နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
8.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် လွန်ခဲ့သည့်လက နေပြည်တော်သို့ ဆင့်ခေါ်ခံရပြီးနောက် ရဲချုပ်ကို ငွေကျပ် သိန်း ၅၀၀ လာဘ်ထိုးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိပြီး၊ ၎င်း၏ ငွေညှစ်မှုများ ပြန်လည် စတင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၆) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ် မြတ်ထွေးနှင့် ရဲတပ်ဖွဲ့ (၁၀) ဦးတို့သည် အတွင်းငှက်သေ ကျေးရွာ အုပ်စု၊ ငှက်သေရွာမှ ဘူးသီးတောင် မြို့ပေါ်သို့ ဈေးဝယ်ရန် ရောက်ရှိလာသည့် ဦးဟာရှိမ်း (ဘ) ဦးအူမောရ်အလီနှင့် ဦးရှော်ရိဖ်အုလ္လာ (ဘ) ဦးဇာဖော်ရ်ဟူဆောင်း တို့ကို အကြောင်းမဲ့ ဖမ်းဆီး၍ မြို့မ ရဲစခန်းသို့ ခေါ်ဆောင် လာကာ ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် အဆိုပါ အပြစ်မဲ့ နှစ်ဦးဖြစ်သည့် ဦးဟာရှိမ်းထံမှ ငွေကျပ် ၁၀ သိန်းနှင့် ဦးရှော်ရိဖ်အုလ္လာ ထံမှ ငွေကျပ် ၁၁ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရဲအုပ်မြတ်ထွေးက ၎င်းတို့ နှစ်ဦးကို ကုလားများကို ကြိုက်သလို လုပ်နိုင်ကြောင်း၊ အထက်ကို တိုင်ကြားလျှင်လည်း မည်သူမှ အရေးယူမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ရဲအုပ်မြတ်ထွေးကို လွန်ခဲ့သည့်လက နေပြည်တော်သို့ စစ်ဆေးရန် ဆင့်ခေါ်ခဲ့သော်လည်း နေပြည်တော်တွင် ရဲချုပ်ကို ငွေကျပ် သိန်း ၅၀၀ လာဘ်ထိုး၍ ပြန်လာခဲ့သည်ဟု မြို့မရဲစခန်းမှ ရဲများက ပြောဆိုလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ၎င်း နေပြည်တော်သို့ သွားနေစဉ် အချိန်အတွင်းတွင် ဘူးသီးတောင် မြို့နယ်တွင် တည်ငြိမ် အေးချမ်း နေခဲ့ပြီး၊ ပြန်ရောက်သည့် အချိန်မှစ၍ အပြစ်မဲ့များကို ဖမ်းဆီး၍ ငွေညှစ်မှုများ ပြန်လည် စတင်လျက် ရှိသည်ဟု ဆိုသည်။ ၎င်းအနေဖြင့် ကုန်ခဲ့သည့် ငွေများ ပြန်ရှာရန် အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ရန် နည်းလမ်းသာ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

၎င်းသည် လိုင်စင်ရ ဓါးပြ ခေါင်းဆောင် တစ်ဦးကဲ့သို့ ဖြစ်နေပြီး၊ နေပြည်တော်သို့ လိပ်မူ၍ အကြိမ်ကြိမ် တိုင်ကြားသော်လည်း အကြီးအကဲများက အရေးယူ ဆောင်ရွက် မပေးကြောင်း၊ ၎င်း၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်မှုကြောင့် နယ်ပိုင်းမှ ဒေသခံများ မြို့ပေါ်သို့ ဈေးဝယ်ရန် မလာဝံ့တော့ကြောင်း၊ မြို့မ ရဲစခန်းသည် ငရဲပြည်ထက်ပင် ဆိုးရွားသည့် နေရာတစ်ခု ဖြစ်နေသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye & MYARF
RB News
7.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆွဲ၊တင်၊စစ် ဆက်လက် ပြုလုပ်လျက် ရှိပြီး၊ လာရောက် စစ်ဆေးသည့် အဖွဲ့က ငွေကြေး ကောက်ခံခြင်း မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး များက ငွေကြေး ကောက်ခံလျက် ရှိသည့် အပြင် နယ်ခြားစောင့်ရဲများက မလိုအပ်ဘဲ ဗီဒီယို ရိုက်ကူးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သူဦးလာ ကျေးရွာ (ကူးလားဘီးလ်) တွင် လူဦးရေ ၃၈၂၉ ဦးရှိပြီး၊ အိမ်ထောင်စု ၃၅၁ စု ရှိသည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့က အဆိုပါ ကျေးရွာသို့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိလာခဲ့ရာ၊ ဒေသခံ ပြည်သူများက မညှာမတာ ငွေကြေး ကောက်ခံမှုများကြောင့် မိမိတို့ အနေဖြင့် မိသားစု စားဝတ်နေရေးကြောင့် ပါဝင်နိုင်မည် မဟုတ်ကြောင်း၊ ကောက်ခံနေသည့် ငွေပမာဏမှာလည်း အဆမတန် ဖြစ်သည့် အတွက် ပါဝင်နိုင်မည် မဟုတ်ကြောင်း ဆွဲ၊တင်၊စစ် အဖွဲ့ ခေါင်းဆောင်ကို တင်ပြခဲ့သည်။ သို့သော်လည်း ဆွဲ၊တင်၊စစ် အဖွဲ့က ၎င်းတို့အနေဖြင့် စစ်ဆေး၍ ဓါတ်ပုံ ရိုက်သွားမည်သာ ဖြစ်ကြောင်း၊ မိမိတို့ကို ငွေကြေး တစ်စုံတစ်ရာ မကောက်ခံရန် အမိန့် ထုတ်ပြန်ထားကြောင်း၊ ယခု ငွေကြေး ကောက်ခံနေခြင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြင့်သာ သက်ဆိုင်ပါကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ ရှေ့မှောက်တွင်ပင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေကြေး ကောက်ခံခြင်းကို တားမြစ်ရန် တာဝန်ရှိသော်လည်း မတားမြစ်ဘဲ လျစ်လျူရှုထားသည်ကို ရွာသားများက ဝေဖန် ပြောဆိုလျက် ရှိကြသည်။

သူဦးလာ ကျေးရွာတွင် မွေးတိုး ၆၀၀၀ ကျပ်၊ ပယ်ဖျက် ၇၀၀၀ ကျပ်၊ ပြောင်းရွှေ့ ငွေကျပ် ၂၀၀၀၀ မှ ၄၀၀၀၀ ထိ အပြင် ဓါတ်ပုံရိုက်ခဟု ဆိုကာ ငွေကျပ် ၁၀၀၀ စီကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်က ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း အုန်းတော (ချိန်ခါလီ) ကျေးရွာတွင်လည်း ဆွဲ၊တင်၊စစ် စားစရိတ် ၂၀၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ ပယ်ဖျက် ၅၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၅၀၀၀ ကျပ်စီ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကောက်ခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့ အတွင်းတွင် ဘဂုံးနား ကျေးရွာ အုပ်စု နူရူလ္လာ ကျေးရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးစဉ် မ.က.ဖ မှအပ အခြားသော လုံခြုံရေး တာဝန်ကျသည့် နယ်ခြားစောင့် ရဲများသည် ဆွဲ၊တင်၊စစ် တွင် ပါဝင် စစ်ဆေးခံ နေသည့် မိသားစုများကို ဗီဒီယို ရိုက်ကူးခဲ့သည်။ အထူးသဖြင့် အမျိုးသမီးများကိုသာ ရိုက်ကူးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ဆွဲ၊တင်၊စစ် ၌ မည်သည့် အခါကမှ မှတ်တမ်းတင် ရိုက်ကူးခြင်း မရှိခဲ့ဘဲ ယခုကျမှ အမျိုးသမီးများကို အဓိက ပစ်မှတ်ထား၍ ရိုက်ကူးခြင်း အတွက် ညစ်ညမ်းသည့် ဗီဒီယိုများ ပြုလုပ်၍ ဖြန့်ချီမည်ကို ရွာသားများ စိုးရိမ် ပူပန်လျက် ရှိသည်ဟု ဆိုသည်။



RB News
7.2.2015

ဥရောပနိုင်ငံ များသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာ အဖွဲ့အစည်း (၉) ခုမှ မြန်မာနိုင်ငံတွင်းတွင် ဘာသာရေး ခွဲခြားမှုများ ပြုလုပ်နေခြင်း အပေါ် ရှုတ်ချကြောင်း ပူးတွဲ ကြေညာချက် တစ်ရပ်ကို ဖေဖော်ဝါရီလ (၅) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ပူးတွဲ ကြေညာချက်တွင် ချင်းပြည်နယ် အစိုးရက ခရစ်ယာန် ဘာသာဝင်များ အထွတ်အထိပ် ထားရာ ၅၄ ပေမြင့်သည့် လက်ဝါးကပ်တိုင်ကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်သည်။

ဟားခါးမြို့ကို မြင်ရသည့် တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည့် ၅၄ ပေမြင့်သော လက်ဝါးကပ်တိုင်ကို ဖြိုချ ဖျက်ဆီးပစ်ရန် ချင်းပြည်နယ် အစိုးရက အမိန့်ထုတ်ပြန် ခဲ့သည့်အပြင် ၎င်းလက်ဝါးကပ်တိုင်ကို တည်ဆောက်ခဲ့ရာတွင် ပါဝင်သည့် ချင်းအမျိုးသား ဦး Tial Cem ကိုလည်း ဖမ်းဆီးမည်ဟု ဖိအားပေး ခြိမ်းခြောက်ခြင်းများ ရှိသည်ဟု ရိုဟင်ဂျာများ၏ ကြေညာချက်တွင် ရေးသား ထားသည်။

ခရစ်ယာန် သင်းအုပ်ဆရာများ၊ သာသနာပြုအဖွဲ့များနှင့် ခရစ်ယာန်မိသားစုများလည်း ယခင်က နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုများ၊ ခွဲခြားဆက်ဆံမှုများ ခံရသည့်အပြင် ကျေးရွာများမှ နှင်ထုတ်ခံရခြင်း၊ ၀တ်ပြုခွင့်များ ပိတ်ပင်ခံရခြင်းများနှင့် ကိုယ်ထိလက်ရောက် စော်ကားခံရခြင်းများလည်း ရှိသည်ဟု ၎င်းတို့က ဆိုသည်။

မြန်မာနိုင်ငံတွင် ဘာသာကွဲ လူမျိုးစုများကို ဘာသာရေးနှင့် လူမျိုးရေး အရ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်းများ တိုးပွားလာနေသည့် အပြင် အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်များ အပေါ် ဥပဒေနှင့် မူဝါဒများ ပြဌာန်း၍ ခွဲခြားမှု ပိုမို များပြား လာနေသည်နှင့် တပြိုင်နက် ခရစ်ယာန်များ အပေါ် ညှဉ်းပန်း နှိပ်စက်မှုများလည်း ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ခရစ်ယာန် ၀တ်ပြုကျောင်းများကို လွတ်လပ်စွာ ဆောက်လုပ်ခြင်း မပေးသည့်အပြင် အချို့ကိုလည်း ပိတ်ထားသည်ဟု ကြေညာချက်တွင် ရေးသား ထားသည်။

ထိုနည်းတူစွာ ရိုဟင်ဂျာ မွတ်စလင်များသည်လည်း ၀တ်ပြုခွင့်နှင့် ၀တ်ပြုဆောင်များ ဆောက်လုပ်ခွင့်များ ဟန့်တားခံထားရပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရခိုင်ပြည်နယ်တွင် ဗလီဝတ်ကျောင်းများတွင် ၀တ်ပြုခွင့်နှင့် ဗလီများ ပြင်ဆင်ခွင့်များ ပိတ်ပင်ခံထားရသည့် အပြင် ဗလီဝတ်ကျောင်းပေါင်း များစွာ ပြိုချ ဖျက်ဆီးခံရခြင်း၊ မီးရှို့ခံရခြင်းများ မြန်မာနိုင်ငံ အ၀န်း ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင် မတူကွဲပြားသော လူမျိုးစုများနှင့် ဘာသာကွဲများ ယှဉ်တွဲနေထိုင်လျက် ရှိသော်လည်း၊ လူနည်းစုများ၏ အခွင့်အရေး များကို လေးစား၍ ဥပဒေဖြင့် ကာကွယ်ပေးမှ သာလျှင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နိုင်မည်ဟု ရိုဟင်ဂျာ အဖွဲ့အစည်း များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံတွင် ဘာသာကွဲများ အနေဖြင့် တူညီသော ဘာသာရေး လွတ်လပ်ခွင့် မရရှိကြောင်း၊ ရိုဟင်ဂျာ လူမျိုးစုမှာ အဆိုးဝါးဆုံးသော ညှဉ်းပန်း နှိပ်စက်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ရိုဟင်ဂျာများ အနေဖြင့် မြန်မာအစိုးရက ပစ်မှတ်ထား၍ ခွဲခြားဆက်ဆံနေသည့် တိုင်းရင်းသား လူနည်းစုများ အားလုံးကို ညီညွတ်မှုကို ရှေ့ရှု၍ အမြဲအားပေး သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ အားလုံး အတူလက်တွဲ၍ ၀ိုင်းဝန်း ဖြေရှင်းမှသာ အကောင်းဆုံး အခြေအနေကို အတူတကွ ဖန်တီးနိုင်မည် ဖြစ်သည်ဟု ရေးသား ထားသည်။

အဆိုပါ ပူးတွဲ ကြေညာချက်ကို ဒိန်းမတ်၊ နယ်သာလန်၊ ဗြိတိန်၊ ဘရက်ဖို့ဒ် (ဗြိတိန်)၊ ဂျာမဏီ၊ ဆွဇ်ဇာလန်၊ နော်ဝေး၊ ဆွီဒင်နှင့် ဖင်လန် နိုင်ငံများရှိ အောက်ပါ အဖွဲ့အစည်းများက လက်မှတ်ရေး ထိုးထားသည်။
  • Burmese Rohingya Community in Denmark 
  • Burmese Rohingya Community in Netherlands 
  • Burmese Rohingya Organisation UK 
  • Bradford Rohingya Community in UK 
  • Rohingya Community in Germany 
  • Rohingya Community in Switzerland 
  • Rohingya Organisation Norway 
  • Rohingya Community in Sweden 
  • Rohingya Community in Finland

ဌေးလွင်ဦး
RB News
7.2.2015

ဗမာက ရခိုင်ကိုသိမ်း- ရခိုင်ထီးနန်းပျက် တဲ့ ၁၇၈၄ ခုနှစ် ၀န်းကျင် ကတည်းက ရခိုင်မြေရဲ့ အပြင်ဘက် စစ်တကောင်းတောင်ပေါ်ကို တက်ပြေးခဲ့ရတဲ့ ရခိုင်မျိုးဆက် ဆိုတာ စစ်တကောင်းတောင်ပေါ်မှာ နှစ်ပေါင်း ၂၀၀ ကျော် သော မျိုးဆက်ဖြစ်ခဲ့ပါပြီ။ ဒီ မတိုင်မှီ- ဘုရင့်နောင် မင်းတရားကြီးရဲ့ မျိုးဆက်ဟာလည်း ၁၅ ရာစု (လွန်ခဲ့သော နှစ်ပေါင်း ၅၀၀) ကတည်းက စစ်တကောင်း တောင်ပေါ်မှာ ဗိုလ်ထောင်မင်းဆက်ငယ် အဖြစ် ယနေ့ထိ ရှိနေပါတယ်။

ဒီလူတွေက ဒီနေ့အခါ မြန်မာပြည်ထဲကို ပြန်လာရင်-မြန်မာပြည်ထဲက မူလဘူတ တိုင်းရင်းသား ဖြစ်ရော့လား လို့ မေးစရာပါ။ အာဏာရ အစိုးရကတော့ ဒါကို နိုင်ငံရေး စကားကွက် အဖြစ် အသုံးပြုတာကလွဲ အခြား မရှိလောက်ပါ။ သို့သော်- ၈၈ ပွင့်လင်း အဖွဲ့လို ခေါင်းဆောင်မှန်း အုပ်စုကတော့ ဒါတွေကို အဝေးရောက် တိုင်းရင်းသားတွေ ဆိုပါလား။-

၈၈ က ခေါင်းဆောင်မှန်းတွေဟာ မျက်လုံးကန်းသွားခဲ့လေသလား၊ သို့မဟုတ် မျိုးစဉ်မျိုးဆက် မျက်လုံး မပါခဲ့လေသလား မေးရတော့မယ် ထင်ပါတယ်။ ဘုရင့်နောင်မင်းကြီးရဲ့ မျိုးစဉ်မျိုးဆက်တို့ကို အဝေးရောက် တိုင်းရင်းသားတွေ အဖြစ် ခံစားနေမယ်ဆိုရင်- ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ ထိုင်းလူမျိုးစုတွေကိုလည်း မြန်မာရဲ့ အဝေးရောက် တိုင်းရင်းသားများ အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံပေးရတော့မှာပါ။ ထောင်ပြန် အကျဉ်းသား ခေါင်းဆောင်များ အဖြစ် ခံယူထားသူများက- သမိုင်းမကျေ၊ ရာဇ၀င်မသိဘူးပြောရင် အရပ်က ကြားကောင်းလှ ပါတယ်။ ဒါပေမယ့် ကျောင်းသား ခေါင်းဆောင်များလို့- ကျောင်းသားအပေါင်းရဲ့ ခေါင်းဆောင်ကဏ္ဍအား မောင်ပိုင်စီးထားသူများက- သမိုင်းမကျေ ရာဇ၀င် မသိဘဲ လျှောက်အော်နေတာတော့-၊ အတော့ကို ဇတ်ပျက်ရ မယ့် ကိန်း ဆိုက်တော့မှာပါ။

ဘယ်လိုဖြစ်ဖြစ် တစ်ကယ့် သနားစရာ အုပ်စုက နှစ်ပေါင်း ၂၀၀ ကျော် သို့မဟုတ် နှစ်ပေါင်း ၅၀၀ ကျော် ဓားမ ဦးချနေခဲ့တဲ့ နေရာက "မြေတစ်ကွက် ရလေနိုးနိုး ခိုကိုးလာခဲ့တဲ့ ရခိုင်စကားပြော စစ်တကောင်းသားရဲ့ ဘ၀ပါ။"

