နောက်ဆုံးသတင်း/ဆောင်းပါးများ
MYARF
RB News
16.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ယာဉ်ထိန်း ဒုရဲအုပ် တစ်ဦးက ဆိုင်ကယ် တက္ကစီ သမားများ ထံမှ နည်းအမျိုးမျိုးဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ်မှ ယာဉ်ထိန်း ဒုရဲအုပ် တစ်ဦးက ဆိုင်ကယ် တက္ကစီ သမားများကို သုံးယောက်စီးသည်၊ ဦးထုပ် မဆောင်း၊ ဘီးခွန်မရှိ၊ ဆိုင်ကယ်မောင်း လိုင်စင်မပါဟု အမျိုးမျိုး လုပ်ကြံ ဖန်တီးမှုများ ပြုလုပ်ပြီး ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
လွန်ခဲ့သည့် ၁၀ ရက် အတွက် ဆိုင်ကယ် တက္ကစီ သမား (၆) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သိရသည်။ ငွေညှစ်ခံရသူ များမှာ --
(၁) ဦးမိုဟာမတ် ရော်ဖိတ် -- ကကျက်ဘက် ကျေးရွာမှ -- ညှစ်ခံရသည့် ငွေကျပ် ၂၈၀၀၀
(၂) ဦးအေဆန်အုလ္လာ -- ကကျက်ဘက် ကျေးရွာမှ
(၃) ဦးရာမတ်ကာယာစ် -- ကကျက်ဘက် ကျေးရွာမှ
(၄) ဦးအာဘူဆီဒိခ် -- မြောင်းနား ကျေးရွာမှ
(၅) ဦးအာရော်ဖ်အုလ္လာ -- မြောင်းနား ကျေးရွာမှ
(၆) ဦးမောင်စုရ်အာလမ် -- စိမ်းညှင်းပြာ ကျေးရွာမှ -- တို့ဖြစ်သည်။
MYARF
RB News
16.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက ဗလီများတွင် တစ်ကြိမ် တရားဟောလျှင် ငွေကျပ် တစ်သောင်းနှင့် ၀တ်ပြုရန် (အာဇာန်) ဖိတ်ခေါ်လျှင် တစ်နေ့ ငွေကျပ် တစ်ထောင် ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) မှ ၎င်းကျေးရွာ အတွင်းရှိ ဗလီ ဂေါပက များနှင့် ဗလီဆရာ များကို ဆင့်ခေါ်၍ “မင်းတို့ ဘာကြောင့် အသံချဲ့စက် သုံးပြီး အာဇာန် (၀တ်ပြုရန် ဖိတ်ခေါ်ခြင်း) ဆိုတာလဲ၊ တရားဟော တာလဲ၊ ဘယ်သူ ခွင့်ပြုထားလို့လဲ” ဟု မေးမြန်းရာ ဂေါပက တစ်ဦးက မိမိတို့ အနေဖြင့် နာရေး အသိပေး ကြေညာခြင်းနှင့် ဆွဲ၊တင်၊စစ် အတွက် အသိပေး ကြေညာခြင်းမှ အပ အခြား ကိစ္စများတွင် အသံချဲ့စက် အသုံးပြုခြင်း မရှိဟု ဖြေကြားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများက ဂေါပက များကို နောက်နောင် အသံချဲ့စက် မသုံးပါဟု ၀န်ခံကတိ လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
တစ်ဖန် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် စခန်းအမှတ် (၁၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦး အပါအ၀င် နယ်ခြားစောင့် ရဲတပ်သား (၄) ဦးတို့သည် မြောတောင် ကျေးရွာသို့ သွားရောက်ပြီး ဗလီဆရာများကို အသံချဲ့စက် မသုံးပါဟု လက်မှတ် ရေးထိုးခိုင်းခဲ့သည်။
နယ်ခြားစောင့် ရဲများက အကယ်၍ အသံကျယ်စက် သုံးလိုလျှင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် ယူ၍ အသုံးပြုနိုင်မည် ဖြစ်ပြီး တစ်ကြိမ် တရားဟောလျှင် ငွေကျပ် တစ်သောင်း၊ အာဇာန် (၀တ်ပြုရန် ဖိတ်ခေါ်ခြင်း) အတွက် တစ်နေ့လျှင် ငွေကျပ် တစ်ထောင်စီ ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
MYARF
RB News
16.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ရွာမှ ဒေသခံ တစ်ဦးကို ရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများက ရခိုင် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာမှ ဆိုင်ကယ် တက္ကစီသမား တစ်ဦး ဖြစ်သည့် ဦးဟာရှိမ်း (ဘ) ဦးနူရူဟောက် (အသက် ၃၂ နှစ်) ကို လွန်ခဲ့သည့် တစ်လကျော်က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက ရခိုင် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ခြောက်သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် တစ်ပတ်ခန့် အကြာတွင် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငွေကျပ် ငါးသောင်း တောင်းခဲ့သော်လည်း ဦးဟာရှိမ်းက မပေးခဲ့သောကြောင့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဆိုင်ကယ် တက္ကစီ ဆွဲနေစဉ် နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးဟာရှိမ်းသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ နယ်ခြားစောင့် ရဲများသည် ဆိုင်ကယ် တက္ကစီ သမားများထံမှ အပတ်စဉ် ဆက်ကြေး အဖြစ် ငွေကျပ် ၂၀၀၀ စီ ကောက်ခံလျက် ရှိပြီး၊ ၎င်းတို့ ကိုယ်တိုင် မကောက်ခံဘဲ ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးအီဆုဖ် (ဘ) ဦးအာဘူလ်ဟာရှိမ်းနှင့် ဦးဟာလာမျာ (ဘ) ဦးနူရ်အာမီးန် တို့ကို ကောက်ခံရန် တာဝန်ပေး ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
16.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်းကျေးရွာ အုပ်စု ဒုတန်း (၁) မှ ဒေသခံ လူငယ် တစ်ဦးကို ကားတစ်စီးက တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွား ခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူကို ဥပဒေအရ အရေးယူခြင်း မရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဒုတန်း (၁) မှ အာမီးရ်ဟူစိန်း (ဘ) ဦးရှာလောမ် (အသက် ၁၈ နှစ်) သည် ထင်းခုတ်ရန် တောင်ပေါ်သို့ သွားနေစဉ် ဖရုံချောင်း ရခိုင်ရွာတွင် စခန်းချ၍ ကျောက်သယ်သည့် GE ဆောက်လုပ်ရေးတပ်မှ ယာဉ်နံပါတ် MDY 71.9156 က တိုက်မိခဲ့ပြီး၊ ယာဉ်တိုက်ခံရသူ အာမီးရ်ဟူစိန်းမှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ ယာဉ်မောင်း ဖြစ်သူမှာ ရခိုင်လူမျိုး တစ်ဦး ဖြစ်ပြီး၊ ဒေသခံ ရွာသားများက ၀ိုင်းဝန်း၍ ဖမ်းဆီးထား ခဲ့သော်လည်း ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သန်းဌေးက ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ရန် မပြုလုပ်ဘဲ လွှတ်ပေးလိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
သေဆုံးသူ၏ အလောင်းကို ဘူးသီးတောင် မြို့နယ် ပြည်သူ့ ဆေးရုံသို့ သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။ သေဆုံး သွားသူ၏ မိသားစုမှာ အလွန်ဆင်းရဲပြီး၊ သားအဖ နှစ်ဦး ထင်းခုတ် ရောင်းချ၍ မိသားစု စားဝတ်နေရေး ဖြေရှင်း နေခြင်း ဖြစ်သည်ဟု ဆိုသည်။
RB News
15.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ကျီးနှုတ်သီး ကျေးရွာ၊ ရပ်ကွက် (၁၃) အတွင်းသို့ ဓါးပြများ ၀င်ရောက်ပြီး ပစ္စည်းများ လုယက်သည့် အပြင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ လူငယ်နှစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ကျီးနှုတ်သီး ကျေးရွာ၊ ရပ်ကွက် (၁၃) အတွင်းသို့ ဓါးပြ (၄၀) ဦးခန့် လက်နက်များ ကိုင်ဆောင်၍ ၀င်ရောက်လာခဲ့ပြီး၊ ဦးအဒူဂေါ်နီ၏ အိမ်သို့ ၀င်ရောက်ပြီး ရွှေ၊ ငွေများ တောင်းသည့်အခါ ဦးအဒူဂေါ်နီက မပေးသဖြင့် သေနတ်ဖြင့် ၎င်း၏ ခြေထောက်ကို ဓါးပြ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ထို့နောက် ဦးအဒူဂေါ်နီ၏ သားဖြစ်သူ န၀မတန်း ကျောင်းသား ရာမောဒ်အုလ္လာ၏ ရင်ဘတ်တည့်တည့်ကို သေနတ်ဖြင့် ဆက်လက် ပစ်ခတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ တဖန် ဦးအဒူဂေါ်နီ၏ သားဖြစ်သူ ဘာသာရေး ပညာ ဆည်းပူးနေသည့် ဟာဖီးဇ် ကျောင်းသား အေနာမ်အုလ္လာ ကိုလည်း ဓါးပြများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေနတ် ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဓါးပြများက ဦးအဒူဂေါ်နီ၏ နေအိမ်မှ ရွှေငွေများ လုယက် ပြီးနောက် ဦးဘာဆာမျာ (ဘ) ဦးအာဘူလ်ဟူဆောင်း၏ နေအိမ်မှ ရွှေ၊ ငွေများ လုယက်ခဲ့သည်ဟု ဆိုသည်။
ဓါးပြတိုက်ခံရသည့် နေအိမ်များ အနီးတွင် တပ်ဖွဲ့ဝင် အင်အား (၂၀) ရှိသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ဓါးပြ (၄၀) ဦး ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်၍ သတ်ဖြတ် လုယက်နေသည်ကို သိလျက်နဲ့ ဒေသခံ ပြည်သူများကို ကာကွယ် ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
ယခုကဲ့သို့ ဓါးပြများ ၀င်ရောက် လုယက် သတ်ဖြတ် ခဲ့သည်ကို နယ်ခြားစောင့် ရဲများ သိလျက်နဲ့ အကာအကွယ် မပေးခြင်း အတွက် ဒေသခံများက နယ်ခြားစောင့် ရဲများနှင့် ဓါးပြများ ပူးပေါင်း ကြံစည်ခြင်း ဖြစ်နိုင်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပေါ် အယုံအကြည် လုံးဝ မရှိဟု ဆိုသည်။ ယခင် န.စ.က လက်ထက်ကလည်း ယခုကဲ့သို့ ဓါးပြများ သောင်းကျန်းခဲ့ပြီး၊ န.စ.က တပ်ဖွဲ့ဝင် များက ကာကွယ် ပေးခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ လုံခြုံရေး တာဝန်ယူရသည့် လက်နက်ကိုင်များက ကာကွယ် မပေးသည့် အပြင် အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ယခင် န.စ.က ပြုလုပ်သည့် အတိုင်း ပြုလုပ်မည်ကို စိုးရိမ်လျက် ရှိကြောင်း၊ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းမှ ရဲမှူးကြီးက ယခု ဓါးပြမှုကို စုံစမ်း ဖော်ထုတ်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
