစ္စမိုင်လ် သည် ရွှေဇားကျေးရွာသို့ ယာဉ်အငှားလိုက်ပြီးနောက် နေအိမ်သို့ ပြန်လာနေစဉ် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာရှိ ကျောင်းတွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စခန်းချ၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို အတင်းအဓမ္မ NVC ထုတ်ပေးသည့် လ.၀.က ၀န်ထမ်းများ နှင့် နယ်ခြားစောင့်ရဲများက ရပ်တန့်ခိုင်းပြီး အတင်းအဓမ္မ NVC ကဒ် လက်ခံရန် ပြောဆိုခဲ့သည်။ မာမတ်ဇူဘိုင်ရ်က NVC မယူနိုင်ဟု ငြင်းဆိုသဖြင့် ၎င်းအား ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်၍ မောင်တေ လ.၀.က ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်း၏ ဖခင်ဖြစ်သူ ဦးအစ္စမိုင်လ် ကို အကြောင်းကြားခဲ့သည်။
ဖခင်ဖြစ်သူ ရောက်လာသည့် အချိန်တွင် ၎င်းအား NVC ထုတ်ပေးထားသည့် အပြင် ဖခင်ဖြစ်သူကိုလည်း NVC လက်ခံရန် ပြောရာ ဖခင်ဖြစ်သူက မိမိသည် အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ ဖြစ်သောကြောင့် NVC လက်ခံရန် မလိုအပ်ဟု ဆိုကာ ငြင်းဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ဂုံးနားရွာရှိ ကျောင်းတွင် စခန်းချ၍ NVC ထုတ်ပေးနေသည့် လ.၀.က ၀န်ထမ်းများနှင့် နယ်ခြားစောင့်ရဲများသည် တွေ့ရှိသမျှ ရိုဟင်ဂျာများနှင့် ဟိန္ဒူများကို ခေါ်၍ အတင်းအဓမ္မ ဓါတ်ပုံရိုက်ကာ NVC ထုတ်ပေးသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ အိမ်ထောင်စု လူဦးရေ စာရင်းပင် မတောင်းဘဲ နာမည်မေးကာ ထုတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဇန်န၀ါရီလ (၉) ရက်နေ့မှစ၍ အတင်းအဓမ္မ NVC ထုတ်ပေးသည့် အဖွဲ့သည် ရွှေဇားတံတားကို ပိတ်ဆို့၍ မြို့ပေါ်သို့ ဈေးဝယ်ရန်၊ ဆေးကုသရန်နှင့် အခြားကိစ္စများအတွက် လာရောက်သူများကို ရပ်တန့်ခိုင်းပြီး ရာဇ၀တ်မှု ကျူးလွန်သူများကို ဖမ်းဆီးသကဲ့သို့ ဖမ်းဆီးသည့် ပုံစံဖြင့် ထိုင်စောင့်ခိုင်းကာ ၂၀ ဦး သို့မဟုတ် ၃၀ ဦး ပြည့်လျှင် မြို့နယ် လ.၀.က ရုံးသို့ အစောင့်အကြပ်များဖြင့် စေလွှတ်၍ အတင်းအဓမ္မ NVC ယူခိုင်းကြောင်း၊ မယူဟု ငြင်းဆိုသူများ၊ အမျိုးသားမှတ်ပုံတင်ရှိ၍ မယူနိုင်ဟု ပြောဆိုသူများကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။