ဒီလူတွေနဲ့ ပတ်သက်ပြီး- ဦးသိန်းစိန် အစိုးရကလည်း အလွန်ဆုံး စီစဉ်ပေးနိုင်လှ ပေ ၄၀ ပေ ၆၀ အိမ်ရာ တစ်ကွက်မျှသာ ဖြစ်ပါလိမ့်မယ်။- တစ်ကယ်တော့ ဒီလူတွေ ပြောတဲ့ မြေတစ်ကွက်ဆိုတာ သူတို့ လုပ်စားကိုင်စား တတ်တဲ့ ဓလေ့အရ- တောင်ယာခုတ်စားမယ့် (အနည်းဆုံး မြေ ၄- ၅ ဧက) မြေတစ်ကွက်ကို ရည်မှန်းပြောဆိုကြောင်း သိနိုင်ပါတယ်။- သို့သော် အဲ့လို ပေးနိုင်ဘို့ လုံးဝ မဖြစ်နိုင်တော့ပါ။ ရိုဟင်ဂျာတွေဆီက မြေသိမ်းမယ်၊ ယာသိမ်းမယ် ပြီးတော့ ဒီလို ၀င်လာတဲ့ လူတွေကို ပေးမယ်လို့ ဦးသိန်းစိန်တို့ စိတ်ကူးခဲ့ကောင်း ကူးမိမှာပါ။- သို့သော် လက်တွေ့မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အရေးနိမ့်သွားပြီ ဖြစ်တဲ့ ဦးသိန်းစိန်တို့က နဂို ရည်မှန်းထားသလို မဖြစ်နိုင်တော့မှန်း သိနေလောက်ပါပြီ။- ဒါကြောင့် UN က လူတွေ လာတိုင်း၊ နိုင်ငံတစ်ကာက ပုဂ္ဂိုလ်တွေ လာတိုင်း ရခိုင် ဒုက္ခသည်တွေကိုလည်း ကြည့်ပါ-၊ မျက်နှာမလိုက်ပါနဲ့လို့ သွေးရူး သွေးတန်း လျှောက်ပြောရတဲ့ အဖြစ်ကို အစဉ်တစ်စိုက် ကျူးလွန်နေရပါတော့တယ်။

နိုင်ငံတစ်ကာ အသိုင်းအ၀ိုင်းဆိုတာလည်း အဲ့လောက် တုံးအ နေသူများ မဟုတ်သလို-၊ ဒုက္ခသည် လို့ သတ်မှတ်ရမယ့် လူ အမျိုးအစားကို ကမ္ဘာ့ ဥပဒေ အရသာ သတ်မှတ်ရပြီး၊ ကမ္ဘာ့ ဥပဒေဘောင်တွင်းကသာ ကူညီခွင့်များကို ပြုနိုင်သူများ ဖြစ်နေပါတယ်။ (ဒါကိုလည်း ဦးသိန်းစိန်တို့ အစိုးရ အနေနဲ့ မသိဟန် မရှိပါ။)

ဘယ်လို ဖြစ်ဖြစ် ဦးသိန်းစိန်တို့မှာ နိုင်ငံရေး အရ အမြတ်ထွက်သွားတာ ရှိနေပါတယ်။- အဲ့ဒါက ရခိုင်ခွဲထွက်ရေး အုပ်စုတွေဟာ ထိုင်းနယ်စပ်မှာ၊ တရုတ်နယ်စပ်မှာ စစ်သင်တန်းတွေ တက်နေတယ် ဆိုပေမယ့်-၊ တစ်ကယ့် ရခိုင်အရေးကို လုပ်ဘို့ ရခိုင် ဘင်္ဂလား နယ်စပ်ကိုပဲ ခြေကုပ်ယူလာရမှာပါ။ ဒီအခါ- စစ်တကောင်းတောင်ပေါ်မှာ ရှိတဲ့ ရခိုင်စကားပြော စစ်တကောင်းနယ်သားတွေရဲ့ ရွာများ၊ တောင်ယာများဟာ ရခိုင်ခွဲထွက်ရေး ၀ါဒီတွေရဲ့ ကျက်စားရာ စခန်းများ ဖြစ်လာမှာ သေချာပါတယ်။ ဒါတွေကို ကြိုတင် အကြောဖြတ်တဲ့ အနေနဲ့ - မြန်မာပြည် အပြင် (နယ်စပ်)က ရခိုင်ရွာများကို ဖျက်သိမ်းထားလိုက်တဲ့ သဘောလို့ ပြောနိုင်ပါတယ်။

နောက်တစ်ချက်က- ရခိုင်နယ်မှာ သူတို့ လုပ်ခဲ့သမျှ လက်ညှိုးထိုးပြနိုင်မယ့် တရားခံများကို ခြံထဲထည့်ထား လိုက်ခြင်းလို့လည်း ပြောနိုင်ပါတယ်။

ဒီအတွက် လေလုံးကြီးကြီးနဲ့ ခွဲထွက်ရေး အသံကို လွှတ်တော်ထဲထိ ဟစ်ပြနေတဲ့ ဘင်္ဂလီ အေးမောင်ကို အသာလေး မွေးထားလိုက်ပြန်ပါတယ်။ ရခိုင်နယ်က မွတ်ဆလင်များကို သတ်ချင်တိုင်း သတ်နိုင်ဘို့ရာ ရခိုင် လူမျိုး လှမောင်တင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခိုက်- ဘင်္ဂလီအေးမောင်ကိုလည်း လွှတ်ပေးထားလိုက် ပြန်ပါတယ်။ ဒီအခြေအနေမှာ ဘ၀င်လေဟပ်သွားတဲ့ ဘင်္ဂလီအေးမောင်က "ငါတို့ အဖ နိုင်ငံတော်ကြီး လွတ်လပ်တော့မယ်- ဗမာကိုလိုနီအောက်က လွတ်အောင်ပြေးခဲ့တဲ့ ရခိုင်မျိုးနွယ်တို့ အဖ နိုင်ငံတော်ကြီးဆီ ပြန်လာခဲ့ကြ၊ ကုလားတွေဆီက မြေတွေကို သိမ်းပြီး မင်းတို့ကို ပေးမယ်၊ ဒါတွေဟာ မင်းတို့ရဲ့ အမွေပိုင်မြေတွေ ဖြစ်တယ်၊" လို့ အောက်လမ်းက စည်းရုံးလိုက်ပါတယ်။ တစ်ဘက်မှာ မွေးစား အဖေ ဦးသိန်းစိန်ကို "လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ လုပ်ကြံပေးမယ်၊" လို့ ကတိပေးပြီး- မွတ်ဆလင် ရှင်းလင်းရေး အတွက် စစ်တပ်ကို ကျောထောက်နောက်ခံယူလိုက်ပြန်တယ်။

တစ်ပြိုင်နက်မှာ ရခိုင်ခွဲထွက်ရေးကို စနစ်ဇယားချပေးတဲ့ ဒေါက်တာအေးကျော်ရဲ့ ဗျူဟာ အတိုင်း ဘုန်းကြီး လောက၊ မီဒီယာလောက ထဲကို ငွေကြေး အမြောက်အများနဲ့ ၀င်လုံးထားခဲ့ပြန်တယ်။ (ဒီငွေကြေး ဆိုတာ- မူးယဇ်ဆေး ကုန်ကူးရာက ၀င်တဲ့ ငွေကြေးများပါ။) NLD ထဲမှာ လူ မြှုပ်ဘို့ ငွေကြေး အမြောက်အများ သုံးခဲ့သလို- 88 ကိုလည်း လက်လွတ်မခံခဲ့ပါ။ ဒါတွေကို ဦးသိန်းစိန် အစိုးရက သိနေခဲ့ပါတယ်။ ဒီတင်မက ကမ္ဘာ့ အသိုင်းအ၀ိုင်းကလည်း သိနေခဲ့ပါတယ်။ (ကမ္ဘာ့ အသိုင်းအ၀ိုင်းက သိနေခဲ့လို့ တစ်စချင်း ဆွဲထုတ်ကာ မွတ်ဆလင် နှိပ်ကွပ်မှုကြီးကို တန်ပြန်နိုင်ခဲ့တာပါ။)

ဘင်္ဂလီ အေးမောင်ကို အားကိုးပြီး စစ်တကောင်းဒေသက ၀င်လာခဲ့တဲ့ လူတွေမှာလည်း မြေတစ်ကွက်များ ရလေမလားလို့- ရိုဟင်ဂျာများထံမှ မြေလု၊ ယာလု- လူသတ်မှုပေါင်းများစွာမှာ လက်ထည့်မိသား ဖြစ်သွားခဲ့ သလို၊- တစ်ဘက်မှာ ဘင်္ဂလီအေးမောင်နဲ့ ခွဲထွက်ရေးဝါဒီတို့ အကြောင်း ခရေစေ့တွင်းကျ သိထားတဲ့ ဦးသိန်းစိန် အစိုးရက "ကြက်လည်းပန်းစေ- ယာလည်းညက်စေ"- "ရခိုင်လည်း တရားခံ ဖြစ်စေ- အတိုက်အခံ များလည်း ကျဆုံးစေ" ဗျူဟာကို အလိုက်သင့် အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘယ်သူတွေ မုန်းမုန်း၊ ဘယ်သူတွေ ချစ်ချစ်- ရိုဟင်ဂျာ ဆိုတာ ရခိုင်ဒေသရဲ့ မူလဘူတ ဇစ်မြစ် လူမျိုး ဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရက သိပြီးသားပါ။ အစိုးရ တစ်ရပ် အနေနဲ့ နိုင်ငံ့သမိုင်းကို ပြဲပြဲစင် ကျေညက်တဲ့ သမိုင်း အဓိပတိကြီးများဆီက မသိဘဲ မရှိပါ။- ဒီအချိန်ထိ မြန်မာ့ သမိုင်း အဓိပတိကြီးများကို ထုတ်သုံးခြင်း မရှိဘဲ- သမိုင်းပညာကို တစ်လုံးတစ်ပါဒ မလေ့လာခဲ့တဲ့- (သမိုင်းနဲ့ မဆိုင် စစ်ဗိုလ်လူထွက်) များကိုသာ ထုတ်သုံးပြီး- ရခိုင်ခွဲထွက်ရေး ၀ါဒီများ အကြိုက် အနံ့ပေး ပြောဆိုမှုများသာ ရှိနေခဲ့တာက- သက်သေတစ်ရပ် ဖြစ်နေပါတယ်။

မကြာမှီမှာ ဦးသိန်းစိန် အစိုးရက ဒီအချက်ကို ထုတ်သုံးပါတော့မယ်။ Genocide အတွက် တရားခံများဟာ ရခိုင်များသာ ဖြစ်ကြောင်း၊ ရခိုင်များကို မြှောက်ပင့်ပေးတဲ့ 88 က ခေါင်းဆောင်မှန်းများ၊ NLD က မျက်ကန်းများ၊ NDF က ဦးနှောက်ကြွက်တက်နေသူများသာ ဖြစ်ကြောင်း- ကမ္ဘာ့အလယ်မှာ ထိုးကျွေးလိုက်ပါတော့မယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့- ခွဲထွက်ရေး ၀ါဒီများရဲ့ လည်မြိုကို ကိုင်မိပြီ ဖြစ်သလို- တစ်ဘက်မှာ အတိုက်အခံတို့ သည်လည်း မျက်ကန်း အမျိုးသားရေး ၀ါဒီများသာ ဖြစ်ကြောင်း ကမ္ဘာ့အလယ်မှာ သက်သေတစ်ရပ် ထူခဲ့နိုင် ပါပြီ။

နိုင်ငံရေး နိုင်ငံရေး- လို့ လမ်းပေါ်ထွက် ဆန္ဒပြတာကလွဲ ဘာကိုမှ မလေ့လာခဲ့တဲ့- ပါးစပ်နိုင်ငံရေး သမားမျိုး ဆက်နဲ့- တစ်ဘက်က- ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်တဲ့ လက်တွေ့ အုပ်ချုပ်မှု ပညာ မျိုးဆက် တို့ရဲ့ ကွာဟမှုကို ဦးသိန်းစိန်တို့ဘက်က ထုတ်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးမှာ မြေတစ်ကွက် အတွက် ဘ၀ ပျက်သွားရသူများကတော့ ဘင်္ဂလီ အေးမောင်ကို ယုံမိသူများ၊ ဘင်္ဂလီ အေးမောင်နောက်ကို လိုက်မိသူများသာ ဖြစ်သွားရဘို့ ရှိနေပါတော့တယ်။

(ဒီဆောင်းပါးကြောင့်- ကျွန်တော်တို့ အမှုဖွင့်ထားတဲ့ Genocide အမှု- သွေဖီသွားပြီလို့ မဆိုလိုပါ။)

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement


RB News
6.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဆာလေတောင် ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့် ရဲများသည် ကင်းသမား (၄) ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ယခင် အမှတ် (၂) နယ်မြေ၊ ဆာလေတောင် ကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ဆွေနှင့် တပ်ဖွဲ့ဝင် (၆) ဦးတို့သည် ဆာလေတောင် ကျေးရွာ အတွင်း ကင်းလှည့်နေစဉ် ဒေသခံ ရွာသား ကင်းသမား (၄) ဦးကို အိပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ကင်းသမား (၄) ဦးထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသည့် ကင်းသမား (၄) ဦးမှာ --

(၁) မာမတ်အီနုစ် (ဘ) ဦးဆွေတာလာမ် (အသက် ၂၅ နှစ်)
(၂) မာမတ်အီဒိရီစ် (ဘ) ဦးဆွေတာလာမ် (အသက် ၂၂ နှစ်)
(၃) ရှားအာလာမ် (ဘ) ဦးတန်ဒါမျာ (အသက် ၂၇ နှစ်)
(၄) အာဘူလ်ကာဆိမ်း (ဘ) ဦးဆာဘဲရ်အာမီးန် (အသက် ၂၄ နှစ်) -- တို့ဖြစ်သည်။




RB News
6.2.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ဖြစ်သူ ရဲမှူးကြီး သီဟန်က အပြစ်မဲ့ ဒေသခံ (၄) ဦးထံမှ ငွေကျပ် ၁၆ သိန်းကို ရွာအုပ်ချုပ်ရေး တာဝန်ခံမှ တဆင့် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့မှ စ၍ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ရဲမှူးကြီး သီဟန်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်စု အုပ်ချုပ်ရေး တာဝန်ခံကို အသုံးချ၍ အပြစ်မဲ့ ဒေသခံ (၄) ဦးကို ဓါးပြမှုနှင့် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၁၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသည့် အပြစ်မဲ့ ဒေသခံ (၄) ဦးမှာ --

(၁) ဦးဆာလေရှား (ဘ) ဦးဖော်ဇောလ်အာမတ် -- ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း ၅ သောင်း
(၂) ဦးဒေါလိုမာမတ် (ဘ) ဦးဆော်ယာဒ်တာရ် -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၃) ဦးနူရ်ကာမာလ် (ဘ) ဦးအလီအာမတ် -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၇ သောင်း
(၄) ဦးဂျော်မိလ် (ဘ) ဦးဟူဆောင်းအာမတ် -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၃ သောင်း -- တို့ဖြစ်ပါသည်။

ထို့အပြင် အခြားသော အပြစ်မဲ့ ဒေသခံ ရွာသား (၄) ဦးကိုလည်း ငွေကျပ် ၅ သိန်းစီ မပေးပါက ဆွဲ၊တင်၊စစ် တွင် အိမ်ထောင်စု လူဦးရေ စာရင်းများကို ဖျက်သိမ်း၍ နိုင်ငံခြား ထွက်ပြေးများ အဖြစ် ကြေညာမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေကျပ် ၅ သိန်းစီ ပေးရန် ခြိမ်းခြောက်ခံနေရသူ (၄) ဦးမှာ --

(၁) ဦးဆော်ယာ့ဒ် မုစ်တာဖာ (ဘ) ဦးဂူရာဆာန်
(၂) ဦးမာမတ်နူရ် (ဘ) ဦးမာဒူ
(၃) ဦးနူရ်ဟာယာဒ် (ဘ) ဦးမာမတ်ကာမာလ်
(၄) ဦးနူရ်မာမတ် (ဘ) ဦးအဒူရှကူရ် -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူနှင့် ငွေပေးရန် ခြိမ်းခြောက်ခံနေရသူ များမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ပြီး၊ ထိုကဲ့သို့ အကြောင်းမျိုးစုံ ဖန်တီး၍ အာဏာပိုင်များ၏ ဒဏ်ကို မခံနိုင်ပါက နိုင်ငံစွန့်ခွာ၍ ထွက်သွားရန် အကွက်ကျကျ စီစဉ်နေခြင်း ဖြစ်ပြီး၊ ရွာအုပ်ချုပ်ရေး တာဝန်ခံကလည်း အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲလာလျှင် ပြိုင်ဘက် ကင်းအောင် အာဏာပိုင်များ၏ မတရားမှုများကို ကူညီဖေးမ နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

(ဓါတ်ပုံ - ဧရာဝတီ)


RB News
6.2.2015

ယာယီ သက်သေခံ ကဒ်ပြား ကိုင်ဆောင်သူ များကို အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ပေးရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခြင်းနှင့် ပတ်သက်၍ BBC မြန်မာပိုင်း၏ မြန်မာ့အရေး ကမ္ဘာ့အရေး ကဏ္ဍတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဒေါ်ခင်စောဝေနှင့် လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ် စန်းအောင်တို့က မိမိတို့၏ အမြင်များကို အပြန်အလှန် ဆွေးနွေး ထားသည်။







RB News
5.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများသည် အပြစ်မဲ့ ဒေသခံ ကင်းသမား များကို ဖမ်းဆီး၍ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် တောင်ဘဇား နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၃) ဦးတို့သည် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ကျီးနှုတ်သီးရွာ (၁၃) ရပ်ကွက်တွင် ကင်းစောင့် နေသော ဒေသခံ ရွာသား ကင်းသမား များကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ကင်းစခန်းမှူးသည် ညပိုင်း အချိန်တွင် ရွာထဲသို့ ၀င်ရောက် ဤကဲ့သို့ မကြာခဏ ပြုလုပ်လေ့ ရှိပြီး၊ ညနေပိုင်းများ အမျိုးသမီးများ ရေခပ်ဆင်းချိန်တွင်လည်း ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသည့် ကင်းသမား (၃) ဦးမှာ --