15.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ အုပ်ချုပ်ရေး အာဏာပိုင်များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် လ.၀.က တို့က ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များ၊ ခရိုင် လ.၀.က ဒုညွန်ကြားရေးမှူး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် အလယ်သံကျော်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး တို့သည် ဇော်မတက် ကျေးရွာရှိ ကျောင်း၌ ကံပူး၊ အလယ်သံကျော်၊ အလယ်သံကျော် ကညင်းတန်း၊ ချိန်ခါလီ၊ သံဒါ၊ ၀ါးချ၊ ဇော်မတတ်၊ ပညောင်ပင်ကြီး၊ သရေကုန်တန်း စသော ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဗလီရှေ့ဆောင် ဆရာများ စသည်တို့ကို အစည်းအဝေး ခေါ်ယူခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ ရဲမှူးချုပ် တင်ကိုကိုက ရိုဟင်ဂျာ လူမျိုး ဆိုသည်မှာ ဤနိုင်ငံတွင် ယခင်ကလည်း မရှိခဲ့၊ ယခုလည်း မရှိကြောင်း၊ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို ဆက်လက် မသုံးစွဲရန်၊ အကယ်၍ သုံးစွဲပါက ဒုက္ခရောက်မည်ဟု ကြမ်းတမ်း ပြောဆို၍ ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးက လုံခြုံရေးနှင့် ပတ်သက်၍ ပြောကြားပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ဥပဒေကို လေးစား လိုက်နာရန်၊ အာဏာပိုင်များ ညွန်ကြားထားသည့် အတိုင်း အေးဆေးစွာ နေထိုင်ရန် ပြောကြားခဲ့သည်။ ၎င်းက ဥပဒေကို လေးစားလိုက်နာလျှင် ဦးရာဇတ်ကဲ့သို့ နိုင်ငံတော် အဆင့်ထိ ပါဝင်ခွင့်ရမည်ဟု ပြောကြားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
နောက်ဆုံးတွင် လ.၀.က ဒုညွန်ကြားရေးမှူးက ယာယီ သက်သေခံ ကဒ်ပြားများ ရုတ်သိမ်းခြင်းမှာ ဒေသခံများ သွားလာရေး ခက်ခဲသွားစေရန် အတွက်သာ ဖြစ်ပြီး၊ ယခုအခါ ယာယီကဒ်များဖြင့် သွားလာရေး အဆင်ပြေနေသည့် အတွက် နိုင်ငံသားကဒ်များ လျှောက်ထားခြင်း မရှိကြောင်း၊ နိုင်ငံတော်၏ အမိန့်ကို မနာခံကြကြောင်း၊ ထို့ကြောင့် ဒေသခံများထံမှ ယာယီကဒ်များ ရုတ်သိမ်းခြင်း ဖြစ်ကြောင်း၊ သွားလာရေး ခက်ခဲလာလျှင် နိုင်ငံသား အတွက် လျှောက်ရမည် ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ ဟိန္ဒူလူမျိုးများကို နိုင်ငံသားပြုကဒ် အစိမ်းကဒ်များ ပေးသကဲ့သို့ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ယခု တစ်ကြိမ်တွင် မည်သူမှ ငြင်း၍ ရမည် မဟုတ်ကြောင်း၊ အကယ်၍ ငြင်းလျှင် ဥပဒေအရ ထိရောက်စွာ အရေးယူခြင်း ခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်း အာဏာပိုင် အဖွဲ့သည် ဂေါ်ဒူသာရ ကျေးရွာသို့ သွားရောက်ပြီး ရွာသားများကို အစည်းအဝေး ခေါ်ယူခဲ့သော်လည်း ရွာသားများ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ဂေါ်ဒူသာရ ကျေးရွာတွင် နေ့လည်စာ စားသုံးပြီး နေ့လည် ၂း၄၅ နာရီ အချိန်တွင် ဘဂုံးနား (တပ်ဦးချောင်း) သို့ သွားရောက်ပြီး ကျောင်း၌ အစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေး တွင်လည်း ဇော်မတက်တွင် ပြောကြားခဲ့သည့် အတိုင်း ပြောကြားခဲ့ပြီး၊ နေ့လည် ၃း၃၀ နာရီတွင် အစည်းအဝေး ရုပ်သိမ်းခဲ့သည်။ လ.၀.က ဒုညွန်ကြားရေးမှူးက ဖြည့်စွက်၍ ဘင်္ဂလီ အခေါ်ခံရလျှင်လည်း ဘင်္ဂလားဒေ့ရှ်သို့ ပို့ခံရမည် မဟုတ်ကြောင်း၊ ဤနိုင်ငံတွင်သာ ဆက်လက် နေထိုင်ခွင့် ရမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင်လည်း ရခိုင်များ ရှိကြောင်း၊ ၎င်းတို့ကိုလည်း ရခိုင်ဟုသာ ခေါ်ကြပြီး ရခိုင်ပြည်နယ်သို့ နှင်ထုတ်ခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်သာ နေထိုင်စေကြောင်း၊ ယခု ဤနိုင်ငံရှိ ဘင်္ဂလီများလည်း ထိုကဲ့သို့ပင် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
RB News
14.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် အိမ်ထောင်သည် အမျိုးသား တစ်ဦးကို မုဆိုးမ တစ်ဦး၏ သမီးဖြင့် အတင်း အဓမ္မ လက်ထပ်ခိုင်းပြီး ငွေညှစ်နေသည့် အပြင် ခြိမ်းခြောက်မှုများပါ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ကိုနူရ်ဟူစိန်း (အသက် ၂၇ နှစ်) သည် ၂၀၁၂ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး၊ ၎င်းအား ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက တစ်ရပ်ကွက်တည်း နေထိုင်သူ မုဆိုးမ တစ်ဦး ဖြစ်သည့် ဒေါ်တော်ယိုဘာ၏ သမီး ဖြစ်သူ မရော်ဂျီယာကို လက်မထပ်ပါက တရားခံ အဖြစ် သတ်မှတ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးမောင်လှိုင်စိုးက မုဆိုးမ ဖြစ်သူ ဒေါ်တော်ယိုဘာ ထံမှ သမီးဖြစ်သူ မရော်ဂျီယာ အား လက်ထပ်ပေးရန် အတွက်ဟု ဆိုကာ ငွေကျပ် ၂၅၀၀၀ ယူခဲ့ပြီး၊ တစ်ဖန် ငွေကျပ် ၂ သိန်း ထပ်မံ၍ တောင်းခံရာ၊ မုဆိုးမ သားအမိက ဦးမောင်လှိုင်စိုး၏ အန္တရာယ်ကို ကြောက်ရွံ၍ ငွေကျပ် ၁ သိန်း ပေးခဲ့ရကြောင်း သိရသည်။ သို့သော်လည်း ဦးမောင်လှိုင်စိုးက မုဆိုးမ သားအမိကို ကျန်သည့် ငွေကျပ် ၁ သိန်းကို မပေးပါက ထောင်ချမည်ဟု ပြောဆိုလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ကိုနူရ်ဟူးစိန်သည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည့် အတွက် နောက်ထပ် အိမ်ထောင် မပြုလိုသော်လည်း ဦးမောင်လှိုင်စိုး၏ ခြိမ်းခြောက်မှုကြောင့် မရော်ဂျီယာကို လက်ထပ်ယူခဲ့ရပြီး၊ ထပ်မံ၍ ခြိမ်းခြောက်မှုကြောင့် ယခုအခါ မိမိနေရပ်ကို စွန့်ခွာ၍ အခြား ရပ်ကွက်တစ်ခုတွင် ပုန်းအောင်း နေရသည်ဟု ဆိုသည်။
ဦးမောင်လှိုင်စိုးသည် မိသားစု နှစ်စုကို အကွက်ဆင်၍ ငွေကျပ် ၂၂၅၀၀၀ ညှစ်ယူခဲ့သည့် အပြင် ယခုအခါ အာဏာပိုင်များ လာရောက် ဖမ်းဆီးပါက ၎င်းနှင့် မသက်ဆိုင်ကြောင်း ပြောဆိုလျက် ရှိပြီး၊ ၎င်းသည် ယခုကဲ့သို့ ပြဿနာများ ဖန်တီး၍ ငွေညှစ်နေသည်မှာ နှစ်အတော်ကြာ နေပြီ ဖြစ်သော်လည်း အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မပြုလုပ်ကြောင်း၊ လမ်းသွားလမ်းလာ များကို အကြောင်းမဲ့ တုတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းများကို မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
Rohingya Eye
RB News
14.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ အချို့သည် နေအိမ်များ ဆောက်လုပ်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ ခွင့်ပြုမိန့်များ ရရှိခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ (ဒါရ်ဂွာဖာရာ) မှ ဦးနူရူဟောက် (ဘ) ဦးနူရ်အာမတ် (အသက် ၂၉ နှစ်) သည် နေအိမ် ဆောက်လုပ်ရန် အတွက် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးနှင့် သက်ဆိုင်ရာ ဌာန အသီးသီးမှ ခွင့်ပြုမိန့် ရရှိရန် ငွေကျပ် ၁၀ သိန်း အကုန်အကျ ခံ၍ ရယူခဲ့သည်။ ၎င်းသည် ဌာနဆိုင်ရာ များမှ ခွင့်ပြုချက် ရရှိပြီးနောက် အိမ်ဆောက်ရန် သစ်များ စုဆောင်းလျက် ရှိရာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၁၁ နာရီ ကျော် အချိန်တွင် အမှတ် (၆) နယ်မြေမှ နယ်ခြားစောင့်ရဲ (၁၂) ဦး ရောက်ရှိလာပြီး သစ်များကို စစ်ဆေး၍ နောက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးသို့ လာရောက်၍ ပြောဆိုပြီး ပြန်လည် ထွက်ခွာ သွားခဲ့သည်။
ဦးနူရူဟောက်သည် နယ်ခြားစောင့် ရဲများ ခေါ်သည့် အတိုင်း ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်သည့် အခါ နယ်မြေမှူးက “ငါ့ကို ဘာလို့ အကြောင်း မကြားတာလဲ၊ မင်းအိမ်ဆောက်ရင် ငါ့ကို အသိပေးရမယ်” ဟု ပြစ်တင် ပြောဆိုပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အလားတူ ယင်းနေ့တွင် မော်လ၀ီ ဟာဖီးဇ် အာမတ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ နယ်ခြားစောင့် ရဲများ သွားရောက်ပြီး သစ်များ စုဆောင်း နေသည်ကို တွေ့ရှိသဖြင့် နယ်မြေရုံးသို့ ဆင့်ခေါ်ကာ ငွေညှစ်ခဲ့သည်။
ယခင် န.စ.က လက်ထက်တွင်လည်း သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုချက် ယူရသည့် အပြင် သက်ဆိုင်ရာ နယ်မြေ စခန်းများကို ငွေပေးမှသာ ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး၊ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ကလည်း ယခင် န.စ.က မှ ပြုလုပ်ခဲ့သည့် အတိုင်း ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
MYARF
RB News
14.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် သတင်းတပ်ဖွဲ့နှင့် သင်္ဘောကွဲ ကျေးရွာရှိ နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အထူး သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်ဇင်နှင့် ပွဲစား ဖြစ်သူ ဈေးကုန်တန်း ရွာမှ ဇိုင်တူး (ဘ) ဦးတာဟဲရ် တို့သည် လေယာဉ်ကွင်း ရွာရှိ ဦးမာလဲခ် (ဘ) ဦးဆုလ်တာန်၏ ဆေးဆိုင်သို့ သွားရောက်၍ အကြောင်းမဲ့ ငွေတောင်းရာ ဆိုင်ရှင်ဖြစ်သူက ငွေတောင်းရာခြင်း အကြောင်းကို မေးမြန်းရာ ဒုရဲအုပ် အောင်ကျော်ဇင်က “မင်း ကုလားဖြစ်လို့ ပေးရတာ” ဟုဆိုကာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ခြိမ်းခြောက်ပြီး ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများသည် ၎င်းကျေးရွာမှ အာရဗီ ကျောင်းသားများ ဖြစ်သည့် ဆုလ်တာန် (ဘ) ဦးဆာလေနှင့် ဆော်ယာဒ်အာလမ် (ဘ) ဦးရော်ဟီမူလ္လာ တို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဆင့်ခေါ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဆုလ်တာန် ထံမှ ငွေကျပ် ၄ သောင်းနှင့် ဆော်ယာဒ်အာလမ် ထံမှ ငွေကျပ် ၈ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ၎င်းရွာမှ အာရဗီ ကျောင်းသား (၄) ဦးဖြစ်သည့် ကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ်၊ မော်ဂျိတ်အုလ္လာ (ဘ) ဦးအာဇီဇူရာမန်၊ ဇီယာဘူရာမန် (ဘ) ဦးဆိဒိတ်ခ် နှင့် ရော်ရှိတ်ဒူလ္လာ (ဘ) ဦးဘော်ဆိရ်အာမတ် တို့ကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ဆင့်ခေါ် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
RB News
14.2.2015
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အောက်နန်းရာ ရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို ဆွဲ၊တင်၊စစ် တွင် မပါဝင်သည်ကို အကြောင်းပြ၍ ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ရသေ့တောင် မြို့နယ် အောက်နန်းရာရွာ (ရာဇဘီလ်) မှ ဒေသခံ (၁၀) ဦးကို ဆွဲ၊တင်၊စစ် တွင် မပါဝင်ဟု ဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏ ပွဲစားများ ဖြစ်သော ဦးဇော်မိလ်အာမတ်နှင့် ဦးမုစ်တာရ်အာမတ် (ဘ) ဦးမော်တူလ်ဟူဆောင်း တို့ ညီအစ်ကို နှစ်ဦးတို့ ပူးပေါင်း၍ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်သည့် အပြင် ဘာသာရေး ဆရာ မော်လ၀ီ များကို မုတ်ဆိတ် ရိတ်ခိုင်းခြင်း အထိ ပြုလုပ်၍ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဖမ်းဆီးထားသူ များကို ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာရှိ နယ်မြေစခန်းတွင် ချုပ်နှောင် ထားကြောင်း သိရသည်။
ဖမ်းဆီးခံရထားသူ များမှာ --
(၁) မော်လ၀ီ အဒူရှုကူရ် (ဘ) ဦးအိုဘိုင်ဒူလ်ဟောက်
(၂) ဆရာ အာမီးန် (ဘ) ဦးဟူစိန်း
(၃) ဦးလီယာကောဒ်အလီ (ဘ) ဦးအဒူဆော်လာမ်
(၄) မော်လ၀ီ ဦးအာတာအုလ္လာ (ဘ) ဦးဒူဒူမျာ
(၅) မော်လ၀ီ ဦးအီဆုဖ်ဇော်လာလ် (ဘ) ဦးကာလူ
(၆) မော်လ၀ီ မာမတ်အလီ (ဘ) ဦးဟာဖီးဇ်အာမတ်
(၇) ဦးဘော်နီအာမီးန် (ဘ) ဦးအာယုပ်
(၈) ဦးအီမာန်ဟူစိန်း (ဘ) ဦးဖူရူခ်အာမတ်
(၉) ဦးအဒူဆော်လာမ် (ဘ) ဦးလာလ်မျာ
(၁၀) ဆရာမော်တော်လော်ဖ် (ဘ) ဦးမိုဟာမတ် -- တို့ဖြစ်သည်။
ဒေသခံများက ယခုကဲ့သို့ ဆွဲ၊တင်၊စစ် ပြုလုပ်နေခြင်းသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမိန့်ဖြင့် ပြုလုပ်လျက် ရှိပြီး၊ နိုင်ငံတော် သမ္မတ၏ အမိန့်၊ လွှတ်တော်၏ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပါဘဲ လက်နက်ဖြင့် သြဇာ အာဏာသုံး၍ မတရားသဖြင့် ပါဝင်စေခိုင်းခြင်းကြောင့် လုံးဝ ပါဝင်မည် မဟုတ်ဟု ဆိုသည်။ အကယ်၍ နိုင်ငံတော်မှ တရားဝင် အမိန့် ပြဌာန်းသည် ဆိုပါက ပါဝင်ရန် ဆန္ဒရှိကြသော်လည်း ယခုကဲ့သို့ မတရားသဖြင့် ငွေကြေး ကောက်ခံ၍ အတင်းအဓမ္မ ပြုလုပ်နေခြင်းကို နိုင်ငံတော် အကြီးအကဲများက အမြန်ဆုံး ဟန့်တား ပေးရန် လိုအပ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရိုဟင်ဂျာ လူမျိုး တစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ ညှဉ်းပန်း နှိပ်စက်နေခြင်းကို ရပ်တန့် ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။
RB News
14.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကွန်တိုင် ကျေးရွာရှိ ဒေသခံများက ဆွဲ၊တင်၊စစ် တွင် ပါဝင်လိုသည့် ဆန္ဒ မရှိသော်လည်း အတင်း အဓမ္မ ဖမ်းဆီး ခြိမ်းခြောက်၍ ပါဝင်ခိုင်းခြင်းများ အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အမှတ် (၉) နယ်မြေ စခန်း အမှတ် (၂၁) လေးမြို့ ကြာညိုပြင် စခန်းမှ ဆွဲ၊တင်၊စစ် စစ်ဆေးရန် ကွန်တိုင် ကျေးရွာသို့ လာရောက်ခဲ့သည်။ ကွန်တိုင် ကျေးရွာမှ ဒေသခံများက စစ်ဆေးခံရန် ဆန္ဒမရှိသောကြောင့် ဆွဲ၊တင်၊စစ် အဖွဲ့က စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဒေသခံ ရွာသားများ လုံးဝ ပါဝင်ခြင်း မရှိသဖြင့် ဆွဲ၊တင်၊စစ် အဖွဲ့က လုပ်ငန်း ရုပ်သိမ်းပြီးနောက် စခန်း အမှတ် (၂၁) မှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ ၀င်ရောက်လာပြီး ရွာထဲတွင် သောင်းကျန်းခဲ့သည်ဟု ဆိုသည်။ စခန်းမှူးနှင့် အဖွဲ့ ရွာမှ ပြန်လည် ထွက်ခွာသွားချိန်တွင် သိမ်တောင်ရွာတွင် ပြုလုပ်နေသည့် စေ့စပ်ပွဲ တစ်ခုအတွင်းသို့ ၎င်းတို့ ၀င်ရောက်၍ ကွန်တိုင် ရွာသား နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကျန်းမာရေး လုပ်သား ဦးမာမတ်ဆော်ယာဒ် (ဘ) ဦးကာမာလ် နှင့် ဦးကာလာမျာ (ဘ) ဦးအာဘူဟူဆောင်း တို့ဖြစ်ပြီး ၎င်းတို့ကို ဖေဖော်ဝါရီ (၁၅) ရက်နေ့ ဆွဲ၊တင်၊စစ် တွင် ပါဝင်ပါမည်ဟု လက်မှတ် ရေးထိုးခိုင်းပြီး အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဆွဲ၊တင်၊စစ် စစ်ဆေးသည့် မ.က.ဖ အဖွဲ့က ငွေကောက်ခံမှု မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး များက မွေးတိုး၊ ပယ်ဖျက်၊ နိုင်ငံခြားထွက်၊ လက်ထပ်ခွင့်၊ ခရီးလွန်၊ အပြောင်းအရွှေ့ များကို အကြောင်းပြပြီး အဆမတန် ငွေညှစ်လျက် ရှိရာ အတွင်းငှက်သေ ကျေးရွာမှ ငွေကျပ် သိန်း ၁၀၀၊ ဦးလှဖေရွာမှ ငွေကျပ် သိန်း ၆၀၊ ရွက်ညိုတောင်ရွာမှ ငွေကျပ် သိန်း ၇၀ တို့ကို အုပ်ချုပ်ရေးမှူး များက ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ငွေကြေး အဆမတန် ကောက်ခံခြင်းကြောင့် ဒေသခံများက ပါဝင်လိုသည့် ဆန္ဒ မရှိဟု ဆိုသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက သိရှိသော်လည်း အရေးယူ ဟန့်တားခြင်း မရှိဟု ဒေသခံများက ပြောပါသည်။
ဒေါ်ခင်မျိုးသက်
14.2.2015
မြန်မာနိုင်ငံက ယာယီ သက်သေခံ လက်မှတ် white card တွေဟာ မတ်လကုန်မှာ သက်တမ်း ကုန်မှာမို့ မေလကုန် နောက်ဆုံး ထား ပြန်လည် အပ်နှံဖို့ မြန်မာ အစိုးရ ရဲ့ ကြေညာချက်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ် တခုလို့ အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။ ဒီလို ပြန်လည် အပ်နှံခိုင်းတာ အတွက် ကုလသမဂ္ဂ အနေနဲ့ စိုးရိမ်မှု ရှိတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံက White card လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ်တွေ အတွက် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မယ်လို့ နိုင်ငံတော် သမ္မတ ရုံးက ကြေညာချက်နဲ့ ပါတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို အမေရိကန် အစိုးရက စောင့်ကြည့်နေမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန အရှေ့တောင် အာရှ ရေးရာဌနခွဲ တာဝန်ခံ တဦးက VOA ကိုပြောပါတယ်။
"ဒီကြေညာချက်နဲ့ ပါတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့် သွားမှာပါ။ မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုတွေ အတွက် အမေရိကန် အစိုးရက စိုးရိမ် စိတ်ပူကြောင်း ထပ်တလဲလဲ ပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကန့်သတ်မှု တွေဟာ ရိုဟင်ဂျာ တွေကို သက်ရောက်မှု ရှိနေပြီး ဒီအထဲမှာ နိုင်ငံသားဖြစ်မှု၊ ခွဲခြား ဆက်ဆံမှုနဲ့ ခရီးသွား ကန့်သတ်မှုတွေ ပါဝင်နေတာပါ။"
အခုကြေညာချက် ကနေ White card ကိုင်ဆောင်သူတွေ အတွက် ရပိုင်ခွင့် ပိတ်ပင် လိုက်တာဟာ မြန်မာနိုင်ငံ ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်မယ် ဆိုတဲ့ အာဏာပိုင် တွေရဲ့ ကတိပေးချက်နဲ့ ဆန့်ကျင် နေတယ် လို့လည်း ပြောပါတယ်။