(၁) ဦးမာမတ်နူရ် (ဘ) ဦးနူရ်မာမတ် (အသက် ၃၀ နှစ်)
(၂) ဦးဇာဖောရ်အုလ္လာ (ဘ) ဦးအေဇာရ်မျာ (အသက် ၃၈ နှစ်)
(၃) ဦးဟာဘီအုလ္လာ -- တို့ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း နယ်ခြားစောင့် ရဲကင်း စခန်းတွင် ချက်ပြုတ်ပေးသူ ဦးဟာဖီးဇ်အာမတ် (အသက် ၄၀ နှစ်) ကို ကင်းစခန်းမှူးက ရွာထဲမှ မိန်းမပျို တစ်ဦး ရှာပေးရန် ပြောဆိုခဲ့ရာ ဦးဟာဖီးဇ်အာမတ်က ရှာမပေးနိုင်ကြောင်း ပြန်လည် ပြောဆိုသဖြင့် လူမဆန်စွာ ရိုက်နှက်၍ နှစ်ရက်တိတိ ချုပ်နှောင် ထားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့က ဖမ်းဆီးခဲ့သည့် ကင်းသမားများကို ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ပြန်လည် လွှတ်ပေးလိုက်သော်လည်း ၎င်းတို့အား ရိုက်နှက် နှိပ်စက်မှုကြောင့် ရရှိသည့် ဒဏ်ရာများကို ဆေးကုသ နေရသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
5.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများရှိ နယ်ခြားစောင့် ရဲများက ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စု အနောက်ရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၏ ပွဲစား တစ်ဦး ဖြစ်သူ ဦးဆော်လီမူလ္လာ (ဘ) ဦးဆော်ဖုရူး သည် ၎င်းကျေးရွာ အုပ်စု အရှေ့ရွာမှ ဦးဇာကဲရ်၏ ဇနီး ဒေါ်အာရ်ဖာ ထံမှ အကြောင်းမဲ့ ငွေညှစ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ယခင် အမှတ် (၆) နယ်မြေ ကျောက်လှေကား စခန်းမှ နယ်ခြားစောင့် ရဲများကို ခေါ်ယူလာပြီး ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ဖမ်းဆီး စေခဲ့သည်။ နယ်ခြားစောင့် ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒေါ်အာရ်ဖာကို မောင်တော မြောက်ပိုင်းမှ မိန်းကလေးများ စုဆောင်း၍ မလေးရှား နိုင်ငံသို့ လူကုန်းကူနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ တစ်နေကုန် ချုပ်နှောင် ထားပြီး ငွေကျပ် ၁၂ သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးဆော်လီမူလ္လာသည် နယ်ခြားစောင့် ရဲများ အားကိုးဖြင့် ယခုကဲ့သို့ မကြာခဏ ငွေညှစ်ရန် ကြိုးစားပြီး နယ်ခြားစောင့် ရဲများအား အမှုဆင်ခိုင်း၍ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၂၅) ရက်နေ့ ည ၉း၁၅ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးနှင့် တပ်မတော်သား များသည် ကားဖြင့် အလယ်သံကျော်မှ ကျောက်ပန္ဒူ ကျေးရွာသို့ အပြန်လမ်းတွင် တွေ့သမျှ ဒေသခံများကို ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးမှုကြောင့် ဒေသခံ (၅) ဦး ဖမ်းဆီး ခံခဲ့ရပြီး၊ ၎င်းတို့ကို ဇန်န၀ါရီလ (၂၆) ရက်နေ့ ညနေတွင် ငွေကျပ် ငါးသောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရပြီး ငွေကျပ် ငါးသောင်းစီ ညှစ်ခံရသူများမှာ --

(၁) မော်လ၀ီ ဆိုင်ဖုလ်အစ္စလာမ် (ဘ) မော်လ၀ီဆီဒိခ် (အသက် ၃၈ နှစ်) မြင်းလွတ် အနောက်ရွာမှ
(၂) ဦးအာယုဖ် (ဘ) ဦးအာလီအာမတ် (အသက် ၄၀ နှစ်) မြင်းလွတ် အရှေ့ရွာမှ
(၃) ဦးရှော်ကောတ်အုလ္လာ (ဘ) ဦးဟားဆူမျာ (အသက် ၂၇ နှစ်) မြင်းလွတ်၊ ဟင်းနဟာရားရွာမှ
(၄) ဦးလာလူး (အသက် ၄၅ နှစ်) ဂေါ်ရာခါလီရွာမှ
(၅) ဦးအဒူလ်ဟာရှိမ်း၏ သား - ဂေါ်ရခါလီရွာမှ --- တို့ဖြစ်သည်။



RB News
5.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာရှိ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရွှေမိုးညိုသည် ကျောင်းသား/သူ များထံမှ ကျူရှင်ကြေးဟု ဆိုကာ ငွေကောက်ခံလျက် ရှိပြီး၊ ဆရာမများက စာမသင်ဘဲ ကျောင်းသား/သူများ၏ တန်ဖိုးရှိသည့် အချိန်များ ပြုန်းတီးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာရှိ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ရွှေမိုးညိုသည် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူ များထံမှ ကျူရှင်ကြေး၊ အချိန်ပိုကြေး၊ စာမေးပွဲကြေးဟု အမျိုးမျိုး ခေါင်းစဉ်တပ်၍ လစဉ် ငွေကောက်ခံလျက် ရှိသည်။ ကျောင်းအုပ်ကြီးက ငွေကောက်ခံသည်ကို အဓိက အာရုံထားပြီး၊ ဆရာ/မများ စာသင်ရန် ပျက်ကွက်နေသည်ကို မသိဟန်ဆောင် နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
အထက်တန်း အဆင့် ကျောင်းသား/သူ များထံမှ လစဉ် ၆၅၀၀ ကျပ်နှင့် အလယ်တန်း အဆင့် ကျောင်းသား/သူ များထံမှ လစဉ် ၄၀၀၀ ကျပ် ပုံမှန် ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ သို့ဖြစ်၍ ဆင်းရဲသည့် ကျောင်းသား မိဘများမှာ ၎င်းတို့၏ သားသမီးများကို ပညာသင်ကြားပေးရန် ခက်ခဲလွန်းနေသဖြင့် အချို့ မိဘများမှာ မိမိတို့၏ သားသမီး ပညာရေးကို လျစ်လျူရှု နေရသည်ဟု ဒေသခံများက ပြောပါသည်။

“အခု စာမေးပွဲ နီးလာတဲ့ အချိန်မှာ တက္ကသိုလ် ၀င်တန်း ကျောင်းသား/သူ တွေက self study လုပ်ရမယ့် အချိန်ပါ။ အချိန်ပိုနဲ့ ကျူရှင် သင်ရမယ် ဆိုပြီး မနက် ၇ နာရီခွဲကနေ နေ့လည် ၁၂ နာရီ၊ နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီထိ ကျောင်းတက်ခိုင်း ထားတယ်။ ကျောင်းမှာ စာမသင်ဘူး။ ဆရာ/မ တွေက သူတို့ဟာ သူတို့ စကားပြောနေတယ်။ အဲဒီတော့ ဒါက ကျောင်းသားတွေကို ကျောင်းကို ခေါ်ပြီး တန်ဖိုး ရှိတဲ့ အချိန်တွေကို ဖြုန်းလိုက်တာပဲ ဖြစ်ပါတယ်။ အချိန်ပို ကျူရှင် သင်ပေးမယ် ဆိုပြီး ငွေကောက်ပေမယ့် လက်တွေ့မှာ ဘာမှ မရှိဘူး။ ကျောင်းသားတွေ ကျောင်းကို မလာရင်လည်း စာမေးပွဲ ဖြေဖို့ မပေးဘူး ဆိုပြီး ခြိမ်းခြောက် နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

အဆိုပါ ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား ၅၀ ကျော် ရှိပြီး၊ ၎င်းတို့ အနက် ၅ ဦးသာ ရခိုင် လူမျိုး ဖြစ်ပြီး၊ ကျန်သည့် ကျောင်းသား/သူ များမှာ ရိုဟင်ဂျာ ကျောင်းသား/သူများ ဖြစ်ကြောင်း သိရသည်။



အောင်ရဲမောင်မောင်
5.2.2015

ရခိုင်ပြည်နယ် အတွင်းမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းတွေကို နိုင်ငံတော် အဆင့် စီမံကိန်းတွေ ထားပြီး ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါကြောင့် ယာယီ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားသူတွေ အနေနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာပဲ ပုံမှန် လုပ်ငန်းစဉ်တွေ နဲ့သာ လျှောက်ထား ရတော့မှာ ဖြစ်တယ် လို့ ပြောပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ နှစ်ဖက် အသိုင်းအ၀ိုင်း အကြားမှာလည်း သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ရခိုင်ပြည်နယ် အတွင်းက မူဆလင် လူနည်းစုတွေ အတော်များများ ရှိတဲ့ မြေပုံမြို့နယ် ထဲမှာ နိုင်ငံတော် အဆင့်နဲ့ စမ်းသပ် စီမံ ဆောင်ရွက် နေတဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးမှု အစီအစဉ်တွေ မအောင်မြင် တာကြောင့် ရပ်ဆိုင်း လိုက်ပြီးတဲ့နောက် ဒီလို စီမံကိန်းတွေကို အခြားမြို့နယ်တွေ မှာလည်း ဆောင်ရွက်ပေးမှာ မဟုတ်တော့ဘူးလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက ဗွီအိုအေ ကိုပြောပါတယ်။

"ဒါကတော့ ကျနော်တို့ မနှစ်က မြေပုံ ပိုင်းလော့်ခ် ပရိုဂျက်အနေနဲ့ လုပ်တယ်။ ဒီနှစ်ကျတော့ ပိုင်းလော့ခ် ပရိုဂျက် အနေနဲ့ မသွားတော့ပဲနဲ့ တနိုင်ငံလုံးမှာ လုပ်တဲ့ Verification အနေနဲ့ပဲ သွားမယ် ဆိုပြီးတော့မှ အခုကျနော်တို့ ရခိုင်ပြည်နယ်နဲ့ တနိုင်ငံလုံး အပါအဝင်ပေါ့ လျှောက်လွှာတွေ တောင်းပြီးတော့မှ ရတဲ့ လျှောက်လွှာတွေကို စစ်ပြီးရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တနိုင်ငံလုံးကို ကောက်တဲ့ အတိုင်းကိုပဲ ပြည်နယ် တပြည်နယ် လုံးမှာလည်း လျှောက်လွှာကို အခု လက်ခံပြီးရင်တော့ စိစစ်တာကိုတော့ တနိုင်ငံလုံး အတိုင်း အတာနဲ့ပဲ အရင်လို ပုံမှန်အတိုင်း ပိုင်းလော့ခ် ပရိုဂျက် အနေနဲ့ မသွားတော့ဘူးပေါ့။"

ကိုအောင်ရဲမောင်မောင်- ဘာဖြစ်လို့များ ဒီ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ အတွက် နိုင်ငံသား စိစစ်ရေးကဒ် တွေကို မဆောင်ရွက် ပေးတော့တာလဲ ခင်ဗျ။

" ဒါကတော့ ဒီမှာလည်း ကျနော်တို့က ရခိုင်ပြည်နယ် ကိစ္စ က နည်းနည်း ရှုပ်ထွေး ပါတယ်လေ။ `ရှုပ်ထွေးတယ် ဆိုတာက Verification လုပ်မယ် ဆိုပြန်တော့လည်း ဒီမှာ တော်တော်မရှိတဲ့ အသုံးအနှုန်း နာမည်တွေ ပြောဆိုတော့ Verification ကလည်း လုပ်လို့ မရဘူးဖြစ်နေတာပေါ့။ ဆိုတော့ ဒီမှာကလည်း သမာရိုးကျ ကိစ္စတွေ မဟုတ်ပဲနဲ့ ဖြစ်နေတဲ့ အခါကျတော့ လုပ်ရကိုင်ရ ကိစ္စတွေကလည်း တော်တော်လေးကို အခက်အခဲရှိပါတယ်ခင်ဗျ။"

White Card လို့ ခေါ်တဲ့ယာယီ နိုင်ငံသား ကတ် ရှိတဲ့ သူတွေ ထဲကနေ အမျိုးသား မှတ်ပုံတင်လျှောက် လိုတဲ့သူတွေ အတွက် မြေပုံမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စီမံကိန်း ထားပြီး ဆောင်ရွက်ပေးခဲ့တာပါ။ မြေပုံမှာ ဒီအစီအစဉ် အောင်မြင်ရင် အခြား မြို့တွေ ဖြစ်တဲ့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော မြို့တွေ မှာလည်း စီမံကိန်းတွေ ချပြီးဆောင်ရွက်ဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မူဆလင်လူနည်းစုတွေ အတွက် ဒီလို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတာတွေ သီးသန့် စီမံကိန်းထားပြီး မလုပ်ဆောင်တော့တဲ့ အပေါ်မှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ရှုမြင်ပါတယ်။

"ဝါဒဖြန့်နေတဲ့ ဆိုတဲ့ ပုံစံမျိုးရှိလို့ ဒီနေ့ထက်ထိ အဲ့ဒီ့ဒေသမှာ စစ်တွေတို့မှာဆို သိန်းကျော်ရှိတယ်။ မောင်တောမှာလည်းရှိတယ်။ ဘူးသီးတောင်မှာလည်း ရှိတယ်။ အဲ့သလို အစုလိုက်ရှိတဲ့နေရာတွေမှာတောင်မှ ကျနော်တို့ ၉၆ ယောက်ပဲ လျှောက် ထားတယ်ဆိုတော့ ဒါဟာ သူတို့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဘယ်လောက်ပဲ လုပ်ပေးပါစေ ဒီလူတွေကတော့ ဝှိုက်ကဒ်ကို ကိုင်ထားတဲ့ သူတွေကတော့ လာလျှောက်တော့မှာ မဟုတ်ဘူး။ အခုဆိုရင် ဝှိုက်ကဒ်နဲ့လည်း နိုင်ငံသား အခွင့်အရေး ရထားပြီးဆိုတော့ ဒါတွေ ပိုပြီတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ဟာ ကဗျက်ကယက်နဲ့ နောက်ဆုံးမှာ ဒီလိုပဲ အဆုံးသတ်ဖို့ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။"

ဒါပေမဲ့ တစ်ဖက်မှာတော့ မူဆလင် ဘာသာဝင် ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းရဲ့ အမြင်ကလည်း အခုလို ရှိပါတယ်။

" ကျနော်ကတော့ ပရိုဂျက်ပဲ လုပ်လုပ် ဖျက်လိုက်တယ်ပြောပြော။ ဒါပေမဲ့ ကျနော် အဓိက ပြောချင်တာကတော့ ကျနော်တို့ဆီမှာ ရှိနေတဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေရဲ့ Generation ကို ကြည့်ရမယ်ဗျ။ အရင်တုန်းက အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတွေရဲ့ သူတို့ရဲ့မိဘတွေ ဘိုးဘွားတွေ ရှိမယ်ဆိုရင် အဲ့တာတွေကို နိုင်ငံ သား လျှာက်ဆိုပြီးတော့မှ ပုံမှန် နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ ကျနော်တို့က ထုတ်ပေးမယ်ဆိုရင်တော့ အချိန်တို အတွင်းမှာလည်း ပြီးသွားနိုင်တယ်။ ကျနော်တို့ ဒီပြသနာ လည်း ပြေလည် သွားနိုင်တယ်။"

၂၀၁၄ ခုနှစ် အတွင်းက မြေပုံမြို့နယ်ထဲမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး စမ်းသပ် စီမံကိန်းအရ ယာယီ သက်သေခံလက်မှတ်ရှိတဲ့ လူ ၂၀ ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံသားစိစစ်ရေး ကတ် ရရှိဖို့ အခွင့်အရေးရှိတဲ့ ထဲက လူ ၂၀၀ လောက်ကိုလည်း ယာယီ သက်သေခံ လက်မှတ် White Card တွေလည်း ထုတ်ပေးခဲ့ပါတယ်။

ဒီစီမံကိန်းကို ဒေသခံ ရခိုင် လူမျိုးတွေက အပြင်းအထန် ကန့်ကွက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် မြေပုံမြို့ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ဒီအစီအစဉ် အတွက် ရောက်ရှိချိန်မှာ အိမ်တံခါးတွေ ပိတ်ပြီး ဆန္ဒပြခဲ့တဲ့ ထိ ပြင်းထန်မှုတွေ ရှိခဲ့ပါတယ်။

လတ်တလောမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ လုပ်တဲ့ နေရာမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ အထူးသဖြင့် White Card ကိုင်ဆောင်သူ အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းက မူဆလင်လူနည်းစုတွေ အနေနဲ့ အခုလို အခွင့်အရေး ရရှိတဲ့ အပေါ်မှာ ကန့်ကွက်မှု တွေ ရှိနေပြီး အငြင်းပွားမှုတွေ လည်း ရှိနေတာပါ။