"အခုလို white card ကိုင်ဆောင်သူတွေရဲ ရပိုင်ခွင့်ကို ငြင်းပယ်ဖို့ လုပ်ဆောင်တဲ့ ခြေလှမ်းတွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နိုင်ငံသားတိုင်း အတွက် နိုင်ငံတွင်း ဥပဒေတွေနဲ့ရော နိုင်ငံတကာ စံနှုံးတွေနဲ့ အညီပါ အကာ အကွယ် ပေးဖို့ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရစေမယ် ဆိုတဲ့ မြန်မာ အစိုးရရဲ့ ကတိပေး ချက်တွေနဲ့ ဆန့်ကျင်နေ ပါတယ်။"
ကုလသမဂ္ဂ ကလည်း ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Vijay Nambia ကိုယ်တိုင် အနီးကပ် စောင့်ကြည့် နေပါတယ်လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောကြား ခဲ့ပါတယ်။
"ယာယီ သက်သေခံ ကပ်ပြား ကိုင်ဆောင်သူတွေကို သူတို့ရဲ့ ကပ်ပြားတွေ ပြန်အပ်ဖို့ လိုတယ်ဆိုတဲ့ ပြောကြားချက် တွေနဲ့ ပါတ်သက်ပြီး ကျွန်တော်တို့ အထူးစိုးရိမ် စိတ်ပူပါတယ်။ မစ္စတာ နမ်ဘီးယား က ဒီကိစ္စနဲ့ ပါတ်သက်ပြိး အနီးကပ် စောင့်ကြည့်နေ သလို ဒီကြေညာချက်က ဘာကို ဆိုလိုတယ် ဆိုတာနဲ့ မြန်မာ အစိုးရ အရင်တုန်းက ကတိပေး ခဲ့တာတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာတွေကို အသေးစိတ် သိရအောင် ကြိုးစား နေပါတယ်။"
ဖေဖေါ်ဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတရုံး က ထုတ်ပြန်တဲ ကြေညာချက် ထဲမှာ လက်ရှိ white card ကိုင်ဆောင် ထားသူတွေရဲ့ ကဒ်ပြား အားလုံးဟာ ၂၀၁၅ မတ်လ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မှာမို့ မေလ ၃၁ ရက် နောက်ဆုံး ထားပြီး ပန်းရောင် နိုင်ငံသားကဒ် နဲ့ လာရောက် လဲလှယ်ကြ ရမယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို ပန်းရောင် နိုင်ငံသား ကဒ်ပြားရဖို့ အတွက်ဆိုရင် တည်ဆဲ နိုင်ငံသား စိစစ်ရေး ဥပဒေတွေ အရ စစ်ဆေးပြီး နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေနဲ့ ကိုက်ညီမှသာ ထုတ်ပေးမယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ အစိုးရက နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်ကို “မိုးပွင့် အထူးစီမံချက်” အနေနဲ့ အရှိန်မြှင့် ဆောင်ရွက် နေခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ဒီအထူး စီမံချက်ကို အကောင် အထည် ဖော်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုကြီးကြပ်မှု ကော်မီတီများက တဆင့် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာပါ။
အရင် စစ်အစိုးရ လက်ထက် တုန်းက White Card ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူတွေ အနေနဲ့ လူထု ဆန္ဒခံယူပွဲတွေ အပါအ၀င်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာပါ မဲပေးခွင့်ပေးခဲ့ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အဲဒီလို ဖော်ပြမထားပါဘူး။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လက်မှတ် ရေးထိုး လိုက်တဲ့ ဥပဒေမူကြမ်း အပေါ် အခြေအတင် ငြင်းခုန်မှုတွေ ဖြစ်ပွါးခဲ့တာပါ။
MYARF
RB News
12.2.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရေတွင်းပြင် ကျေးရွာမှ ပုဇွန်သားပေါက် ကိုယ်စားလှယ် ရရှိသူများက နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ပုဇွန်သားပေါက် လုပ်ငန်း လုပ်ကိုင်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိသောကြောင့် ဒေသခံများ စားဝတ်နေရေး အခက်ကြုံနေရကြောင်း သတင်း ရရှိပါသည်။
မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာမှ ဆယ်အိမ်မှူးများ ဖြစ်ကြသည့် ဦးကာမာလ် (ဘ) ဦးဘာရှားမျာနှင့် ဦးနူရ်အာလာမ် (ဘ) ဦးကာလူ တို့သည် ရေတွင်းပြင် ကျေးရွာတွင် ပုဇွန်သားပေါက် ရောင်းဝယ်ရန် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ဗျူဟာမှူး ထံမှ တစ်ဦးတည်း ကိုယ်စားလှယ် ရယူခဲ့သည်။ ထို့နောက် အဆိုပါ တစ်ဦးတည်း ကိုယ်စားလှယ် လုပ်ကိုင်ခွင့်ကို ဦးအီလီယာစ် (ဘ) ဦးဇော်ကိရ်၊ ဦးဆောယာဒ်နူရ် (ဘ) ဦးဖောရီဇူလ်ဟောက်၊ ဦးရှုနာမျာ (ဘ) ဦးဆောယာဒ်အာမတ် နှင့် အခြားတစ်ဦး တို့ကို ထပ်ဆင့် ရောင်းချခဲ့ကြောင်း သိရသည်။
ပုဇွန်သားပေါက် ကိုယ်စားလှယ် ထပ်ဆင့် ၀ယ်ယူသူများက ပုဇွန်သားပေါက် ရှာဖွေ ရောင်းချသူများထံမှ ၀ယ်ယူ၍ ၎င်းတို့ လုပ်ငန်းကို လည်ပတ်လျက် ရှိသော်လည်း ကနဦး ကိုယ်စားလှယ် ရရှိခဲ့သူ ဆယ်အိမ်မှူး နှစ်ဦးက ပုဇွန်သားပေါက် ရှာဖွေ ရောင်းချသူများထံမှ အကြောင်းမဲ့ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ဆယ်အိမ်မှူး နှစ်ဦး တောင်းခံသည့် ငွေကို မပေးပါက ရေတွင်းပြင် ချောင်းဝ (ပြူးမချောင်းဝ) စခန်းရှိ နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ပုဇွန်သားပေါက် ရှာဖွေသူများကို ဖမ်းဆီးခြင်း၊ ရှာထားသမျှ ပုဇွန်သားပေါက် များကို သိမ်းဆည်းခြင်း၊ ရိုက်နှက်ခြင်း၊ ပိုက်များ သိမ်းယူခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။
၎င်းတို့က ပုဇွန်သားပေါက် ဖမ်းကျားပိုက် တစ်ခု အတွက် ငွေကျပ် တစ်သောင်းနှင့် လက်တွန်း ပိုက်ငယ် တစ်ခု အတွက် ငွေကျပ် ၅၀၀၀ စီ ညှစ်ယူလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ငွေကျပ် တစ်သောင်းစီ ပေးရသည့် ကျားပိုက် သမား အချို့မှာ --
(၁) ဦးနူရ်မာမတ် (ဘ) ဦးကာလာမျာ
(၂) ဦးဆော်လိမ် (ဘ) ဦးဒူဒူမျာ
(၃) ဦးအာဘူလ်ကာလာမ် (ဘ) ဦးဆော်ယာဒ်အုလ္လာ
(၄) ဦးအာမာန်အုလ္လာ (ဘ) ဦးအာမီးရ်ဟူစိန်း
(၅) ဦးရှော်ဖိတ် (ဘ) ဦးအာလာမ်
(၆) ဦးရော်ဖိတ် (ဘ) ဦးဇီယာအုလ္လာ
(၇) ဦးနာဇီရ်ဟူစိန်း (ဘ) ဦးအီမာန်ဟူစိန်း -- တို့ဖြစ်သည်။
ရေတွင်းပြင် ကျေးရွာသား အများစုမှာ အလွန်ဆင်းရဲသူများ ဖြစ်ကြပြီး ရွာသား ၈၀% ကျော်မှာ ချောင်းကို မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ အဆိုပါ ဆယ်အိမ်မှူး နှစ်ဦးက နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ နှိပ်စက်လျက် ရှိနေသောကြောင့် ဆင်းရဲသည့် ဒေသခံများ လုပ်ကိုင်စားသောက်ရန် ချောင်းသို့ပင် မသွားနိုင် ဖြစ်နေသဖြင့် စားဝတ်နေရေး အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
12.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ အပြစ်မဲ့ ဒေသခံ (၃) ဦးကို ဖမ်းဆီး၍ ပျောက်ဆုံး နေသည့် ရဲတပ်ကြပ်ကြီးကို သတ်သူများ အဖြစ် ဖန်တီးရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၁၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဦးဆုလ်တာန်က အပြစ်မဲ့ ဒေသခံ (၃) ဦးဖြစ်သည့် ဦးအဒူမူနာဖ်၊ ဦးမာမတ်တာဟဲရ်နှင့် ဦးအာဂျီမူလ္လာ တို့ကို ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သတ်ဖြတ်သူများဟု မဟုတ်မမှန် စွပ်စွဲ၍ နယ်ခြားစောင့် ရဲများအား ဖမ်းဆီး စေခဲ့သည်။ ဖမ်းဆီးခံထားရသူ အပြစ်မဲ့ ဒေသခံ (၃) ဦးကို နယ်ခြားစောင့် ရဲများ အင်အား ၁၀၀ နီးပါးတို့က ဖေဖော်ဝါရီလ (၇) ရက်နေ့ ည (၇) နာရီအချိန်တွင် ဒုချီးရားတန်း ကျေးရွာသို့ ခေါ်ဆောင် လာခဲ့သည်။ ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲများသည် ဒုချီးရားတန်း သင်္ချိုင်းနှင့် မော်လ၀ီ အစ္စမိုင်လ်တို့၏ ဥယျာဉ်ခြံများသို့ သွားရောက်ပြီး ရှာဖွေမှုများ ပြုလုပ်၍ ရှုထောင့် အမျိုးမျိုးမှ ဓါတ်ပုံ အကြိမ်ကြိမ် ရိုက်၍ မှတ်တမ်းခဲ့သည်။ ထိုနေရာများတွင် ည ၁၂ နာရီ အချိန်ထိ စောင့်ဆိုင်း နေခဲ့ကြပြီး ည ၁၂ နာရီတွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
“ရွာသားတွေကတော့ ဘာတွေ ရှာတာလဲ၊ ရွာမှာ နောက်တစ်ကြိမ် ပြဿနာ ဖန်တီးဖို့ ကြံစည် နေတာလား အမျိုးမျိုး တွေးပြီး စိုးရိမ် နေကြတယ်။ ဖြစ်နိုင်တာက နယ်ခြားစောင့် ရဲတွေက အခု ဖမ်းထားတဲ့ လူ (၃) ယောက်ကို ညှဉ်းပန်း နှိပ်က်ပြီးတော့ ရဲတပ်ကြပ်ကြီးကို သတ်တယ် ဆိုပြီး အတင်း အဓမ္မ ၀န်ခံခိုင်းမယ်။ သူတို့ကလည်း ရိုက်နှက်တဲ့ ဒဏ်မခံနိုင်တော့ရင် သက်သာဖို့ အတွက် ဟုတ်တယ် ဆိုပြီး ၀န်ခံမယ်။ အဲဒီတော့ အဲဒီရဲကို မြှပ်ထားတဲ့ နေရာ ပြပေးဖို့ ဆိုပြီး ခေါ်လာတာ ဖြစ်နိုင်တယ်။ အတင်း အဓမ္မ ၀န်ခံခိုင်းတဲ့ အတွက် ၀န်ခံသူတွေကလည်း နှိပ်စက်တဲ့ ဒဏ်က သက်သာဖို့ ပြချင်ရာ ပြမယ်။ အဓိကကတော့ နိုင်ငံတကာကို လိမ်ဖို့နဲ့ ဒီရွာကို ဖျက်ဆီး ပစ်ဖို့ ကြိုးစားနေတယ်လို့ပဲ ထင်တယ်၊ အခုလည်း နောက်တစ်ကြိမ် မနှစ်ကလို ပြဿနာ ဖြစ်လာမှာကို အထူး စိုးရိမ် နေရတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။
MYARF
RB News
12.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာရှိ ဆေးဆိုင်များမှ နယ်ခြားစောင့် ရဲများက လစဉ်ကြေး ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာရှိ ဆေးဆိုင် (၃) ဆိုင်မှ နယ်ခြားစောင့် ရဲများက လစဉ်ကြေး တစ်သောင်းကျပ်စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ဆေးဆိုင်များမှာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တရားဝင် ထုတ်ပေးသော ခွင့်ပြုချက်ဖြင့် ဆေးရောင်း နေသည့်ဆိုင်များ ဖြစ်သော်လည်း နယ်ခြားစောင့် ရဲများက အာဏာ အလွဲသုံးစား ပြုလုပ်၍ အတင်း အဓမ္မ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။
ငွေကျပ် တစ်သောင်းစီ လစဉ်ကြေး ပေးနေရသည့် ဆေးဆိုင် ပိုင်ရှင်များမှာ --
(၁) ဦးရှိခ်အာမတ်
(၂) ဦးမာမတ်ဟူဆောင်း
(၃) ဦးဆော်လီမူလ္လာ -- တို့ဖြစ်သည်။
အလားတူ ယင်းရွာမှ ၀ါးရောင်း၍ အသက်မွေးဝမ်း ကျောင်းပြုနေသည့် မော်လ၀ီ အာဘူဆော်လာမ် ကိုလည်း ၀ါးရောင်းသည့် အတွက်ဟုဆိုကာ လစဉ်ကြေး ၅၀၀၀ ကျပ် ကောက်ခံခဲ့ပြီး လစဉ် ပုံမှန် ပေးရမည်ဟု နယ်ခြားစောင့် ရဲများက ပြောဆိုခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့် ရဲများက အဆိုပါ ဆေးဆိုင်များနှင့် ၀ါးရောင်းဝယ်သူ များကို ၎င်းတို့ တောင်းခံသည့် ငွေများကို မပေးပါက ရောင်းဝယ် ဖောက်ကားခွင့် ပိတ်ပင်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။
Rohingya Eye
RB News
12.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း (ဂေါ်ဇာမ်ဒီယား) ကျေးရွာရှိ မိသားစု တစ်စုထံမှ စ.ရ.ဖ၊ လူကုန်ကူးမှု အဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ငွေကျပ် ၃၁ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ (ဂေါ်ဇာမ်ဒီယား) ကျေးရွာမှ ဦးအလီဇူဟာရ်၏ ဇနီး ဒေါ်အာရာဖာခါတူ (ဘ) ဦးနူရူအစ္စလာမ် (အသက် ၄၆ နှစ်) အား ဇန်န၀ါရီလ (၂၅) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက တဖက် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေကျပ် ၁၇ သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ဒေါ်အာရာဖာခါတူ၏ သားဖြစ်သူ ဖေရုစ် (အသက် ၂၁ နှစ်) သည် အလယ်သံကျော် ဈေးသို့ သွားနေစဉ် အလယ်သံကျော် အခြေစိုက် စ.ရ.ဖ အဖွဲ့က ဖမ်းဆီး၍ မိခင် ဖြစ်သူ တဖက်နိုင်ငံသို့ သွားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တဖန် သုံးရက် အကြာတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင် ရဲအုပ်စံမင်းသည် ဒေါ်အာရာဖာခါတူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် (၈) သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ၏ မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်မှုသည် ကျေးရွာ အတွင်း ပြန့်နှံ့သွားပြီးနောက် စ.ရ.ဖ နှင့် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ကပါ အခွင့်ကောင်း ယူ၍ ထပ်ကာထပ်ကာ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အာရာဖာခါတူသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်း တဖက်နိုင်ငံသို့ မောင်တောမြို့နယ် အမှတ် (၁) အ၀င်/အထွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စစ်ဆေးရေး စခန်းမှ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် (၇) ရက် နေထိုင်ခွင့်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စ.ရ.ဖ နှင့် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ တို့မှ အာဏာ အလွဲသုံးစား ပြုလုပ်ပြီး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Rohingya Eye
RB News
12.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းက ငါးဖမ်းစက်လှေ များထံမှ အပတ်စဉ်ကြေး ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာသား အများစုမှာ ငါးဖမ်း လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုလျက်ရှိပြီး၊ ၎င်းလုပ်ငန်းသည် ဆင်းရဲသား အများစု မှီခို အားထားရသည့် လုပ်ငန်း တစ်ခု ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ များကို ဌာနဆိုင်ရာ အသီးသီးမှ မကြာခဏ အကြောင်းမဲ့ ငွေတောင်းခံခြင်း၊ ငါးဖမ်းသမားများကို အချိန်မတော် ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ နယ်ခြားစောင့် ရဲများက ငါးများ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့မှ စ၍ ဗျူဟာမှူးရွာ အခြေစိုက် တပ်မတော် စစ်စခန်းက ငါးဖမ်း စက်လှေများထံမှ တစ်ပတ်လျှင် ငွေကျပ် ၅၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အလယ်သံကျော်တွင် လူ ၅ မှ ၆ ဦးထိ တင်ဆောင် နိုင်သည့် ငါးဖမ်းစက်လှေ အစီး ၅၀ ကျော်ရှိပြီး၊ ဆင်းရဲသား အများစုမှာ ငါးဖမ်းစက်လှေ များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်သည်။
“ကျွန်တော်တို့ ဒီလုပ်ငန်းနဲ့ ကြီးပြင်းလာတယ်၊ အရင်က အနှောက်အယှက် မရှိခဲ့ဘူး၊ အခုလို တပတ်ကို ၅၀၀၀ စီ စစ်တပ်ကို ပေးနေရမယ် ဆိုရင် အခြားသော လုံခြုံရေး အဖွဲ့တွေကလည်း တောင်းဦးမှာဘဲ၊ အဲဒီတော့ ကျွန်တော်တို့ ဒုက္ခခံပြီး ရှာသမျှ သူတို့ကိုပေး၊ ကျွန်တော်တို့မှာ ဘာမှ ကျန်မှာ မဟုတ်ဘူး။ ကြာရင် ဒီလုပ်ငန်းလည်းပျက်၊ နောက်ဘာမှ လုပ်စရာကျန်မှာ မဟုတ်တော့ဘူး” ဟု ဒေသခံ တစ်ဦးက ၀မ်းနည်းစွာဖြင့် RB News သို့ပြောပါသည်။
MYARF
RB News
12.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲများသည် အပြစ်မဲ့ ဒေသခံ (၃) ဦးကို ဖမ်းဆီး၍ မဟုတ်မမှန် စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၁၁ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) (ယခင် အမှတ် ၆ နယ်မြေ) မှ နယ်ခြားစောင့် ရဲများသည် ကျောက်ပြင်ဆိပ် ကျေးရွာသို့ ၀င်ရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမုလ္လာ၊ နယ်ခြားစောင့် ရဲများ၏ ပွဲစားများ ဖြစ်သော ဦးဆော်လီမုလ္လာ (ဘ) ဦးယာစီးန် (ခ) ဆော်ဖုရူး၊ ဦးနော်ဘီဟူစိန်း (ဘ) ဦးဆုလ်တာန် တို့နှင့် အတူ ဦးအေကေရာမ် (ဘ) မော်လ၀ီ အာဘူဆော်လာမ်၊ ဦးဘော်ဆိရ်အာမတ် (ဘ) ဦးအစ္စမိုင်လ် (ခ) ဘေးဒူ နှင့် မော်လ၀ီ ရော်ဂျူလ်အာမီးန် (ဘ) ဦးနော်ဇိရ်အာမတ် တို့၏ နေအိမ် တံခါးများကို ဖျက်ဆီး၍ အိမ်များထဲသို့ ၀င်ရောက်ပြီး ၎င်းတို့ (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဖမ်းဆီးခဲ့သည့် အပြစ်မဲ့ ဒေသခံ (၃) ဦးကို နယ်ခြားစောင့် ရဲများ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမုလ္လာက အင်တာနက် ပေါ်သို့ သတင်း ပို့ပေးသူများဟု စွပ်စွဲပြီး ဇန်န၀ါရီလ (၁၂) ရက်နေ့က ဒေါ်အာရ်ဖာ ထံမှ ငွေကျပ် ၁၂ သိန်း ညှစ်ယူသည့် သတင်းကိုလည်း အင်တာနက် ပေါ်သို့ ပေးပို့ခဲ့သည်ဟု နယ်ခြားစောင့် ရဲများကို တင်ပြခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့် ရဲများက ဦးအေကေရာမ် ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူပြီး နံနက် ၉ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ မော်လ၀ီ ရော်ဂျူလ်အာမီးန်ကို တနေကုန် လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၇ သိန်း ညှစ်ယူ၍ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ အလားတူ ဦးဘော်ဆိရ်အာမတ် ထံမှလည်း ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မော်လ၀ီ ရော်ဂျူလ်အာမီးန်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့ ငွေကျပ် ၁၂ သိန်း ညှစ်ခံရသည့် ဒေါ်အာရ်ဖာ၏ ဆွေမျိုး ဖြစ်သောကြောင့် ငွေညှစ်ခံရသည့် အပြင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခြင်းကိုပါ ခံရသည်ဟု ဆိုသည်။
နယ်ခြားစောင့် ရဲများ၏ ပွဲစားဖြစ်သူ ဦးဆော်လီမုလ္လာသည် ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပေး၍ အပြစ်မဲ့ များကို နယ်ခြားစောင့် ရဲများအား ဖမ်းဆီးခိုင်းပြီး ငွေညှစ်ခိုင်း လေ့ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ယခင် န.စ.က လက်ထက်ကလည်း န.စ.က များ၏ ပွဲစား တစ်ဦး ဖြစ်ခဲ့ပြီး အမျိုးသား သစ္စာဖောက် လောက်ကောင် တစ်ကောင် အဖြစ်ဖြင့် လုပ်ကိုင် စားသောက် နေသူ ဖြစ်သည်ဟု ဆိုသည်။ ၎င်းအား ရွာသားများက အလွန် မကျေမနပ် ဖြစ်လျက် ရှိပြီး၊ ၎င်း၏ လုပ်ရပ်များ မရပ်တန့်ပါက ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက် လာလိမ့်မည်ဟု ရွာသားများက ပြောဆို နေကြကြောင်း သိရသည်။
(ဓါတ်ပုံ - ဧရာဝတီ)
12.2.2015