MYARF & Rohingya Eye
RB News
3.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် တို့တွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်း ဖျက်သိမ်းခြင်းနှင့် သက်ကြီး ရွယ်အို များကို မညှာမတာ နေရပ်မှ အဝေးသို့ ခေါ်ယူ၍ စစ်ဆေးခြင်းများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့က ဘူးသီးတောင် မြို့နယ် သိမ်တောင်ပြင် ကျေးရွာတွင် ဆွဲ၊တင်၊စစ် တွင် ပါဝင် စစ်ဆေးခံခဲ့သူ တစ်ဦးကို ဖမ်းဆီးလိုက်သည်။ ယင်းကျေးရွာမှ ဦးရှုနာမျာ (ဘ) ဦးအဒူလောက်မျာ (အသက် ၅၃ နှစ်) သည် ယခင် န.စ.က လက်ထက်တွင် နှစ်နှစ် တိတိ ခရီးလွန်ခဲ့ပြီး၊ ဆွဲ၊တင်၊စစ် တွင် မပါဝင်ခဲ့ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းက နယ်ခြားစောင့် ရဲများကို လုပ်ကြံ ပြောဆိုသဖြင့် ဖမ်းဆီး၍ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားသည်။ နယ်ခြားစောင့် ရဲများက ပြန်လည် လွှတ်ပေးရန် ငွေကျပ် ၇ သိန်း တောင်းရာ အပြစ်မဲ့ ဦးရှုနာမျာက မပေးနိုင်သဖြင့် ဆက်လက်၍ ချုပ်နှောင် ထားခြင်း ခံနေရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒိုင်းနက် လူမျိုး တစ်ဦး ဖြစ်သည့် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းသည် ဆွဲ၊တင်၊စစ် တွင် မွေးတိုး ၂၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၂၀၀၀ ကျပ်၊ န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် လက်ထပ် ကြသော သူများထံမှ လက်ထပ်ခွင့်ကြေး ဆိုကာ ငွေကျပ် ၃၀၀၀၀ စီ ကောက်ခံခဲ့ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာရွာနှင့် ကံပူး ကျေးရွာအုပ်စု များတွင်လည်း ငွေကောက်ခံလျက် ရှိသည်။ ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာရွာတွင် မွေးတိုး ၅၀၀၀ ကျပ် (ကလေး အသက်တစ်နှစ် ကျော်ပါက ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ)၊ သေဆုံး ပယ်ဖျက် ၂၀၀၀ ကျပ်ထိ ကောက်ခံခဲ့သည်။ ကံပူး ကျေးရွာ အုပ်စုတွင် မွေးတိုး ၇၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၇၀၀၀ ကျပ်စီ ကောက်ခံလျက် ရှိပြီး၊ ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလမ်က ၎င်းနှင့် ရန်ငြိုး ရှိသော ရွာသား တစ်ဦး ဖြစ်သည့် ဦးအေနာမူလ်ဟာဆောင်း (ဘ) မော်လ၀ီ နော်ဇိရ်၏ ဆွေမျိုးများနှင့် အိမ်နီးချင်း မိတ်ဆွေ ၂၀၀ ဦးနီးပါးကို ထွက်ပြေးသွားသည်ဟု ဆို၍ ယခင် အိမ်ထောင်စု လူဦးရေ စာရင်း အစားသွင်းရန် စာရင်းကောက်ခံရာ၌ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် စေခဲ့သည်။ ပယ်ဖျက်ခံရသည့် စာရင်းတွင် အသက်ငယ်ရွယ်သည့် ကလေးငယ်များလည်း ပါဝင်သည်။ စာရင်းမှ ပယ်ဖျက်ခံရသူ များကို ဆွဲ၊တင်၊စစ် လုပ်ရန် လာသည့် မ.က.ဖ များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က စခန်းသို့ လာရောက်၍ တွေ့ဆုံရန် မှာကြား ခဲ့ကြောင်း သိရသည်။

အိမ်ထောင်စု လူဦးရေ စာရင်း ပယ်ဖျက် ခဲ့ရသည့် မိသားစု များ၏ အိမ်ထောင် ဦးစီးများမှာ --

(၁) ဦးရော်ဟီမုလ္လာ (ဘ) ဦးနော်ဇိရ်အာမတ်
(၂) ဦးဆော်လီမုလ္လာ (ဘ) ဦးနော်ဇိရ်အာမတ်
(၃) ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးဂူလာမ်ဟူစိန်း
(၄) ဦးမိုဟာမတ်အာလာမ် (ဘ) ဦးဇာဖောရ်အာလာမ်
(၅) ဦးမိုဟာမတ်အီနုစ် (ဘ) ဦးဟာဆောင်း
(၆) ဦးနူရ်အာလာမ် (ဘ) ဦးဂူလာမ်ရှရီးဖ်
(၇) ဦးကာလာမ် (ဘ) ဦးဇော်လာလ်
(၈) ဦးမာဒါရာမန် (ဘ) ဦးဖော်ဇောရာမန်
(၉) ဦးအာနို (ဘ) ဦးနာဆဲရ်အာမတ်
(၁၀) ဦးဟာလိမ် (ဘ) ဦးမူဘာရဲခ်
(၁၁) ဦးအာဘူလ်ကာလာမ် (ဘ) ဦးနူရ်မာလ်ဟာကိမ်း
(၁၂) ဦးဆော်ဒူလာမီးန် (ဘ) ဦးအဒူလောက်
(၁၃) ဦးအဒူလောက် (ဘ) ဦးဖော်ဇူရာမန်
(၁၄) ဦးမာမတ်ကာဆိမ်း (ဘ) ဦးဒူဒူမျာ
(၁၅) ဦးဖေရိုဒူစ် (ဘ) ဦးမာမတ်
(၁၆) ဦးနူရ်ဆလာမ် (ဘ) ဦးဆုလ်တာန်
(၁၇) ဦးဒေါလူဟူစိန်း (ဘ) ဦးနာဇိရ်
(၁၈) ဦးမာမတ်နော်ဇိရ် (ဘ) ဦးအာမီးရ်အလီ -- တို့ဖြစ်သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့က ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ကျီးနှုတ်သီး ကျေးရွာရှိ မူလတန်းကျောင်းသို့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိလာပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးအောင်နိုင်စိုးသည် ရွာထဲသို့ ကွင်းဆင်း၍ နယ်ခြားစောင့် ရဲများကို ကျီးနှုတ်သီး အမှတ် (၁၀) ရပ်ကွက်မှ ဘူးသီးတောင် မြို့နယ်တွင် အသက် အကြီးဆုံး ဖြစ်သူ ၉၅ နှစ် အရွယ် ဆီးလမ်းကြောင်း ရောဂါနှင့် အသည်းအသန် ဖြစ်နေပြီး အိပ်ရာထဲ လဲနေသော ဘာသာရေး ဆရာကြီး မော်လာနာ မုဖ်သီ ဦးအဒူဆလာမ်ကို ဖမ်းဆီးချုပ်နှောင်၍ ဆိုင်ကယ်ပေါ်တင်ပြီး ဆွဲ၊တင်၊စစ် လုပ်နေသည့် မူလတန်းကျောင်းသို့ ခေါ်လာခဲ့သည်။ ၎င်းအား ကိုယ်ထိ လက်ရောက် စော်ကားခြင်း မပြုလုပ်သော်လည်း ကြမ်းတမ်း ရိုင်းပျစွာ သုံးနှုန်း၍ ဆွဲ၊တင်၊စစ် တွင် ပါဝင်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် မ.က.ဖ များနှင့် နယ်ခြားစောင့်ရဲများက ၎င်းကို ရွာသားများကို ဆွဲ၊တင်၊စစ် တွင် ပါဝင်လာရန် စည်းရုံးပေးရန် ဖိအားပေးခဲ့သည်။ အဆိုပါ ဆရာကြီးကို မိသားစု ဓါတ်ပုံ ရိုက်ခြင်း မပြုလုပ်သောကြောင့် ရာအိမ်မှူးများက နောက်နောင် လိုအပ်လျှင် ရိုက်ကူးရန် စီစဉ် ပေးမည်ဆိုသဖြင့် ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ရဲမှူး အောင်နိုင်စိုးသည် ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် ရပ်ကွက် (၁၂) ရှိ ဦးဟာဆန်၏ နေအိမ်ကို သေနတ် တစ်ချက် ပစ်ဖောက်၍ ရွာသားများကို ခြိမ်းခြောက် ခဲ့သည်။

တစ်ဖန် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အဆိုပါ ဘာသာရေး ဆရာကြီးကို ထပ်မံ၍ ဖမ်းဆီးရန် သွားကြရာ၊ ဆေးကုသရန် သွားနေသဖြင့် မတွေ့ရှိသောကြောင့် ရွာတာဝန်ခံနှင့် ရာအိမ်မှူးများကို ဆွဲ၊တင်၊စစ် အဖွဲ့က လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

မော်လာနာ ဖုဖ်သီ ဦးအဒူဆလာမ်ကို ၁၉၅၂ ခုနှစ်တွင် ပါလီမန် အတွင်းဝန် ဦးအဒူဂဖာရ်က ဂုဏ်ထူးဆောင် လက်မှတ်၊ ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ် အစ္စလာမ် သာသနာရေး ကောင်စီမှ ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၎င်းသည် ၁၉၅၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိ တောင်ဘဇား အရဗီကျောင်းတွင် မုဖ်သီ၊ ဟဒီးစ် ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ယနေ့တိုင် မီးချောင်းဈေး အရဗီ ကျောင်းတွင် မုဖ်သီ၊ ဟဒီးစ် ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ ၁၉၉၉ မှ ၂၀၀၁ ခုနှစ်ထိ မောင်တောခရိုင် အစ္စလာမ် သာသနာရေး ကောင်စီတွင် ဓမ္မသတ်မှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည့် အတွက် ဘူးသီးတောင် မြို့နယ်တွင် ဒေသခံ အစ္စလာမ် ဘာသာဝင်များ အားလုံး၏ ကြည်ညို လေးစားခြင်းကို ခံရသူ ဖြစ်သည်။

ကျီးနှုတ်သီးရွာတွင် စုစုပေါင်း (၄) အိမ်ထောင်စုကိုသာ ဆွဲ၊တင်၊စစ် ၌ ပါဝင်နိုင်ခဲ့စေပြီး၊ ပါဝင်သူများထဲမှ ဦးတူဟာ (ဘ) ဦးအလီအာမတ်ကို ခေါင်းကွဲသည့်အထိ ရိုက်နှက် ခဲ့ကြောင်း သိရသည်။ ရဲမှူးအောင်နိုင်စိုးသည် ပေါင်တောပြင် ကျေးရွာ အခြေစိုက် ကင်းစခန်းမှူး ဖြစ်ပြီး ၎င်း၏ ရက်စက်မှုများ အတွက် တိုင်စာပို့ခဲ့သော ရွာသားများကို ရိုက်နှက်၍ လောက်လေးခွဖြင့် ပစ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၂၆) ရက်နေ့က မောင်တော မြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာသို့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိလာပြီး နာမကျန်းသူများ၊ နာတာရှည် ရောဂါသည်များ၊ လမ်းမလျှောက် နိုင်သူများကို စုရပ်လာရောက်ရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း အတင်းအဓမ္မ ခေါ်ယူ၍ စစ်ဆေးခဲ့သည်။ ယခင် န.စ.က လက်ထက်က နာမကျန်းသူများ၊ နာတာရှည် ရောဂါ ခံစားနေရသူများကို စစ်ဆေးရန် မခေါ်ယူဘဲ အိမ်ထောင်စု လူဦးရေ စာရင်းတွင် ထည့်ပေးခဲ့ပေးပြီး၊ ၎င်းတို့ကို ချန်လှပ်၍ ဓါတ်ပုံ ရိုက်ကူးပေးလေ့ ရှိခဲ့သော်လည်း ယခုအခါ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က မည်သည့် အခြေအနေမျိုးကိုမှ လက်မခံဘဲ စစ်ဆေးခံခိုင်းပြီး၊ ဓါတ်ပုံ ရိုက်ရာတွင်လည်း ပါဝင်ခိုင်းနေသည်။ ယင်းရွာတွင် မွေးတိုး အတွက် ငွေ ၂၀၀၀ ကျပ်၊ ပယ်ဖျက် ၂၀၀၀ ကျပ်၊ ပြောင်းရွှေ့သူများနှင့် မိဘများ အိမ်ထောင်စု စာရင်း သီးခြား ဖြစ်နေသူများမှ မွေးဖွားလာသည့် ကလေးများကို တင်မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
3.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စုမှ ထင်းခုတ်၍ မိသားစုများကို ထောက်ပံ့နေသည့် ကလေး (၃) ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး ရိုက်နှက်၍ ထင်းများနှင့် ဓါးများ သိမ်းယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃၁) ရက်နေ့ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု (ဟာဝါးရ်ဘိလ်) တောင်ရွာမှ နော်ဘီဟူစိန်း (ဘ) ဦးဘော်ရှော်ရ် (အသက် ၁၂ နှစ်)၊ ရှာကဲရ် (ဘ) ဦးတာဟဲရ် (အသက် ၁၃ နှစ်) နှင့် အာဖ်တာရ် ဟူဆောင်း (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၁၃ နှစ်) တို့သည် ရွာ၏ အရှေ့ဘက်ရှိ တောင်တန်းတွင် ထင်းခုတ်၍ ပြန်လာစဉ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့်ရဲများက တွေ့ရှိပြီး၊ အဆိုပါ ကလေး (၃) ဦးကို နယ်ခြားစောင့် ရဲများက သေနတ်များဖြင့် ရိုက်နှက်ခဲ့သည်။ ထို့နောက် ၎င်းတို့ (၃) ဦးထံတွင် ပါလာသည့် ထင်းများ၊ ဓါးများကို သိမ်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကလေးများ၏ မိသားစုဝင် တစ်ဦးက “ဆင်းရဲလွန်းလို့ ဒီကလေးတွေက ထင်းခုတ်ပြီး တဖက်တလမ်းကနေ ထောက်ပံ့နေကြတာ။ ထင်းခုတ်ရင်လည်း နယ်ခြားစောင့် ရဲတွေက အနှောက်အယှက် ပေးတယ်။ အခု ဒီကလေးတွေကို သေနတ်နဲ့ ရိုက်တာ ရက်ရက် စက်စက်ပဲ။ ကြိမ်ချောင်းဈေး ကနေ ဟင်းသီးဟင်းရွက် တွေဝယ်ပြီး ရောင်းမယ် ဆိုရင်လည်း လမ်းမှာ ရှိသမျှ နယ်ခြားစောင့် ရဲတွေကို ဆက်ကြေး ပေးရတယ်။ အဲဒါအပြင် သူတို့ စိတ်ကြိုက် ဟင်းသီးဟင်းရွက် တွေကို လုတယ်။ ထင်းခုတ်ရင်လည်း လုတယ်။ ဟင်းသီးဟင်းရွက် ရောင်းရင်လည်း ဆက်ကြေး ယူတဲ့အပြင် လုတယ်။ အဲဒါတော့ ဘာအလုပ် လုပ်စားမလဲ ဆိုတာ တွေးမရတော့ဘူး” ဟု ပြောပါသည်။ 



MYARF & Rohingya Eye
RB News
3.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ သစ်ရောင်းဝယ်သူ တစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ပြီး၊ ကျောက်ပန္ဒူ ကျေးရွာမှ ဒေသခံများ၏ သစ်များကို အကြောင်းမဲ့ သိမ်းဆည်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ဦးအာဘူလ် ဖော်ယာစ် (ဘ) ဦးအဘူရှောမား (အသက် ၃၅ နှစ်) သည် သစ်တော ဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် ကျေးရွာ အတွင်းရှိ သစ်ဖြူများ ၀ယ်ယူ၍ ခွဲဖြတ်ပြီး ရောင်းနေသူ တစ်ဦး ဖြစ်သည်။ ၎င်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာက အကြောင်းမဲ့ ငွေညှစ်ရန် ကြိုးစားရာ မပေးခဲ့သဖြင့် ဖေဖော်ဝါရီလ (၂) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ငါးခူရ ကျေးရွာမှ စ.ရ.ဖ များနှင့် အတူ ဖမ်းဆီး၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ငွေညှစ်ခံရသူသည် ငွေကြေး ချမ်းသာသူ မဟုတ်ဘဲ တပိုင်တနိုင် လုပ်ကိုင် စားသောက် နေသူ ဖြစ်သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ယခုကဲ့သို့ ငွေညှစ်နေခြင်း အတွက် ကျေးရွာသားများ အလွန် စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၂၆) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရိုဟင်ဂျာများ စုဆောင်း ထားသည့် သစ်များကို အကြောင်းမဲ့ သိမ်းဆည်း သွားခဲ့သည်။ ဦးမိုဟာမတ်အာလာမ် (ဘ) ဦးကာမာလ် (အသက် ၃၀ နှစ်) ၏ သစ်များ တန်ဖိုးအားဖြင့် ငွေကျပ် တစ်သိန်း ငါးသောင်း၊ ဦးဖေရာန် (ဘ) ဦးကော်ရီမူလ္လာ (အသက် ၃၀ နှစ်) ၏ သစ်များ တန်ဖိုးအားဖြင့် ငွေကျပ် ခြောက်သောင်းနှင့် အတူ အခြားသော ဒေသခံ ရွာသားများ၏ သစ်များကိုလည်း အကြောင်းမဲ့ သိမ်းဆည်း သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။




MYARF
RB News
3.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘင်္ဘောကွဲ ကျေးရွာနှင့် အင်းဒင် ကျေးရွာများတွင် နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံများကို မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်ပြီး ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၉) ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့် ရဲများသည် ဘင်္ဘောကွဲ ကျေးရွာမှ မော်လ၀ီ အဒူဆော်လာမ် (ဘ) ဦးအဒူဟာလဲခ် (အသက် ၅၂ နှစ်) ၏ ခြံဝင်း ဂိတ်တံခါးနှင့် အိမ်တံခါးများကို ဖျက်ဆီး၍ အိမ်ထဲသို့ ၀င်ရောက်ပြီး မော်လ၀ီ အဒူဆော်လာမ်ကို မိသားစုဝင်များ ရှေ့တွင် လူမဆန်စွာ ရိုက်နှက်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် ဦးမော်ဂုလ်အာမတ် (ဘ) ဦးနော်ဘီဟူစိန်း၏ နေအိမ် တံခါးကို ဖျက်ဆီး၍ ၀င်ရောက်၍ ၎င်းကိုလည်း ဖမ်းဆီး သွားခဲ့သည်။

တစ်ဖန် မာမတ်နူရ် (ဘ) မော်လ၀ီ ဇော်ကော်ရီယာ (အသက် ၂၅ နှစ်) ကိုလည်း ဖမ်းဆီးခဲ့သည်။ မော်လ၀ီ အဒူဆော်လာမ်နှင့် မာမတ်နူရ်တို့ကို ဓါးပြ အဒူလာကိမ်းနှင့် အဖွဲ့ကို ထမင်းကျွေးခဲ့သည်ဟု လုပ်ကြံစွပ်စွဲပြီး၊ ဦးမော်ဂုလ်အာမတ်ကိုမူ သားတစ်ယောက် မလေးရှားနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသည်ကို လက်ခံထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဘင်္ဘောကွဲ နယ်ခြားစောင့် ရဲကင်းစခန်းတွင် (၃) ဦးစလုံးကို လူမဆန်စွာ ရိုက်နှက်၍ ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လွှဲအပ်ခဲ့သည်။

အင်းဒင် စခန်းတွင်လည်း ၎င်းတို့ကို လူမဆန်စွာ ထပ်မံ၍ ရိုက်နှက် နှိပ်စက်ပြီး မော်လ၀ီ အဒူဆော်လမ် ထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်းနှင့် ဦးမော်ဂုလ်အာမတ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ၀င်ချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