ယာယီ သက်သေခံ ကတ်ပြားတွေရဲ့သက်တမ်းဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်မှတ် ကိုင်ဆောင် ထားသူတွေ အနေနဲ့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လည် အပ်နှံဖို့ နိုင်ငံတော် သမ္မတက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
သမ္မတရဲ့ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်းက စုစည်း တင်ပြထားပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ ယာယီသက်သေ ခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိတယ်လို့ပါရှိတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို နိုင်ငံတော် သမ္မတက လက်ရှိမှာတော့ ယာယီလက်မှတ်ရေးထိုး အတည်ပြုပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ယာယီ အဲ့ဒီလက်မှတ်ကိုင်ဆောင်ထားသူတွေကို လာမယ့် မတ်လ ၃၁ ရက်နေ့ သက်တမ်းကုန် မယ်လို့ ကြေညာလိုက်တဲ့အတွက် သူတို့ဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့် မရှိတဲ့အနေအထားတွေ ဖြစ် လာပါတယ်။
မိုးပွင့်အထူစီမံချက်အဖြစ် တစ်နိုင်ငံလုံးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဆောင်ရွက် မှာ ဖြစ်တာကြောင့် ယာယီထုတ်ပေးထားတဲ့ သက်သေခံလက်မှတ်တွေကို ကုန်ဆုံးရက် သတ်မှတ်ပြီး သိမ်းဆည်း တာ ဖြစ်တယ်လို့ သမ္မတရဲ့ကြေညာချက်မှာ ပါရှိပါတယ်။
သမ္မတရဲ့ ကြေညာချက်အရဆိုရင် ယာယီသက်သေခံ လက်မှတ်ဆိုတာ မရှိတော့ပဲ ပြည်လူံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမှာပါတဲ့အချက်ဟာ အဓိပ္ပါယ်မရှိတော့ပါဘူး။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပဖြစ်ရင် လက်ရှိယာယီကိုင်ထားသူတွေအနေနဲ့ မဲပေးခွင့်ဆုံးရှုံးမယ့် အနေအထားရှိတယ်လို့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။
ဦးရွှေမောင်
နိုင်ငံသား စိစစ်ရေး ကတ်ပြား ပျောက်ရှသူတွေ၊ ပျက်စီးသူတွေ၊ အသက်မပြည့်သူတွေ လုပ်ငန်းဆောင်ရွက်တဲ့အခါ၊ ခရီးသွားလာတဲ့အခါ အဆင်ပြေအောင် ယာယီသဘောအဖြစ် အစိုးရက ယာယီသက်သေခံလက်မှတ် ထုတ်ပေး ထားတာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၆ဝ နီးပါး ယာယီလက်မှတ်သာ ကိုင်ဆောင်ထားသူတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။
ယာယီ သက်သေခံ လက်မှတ်အရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ဆောင်ရွက်ချက်အပေါ် အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးလှဆွေက သူ့အမြင်ကို အခုလိုပြောပါတယ်။
ဦးလှဆွေ
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံသားစိစစ်ရေးလက်မှတ် ရရှိဖို့အတွက် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေနဲ့အညီ စစ်ဆေးခံရမှာဖြစ် ပါတယ်။
သမ္မတအနေနဲ့ အခုလိုကြေညာချက် ထုတ်ပြန်လိုက်တာဟာ ဥပဒေနဲ့ညီညွတ်ပေမယ့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေမှာ နိုင်ငံသားဖြစ်ခွင့် မရနိုင်သူတွေပါဝင်ရင် သူတို့ကို ဘယ်လိုလုပ် ဆောင်ပေးသွားမယ် ဆိုတာ အသေအချာစီမံဖို့လိုတယ်လို့ တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောပါတယ်။
ဦးကိုနီ
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ၊ နည်းဥပဒေတွေအရ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို လက်မှတ်အပ်နှံပြီး ပြန်လည်စိစစ်တဲ့အခါ နိုင်ငံသားမဟုတ်သူတွေတွေ့ရှိရင် အဲ့ဒီသူတွေအတွက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အစိုးရက လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ဖွဲ့စည်း ပြီး ဆုံးဖြတ်သွားဖို့ရှိပါတယ်။
နိုင်ငံတော်သမ္မတက အခုလိုကြေညာချက် ထုတ်ပြန်တာဟာ ယာယီသက်သေခံလက်မှတ် အရေးကို ပြတ်ပြတ် သားသား ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ကပြောပါတယ်။
ဦးဇော်ဌေး
တစ်နိုင်ငံလုံးမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူအရေအတွက် ၁၅ သိန်းဝန်းကျင် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ခန့်မှန်းတွက်ဆပေမဲ့ အရေအတွက်အတိအကျ ထုတ်ပြန် ချက်မရှိပါဘူး။
ခန့်မှန်း ၁၅ သိန်းဝန်းကျင်မှာ ၁၁ သိန်းခန့်ဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ကျန် ၄ သိန်းကတော့ ဝ၊ကိုးကန့်စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေထိုင်ကြသူတွေလို့ တွက်ဆမှုတွေရှိပါတယ်။
(ဓါတ်ပုံ - ဧရာဝတီ)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၉ /၂၀၁၅
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)
ယာယီ သက်သေခံ လက်မှတ် သက်တမ်း သတ်မှတ်ခြင်းနှင့် သက်တမ်း ကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေး အစီအစဉ် ထုတ်ပြန်ကြေညာခြင်း
၁။ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်ခွင့် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီးနှင့် လက်တွဲဖော်ဆောင်သည့် နိုင်ငံသားနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် နိုင်ငံ၏ ရေရှည်အကျိုးကို ရည်ရွယ်၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ တို့ကို ပြဌာန်း ကျင့်သုံးခဲ့ပါသည်။
၂။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၃) ပါ ပြဌာန်းချက်တို့နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီသက်သေခံ လက်မှတ်များအား ထုတ်ပေးခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်အား မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်၍ ယာယီသက်သေခံလက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ သတ်မှတ်ပါသည်။
၃။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၄) ပါ ပြဌာန်းချက်နှင့်အညီ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်း၊ စိစစ်မှုခံယူခြင်း တို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ကြရမည်။ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းကို ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၎။ အထက်ပါလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (၁) နှင့် နည်းဥပဒေခွဲ (၃)၊ နည်းဥပဒေ ၂၉ ၊ နည်းဥပဒေခွဲ (၂) တို့ပါ ပြဌာန်းချက်များအရ နှင့် ပွင့်လင်းမြင်သာမှုရှိစေရေး၊ ညီညွှတ်မျှတမှု ရှိစေရေးတို့အတွက် မြို့နယ်မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်သမ္မတရုံးမှ မိုးပွင့်အထူးစီမံချက်တွင် ဖွဲ့စည်းပေးထားပြီးဖြစ်သော တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စု ကြီးကြပ်မှုကော်မတီများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ပါသည်။
၅။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(၁)ပါ ပြဌန်းချက်အရ မှတ်ပုံတင်အရာရှိချုပ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အားလည်းကောင်း၊ မြို့နယ်မှတ်ပုံတင်အရာရှိအဖြစ် သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးအား လည်းကောင်း တာဝန်ပေး အပ်ပါသည်။
၆။ ထို့အပြင် ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်း၍ ရဟန်းရှင်လူပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများ ရှိနေသည့်အတွက် ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြသည်။
Rohingya Eye
RB News
10.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာ စေတီပြင် ခွဆုံရှိ ဆေးဆိုင်များနှင့် လဘက်ရည်ဆိုင်များမှ ကျောက်လှေကား ကျေးရွာရှိ နယ်ခြားစောင့် ရဲများက လစဉ်ကြေး ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် ရွှေဇား ကျေးရွာ စေတီပြင် ခွဆုံရှိ ဆေးဆိုင်များနှင့် လဘက်ရည်ဆိုင် များက အမှတ် (၆) နယ်မြေ၊ ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက လစဉ်ကြေး ပေးရမည်ဟု အမိန့်ထုတ်ပြန် ခဲ့ပြီး လွန်ခဲ့သည် ဇန်န၀ါရီလကလည်း လစဉ်ကြေး ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အဆိုပါ ဆိုင်များသည် မြို့နယ် အခွန်ဦးစီးဌာနသို့ နှစ်စဉ် ၀င်ငွေခွန် ပေးဆောင်လျက် ရှိသည့် အပြင် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့လည်း လုပ်ငန်း လိုင်စင်ခွန်လည်း ပုံမှန် ပေးသွင်း၍ လုပ်ကိုင်နေသည့် ဆိုင်များ ဖြစ်သည်။ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အခွန်အခများကို ပေးဆောင် နေသည့်ကြားမှ ယခုကဲ့သို့ လက်နက်ကိုင် အာဏာပိုင်များက မတရားသဖြင့် ဆက်ကြေးကဲ့သို့ ကောက်ခံခြင်းကို ဆိုင်ရှင်များ အလွန် စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။