(၃) ဦးမှ (၂) ဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မာမတ်နူရ်ကို ပြန်လည် မလွှတ်ပေးခဲ့သည့် အတွက် မိသားစုများက အင်းဒင် စခန်းတွင် စုံစမ်းရာ အင်းဒင် စခန်းတွင် မရှိတော့ကြောင်း သိရသည်။ မာမတ်နူရ်ကို ထားရှိသည့် နေရာကို မသိရှိရသည့် အတွက် မိသားစုဝင်များက ၎င်းကို သတ်ပစ်လိုက်ပြီလားဟု သံသယ ဖြစ်လျက် ရှိနေကြပြီး၊ အထူးစိုးရိမ် ပူပန်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲများသည် နေ့လည်ပိုင်း အချိန်တွင် ၎င်းတို့ စခန်းတွင် ပွဲစားများ အဖြစ် ထားရှိသည့် ဦးအဒူမူနာဖ် (ဘ) ဦးဟာလာ (အသက် ၃၅ နှစ်) နှင့် ဦးနူရ်မာမတ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၄၂ နှစ်) တို့နှင့် အတူ ရွာထဲရှိ ငွေကြေး တတ်နိုင်သည့် အိမ်များကို ဆိုင်ကယ်ဖြင့် လှည့်လည်၍ ကြည့်ရှုပြီး ညပိုင်းတွင် ဖမ်းဆီးပြီး ငွေညှစ်လေ့ ရှိသည်ဟု ဆိုသည်။



RB News
2.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ တောင်ဘဇား၊ ငါးရန့်ချောင်း ကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံများကို လက်နက်ကိုင် အာဏာပိုင်များ၊ ကျေးရွာ အုပ်ချုပ်ရေးတို့ ပူးပေါင်း၍ မင်းမဲ့ စရိုက် ဆန်ဆန် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ ၂၉ ရက်နေ့က “ဘူးသီးတောင် မြောက်ပိုင်း တောင်ဘဇား၊ ယင်းမရွာမှ လူတွေကိုဖမ်း၊ လက်ထိပ်ခတ်၊ စာရွက် အလွတ်ပေါ်မှာ ဆွဲ၊တင်၊စစ် မှာ ပါဝင်မယ် ဆိုပြီး အတင်း အဓမ္မ လက်မှတ်ထိုးခိုင်း၊ မပါဝင်ရင် ထောင်ချမယ်၊ အမှုဖန်တီးမယ်၊ သွားလာခွင့် အားလုံး ပိတ်ထားမယ်၊ ဘူးသီးတောင် မြို့နယ်တွင်း ကျေးရွာတွေကို တောင်သွားခွင့် မပေးဘူး၊ စက်လှေတွေကိုလည်း သွားလာခွင့် ပိတ်ထားနဲ့ အမျိုးမျိုး ခြိမ်းခြောက်တယ်။ ပြီးတော့ လူ ၁၀ ယောက်ကို ဖမ်းတယ်။ အမျိုးသမီး နှစ်ယောက်လည်း ပါတယ်။ ဆွဲ၊တင်၊စစ် မှာ ပါမယ် ဆိုတော့မှ ပြန်လွှတ်ပေးတယ်။ တော်တော်လေး ရုန်းရင်းဆန်ခတ် ဖြစ်လို့ လူတွေ ထွက်ပြေးရတယ်။ တောင်ဘဇား စည်ပင်သာယာ ဈေးထဲက ဆေးဆိုင် တစ်ဆိုင် ဆိုရင် ဆိုင်ကိုဖွင့်ထားပြီး ထွက်ပြေးရတယ်။ အဲဒီဆိုင်ကို အာဏာပိုင်တွေက သော့ခတ် ပစ်လိုက်တယ်။ အဓိက ခြိမ်းခြောက်သူတွေ ကတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရဲမှူး အောင်နိုင်စိုး၊ ပြီးတော့ ဗိုလ်လေးနဲ့ မ.က.ဖ တွေပါ။ ဦးအစ္စလာမ်ရဲ့ သားပိုင်တဲ့ သိန်း ၂၀ တန် ဆိုင်ကယ် တစ်စီးကိုလည်း သိမ်းသွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ကျွန်တော်တို့ တောင်ဘဇား၊ ငါးရန့်ချောင်း ကျေးရွာ အုပ်စုမှာ ရပ်ကွက် ၁၇ ခုရှိပါတယ်။ အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဦးကောင်းစိန်လှက နယ်ခြားစောင့်ရဲ တွေနဲ့ ပေါင်းပြီး တစ်လကို သိန်း ၅၀၀ လောက်ရှာတယ်။ ကျွန်တော်တို့ ဆီမှာ ၅ နှစ်တာ ကာလ အတွင်းမှာ ဒေသခံ မိသားစု တစ်စုစီက ငွေ ၅ သိန်းကနေ သိန်း ၅၀ အထိ ငွေညှစ်ခံရတာတွေ ရှိနေတယ်။ ဦးကောင်းစိန်လှက အရင်တုန်းက နတ်ကတော် အခုတော့ သန်းကြွယ် သူဌေးကြီး ဖြစ်နေပြီ၊ အမျိုးသမီး တွေကို စစ်ဆေး စရာရှိတယ် ဆိုပြီး၊ မုဒိန်းကျင့်တာတွေလည်း ရှိခဲ့တယ်။ ဒီမှာက မိမိအသက်ထက် အရှက်က အရေးကြီးတယ် ဆိုပြီး ကျူးလွန်ခံရသူတွေက နှုတ်ဆိတ် နေကြတော့ ဦးကောင်းစိန်လှနဲ့ ပတ်သက်တဲ့ သတင်းတွေ မီဒီယာပေါ် ရောက်မသွားခဲ့ဘူး။ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနဲ့ ဌာနဆိုင်ရာတွေကို အိတ်ထဲ ထည့်ထားတော့ သူကျူးလွန်တဲ့ ငွေညှစ်မှုတွေ၊ အခြားအမှုတွေ အတွက် ကျွန်တော်တို့ ဒေသခံတွေက အထက်ကို တိုင်ကြားလို့ မရခဲ့ဘူး” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့တွင်မူ “နယ်ခြားစောင့်ရဲ တွေနဲ့ ဦးကောင်းစိန်လှ တို့ပေါင်းပြီး အိမ်တိုင်းဝင်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အားလုံးကို ခြိမ်းခြောက်တယ်။ လူတွေကို အမျိုးမျိုး ခြိမ်းခြောက်တော့ များသောအားဖြင့် ရှောင်ထွက် သွားကြတယ်။ ဈေးတွေမှာ ဆိုင်တွေ ဖွင့်လို့မရအောင် ဆိုင်တွေကို သော့လိုက်ခတ်တယ်။ ဈေးရောင်းလို့ မရဘူး၊ ဆိုင်ဖွင့်ထားသူ တွေကို ဆိုင်ရှေ့ကနေ ခြိမ်းခြောက်တယ်။ ဆွဲ၊တင်၊စစ် မှာ မပါချင်ရင် တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို သွားကြဆိုပြီး ပြောတယ်။ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေ ယူသွားတယ်။ စက်လှေတွေ ယူသွားတယ်။ စက်လှေတွေထဲက နှစ်စီးတော့ ပြန်ပေးတယ်။ ညနေကျတော့ ဆိုင်ကယ်နဲ့ ရွာထဲ ပတ်ပြီး သေနတ် ၄ ချက် ဖောက်ပြီး ခြိမ်းခြောက်တယ်။ ဆဲဆိုတာတွေလည်း စုံနေတာပါပဲ။ သူတို့ဘယ်လို လုပ်လုပ် ဒေသခံတွေ ကတော့ အစစ်မခံကြဘူး၊ ရှောင်နေကြတယ်။ သောကြာနေ့မှာတောင် ၀တ်ပြုလို့ မရဘူး။ တစ်နေကုန် လိုက်ဒုက္ခပေးနေလို့ မိသားစု တစ်စုကိုတော့ သူတို့ ဆွဲ၊တင်၊စစ် မှာ အတင်းပါခိုင်းလို့ ပါခဲ့ရတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

ဇန်န၀ါရီလ (၃၁) ရက်နေ့တွင်လည်း ထိုကဲ့သို့ ဆက်လက်၍ ခြိမ်းခြောက်နေမှုကြောင့် ဒေသခံများ နေအိမ်များ ရှောင်တိမ်း သွားခဲ့ပြီး၊ တောင်ဘဇား ဈေးနေ့တွင်လည်း ရောင်းဝယ် ဖောက်ကားခွင့် ပိတ်ပင်ခံခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် ဆိုင်ကယ် ၃ စီးကို လုယက်သွားပြီး၊ ငါးရန့်ချောင်းရှိ ဆိုင်များ အားလုံးကိုလည်း သော့ခတ်၍ ဆိုင်များ ဖွင့်ခွင့် လုံးဝ မပေးခဲ့ကြောင်း၊ ကျီးနှုတ်သီး၊ တောင်ဘဇားရှိ ဒေသခံများ ပါဝင်ရန် ငြင်းဆန်သဖြင့် သွားလာရေး အားလုံး ပိတ်ပင် ထားသည့် အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် မောင်ဖြူနှင့် ၎င်း၏ တပည့်များက ဆိုင်ကယ်များဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးရန် ရှာဖွေလျက် ရှိသောကြောင့် ဒေသခံ အများစုမှာ တောတောင်များထဲတွင် ရှောင်နေခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။

“တောင်ဘဇား၊ ကျီးနှုတ်သီး၊ ယင်းမ၊ ငါးရန့်ချောင်းက ဒေသခံတွေကတော့ နည်းမျိုးစုံနဲ့ ပိတ်ဆို့ခံထားရတော့ စိုးရိမ်ပူပန် နေတာတွေ ရှိပါတယ်။ ထောင်ချမယ်၊ ရွာက အိမ်တွေ အားလုံး မီးရှို့ပစ်မယ်။ နယ်ခြားစောင့်ရဲ၊ ဦးကောင်းစိန်လှနဲ့ မ.က.ဖ တွေက တကယ်ကို မင်းမဲ့ စရိုက် ပုံစံနဲ့ လုပ်နေတယ်။ မင်းတို့ ဘယ်မှာပဲ သွားတိုင်တိုင် ငါတို့ ဂရုမစိုက်ဘူး၊ တောထဲတောင်ထဲ သွားပြီး ၀ါးခုတ်ခွင့်၊ ရွာထွက် လက်မှတ် ပုံစံ (၄)၊ ရိုဟင်ဂျာတွေမှာ ရှိသမျှ လူ့အခွင့်အရေး အားလုံးကို ပိတ်ပင်ထားတယ်။ ညှဉ်းပန်း နှိပ်စက်တာ တွေလည်း အရင်ထက် အဆပေါင်းများစွာ ဆိုးလာတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ငါးရန့်ချောင်း၊ ကျီးနှုတ်သီးရွာသို့ နယ်ခြားစောင့်ရဲများ၊ မ.က.ဖ များနှင့် ဦးကောင်းစိန်လှ တို့ဝင်ရောက်၍ ရွာအတွင်းရှိ လမ်းများ အားလုံး ပိတ်ဆို့ထားခဲ့ပြီး၊ မည်သူ တစ်ဦး တစ်ယောက်ကိုမှ ဖြတ်သန်း သွားလာခွင့် မပေးခဲ့ကြောင်း၊ ရွာသားများ အားလုံး ရွာမှ တိမ်းရှောင် နေခဲ့ ရကြောင်း သိရသည်။

“ကျွန်တော်တို့ ဆီမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ဦးကောင်းစိန်လှကို တစ်လ ၁ သိန်းကနေ ၈ သိန်းထိ ပေးရတယ်။ ပြဿနာ တစ်ခု ဖြစ်ရင် ဦးကောင်းစိန်လှကို ၅ သောင်းကနေ ၂ သိန်းထိ ပေးရတယ်။ ကျွန်တော်တို့ ဆီမှာ မပေးဖူးသူ ဆိုတာ တော်တော်ရှားတယ်။ အမှုဖန်တီးပြီး ငွေညှစ်တော့ ဘယ်လိုမှ ရှောင်လို့ မရဘူး။ လယ်ယာ၊ အိမ်၊ မြေ တစ်ခုခု ရောင်းရင်လည်း ဦးကောင်းစိန်လှကို ၁ သိန်း ပေးရတယ်။ အဲဒါတွေ အပြင် ၂၀၁၂ ဇွန်လတုန်းက ရခိုင် အစွန်းရောက် ခေါင်းဆောင်တွေက ဦးကောင်းစိန်လှ အိမ်ကို ဆန်အိတ် ၅၀ လာပို့တာ ကျွန်တော်တို့ ကိုယ်တိုင် မျက်စိနဲ့ မြင်တယ်။ ပြီးတော့ ပဋိပက္ခ ဖန်တီးဖို့ ရခိုင် အစွန်းရောက် အဖွဲ့ကို ပေးဖို့ ရခိုင်ရွာတွေ သွားပြီး ငွေ သိန်း ၁၀၀ ကျော်ကောက်ခဲ့တယ်။ ပြီးတော့ အဲဒီ ရခိုင် အစွန်းရောက်တွေကို တစ်ယောက်ကို ငွေ ၅ သောင်း၊ ဆန်အိတ် ၂ အိတ်စီ ပေးခဲ့တယ်။ အဲဒီ အစွန်းရောက်တွေကို စစ်တွေဘက်မှာ သုံးတာမှာ တချို့လည်း ကြီးကြီးမားမား ဒဏ်ရာရ၊ တစ်ချို့လည်း သေဆိုတော့ ဒီဘက်က ရခိုင်ရွာတွေက ဦးကောင်းစိန်လှကို တော်တော်လေး ပြစ်တင် ဝေဖန်ခဲ့သေးတယ်။ အဓိက ကတော့ ဦးကောင်းစိန်လှနဲ့ ဦးအောင်ထွန်းလှ သူတို့နှစ်ယောက်က အမြဲလိုလို ပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားတယ်။ ပြီးတော့ သူတို့ကို ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောထောက် နောက်ခံ ပေးထားတော့ ပိုဆိုးတာပေါ့” ဟု အဆိုပါ ဒေသခံက RB News သို့ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့သည် ကျွန်းပေါက် ဈေးနေ့ ဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက်မှ ရောင်းဝယ် ဖောက်ကားခွင့် မရခဲ့ကြောင်း၊ လွန်ခဲ့သည့် အပတ်ကလည်း ယနေ့ကဲ့သို့ မရခဲ့ကြောင်း၊ မိမိတို့အား ယခုကဲ့သို့ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် နေသော်လည်း မိမိတို့ အနေဖြင့် မိမိတို့၏ မူရင်း လူမျိုး အမည် ရိုဟင်ဂျာ အမည်အတွက် ငြိမ်းချမ်းသည့် နည်းဖြင့် ဆက်လက် တောင်းဆိုသွားမည် ဖြစ်ပြီး၊ ယခုကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီ ဇာတ်သွင်း နေခြင်းကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။



RB News
2.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် အမတ်များ စည်းရုံးရေး ဆင်းခဲ့ကြပြီး၊ စည်းရုံးရေး ခရီးစဉ် အတွင်း ပြောကြားချက် များကြောင့် ယင်းပါတီ အပေါ် ဒေသခံများ အလွန်စိတ်ပျက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရ စီးပွားရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသာခင် တို့သည် မောင်တောမြို့နယ် ကျေးရွာ အချို့သို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို အစည်းအဝေး ခေါ်ယူ၍ ပြည်ခိုင်ဖြိုး ပါတီကို မဲထည့်ရန် စည်းရုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အစည်းအဝေးတွင် ဦးမြအောင်က ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ အနိုင်ရရှိပါက ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လမ်း၊ တံတားများ၊ ကျောင်းများနှင့် ဆေးရုံများ ပိုမို တည်ဆောက် ပေးမည် ဖြစ်ကြောင်း၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ များအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီ နိုင်ငံသား ဖြစ်ခွင့်ရသူများနှင့် နိုင်ငံသား ပြုခွင့်ရသူများ ဖြစ်အောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း၊ လွတ်လပ်မှုသည် လူမျိုးအမည် နာမ တစ်ခုထက် ပိုတန်ဖိုးရှိ အရေးကြီးကြောင်း ပြောဆိုပြီးနောက် ၎င်းက ဆက်လက်၍ “ကျီးသည် ဒေါင်းအသွင် ဆောင်လျှင်လည်း ကျီးကန်းကို ကျီးကန်းလို့သာ ခေါ်ဆိုမှာ ဖြစ်တယ်။ ယခုလည်း ဘင်္ဂလီကို ဘင်္ဂလီပဲ ပေးမယ်။ ရိုဟင်ဂျာကို တို့ရခိုင်တွေ လက်မခံဘူး။ ဒါတစ်သက်လုံး မရဘူး။ ဒါပေမယ့် ပြည်ခိုင်ဖြိုး ပါတီက ဘင်္ဂလီ အမည်ဖြင့် ရခိုင် တိုင်းရင်းသားနှင့် တန်းတူ အခွင့်အရေး ပေးတာကို မင်းတို့ အဆုံးရှုံး မခံနဲ့” ဟု ပြောဆိုသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးမြအောင်၏ ပြောကြားချက် အချို့ကို ဒေသခံများက လက်ခံသော်လည်း ကျီးကန်းနှင့် ဒေါင်း ဥပမာ ပေးပြီး ရိုဟင်ဂျာများအား ဘင်္ဂလီဟု စွပ်စွဲ သမုတ်ပြောဆိုမှုကို ပြည်ခိုင်ဖြိုးပါတီကို အမာခံ ထောက်ခံသူများပင် အလွန်တရာ စိတ်ပျက်၍ မကျေမနပ် ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အစည်းအဝေးကို ကျောက်ပန္ဒူ ကျေးရွာ၊ မြင်းလွတ် ကျေးရွာနှင့် အလယ်သံကျော် ကျေးရွာ များတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ယခင် မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့သော ဒေသခံ ရိုဟင်ဂျာများကို လစာကောင်းကောင်း ပေး၍ အစိုးရ ၀န်ထမ်း ခန့်မည် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံသား လျှောက်ရန် လိုသည်ဟု စသည်ဖြင့် စည်းရုံးမှုများလည်း ရှိနေသည်ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က စည်းရုံးလျှင်လည်း ဒေသခံ ရိုဟင်ဂျာများသည် မိမိတို့နှင့် ထိုက်တန်သည့် ပန်းရောင် နိုင်ငံသား စီစစ်ရေး ကဒ်ပြားကို ရိုဟင်ဂျာ အမည်ဖြင့် ရမည် ဆိုမှသာ လျှောက်ထားမည်ဟု ဒေသခံများက ပြောပါသည်။