လစဉ်ကြေး တစ်သောင်းကျပ် စီပေးရသည့် လဘက်ရည်ဆိုင် ပိုင်ရှင်များမှာ --
(၁) ဦးဇူဘိုင်ရ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၂ နှစ်)
(၂) ဦးမိုဟာမတ်တော်ယုဖ် (ဘ) ဦးရော်ရှိတ် (အသက် ၄၅ နှစ်)
(၃) ဦးအေမာရာန် (ဘ) ဦးမာဆောင်း (အသက် ၂၈ နှစ်) တို့ဖြစ်ပြီး --
လစဉ်ကြေး ငွေကျပ် ၄၀၀၀ စီပေးရသည့် ဆေးဆိုင် ပိုင်ရှင်များမှာ --
(၁) ဦးမိုဟာမတ်အာယုဖ် (ဘ) ဦးမော်နီရ်အာမတ် (အသက် ၂၄ နှစ်)
(၂) ဦးအိဒိရီစ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၅ နှစ်)
(၃) ဦးမောင်ကြီး (အသက် ၂၆ နှစ်) -- တို့ဖြစ်သည်။
MYARF
RB News
10.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဂေါ်ဒူသာရ ကျေးရွာတွင် တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေးက အကြောင်းမဲ့ သေနတ် ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ပြီး၊ အပြစ်မဲ့ ဒေသခံ တစ်ဦးက ဖမ်းဆီးပြီးနောက် အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့် ရဲများသည် ကားတစ်စီးဖြင့် ဂေါ်ဒူသာရ ရွာမရှိ ဗလီခြံဝင်းထဲ ၀င်ရောက်ပြီး ဗလီထဲ၌ ၀တ်ပြုပြီး ထွက်လာသူများကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားခဲ့ရာ လူများ အော်ဟစ် ထွက်ပြေးခဲ့သော်လည်း မော်လ၀ီ ရှောမ်ရှု (ဘ) ဦးအဒူဆတာရ် (အသက် ၃၇ နှစ်) မှာ ထွက်မပြေးနိုင်သောကြောင့် အကြောင်းမဲ့ ဖမ်းဆီး ခံလိုက်ရသည်။ ဖမ်းဆီးခံရသူ မော်လ၀ီ ရှောမ်ရှုကို ယခုအချိန်ထိ ချုပ်နှောင်ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဗလီခြံဝင်းမှ လမ်းမပေါ်သို့ ထွက်လာပြီး မရပ်မနား သေနတ် ပစ်ဖောက်ခဲ့ပြီး၊ ကနဦးတွင် မိုးပေါ်ထောင်ပစ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် အထိတ်တလန့် ဖြစ်ပြီး ရွာအ၀င်ဝတွင် ရပ်နေကြသည့် လူအုပ်ထဲသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့က သေနတ်များ ပစ်ဖောက်ပြီးနောက် အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် ၃ မိုင်ရှိ တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူး များကို အကြောင်းကြားခဲ့သည်။ ထို့နောက် အင်အား ၁၀၀ ကျော်ရှိသည့် နယ်ခြားစောင့် ရဲများနှင့် တပ်မတော်သားများ ကား ၆ စီးဖြင့် ရောက်ရှိလာပြီး ညသန်းခေါင်ယံ တစ်နာရီထိ ရွာအတွင်း ကင်းလှည့်ခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်တွင် အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆဲဆို၍၊ နယ်ခြားစောင့် ရဲများမှာ တရားခံ ဖမ်းဆီးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ရွာသားများ အော်ဟစ်၍ တရားခံ မဖမ်းဆီး နိုင်သဖြင့် တရားခံများကို ရွာသားများက ဖမ်းဆီးပေးရမည်ဟု ပြောဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းက မည်သည့် တရားခံကို ရည်ညွန်းသည်ကို ပြောဆို မသွားဘဲ၊ ရဲမှူးငြိမ်းချမ်းအေး၏ ရမ်းကားမှုကို ကာကွယ်ရန် တမင် ပြောဆိုသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
ဖြစ်ချင်လိုက်တာ ………………
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
10.2.2015
လူသားတစ်ယောက်ပဲ အရိုင်းအစိုင်းကင်းမဲ့ခြင်းရဲ့အသီးအပွင့်တွေကို
မှီဝဲရင်း ... လွတ်လပ်ခြင်းရဲ့တောင်ပြန် လေညင်းတွေ ရှုရှိုက်နိုင်သူပဲ 
ဖြစ်ချင်လိုက်တာ ... ။
တောပန်းတစ်ခက်ပဲ 
အဂါရဝတရား ဆုပ်ကိုင်ထားတဲ့ ရမ်းကားသူလက်ပါးစေတို့ရဲ့ 
မာယာကျော့ကွင်းမှလွတ်မြောက်ရင်း ... သဒ္ဓါကြည်ဖြူ မေတ္တာဖြူတဲ့ 
လူသားတစ်တွေ အနမ်းခြွေတတ်တဲ့ပန်းပဲ ဖြစ်ချင်လိုက်တာ ... ။ 
ညမွှေးပန်းတစ်ပွင့်ပဲ 
ကျေးလက်မြို့ပြ၊ တဲသားတိုက်သား၊ မောင်ဖြူမောင်မဲ၊ ကျောသားရင်သား၊ 
သူမွဲသူကြွယ်၊ ပါဂျဲရိုးပိုင်ရှင်ခြေထောက်ရှင် စတဲ့ ဝိသေသလက္ခဏာတွေနဲ့ ခွဲခြားမောက်မာတတ်တဲ့ဦးရိုင်းတွေရဲ့ ဂန္ဓာရုံစက်အတွင်းက 
လွတ်မြောက်ရင်း ... နေရာတကာ ညီမျှခြင်းရေးတတ်တဲ့ ဦးယဉ်တွေရဲ့ 
အစေခံတန်းလျားမှာ ထုံသင်းမွှေးကြူနေတဲ့ပန်းတစ်ပွင့်ပဲ ဖြစ်ချင်လိုက်တာ ... ။
ဖယောင်းတိုင်လေးတစ်တိုင်ပဲ 
အမှောင်ထုမှာ နေပျော်တတ်တဲ့ငမိုက်သားမုဆိုးကောင်တွေရဲ့ 
ပြောက်ကျားဘောင်းဘီရှည်အိပ်ကပ်ထဲမှ လွတ်မြောက်ရင်း ... 
ကမ္ဘာတစ်ခွင်အလင်းဆောင်ဖို့ အားထုတ်ကြိုးပမ်းနေသူတွေရဲ့ 
စာကြည့်စားပွဲပိုင် ဖယောင်းတိုင်လေးတစ်တိုင်ပဲ ဖြစ်ချင်လိုက်တာ ... ။
အမေ့သားတစ်ယောက်ပဲ 
ဘဝမာရသွန်ပြိုင်ပွဲကြီးရဲ့ပန်းတိုင်ရောက်လုနီးနီး 
အရှုံးပေးလမ်းဖြတ်ထွက်သွားတဲ့သူတွေ၊ 
ချိုမြိန်တဲ့အသီးအပွင့်တွေဖူးပွင့်လုနီးနီး သည်းမခံဘဲ 
ယာခင်းဖျက်ဆီးတတ်တဲ့သူတွေရဲ့ ဖော်ရွေမှုမှ ကင်းဝေးရင်း ... 
ပန်းတိုင်ဆီရှေ့ချီတက်နေတဲ့ အားမာန်ပြည့်ပုရွက်ဆိတ်ကလေးတွေကို ချီးကျူးအားပေးလက်ဆင့်ကမ်းထောက်ပံ့သူအမေ့သားတစ်ယောက်ပဲ 
ဖြစ်ချင်လိုက်တာ ... ။
RB News
10.2.2015
RFA မြန်မာပိုင်းမှ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) ၏ အာရှ ညွန်ကြားရေးမှူး Mr Brad Adams ကို တွေ့ဆုံ မေးမြန်းထားသည်။ Brad Adams က နေပြည်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်က ဦးသိန်းစိန် ကိုယ်တိုင် ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းကို သုံးနှုန်းခဲ့ကြောင်း ထည့်သွင်း ပြောကြားထားသည်။
MYARF
RB News
9.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ်ကို သတ်သည်ဟု စွပ်စွဲခံရသည့် တရားခံကို ညောင်ချောင်း ကျေးရွာသို့ ခေါ်ဆောင်လာပြီး အခင်းဖြစ်ပွားမှု သရုပ်ဖော် မှတ်တမ်း ဓါတ်ပုံ ရိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၂း၁၅ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် (ဘ) ဦးတာန်ဒူး (အသက် ၂၃ နှစ်) တို့ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့်ထိုးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ်နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် တို့သည် ထိုအချိန်တွင် နယ်ခြားစောင့် ရဲများနှင့် ရွာအတွင်း ကင်းလှည့်၍ ပြန်လာနေစဉ် ဦးဇော်ကိရ်၏အိမ်နှင့် မနီးမဝေးသို့ ရောက်ရှိချိန်တွင် အမည်မသိ လူနှစ်ဦးက ၎င်းတို့နှစ်ဦးကို ဓါးဖြင့် ထိုး၍ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ကိရ်ကို ဓါးဖြင့်ထိုးခဲ့သူအား ကိုယ်ရံတော် ဖြစ်သူ ဦးဇူဘိုင်ရ်က အမည် ပြောဆိုနိုင်ခဲ့ခြင်းကြောင့် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပဒင်းကျေးရွာသားများက ဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံခဲ့သည်။ အပ်နှံသူများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ငွေကျပ် ၅ သိန်း ဆုချီးမြှင့်မည်ဟု ပြောဆိုခဲ့သော်လည်း ငွေကျပ် ၂ သိန်း ဆုချီးမြှင့် ခဲ့ကြောင်း သိရသည်။ တရားခံ စွပ်စွဲခံရသူ အေရှာဒူလ္လာကို ဖမ်းဆီးပြီးနောက် ထွက်ပြေး သွားသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ 
ယနေ့ ဖေဖော်ဝါရီ (၉) ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် (၃) မိုင်ရှိ စခန်းမှူး ရဲအုပ်သက်ကိုကိုနှင့် နယ်ခြားစောင့်ရဲ (၇) ဦးတို့သည် ၎င်းတို့၏ ကားဖြင့် တရားခံ စွပ်စွဲခံရသူ အေရှာဒူလ္လာ အား ညောင်ချောင်း ကျေးရွာသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် အေရှာဒူလ္လာကို ကျေးရွာ တာဝန်ခံ အသတ်ခံရသည့် နေရာသို့ ခေါ်ဆောင်လာပြီး ဓား၊ လှံများ ကိုင်ဆောင်ခိုင်း၍ သရုပ်ဖော် မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ဤလူသတ်မှုနှင့် ပတ်သက်၍ ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦးကိုလည်း ဖမ်းဆီး ထားကြောင်း သိရသည်။ ကျေးရွာသားများက ဤကဲ့သို့ ရွာထဲသို့ ခေါ်ဆောင်လာပြီး သရုပ်ဖော် ဓါတ်ပုံ မှတ်တမ်း ရိုက်ကူးခြင်းနှင့် ပတ်သက်၍ အမျိုးမျိုး ထင်မြင် ယူဆချက်များ ပေးလျက် ရှိပြီး အချို့က မီဒီယာတွင် သတင်း ဖော်ပြရန်ဟု ယူဆလျက် ရှိသော်လည်း အချို့က စိတ်ဓါတ် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ပြခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိသည်။
Rohingya Eye
RB News