အောင်ရဲမောင်မောင်
2.2.2015

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ အခြေအတင် ဆွေးနွေးခဲ့ ကြပါတယ်။ မူလက ဥပဒေကြမ်း ကော်မတီက ယာယီ နိုင်ငံသား ကတ်ပြား ကိုင်ဆောင်ထားသူတွေ အနေနဲ့ ဆန္ဒခံယူပွဲမှာ မဲမပေး သင့်ဘူးလို့ သဘောထား မှတ်ချက် ရှိပြီး သမ္မတက မဲပေးသင့်တယ်လို့ သဘောထား မှတ်ချက် ပြန်ပို့ ထားတာကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အငြင်းအခုံတွေ ဖြစ်တဲ့ထိ ဒီကနေ့ ဆွေးနွေးခဲ့ ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲ မောင်မောင် က တင်ပြ ပေးထားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ အခါမှာ ဒီဖွဲ့စည်းပုံ ပြင်ဖို့ ဆန္ဒခံယူပွဲ လုပ်မဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်း တစ်ခု ပြုစု ရေးဆွဲထားတဲ့ ကိစ္စကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အခြေအတင် ဆွေးနွေး ခဲ့ကြတာပါ။ အဓိက ကတော့ White Card အဖြူရောင် ကတ်ပြားလို့ ခေါ်တဲ့ ယာယီ နိုင်ငံသားကတ် ကိုင်ဆောင် ထားသူတွေ အနေနဲ့ ဒီ ဆန္ဒခံယူပွဲမှာ မဲပေးခွင့် ရှိတယ်လို့ သမ္မတက ဒီဥပဒေကြမ်း အပေါ်မှာ သဘောထား မှတ်ချက်ပေးပြီး လွှတ်တော်ကို ပြန်ပို့ ထားတာပါ။

ဒါပေမဲ့ လွှတ်တော်ဘက်က ဥပဒေကြမ်း ကော်မတီက မဲပေးခွင့် မရှိသင့်ဘူးလို့ မှတ်ချက် ရှိထားတဲ့ အတွက် လွှတ်တော်ထဲမှာ အခြေအတင် ဆွေးနွေးခဲ့ ကြတာလည်း ဖြစ်ပါတယ်။ ရခိုင် အမျိုးသားပါတီ အမတ်တွေ ဖြစ်တဲ့ ဒေါက်တာ အေးမောင်၊ ဦးဘရှိန်၊ ဒေါ်ခင်စောဝေနဲ့ ဦးထွန်းအောင်ကျော် တို့က White Card ကိုင်ဆောင်သူတွေ အနေနဲ့ မဲပေးခွင့် မရှိဘူးလို့ ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေး ခဲ့တဲ့ အကြောင်း ရခိုင်အမျိုးသား ပါတီ ရဲ့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဗီအိုအေ ကိုပြောပါတယ်။

“နိုင်ငံတော် အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်-ဆိုတဲ့ ဒီမဲပေးခြင်းအားဖြင့် လွှတ်တော်တွေ၊ အစိုးရတွေ၊ ကျနော်တို့ ပေါ်လာတယ်၊ ဒါကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ အဲဒီထဲမှာ နိုင်ငံသားထံမှ ဆင်းသက်သည် ဆိုတဲ့ ပုဒ်မကို အကိုးအကား အထောက်အထားပြု ပြီးတော့ နိုင်ငံသား ကိုသာ မဲပေးခွင့် ပြုသင့်တယ်၊ ဒါကြောင့် White Card ကိုင်ဆောင် ထားတဲ့ သူတွေသာ မဲပေးမယ် ဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါဟာ ရခိုင်ပြည်နယ်ရဲ့ အရေး မဟုတ်ဘူး။ တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်ပါတယ်။ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်ပါတယ်။ ဒါကြောင့် White Card နဲ့ မဲမပေးသင့် ပါဘူးလို့ ဆွေးနွေး ပါတယ်။”

တစ်ဘက် ကလည်း မွတ်ဆလင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဘူးသီးတောင် အမတ် ဦးရွှေမောင် ကတော့ သမ္မတ သဘောထား မှတ်ချက် ပေးထားတဲ့ အတိုင်း ၁၅ သိန်းသော White Card ကိုင်ဆောင်သူ တွေဟာ ဒီဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ ထောက်ခံ ဆွေးနွေးပါတယ်။

“ဒီရိုဟင်ဂျာ မွတ်ဆလင်တွေကို ကျတော့ နိုင်ငံသား စိစစ်ရေး ကတ်ပြား အစား ယာယီ သက်သေခံ လက်မှတ်တွေ ထုတ်ပေးခဲ့တယ်။ ထုတ်ပေး တာကိုက ၁၉၅၁ ခုနှစ် နည်းဥပဒေနဲ့ မညီဘူး။ ပြောင်းပြန် ဖြစ်နေတယ်၊ process က reserve process ဖြစ်နေတယ်လို့ တင်ပြခဲ့တယ်။ ဒါကြောင့် မို့ white card ကိစ္စ က နိုင်ငံတော်က ဖြေရှင်းဖို့ ကျန်နေတဲ့ ကိစ္စတစ်ခု လည်း ဖြစ်နေတယ်။ လက်ရှိ အခြေအနေမှာ ပြည်ထောင်စု အစိုးရရယ်၊ ရခိုင်ပြည်နယ် အစိုးရ ဦးဆောင်ပြီးတော့ ရခိုင် Action Plan ဆွေးနွေးတဲ့ ထဲမှာလည်း White Card ကိစ္စက ပါတယ်။ အဲဒီတော့ မပြီးပြတ်သေးဘဲ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ကိစ္စတွေ ဒီလို အခြေအနေ တွေမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူတွေက နိုင်ငံသားလို့ သတ်မှတ် ခဲ့ရသူ မဟုတ်တဲ့ အတွက် အခု ဒီဥပဒေကြမ်းမှာ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိဘူးလို့ အဲဒီလို ပြောလို့ရှိရင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ၁၅ သိန်းသော White Card ကိုင်ဆောင်သူတွေ အတွက် အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတက နိုင်ငံသားတွေရဲ့ အခွင့်အရေး မဆုံးရှုံးဖို့နဲ့ တည်ဆဲ ဥပဒေတွေနဲ့ ကိုက်ညီဖို့ အတွက် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ တွေကို မဲစာရင်းမှာ ထည့်ဖို့ အတွက် ပေးရမှာဖြစ်တယ်လို့ ကျနော်က တင်ပြတာပေါ့နော်။”

ဒီကနေ့ ဆွေးနွေးခဲ့တဲ့ ဦးရွှေမောင် ပြောသွားတာပါ။

ဦးရွှေမောင်လိုပဲ မဲပေးခွင့် ရှိတယ်လို့ ဝ နဲ့ မိုင်းလားက လွှတ်တော် အမတ် နှစ်ယောက် ကလည်း ဆွေးနွေး ခဲ့သလို တပ်မတော်သား ကိုယ်စားလှယ် တွေကလည်း မဲပေးခွင့် ရှိတယ်လို့ ထောက်ခံ ဆွေးနွေးခဲ့ ကြပါတယ်။

အခုလို အခြေအတင် ဆွေးနွေးပြီး နောက်ပိုင်း လွှတ်တော် ထမင်းစားနားချိန် အပြီးမှာတော့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီက သူတို့ ရဲ့ မူလ သဘောထား မှတ်ချက် ပေးထားတဲ့ White Card ကိုင်ဆောင်သူတွေ မဲပေးခွင့် မရှိဘူး ဆိုတာကို ကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြန်လည် ရုပ်သိမ်းပြီး သမ္မတ သဘောထား မှတ်ချက်ကို ထောက်ခံ ခဲ့ပါတယ်။

ဒါကြောင့် နောက်ဆုံး လွှတ်တော်က မဲခွဲတဲ့အခါမှာ ယာယီ နိုင်ငံသားကတ် ကိုင်ဆောင်သူတွေ မဲပေးခွင့် ရှိတယ် ဆိုတဲ့ အချက်က အနိုင်ရ ခဲ့ပါတယ်။ ဥပဒေကြမ်း ကော်မတီ အနေနဲ့ အရင်က သမ္မတနဲ့ သဘောထား မတိုက်ဆိုင်တဲ့ အခါ မူလ ရပ်တည်ချက် အတိုင်း ရှိပေမဲ့ ဒီနေ့ ဒီကိစ္စမှာတော့ မူလ သဘောထားကို ပြန်လည် ရုပ်သိမ်း သွားတာဟာ မေးခွန်းထုတ် စရာ ကောင်းတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

“ဥပဒေကြမ်း ပူးပေါင်း ကော်မတီရဲ့ ဦးစောလှထွန်းက တင်ပြတဲ့အခါ မှာလည်း ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်း အတည်ပြုပေးပါလို့ တင်ပြ ခဲ့ပါတယ်။ မဲခွဲခါနီးကျမှ ဒီလို ပြောင်းလိုက်တာဟာ ဦးစောလှထွန်းရဲ့အာဘော် သူ့တစ်ယောက်တည်းရဲ့ ဆန္ဒ မဟုတ်ဘူးလို့ ယူတယ်။ တစ်စုံတစ်ရာများ ဖိအား ပေးထားသလားလို့ ကျနော်တို့ဘက်က ထင်မြင် ယူဆမိ ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကလည်း အဲဒီလိုပဲ ယူဆတယ်။ အဲဒီလို အခြေအနေမျိုး ဖြစ်ပါတယ်။”

မနက်ဖြန်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည် ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ကျန်ရှိနေသေးတဲ့ အချက်တွေကို ဆက်လက် ဆွေးနွေးဖို့တွေ ရှိနေတာပါ။



မအေးအေးမာ
1.2.2015

ရန်ကုန်မြို့မှာ အစိုးရ ကိုယ်စားလှယ် တွေနဲ့ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် နေကြတဲ့ ကျောင်းသား ကိုယ်စားလှယ် တွေရဲ့ဆွေးနွေးမှုမှာ အစည်းအဝေး မူဘောင် (၉) ချက်ထဲက သမဂ္ဂ-ကိစ္စ အပါအ၀င် အချက် (၄) ချက်ကို ဆွေးနွေးဖို့ ကျန်နေသေးတဲ့ အကြောင်း ကျောင်းသား တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထား ပါတယ်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ ကိုယ်စားလှယ် အဖွဲ့တွေ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမူ ဦးဆောင် ကော်မတီက ကျောင်းသား ကိုယ်စားလှယ် တွေကြား ဆွေးနွေးမူ တွေမှာ အကြို ဆွေနွေးချက် ၉ ချက်ထဲက ၅ ချက်ကို သဘောတူခဲ့ပြီး ကျန်နေတဲ့ ၄ ချက်ကို ဆက်ဆွေးနွေးဖို့ ရှိကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့တဲ့ ခရီးရှည် ချီတက်ရာမှာ ပါဝင်သူ သပိတ် ခေါင်းဆောင် ကိုမင်းသွေးသစ်က ဆိုပါတယ်။

“သမဂ္ဂက- တချို့အချက်တွေ ပေါ့လေ၊ တချို့အချက် တွေကို အစိုးရဘက်က နောက်မှ ဆွေးနွေးမယ်လို့ ပြောတယ်။ သမဂ္ဂကို တရားဝင် အသိ အမှတ်ပြုဖို့ ကိစ္စ၊ နောက်ပြီးတော့ ကျောင်းသား သမဂ္ဂကို ကိုယ်စားပြုပြီး တက်လာတဲ့ (၁၅) ဦးကော်မတီရဲ့အခန်းကဏ္ဍကို တရားဝင် အသိအမှတ် ပြုပေးဖို့ ကိစ္စတွေ၊ ၁၅ ဦးကော်မတီနဲ့ ခရိုင် ကိုယ်စားလှယ် ကျောင်းသားတွေ ပါဝင် ဆွေးနွေးခွင့်ရဖို့ ပြင်ဆင်ချက် တင်တဲ့ဟာက လွှတ်တော် process နဲ့သွားမယ့် ဥစ္စာရော၊ ပညာရေး ၀န်ကြီးဌာနက လုပ်မယ့် ကိစ္စတွေရော၊ နှစ်ဆင့်လုံးမှာ ကျနော်တို့ ၁၅ ဦးကော်မတီနဲ့ တချို့ ခရိုင် ကိုယ်စားလှယ် ကျောင်းသားတွေ ပါဝင် ဆွေးနွေးခွင့် ရဖို့ ကျနော်တို့တင်တဲ့ အခါမှာလည်း အဲဒါကိုလည်း ဦးအောင်မင်းက နောက်မှ ပြန်ဆွေးနွေးဖို့ ပြောတယ်။ Pre အဆင့်မှာ ရှိတဲ့ အဆင့် (၉) ဆင့်ကို အချက် (၉) ခုကိုတောင်မှ ညှိနှိုင်းနေရတဲ့ အချက်တွေက အများကြီး ပြောနေရ တာလေ။ စကားလုံးတချို့ကိုလည်း ပြန်ပြင် ထားတာတွေ ရှိတယ်။ အဲဒီလို ဖြစ်တဲ့ အတွက် အစည်း အဝေးမှာ အောင်မြင်တယ် လို့တော့ ခေါ်လို့ မရသေးဘူး။”

ဆွေးနွေးပွဲ အတွင်းမှာ ကျောင်းသားတွေနဲ့ အစိုးရ တာဝန်ရှိသူ တွေကြားမှာ သမဂ္ဂ စကားလုံးနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်တွေ ဖြစ်ခဲ့ရပြီးနောက် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက သူ့အနေနဲ့ ပုပ္ပါး အထိသာ တာဝန်ယူနိုင်ကြောင်း လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်လို့ပါ ဆွေးနွေးမှုတွေ ရှိလာနေပြီး သပိတ်လှန်ဖို့ ကိုလည်း ထပ်မံပြောဆို ခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက တာဝန် မယူတော့ဘူးလို့ ပြောတဲ့ဥစ္စာက ကျနော်တို့ သွားတဲ့ နေရာတိုင်းမှာ ပြည်သူတွေက ၀န်းရံမှု၊ အားပေးမှု ကောင်းတယ်။ ကျနော်တို့ရဲ့လုံခြုံရေးကို ပြည်သူတွေပဲ စောင့်ရှောက်ပေးတာ။ တခြား အဖွဲ့အစည်း ကတော့ လုံခြုံရေး လာထိပါးလို့တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ထိပါးမယ့်လူက အာဏာပိုင် အဖွဲ့အစည်းကပဲ ထိပါးမှာ။ တောင်သာ တောင်ကြားလမ်းမှာ အပိတ်ခံရတဲ့ ကိစ္စတွေ၊ ကျနော်တို့ေ ကျာင်းသားတွေကို သေနတ်တွေနဲ့ ချိန်ထားခဲ့တဲ့ ကိစ္စတွေ၊ လက်နက်တွေနဲ့ ချိန်ထားတဲ့ ကိစ္စတွေ၊ ဒါတွေ ကတော့ အာဏာပိုင် အဖွဲ့အစည်းကပဲ လုပ်နေတာပဲ။ ဆိုတော့ လုံခြုံရေး တာဝန်ယူတယ်၊ မယူဘူးဆိုတာက အစိုးရရဲ့သဘောထားကို ပြောလိုက်တယ်လို့ပဲ ကျနော် ကတော့ မြင်တယ်။ အစိုးရ အနေနဲ့ ဖြိုခွင်းချင် ဖြိုခွင်းတော့မယ် ဆိုတဲ့ ပုံစံမျိုး တဘက်လှည့်နဲ့ ပြောတာလို့ပဲ မြင်တယ်။ သပိတ်လှန်ပေးဖို့ သူကတော့ ထပ်ပြောပါတယ် ဆိုပြီး ပြောတယ်။”

လာမယ့် ဆွေးနွေးပွဲကိုတော့ နေပြည်တော်မှာ ဆက်လက် ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ချောက်နဲ့ ရေနံချောင်းအထိ ခရီးရှည် ချီတက်နေတဲ့ သပိတ် စစ်ကြောင်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့ ဆွေးနွေးမှုတွေ အတွင်း တစ်ရက် ရပ်နား ထားပေမယ့် ကျောင်းသားတွေ တည်းခိုမယ့် ချောက်နဲ့ ရေနံချောင်းကြားက ဘုန်းကြီးကျောင်းတွေ မှန်သမျှ ဖိအား ပေးခံရမှုတွေ ရှိနေတဲ့အတွက် ရေနံချောင်းမှာ တည်းခိုဖို့ ကျောင်းသားတွေက ကားတွေနဲ့ ချီတက် ခဲ့ရပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလကစပြီး ကျောင်းသားတွေ ကန့်ကွက် ခဲ့ပြီးတဲ့နောက် အစိုးရ အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရက် (၆၀) လွန်မြောက်ခဲ့ ပြီးတဲ့နောက် ခရီးရှည်ချီတက်ပွဲ စတင်ခဲ့ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ကျောင်းသားတွေက အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြပါတယ်။



MYARF & Rohingya Eye
RB News
1.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာသည် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခဲ့ပြီး၊ ဆွဲ၊တင်၊စစ် အဖွဲ့ကို ရွာသားများ တင်ပြသော်လည်း ဟန့်တားခြင်း မပြုကြောင်း သတင်း ရရှိပါသည်။

“ဇန်န၀ါရီလ ၂၉ ရက်နေ့က ဆွဲ၊တင်၊စစ် အဖွဲ့ ကျွန်တော်တို့ ကျားခေါင်းတောင်ရွာ ရာဘီလ်လား လာတယ်။ အဲဒီ အဖွဲ့ စားသောက် စရိတ်ဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်ဒူလ္လာက ရွာသားတွေဆီက ငွေကျပ် နှစ်သိန်း ကောက်တယ်။ ကျွန်တော်တို့ ရွာမှာ အိမ်ခြေ ၂၅၀ ကျော်ရှိတယ်။ လူဦးရေ အားဖြင့် ၂၀၀၀ ကျော်ပါ။ များသောအားဖြင့် အလွန် ဆင်းရဲကြတယ်။ ဆွဲ၊တင်၊စစ် မှာလည်း ပြောင်းရွှေ့ ၇၀၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ နိုင်ငံခြားထွက် ၇၀၀၀ ကျပ်နဲ့ သေဆုံး အတွက် ပုံစံခ ဆိုပြီး ၅၀၀ ကျပ်စီယူတယ်။ ရွာမှာ ငွေမတတ်နိုင်ကြတော့ (၁၀) အိမ်လောက်ဘဲ စစ်လို့ ရတယ်။ ကျန်တာတွေက ငွေမတတ်နိုင်တော့ အစစ်ဆေး မခံကြဘူး။ မ.က.ဖ ကို ပေးရလား မပေးရလား ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ငွေပေးရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ဇန်န၀ါရီလ ၁၃ ရက်နေ့ကလည်း ရွာသား (၃) ယောက်ကို လက်ထပ်ခွင့် မရှိဘဲ လက်ထပ်တယ်လို့ စွပ်စွဲပြီး ရွက်ညိုတောင်က နယ်ခြားစောင့် ရဲကင်း စခန်းက စခန်းမှူးနဲ့ ကျားခေါင်းတောင် အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်ဒူလ္လာ တို့ပေါင်းပြီး ငွေညှစ်တယ်။ သူတို့ (၃) ယောက်လုံးမှာ လက်ထပ်ခွင့် ခွင့်ပြုချက် ရှိကြတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးနဲ့ မသင့်မြတ်လို့ ဆိုပြီး အာဏာ အလွဲသုံးစားလုပ် နယ်ခြားစောင့်ရဲနဲ့ ပေါင်းပြီး ငွေညှစ်တာပါ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

လက်ထပ်ခွင့် ခွင့်ပြုချက် မရှိဟု စွပ်စွဲခံရပြီး ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးဆော်မိတ်အူဒင် (ဘ) ဦးဟာလာအာမတ် (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၇ သောင်း
(၂) ဦးဟာရှိမ်း (ဘ) ဦးမာမတ်အစ္စလာမ် (အသက် ၂၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၃) ဦးဟာဖီးဇ်အာမတ် (ဘ) ဦးမော်သူ (အသက် ၂၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- တို့ဖြစ်သည်။

“အရင် ကျားခေါင်းတောင် ရွာသား ဦးအာဘူကာလာမ် (ဘ) ဦးနူရ်အာလာမ်) က လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြေရွာမှာ ရှိတဲ့ ယောက္ခမအိမ်ကို ပြောင်းသွားပါပြီ။ မနေ့က [ဇန်န၀ါရီလ ၃၁] အဲဒီလူကို ကျားခေါင်းတောင် အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်ဒူလ္လာက ဟိုအရင် န.စ.က လက်ထက်တုန်းက ဆွဲ၊တင်၊စစ် မှာ ပါဝင်ဖို့ ပျက်ကွက် ခဲ့တယ် ဆိုပြီး ငွေ တစ်သိန်းခွဲ ညှစ်တယ်” ဟု အခြားသော ဒေသခံ တစ်ဦးက ပြောပါသည်။

“ဆွဲ၊တင်၊စစ် မှာ ငွေအဆမတန် ကောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးအာဂျီမူလ်ခါန်က ရဲမှူးချုပ် တင်ကိုကိုက ငွေမကောက်ဖို့ ပြောထားတဲ့ အကြောင်းကို အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်ဒူလ္လာကို ပြောပြတော့ ထောင်ကျရင် ငါကျမှာ မင်းတို့နဲ့ မဆိုင်ဘူး။ ငါ့ဟာငါ ကောက်မယ် ဆိုပြီး ဆက်ကောက်တယ်။ လာစစ်တဲ့ မ.က.ဖ တွေက ငွေမယူဘူး။ အုပ်ချုပ်ရေးမှူး ငွေကောက်တဲ့ အကြောင်းကို မ.က.ဖ ဦးစီးနဲ့ ရဲမှူးကို တိုင်တော့လည်း မသိချင်ယောင်ဆောင် နေတယ်။ ညနေပိုင်းမှာ ဆွဲ၊တင်၊စစ် အဖွဲ့ ပြန်တော့ မ.က.ဖ ဦးစီးကို ငွေတစ်သောင်း၊ ရဲမှူးကို ငွေနှစ်သောင်း ပေးလိုက်တာ သိလိုက်တယ်” ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ကျားခေါင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်ဒူလ္လာ၏ ငွေညှစ်ခြင်းကို ခံရသူ အချို့မှာ --

(၁) ဦးနူရ်အာလာမ် (ဘ) ဦးဂူလာမ်ကာဒိရ် -- ပေးရသည့်ငွေကျပ် ၄ သောင်း (ဇနီးဖြစ်သူကို ၎င်း၏ အ.ထ.စ တွင် ပြောင်းတင်သည့် ကိစ္စ)
(၂) ဦးမောင်ဇူရ်အာလမ် (ဘ) ဦးအာဘူကလာမ် -- ပေးရသည့်ငွေကျပ် ၂ သောင်း (ဇနီးဖြစ်သူကို ၎င်း၏ အ.ထ.စ တွင် ပြောင်းတင်သည့် ကိစ္စ)
(၃) ဦးဆော်မော်ဒိန် (ဘ) ဦးကော်မလူ -- ပေးရသည့်ငွေကျပ် ၆ သောင်း (ဇနီးနှင့် ကလေး တို့ကို ၎င်း၏ အ.ထ.စ တွင် တင်သည့် ကိစ္စ)
(၄) ဦးမိုဟာမတ်ဟာရှိမ်း (ဘ) ဦးမိုဟာမတ်ဆော်လာမ် -- ပေးရသည့် ငွေကျပ် ၅ သောင်း (ဇနီးဖြစ်သူကို ၎င်း၏ အ.ထ.စ တွင် ပြောင်းတင်သည့် ကိစ္စ)
(၅) ဦးဂူလာမ်ရှော်ရိဖ် (ဘ) ဦးမော်တီအုရ်ရာမန် -- ပေးရသည့် ငွေကျပ် ၅ သောင်း (ဇနီးဖြစ်သူကို ၎င်း၏ အ.ထ.စ တွင် ပြောင်းတင်သည့် ကိစ္စ)
(၆) မော်လ၀ီနူရ်အာလမ် (ဘ) ဦးကာလူ -- ပေးရသည့် ငွေကျပ် ၄၈၀၀၀/- (မရီးဖြစ်သူကို အ.ထ.စ ပြောင်းတင်သည့် ကိစ္စ)
(၇) ဦးအဒူလ်ဟာဖီးဇ် (ဘ) ဦးအဘူဆူဖီယန် -- ပေးရသည့် ငွေကျပ် ၅ သောင်း (ဇနီးနှင့် ကလေးတို့ကို အ.ထ.စ တွင် တင်သည့် ကိစ္စ၊ ငွေပေးလိုက်ရသော်လည်း ကလေး ဖြစ်သူကို အုပ်ချုပ်ရေးမှူးက အ.ထ.စ တွင် တင်မပေး)
(၈) ဦးဆော်လီမူလ်ကလာမ် (ဘ) ဦးဆော်ဒူလ်အာမီးန် -- ပေးရသည့် ငွေကျပ် ၅ ထောင် (ကလေး မွေးတိုး တင်သည့် ကိစ္စ)
(၉) ဦးဖေရာန် (ဘ) ဦးရှောရာမတ်အုလ္လာ -- ပေးရသည့် ငွေကျပ် ၇ ထောင် (သားတစ်ယောက် အ.ထ.စ မှ ပယ်ဖျက်ရန် ကိစ္စ)
(၁၀) ဦးဆိုက်ဖူလ္လာ (ဘ) ဦးနော်ဇီရ်အာမတ် -- ပေးရသည့် ငွေကျပ် ၅ ထောင် (ကလေး မွေးတိုး တင်သည့် ကိစ္စ)
(၁၁) ဦးဘော်ဒေါ်ရုလ်အစ္စလာမ် (ဘ) ဦးအိုဘိုင်ဒူရာမန် -- ပေးရသည့် ငွေကျပ် ၇ ထောင် (သမီးဖြစ်သူကို အ.ထ.စ မှ ပယ်ဖျက်ရန် ကိစ္စ)
(၁၂) ဦးရှောမ်ရှု (ဘ) ဦးဖော်ဇော်ကော်ရီးမ် -- ပေးရသည့် ငွေကျပ် ၇ ထောင် (သမီးဖြစ်သူကို အ.ထ.စ မှ ပယ်ဖျက်ရန် ကိစ္စ)
(၁၃) ဦးအုစ်မာန် (ဘ) မော်လ၀ီကော်ဘိရ် -- ပေးရသည့် ငွေကျပ် ၁၅၀၀၀/- (ဇနီးဖြစ်သူကို ၎င်း၏ အ.ထ.စ တွင် ပြောင်းတင်ရန် ကိစ္စ)
(၁၄) ဦးရှော်ဘီကူရာမန် (ဘ) ဦးမိုဟာမတ်ဟူစိန်း -- ပေးရသည့် ငွေကျပ် ၅ ထောင် (ကလေးမွေးတိုး တင်သည့် ကိစ္စ)
(၁၅) ဦးအာဘူလ်ဟူစိန်း (ဘ) ဦးအာမတ်ဒူရာမန် -- ပေးရသည့် ငွေကျပ် ၃၅၀၀၀/- (ဇနီးနှင့် ကလေးတို့ကို အ.ထ.စ တွင် တင်သည့် ကိစ္စ)
(၁၆) ဦးအာယာတူလ္လာ (ဘ) ဦးဟာဘီအုလ္လာ -- ပေးရသည့် ငွေကျပ် ၁၄၀၀၀/- (ညီဖြစ်သူကို အ.ထ.စ မှ ပယ်ဖျက်ရန် ကိစ္စ) --- တို့ဖြစ်သည်။



MYARF
RB News
1.2.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက ကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သော ဆိတ်များကို လုယက်၍ သတ်ဖြတ် စားသောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ယခင် အမှတ် (၄) နယ်မြေ၊ ဇီးပင်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) ၏ စခန်းခွဲ ရေတွင်းပြင် ကျေးရွာ ပိုက်နက် ပြူးမချောင်း အ၀တွင် ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ရေတွင်းပြင် ကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သော ဆိတ်များကို တစ်ကောင်ပြီး တစ်ကောင် လုယက် သတ်ဖြတ် စားနေကြသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇန်န၀ါရီလ တစ်လ အတွင်း အဆိုပါ နယ်ခြားစောင့် ရဲများ၏ လုယက်ခြင်းကို ခံရသည့် ဆိတ်ပိုင်ရှင်များမှာ --
(၁) ဦးအာဇီဇူလ်ဟောက် (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၃၁ နှစ်) -- ဆိတ်တစ်ကောင် ဇန်န၀ါရီလ ၄ ရက်နေ့က လုယက်ခံရသည်။
(၂) ဦးဖုရ်ခါန် (ဘ) ဦးအီလီယာစ် (အသက် ၂၈ နှစ်) -- ဆိတ်တစ်ကောင် ဇန်န၀ါရီလ ၇ ၇က်နေ့က လုယက်ခံရသည်။
(၃) ဦးဖော်ရိတ် (ဘ) ဦးအီလီယာစ် (အသက် ၃၀ နှစ်) -- ဆိတ်တစ်ကောင် ဇန်န၀ါရီလ ၂၈ ရက်နေ့က လုယက်ခံရသည်။

“နယ်ခြားစောင့် ရဲတွေကို နယ်စပ်ကို ကာကွယ်ဖို့ အစိုးရ တာဝန်ပေးလိုက်ပေမယ့် သူတို့က ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက် ဖျက်ဆီးနေတာ စရောက်ကတည်းပါ။ ကျွန်တော်တို့က အထက် အရာရှိတွေကို တိုင်ဖို့ ကြိုးစားပေမယ့် အနားတောင် ကပ်လို့တောင် မရဘူး” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

“အဲဒီ စခန်းက နယ်ခြားစောင့် ရဲတွေက အင်မတန် ရက်စက်ပါတယ်။ နေ့တိုင်းလိုလို ငါးဖမ်းသမား တွေကို ကုန်းပေါ်ကို ခေါ်တယ်။ ပြီးတော့ ဖမ်းလို့ရထားတဲ့ ငါးတွေကို လုယက်တယ်။ မပေးရင် ရိုက်တယ်။ တစ်နေကုန် ဖမ်းဆီး ချုပ်နှောင် ထားတယ်။ ငါးရောင်းလို့ ရတဲ့ငွေတွေကိုလည်း လုယက်တယ်။ ဒီမှာတော့ နယ်ခြားစောင့်ရဲတွေရဲ့ နေ့စဉ် ညှဉ်းပန်း နှိပ်စက်မှု၊ လုယက်မှု၊ ငွေညှစ်တွေကတော့ အဆက်မပြတ်ပါဘဲ” အခြားသော ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
1.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေကျပ် ၇ သိန်း နီးပါး ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု ဗျူဟာမှူး ကျေးရွာမှ ဦးကော်ရီမုလ္လာ (ဘ) ဦးဘာဆာမျာကို ၎င်းရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက လမ်းမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးကော်ရီမုလ္လာ၏ သားတစ်ဦး ဖြစ်သူ ဆိုင်ကယ် စီး၍ သွားစဉ် အဆိုပါ နယ်ခြားစောင့် ရဲများက ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ သို့သော်လည်း ၎င်း၏ ဆိုင်ကယ်ကို နယ်ခြားစောင့် ရဲများ သိမ်းယူသွားခဲ့ကြောင်း သိရသည်။

ဦးကော်ရီမူလ္လာတွင် လွန်ခဲ့သည့်နှစ်က စက်လှေ နှစ်စီး ရှိခဲ့သည်။ နယ်ခြားစောင့် ရဲများက စက်လှေပိုင်ရှင် များထံမှ စက်လှေ တစ်စီးလျှင် ငွေကျပ် နှစ်သောင်းစီ ကောက်ခံလျက် ရှိရာ၊ ဦးကော်ရီမူလ္လာက ၎င်းတွင် ယခု လက်ရှိ အချိန်၌ စက်လှေ တစ်စီးသာ ရှိ၍ ငွေကျပ် နှစ်သောင်း ပေးရာ၊ နယ်ခြားစောင့် ရဲများက နှစ်စီး ရှိသည်ဟု စွပ်စွဲကာ ငွေကျပ် လေးသောင်း တောင်းခဲ့သည်။ သို့သော်လည်း ဦးကော်ရီမူလ္လာက မိမိတွင် ရှိသည့် စက်လှေ တစ်စီးသာ ရှိသည့် အတွက် တစ်စီး အတွက်သာ ပေးနိုင်မည်ဟု ဆိုသဖြင့် လက်နက်နှင့် သြဇာ အာဏာ အရှိန်အ၀ါကို အလွဲသုံးစား၍ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးကော်ရီမူလ္လာကို ညနေပိုင်းတွင် သားဖြစ်သူ၏ ဆိုင်ကယ်ကိုပါ ပြန်ပေး၍ လွှတ်ပေးခဲ့သော်လည်း ပြန်လည် လွတ်မြောက် လာရန် အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးကို ငွေကျပ် ၆ သိန်း ၇ သောင်း ပေးခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

RB News
1.2.2015

ကျောက်ဖြူ  ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ကမန်လူမျိုးများ ပိုင်ဆိုင်သည့် အိုးအိမ် စီးပွားရေး လုပ်ငန်းများအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ၂၅ ရက် အတွင်း မည်သည့် အကြောင်းပြချက်မှ မရှိဘဲ၊ ပုဒ်မ ၁၄၄ ထုတ်ထားသည့် ကြားမှ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည့် OIC ဆန္ဒပြပွဲ နောက်ဆက်တွဲ အဖြစ် ရခိုင်လူမျိုးများက တိုက်ခိုက် မီးရှို့ပြီး ကျောက်တစ်လုံး ဒုက္ခသည် စခန်းသို့ အတင်းအဓမ္မ ပို့ဆောင်ကာ ၎င်းတို့၏ သဘောဆန္ဒ မပါဘဲ နေထိုင်စေခဲ့သည်။ မြန်မာနိုင်ငံ၏ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် သတ်မှတ်ခံရသည့် တိုင်းရင်းသား လူမျိုးစု ဖြစ်သော်ငြားလည်း ဥပဒေ၏ အကာအကွယ် ပေးခြင်းကို မခံရဘဲ အတင်းမောင်းထုတ် ခံခဲ့ရသည့် အပြင် မိမိအိမ်မဟုတ်ဘဲ လူသူမနီးသည့် ဆားချက်သည့် ကွင်းအတွင်း၊ မီး၊ရေ၊ အမိုးအကာ မရှိဘဲ နေထိုင်ရသည့် အတွက် ကျန်းမာရေး ချိုတဲ့မှုများ၊ ပညာရေး အခက်အခဲများ၊ လူမှု အခွင့်အရေးများ အားလုံး ဆုံးရှုံးခဲ့ရသည်မှာ ၂ နှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။

နောက်ပိုင်းတွင်မှ နေထိုင်စရာ အမိုးအကာပါ တဲတန်းလျားများ ဆောက်လုပ်ပေးသည့်အတွက် ကမန်မိသားစုများမှာ ကနဦးတွင် အကျပ်အတည်းပေါင်းစုံဖြင့် နေထိုင်ခဲ့ရသည်။ မည်သည့် အကြောင်းတရားမှ မရှိဘဲ ကိုးကွယ်ရာ ဘာသာတရား မတူရုံမျှဖြင့် ဒုက္ခသည်စခန်းသို့ အတင်းပို့ဆောင်ခံ ခဲ့ရသည့် ၂ နှစ် အတွင်း ကျန်းမာရေး စောင့်ရှောက်ခံရမှု၊ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့် မရခဲ့ဘဲ၊ အများ ထောက်ပံ့သော ဆန်ကြမ်း၊ ပဲကြမ်းလောက်ဖြင့်သာ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့် အသက်ရှင်သန်နေရသည်။ ဒုက္ခသည် စခန်း အတွင်း နေထိုင်စဉ် ကမန်တိုင်းရင်းသား ၅၁ ဦးတိတိ ကျန်းမာရေး စောင့်ရှောက် ခံယူရမှု မရှိ၊ ဆေးဝါး မလုံလောက်မှုများ အပြင် အာဟာရ ချို့တဲ့မှုတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရပြီး ဖြစ်သည်။