9.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦးက အပြစ်မဲ့ ဒေသခံ နှစ်ဦး ထံမှ ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦးက ဦးရှုကူရ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၂၅ နှစ်) နှင့် ဦးဇီယာဘူရာမန် (ဘ) မော်လ၀ီ အဒူဆလာမ် (အသက် ၃၀ နှစ်) တို့ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ ဦးရှုကူရ်၏ အစ်ကို ဖြစ်သူ ဦးနူလ်မာလ်ဟာကိမ်းသည် ကျီးကန်းပြင်နှင့် နွားရုံတောင် ကျေးရွာ ကြားလမ်းတွင် ဆိုင်ကယ် မောင်းနှင်နေစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး၊ ဆိုင်ကယ် တိမ်းမှောက်မှုကို အကြောင်းပြ၍ ငွေညှစ်ရန် လိုက်ရှာသော်လည်း မတွေ့ရှိသဖြင့် ညီဖြစ်သူနှင့် အခြားတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 
ဖမ်းဆီးခံရသူ နှစ်ဦးကို ယင်းနေ့ ညနေ (၆) နာရီတွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ဦးဇီယာဘူရာမန်သည် ဇင်ပိုင်ညှာ ကျေးရွာသား တစ်ဦး ဖြစ်ပြီး ဦးရှုကူရ်၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မတရားသဖြင့် ဖမ်းဆီးခြင်းကို ခံရပြီး ငွေညှစ်ခံရခြင်း ဖြစ်သည်။
Rohingya Eye
RB News
9.2.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်ခြားစောင့် ရဲများ၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲစခန်းမှူးနှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်မှ ဦးဒိလ်မိုဟာမတ် (ဘ) ဦးအူမောရ်မျာ (အသက် ၃၅ နှစ်) နှင့် ဦးအာမတ်ဟူဆောင်း (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၄၅ နှစ်) တို့သည် ချောင်းတွင် ငါးဖမ်းရန် သွားနေစဉ် ရဲအောင်ချောင်းရှိ နယ်ခြားစောင့် ရဲများက ချောင်းဝ ကင်းစခန်း အနီးမှ ဖမ်းဆီးလိုက်ပြီး ငွေကျပ် နှစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ပုဇွန်ကန် ပိုင်ရှင်များ၊ ငါးဖမ်းသမား များကို ခြံစည်းရိုး ကျော်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လေ့ ရှိပြီး လွန်ခဲ့သည့် အပတ်ကလည်း သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေရုံးတွင် ခြံစည်းရိုး ကျော်၍ ငါးဖမ်းခွင့် ပေးမည်ဟုဆိုကာ ငါးဖမ်းသမားများထံမှ ငွေကျပ် ၂၀၀၀ စီ ယူကာ မှတ်ပုံတင်ခိုင်း ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။
ဖေဖော်ဝါရီလ (၈) ရက်နေ့ ည ၁၀ နာရီတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချေနှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲတပ်ဖွဲ့မှ စခန်းမှူးတို့ ပူးပေါင်း၍ အမှတ် (၂) ရပ်ကွက်ရှိ အဘားစ် (ဘ) ဦးဆွေယာဒ်နူးရ် (အသက် ၂၀ နှစ်) နှင့် ၎င်း၏ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသည့် ဦးအာဇီးဇ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၄၀ နှစ်) တို့ကို အကြောင်းမဲ့ ဖမ်းဆီး၍ တောင်ကြားထဲသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ကွမ်းယာဆိုင်မှ ပစ္စည်းအချို့ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။ 
တစ်ဖန် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူး တို့သည် ဦးဟာဘီရောန် (ဘ) ဦးမူဘာရက်အလီ (အသက် ၇၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပြီး ဥပဒေမဲ့ ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း တရားမ၀င် လုပ်ငန်း လုပ်ကိုင်နေသည်ဟု မတရားသဖြင့် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၂ သိန်း လုယက် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးမောင်မောင်ချေသည် အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်သော်လည်း ရဲစခန်းမှူးနှင့် ပူးပေါင်း၍ အခြားသော ကျေးရွာ၊ ရပ်ကွက်များသို့ ၀င်ရောက်၍ ဒေသခံများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။
ငါတို့သည်​ မြန်​မာ့တိုင်းရင်းသား
ရေးသားသူ - ယျာတင်​ (MYARF)
RB ကဗျာ
9.2.2015
နိုင်​ငံသား၏ အမြင့်​မားဆုံး
မဲ​ပေးပိုင်​ခွင့် အခွင့်​အ​ရေး 
ငါတို့ ​ခေတ်​အဆက်​ဆက်​​ တကယ်​ရရှိခဲ့သည်​။
နိုင်​ငံအကျိုး​ဆောင်​ရွက်​နိုင်​ဖို့ ပြည်​သူ့အမတ်​များ 
ခေတ်​အဆက်​ခက်​ ​တကယ်​တင်​​မြောက်​နိုင်​ခဲ့သည်​။
သို့​သော်​လည်းပဲ 
နာဇီစိတ်​ထား လူမျိုးကြီးဝါဒ 
ပိုင်​စိုးထားတဲ့ တစ်​ချို့လူက 
မြန်​မာ့သမိုင်း စာမျက်​နှာမှာ 
အခိုင်​အမာရှိနှင့်​​နေတဲ့ ရာဇာဝင်​မှန်​ကို 
ပြောင်းပြန်​လှန်​ဖို့ ကြိုးစားခဲ့​သေးသည်​။
သို့​ရာသို့​စေ 
သမိုင်း​မှန်​ကို အ​မှောင်​ချဖို့ 
ကြိုးစားသူခဲ့သူ မှန်​သမျှသည်​ 
တရားမျှတမှု​ရှေ့​မှောက်​ လက်​​မြှောက်​ရ​မြဲပင်​။ 
နောင်​တစ်​ချိန်​မှာလည်း သမိုင်းတရာခံသာဖြစ်​မည်​ပင်​။
ပြည်​သူတို့၏ အခွင့်မဟာ 
ဆုံးရှုံးရဖို့ ကိန်းဆိုက်​​နေခါ 
လူနည်းစုလည်း ငါတို့မမူ 
မ​ကြောက်​မရွံ့ ဇွဲမ​လျှော့ဘဲ 
ဥပ​ဒေ​ဘောင်​ထဲက ငြိမ်းချမ်းစွာ 
ခေါင်း​မော့ရင်​​မော့ တိုက်​ပွဲဝင်​လို့ 
အခွင့်​မဟာ တို့ထိန်းသိမ်းမည်​။ 
ငါတို့သည်​ မြန်​မာနိုင်​ငံသား 
ငါတို့သည်​ မြန်​မာ့တိုင်းရင်းသားပဲမဟုတ်ပါလား။
MYARF
RB News
9.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဂေါ်ဒူသာရ ဗလီအနီးမှ ရပ်၍ သေနတ်များ အဆက်အပြတ် ပစ်ဖောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ ည ၈ နာရီ ကျော် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့် ရဲများသည် ကားတစ်စီးဖြင့် ဂေါ်ဒူသာရ ရွာမရှိ ဗလီခြံဝင်းထဲ ၀င်ရောက်ပြီး ဗလီထဲ၌ ၀တ်ပြုပြီး ထွက်လာသူများကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားခဲ့ရာ လူများ အော်ဟစ် ထွက်ပြေးခဲ့သော်လည်း မော်လ၀ီ ရှောမ်ရှု (ဘ) ဦးအဒူဆတာရ် (အသက် ၃၇ နှစ်) မှာ ထွက်မပြေးနိုင်သောကြောင့် အကြောင်းမဲ့ ဖမ်းဆီး ခံလိုက်ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့နောက် ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဗလီခြံဝင်းမှ လမ်းမပေါ်သို့ ထွက်လာပြီး မရပ်မနား သေနတ် ပစ်ဖောက်လျက် ရှိကြောင်း၊ ရွာသားများ အားလုံး အထိတ်တလန့်ဖြင့် ရွာအ၀င်တွင် ရပ်နေကြကြောင်း၊ ကနဦးတွင် သေနတ်ကို မိုးပေါ်ထောင် ပစ်သော်လည်း၊ ယခုအခါ လူအုပ်ထဲသို့ တည့်တည့် ပစ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
ရဲမှူး ငြိမ်းချမ်းအေးသည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်သူ တစ်ဦး ဖြစ်ပြီး၊ လွန်ခဲ့သည့် ရက်ပိုင်းက ၎င်း၏ WY စာတမ်းပါ မူးယစ်ဆေးများကို ဖွဲရာရွာမှ ကလေးငယ်များ လယ်ကွင်းမှ ကောက်ရခဲ့သည်။
MYARF
RB News
8.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် စားဝတ်နေရေးနှင့် အလုပ်လက်မဲ့ ပြဿနာ များကြောင့် မလေးရှားနိုင်ငံသို့ နေ့စဉ် ထွက်ခွာလျက် ရှိပြီး၊ မလေးရှားနိုင်ငံသို့ သွားနေသည့် ကျောက်တော်မှ ဒေသခံ ၁၅ ဦးကို ဘူးသီးတောင် မြို့တွင် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ကျောက်တော်မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ အလုပ်လက်မဲ့ ဖြစ်နေရခြင်းများနှင့် ရင်ဆိုင်နေရသဖြင့် အန္တရာယ် ပေါင်းစုံကို မမှုဘဲ စက်လှေများဖြင့် မလေးရှား နိုင်ငံသို့ နေ့စဉ် ထွက်ခွာလျက် ရှိသည်ဟု သိရသည်။ လူပွဲစားများ၏ လိမ်လည် ရောင်းစားခြင်း၊ လမ်းတ၀က်တွင် အစာရေစာ ငတ်ပြတ်၍ သေဆုံးခြင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်တို့၏ ဖမ်းဆီးခံရခြင်း၊ ရေနစ် သေဆုံးခြင်း၊ ထိုင်းနိုင်ငံတွင် ရောင်းစားခံရခြင်း စသည့် အန္တရာယ် ပေါင်းစုံကို မမှုဘဲ ထွက်ခွာနေသည်ဟု ဘူးသီးတောင် မြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
လွန်ခဲ့သည့် ၁၅ ရက်ခန့်က ကျောက်တော်မြို့နယ်မှ ဦးမာမတ်နူရ် (အသက် ၆၀ နှစ်) ဦးဆောင်သည့် ကျောက်တော်မှ ဒေသခံ (၁၅) ဦးသည် မလေးရှားနိုင်ငံသို့ မောင်တောမြို့မှ တဆင့် စက်လှေဖြင့် ထွက်ခွာရန် လာစဉ် ဘူးသီးတောင် မြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ (၁၅) ဦးတွင် အသက် (၆၀) ကျော် သက်ကြီး ရွယ်အိုများနှင့် အရွယ် မရောက်သေးသည့် မိန်းကလေး တစ်ဦးလည်း ပါဝင်သည်။ အရွယ် မရောက်သေးသည့် မိန်းကလေးကို ကျောက်တော်မြို့နယ် ပိုက်သည်ရွာရှိ မိဘများ၏ နေရပ်သို့ ပြန်လည် ပို့လိုက်သော်လည်း ကျန် ၁၄ ဦးမှ ဦးမာမတ်နူရ် အပါအ၀င် သက်ကြီးရွယ်အို နှစ်ဦးကို ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ ချမှတ်လိုက်ပြီး၊ ကျန်သည့် ၁၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကာ ဘူးသီးထောင် အကျဉ်းထောင်တွင် ချုပ်နှောင် ထားကြောင်း သိရသည်။
Rohingya Exodus