စခန်းသို့ လာရောက်သော ရခိုင်ပြည်နယ် ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များအား ၎င်းတို့မှာ တိုင်းရင်းသား ဖြစ်နေပါလျှက် ၎င်းတို့ အဘယ်ကြောင့် တိုက်ခိုက် ခံခဲ့ရပါသနည်း၊ မည်သည့် အတွက်ကြောင့် ဒုက္ခသည် စခန်းသို့ အပို့ခံခဲ့ပါသနည်း စသော မေးခွန်းများအား လူကြီးအဆင့်ဆင့်မှ ဖြေဆိုခြင်း မရှိဘဲ ခေတ္တ စောင့်ဆိုင်း ပေးရန်ဆိုသည့် အဖြေသာရခဲ့သည်။ ချွေးသွေး အပင်ပန်းခံကာ ရှာဖွေ ခဲ့ရသော စီးပွား ဥစ္စာများလည်း လုယက် မီးရှို့ခြင်း ခံခဲ့ရပြီး တရားဝင် နေထိုင် ပိုင်ဆိုင်ခဲ့သော ဘိုးဘွားပိုင်မြေများ ပေါ်ရှိ အိမ်များမှာလည်း လုယက် ဖျက်ဆီးသူ များကြောင့် အတွင်း ပစ္စည်းများ အပါအ၀င် အားလုံး ဆုံးရှုံးခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ကျောက်ဖြူမြို့ပေါ်ရှိ ကမန် တိုင်းရင်းသား တို့သည် မည်သည့် အကြမ်းဖက်မှုမျိုးကိုမှ မကျူးလွန်ခဲ့ဘဲ တဖက်သတ် အနိုင်ကျင့် မောင်းထုတ်ခံရသော တရားဝင် တိုင်းရင်းသားများ ဖြစ်သော်လည်း တစ်နေ့နေ့တွင် မိမိပိုင် နေအိမ်များတွင် ပြန်လည် နေထိုင်ခွင့် ရနိုးနိုးဖြင့် စောင့်မျှော် လာခဲ့သည်မှာ ၂ နှစ်ကြာလာခဲ့ပြီ ဖြစ်သည်။

၂ နှစ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထိ လိပ်မူကာ စခန်းတွင်း အခြေအနေ များနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် လက်မှတ် ရေးထိုး စာရေးသား တင်ပြခဲ့သော်လည်း မည်သည့် တုန့်ပြန်မှု အဖြေကိုမှ မရခဲ့ကြောင်း၊ စခန်းတွင်းရှိ ပညာသင်ယူခွင့် မရသော တိုင်းရင်းသား ကမန် ကျောင်းသား ကျောင်းသူ ကလေးငယ် အရေအတွက်မှာ ၃၃၀ ဦးရှိပြီး စာသင်ခန်းမရှိ၊ ပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများပင် မရှိကြောင်း၊ စခန်းတွင်းမှ ကျောင်းသူ ကျောင်းသား အဆင့်များမှ အချင်းချင်း မူလတန်းအဆင့်ကိုသာ သင်ပေး သင်ယူ လုပ်နိုင်ကြောင်း၊ တက္ကသိုလ် ၀င်တန်း အောင်မြင်မှု ရာခိုင်နှုန်း သုည အဆင့်သို့ ထိုးကျသွားပြီ ဖြစ်ကြောင်း၊ တက္ကသိုလ် အဆင့် ကျောင်းသား များမှာလည်း ဆက်လက် ပညာသင်ယူခွင့် ပိတ်ပင် ခံထားရဆဲ ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ ရန်ကုန်ရှိ ဆွေမျိုး မိတ်သင်္ဂဟများ ထောက်ပံ့ပေးသော ဆေးဝါးများဖြင့်သာ ကျန်းမာရေး အခြေအနေကို ဆိုးဝါးစွာ ဖြတ်ကျော်နေ ခဲ့ရကြောင်း၊ စခန်းတွင်း ဆောက်ပေး ထားသော တန်းလျားများမှာလည်း ပြုပြင်ထိန်းသိမ်းမှု မရှိနိုင်သည့်အတွက် အမိုးအကာများ ပြိုကျ ပျက်စီးနေသည်မှာလည်း ကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခုတစ်ဖန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ဦးစီးသော အုပ်ချုပ်ရေး အဖွဲ့သည် ကျောက်ဖြူမြို့သို့ ရောက်ရှိ လာခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် လက်အောက်မှ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဒုက္ခသည် စခန်းမှ ကိုယ်စားလှယ် ၄၀ အား ကျောက်ဖြူမြို့နယ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူ တွေ့ဆုံကာ "ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ အမြဲနေထိုင်လိုပါက လုံးချင်း နေအိမ် အခိုင်အမာ ဆောက်လုပ်ပေးမယ်၊ မြို့ထဲက မူလနေထိုင်ခဲ့တဲ့ နေရာတွေမှာ နေခွင့် မပေးနိုင်တော့ဘူး၊ စခန်းထဲမှာ လုံးချင်းအိမ်နဲ့ အရင် နေလိုက်၊ နေချင်တဲ့ လူအခု စာရင်းလုပ်ပေး၊ ဒါဟာ ပထမအဆင့်၊ ဒုက္ခသည် စခန်းမှာ အမြဲတမ်း နေထိုင်ရမယ့် လုံးချင်းအိမ်ကို လက်ခံရင် နောက်ပိုင်းမှာ အဆင်ပြေရင် ပြေသလို လုပ်ကိုင် စားသောက်ဖို့ ဒုတိယ အဆင့်အနေနဲ့ ကျောက်ဖြူမြို့တွင်းကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ၀င်ရောက် စီးပွား လုပ်ကိုင်ခွင့် ပေးမယ်၊ ကျောက်ဖြူမြို့ပေါ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အိုးအိမ် စီးပွားအကြောင်း ဒီမှာ လာမတင်ပြပါနဲ့၊ မဖြေရှင်းပေးနိုင်ဘူး၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်ကိစ္စ၊ စခန်းတွင်း လူဦးရေ၊ မွေးဖွားထားတဲ့ ကလေးကိစ္စ တွေကို ဒီမှာ မတင်ပြပါနဲ့။ ဘာမှ မဖြေရှင်းပေးနိုင်ဘူး၊ စခန်းမှာ အမြဲနေရင် လုံးချင်းအိမ် အခိုင်အမာ ဆောက်ပေးမယ်၊ အခု လောလောဆယ် ပြိုနေတဲ့ တန်းလျားတွေကို ပြန်ပြင်ခိုင်းပေးမယ်၊ ဒါကို လက်ခံတယ်၊ လက်မခံဘူး၊ ဒါပဲပြော၊ ကျန်တာ မပြောပါနဲ့။ ဆွေးနွေးဖို့ ခေါ်တာ မဟုတ်ဘူး၊ အသိပေးဖို့ ခေါ်တာ" စသည်ဖြင့် ရင့်ရင့်သီးသီး ပြောဆို ဆက်ဆံခဲ့ကြောင်း ကျောက်ဖြူမြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကမန် ကိုယ်စားလှယ်များက မိမိတို့မှာ ခိုးဝင် ဘင်္ဂလီများ မဟုတ်သည့်အပြင် တရားဝင် တိုင်းရင်းသားများ ဖြစ်နေသော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးစီးသော အဖွဲ့မှ မည်သည့် အတွက်ကြောင့် ဤကဲ့သို့ တစ်ဖက်သတ် အနိုင်ကျင့် ဆက်ဆံသည်ကို တွေးမရခဲ့ကြောင်း၊ ကမန် ကိုယ်စားလှယ်များမှ "ပြိုကျနေတဲ့ တန်းလျားကိုလည်း ပြင် မပေးပါနဲ့၊ ပြိုကျရင်လည်း မြေကြီးပေါ်မှာ တစ်သက်လုံး ဒီအတိုင်း နေပါ့မယ်။ မြို့ထဲကို အ၀င်မခံနိုင်စရာ ဘာအကြောင်း ရှိနေပါသလဲ။ ရာဇ၀တ်သားလည်း မဟုတ်၊ ခိုးဝင်လည်း မဟုတ်တဲ့ လူတွေကို ဘာကြောင့် မြို့ပြင် ဒုက္ခသည် စခန်းမှာ တစ်သက်လုံး ထားချင်နေရ ပါသလဲ၊ တစ်သက်လုံး ထားရင် တစ်သက်လုံး နေမယ်၊ သေရင်လည်း စခန်းမှာပဲ သေမယ်။ ဘာမှ ပြင်ပေးစရာ မလိုဘူး၊ လုံးချင်းလည်း မယူချင်ပါ၊ မြို့ထဲက ကိုယ့်နေရာကိုပဲ ပြန်လိုချင် ပြန်နေချင်တယ်” ဟု ပြောဆို၍ ဖြေကြားခဲ့ကြောင်း သိရပါသည်။

ရခိုင်ဝန်ကြီးချုပ် ကိုယ်စားလှယ် အဖွဲ့မှ “ထပ်စဉ်းစားပါဦး၊ ခင်ဗျားတို့ ကောင်းဖို့ စီစဉ်ပေးနေတာ၊ မနက်ဖြန်မှ အဖြေပေးပါလို့ ပြန်ပြောခဲ့ကြောင်း၊ အခု သဘော မတူရင်လည်း သဘော မတူကြောင်း လက်မှတ်ထိုးပေးပါ” ဟု အတင်းအကျပ် ခိုင်းစေသည့် အတွက် စာရွက်လွတ်များ ပေါ်တွင် လက်မှတ် ရေးထိုးပေးခဲ့ ရကြောင်း သိရပါသည်။

ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ ကျောက်ဖြူမြို့နယ် ခလရ ၃၄ ဧည့်ရိပ်သာမှ စီမံကွပ်ကဲကာ သူ၏ လက်အောက်ငယ်သား အာဏာပိုင် များအား ဆွေးနွေးစေခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ကမန်များနှင့် မြောက်ပိုင်းမှ ရိုဟင်ဂျာများသည် ရခိုင် ဒေသခံများ ဖြစ်သော်လည်း အစ္စလာမ် ဘာသာအား ကိုးကွယ်သည့် ကွဲပြားချက်အား အကြောင်းခံပြီး ရခိုင်ပြည်နယ် မြို့နယ် အသီးသီးရှိ မိမိပိုင် နေအိမ် စီးပွား ဥစ္စာများအား အတင်းအဓမ္မ စွန့်ခွာစေကာ IDP ဒုက္ခသည် စခန်းများသို့ အစိုးရ အစီအစဉ်ဖြင့် နေထိုင်စေသည်မှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်သည်။

ဒုက္ခသည် စခန်းသို့ အတင်းအကျပ် ပို့ဆောင် ခံရသော ကမန် တိုင်းရင်းသား ၁၄၁ ဦးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ ပေးပို့ထားသော စာကို ပူးတွဲ တင်ပြထားပါသည်။

RB News ၏ ဒေသခံ သတင်းထောက်မှ ပေးပို့သည်။ 








MYARF
RB News
1.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ်ကို ဓါးဖြင့် ထိုးခဲ့သည့် တရားခံဟု စွပ်စွဲခံရသူအား ဖမ်းဆီးပေးသူများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုက ဆုချီးမြှင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၂း၁၅ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် (ဘ) ဦးတာန်ဒူး (အသက် ၂၃ နှစ်) တို့ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့်ထိုးခဲ့သည်။ ဓါးထိုးမှုကြောင့် ကျေးရွာ တာဝန်ခံ ဦးဇော်ကိရ် သေဆုံးသွားခဲ့ပြီး၊ ကိုယ်ရံတော် ဖြစ်သူ ဦးဇူဘိုင်ရ် အသက်ရှင်နိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးအား ဓါးဖြင့်ထိုးသူကို ဖမ်းဆီးပေးနိုင်လျှင် ဆုကြေးငွေ ၅ သိန်းကျပ် ချီးမြှင့်မည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုက ကြေညာခဲ့သည်။ တရားခံဟု စွပ်စွဲခံရသူ နှစ်ဦး အနက် တစ်ဦးဖြစ်သည့် အေရှာဒူလ္လာကို ပဒင်းကျေးရွာသားများက ဇန်န၀ါရီလ (၂၉) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့ နေ့လည် (၃) နာရီအချိန်တွင် ရဲမှူးချုပ်တင်ကိုကိုက ပဒင်းကျေးရွာအုပ်စု၊ မန်းကျည်ချောင်း စခန်းသို့ သွားပြီး ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံအား ဓါးဖြင့် ထိုးသတ်ခဲ့သူ အေရှာဒူလ္လာကို ဖမ်းဆီး ပေးခဲ့သော ပဒင်းကျေးရွာသား ကူတို့သမားများကို ဆုချီးမြှင့်ခဲ့သည်။ အစပိုင်းက ရဲမှူးချုပ်တင်ကိုကိုက ဆုကြေးငွေ ၅ သိန်း ချီးမြှင့်မည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ်တွင် ငွေကျပ် ၂ သိန်းသာ ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဆုချီးမြင့်ခံရသည့် ကူးတို့သမားများမှာ --

(၁) ဦးအဒူဆူဖီ
(၂) ဦးမိုဟာမတ်ဆီးဒိခ် (ဘ) ဦးအာဘူလ်ကာဆိမ်း
(၃) ဦးမာမတ် (ဘ) ဦးဆော်ယာဒ်ဟူစိန်း
(၄) ဦးမိုဟာမတ်အာလမ် (ဘ) ဦးအာဘူလ်ကာဆိမ်း
(၅) ဦးဆာဘဲရ် (ဘ) ဦးမောင်ဇုလ်အာမတ်
(၆) ဦးမိုဟာမတ်ရော်ဖိခ် (ဘ) ဦးမော်နို
(၇) ဦးအဒူရာဇက် (ဘ) ဦးအဒူဂေါ်ဖူရ် -- တို့ဖြစ်သည်။

၎င်းတို့ (၇) ဦးနှင့်အတူ ရဲမှူးချုပ်တင်ကိုကိုက မှတ်တမ်း ဓါတ်ပုံရိုက်ကူး၍ ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။



မသိင်္ဂီထိုက်
1.2.2015

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းကနေ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး တရုတ်ပြည် ဘက်ကို တင်ပို့မယ့် ရေနံပိုက်လိုင်း ကိုတော့ သောကြာနေ့က အခမ်းအနားနဲ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ တနှစ်ကို ရေနံ တန်ချိန် သန်း ၂၀ ကျော် တင်ပို့မယ့် ဒီရေနံပိုက်လိုင်း စီမံကိန်းကြီးကြောင့် ဒေသခံတွေ အတွက် အလုပ် အကိုင်တွေ ဘယ်လောက် ဖန်တီး ပေးနိုင်ခဲ့လဲ ဆိုတာနဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးရေး အတွက် ဘယ်လောက် အထောက် အကူ ဖြစ်စေလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြ ပေးထား ပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ကနေ မြန်မာနိုင်ငံ အလယ်ပိုင်း တကြောကို ဖြတ်ပြီး တရုတ်ပြည်ကို တိုက်ရိုက် သွယ်တန်း ထားတဲ့ ရေနံပိုက် လိုင်းကြီးကိုတော့ သောကြာနေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါတယ်။ မိုင် ၅၀၀ နီးပါး ရှည်တဲ့ ဒီရေနံ ပိုက်လိုင်းကြီးက ရခိုင်ပြည်နယ် မဒေးကျွန်းက စပြီး မန္တလေး၊ လားရှိုး၊ မူဆယ်၊ ရွှေလီကို ဖြတ်သန်းပြီး တရုတ်ပြည် ကူမင်းကို တိုက်ရိုက် တင်ပို့နေပါပြီ။ တနှစ်ကို ရေနံစိမ်း တန်ချိန် ၂၂ သန်းလောက် အထိ တင်ပို့ဖို့လည်း ရည်ရွယ် ထားပါတယ်။

သောကြာနေ့က မဒေးကျွန်းမှာ ရေနံပိုက်လိုင်းအောင်ပွဲ ဖွင့်ပွဲ ကျင်းပတာမှာ မြန်မာ အစိုးရ စွမ်းအင် ၀န်ကြီး ဦးဇေယျာအောင်နဲ့ ပြည်ထောင်စု ၀န်ကြီးတွေ၊ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကျောက်ဖြူမြို့နယ် လွှတ်တော် အမတ်တွေနဲ့ မြန်မာ ဆိုင်ရာ တရုတ် သံအမတ် Yang Houlan၊ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း အထွေထွေ မန်နေဂျာ Liao Yongyuan တို့ တက်ရောက် ခဲ့ကြတာပါ။ ဖွင့်ပွဲမှာ ရေနံစိမ်း တင်ပို့မှုဟာ တရုတ်ရော မြန်မာပါ ဝေမျှသုံးစွဲဖို့ ဖြစ်ပြီး ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံ တွင်းက ဒေသခံတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီး ပေးသလို လူထု စီးပွား ဖွံ့ဖြိုးမှုတွေလည်း ခံစားရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်က ပြောခဲ့တာပါ။ ဒီဖွင့်ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှင် ကတော့ ဒေသခံတွေ အတွက် အနာဂတ် အလုပ်အကိုင် အခွင့် အလမ်းတွေ သေချာအောင် လုပ်ဖို့တော့ လိုတယ်လို့ ပြောဆိုပါတယ်။

“ရွာသားတွေကို ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပေးတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ မူလက လုပ်ကိုင် နေခဲ့တဲ့ လုပ်ငန်းတွေကို နောင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တခု အနေနဲ့ ပျိုးထောင်ပေးဖို့ အစီအစဉ်လည်း ဘာမှ မသေချာ သေးဘူး။ ဒီရွာမှာ အလုပ် ရတယ် ဆိုတာလည်း labor အဆင့်၊ hard labor အလုပ်ကြမ်း သမား အဆင့်ပဲ ရပါတယ်။ အစိုးရက မပြောင်းလဲဘူး၊ မထိခိုက်ဘူးလို့ ပြောနေပေမယ့် ကျနော် ကတော့ ထိခိုက်တယ်လို့ မြင်တာပဲ။ ဒီလုပ်ငန်း အသစ်လုပ်လိုက်တဲ့ အတွက်ကြောင့် မူလ လုပ်ငန်းတွေ ပျက်စီး သွားတာပဲ၊ ပြောင်းလဲ သွားတာပဲ။ ဒီအပေါ်မှာ ဘယ်လို အစီအစဉ်နဲ့ ကူညီပေးမလဲ ဆိုတဲ့ဟာနဲ့ ဒေသခံတွေ အတွက် - စနစ်တကျ မရှိသေးဘူး ပေါ့ဗျာ။ သူတို့ လုပ်ပေးချင်တယ် ဆိုတဲ့ ဆန္ဒလောက်ပဲ ခေါ်ပြောတာ ရှိတယ်။ ကျနော်တို့ နိုင်ငံ အတွက်လည်း စက်မှု ထူထောင်မှု လုပ်ငန်း လုပ်ရမှာပေါ့ဗျာ။ လုပ်တဲ့အခါ ပွင့်ပွင့် လင်းလင်း သိချင်တယ်၊ ပွင့်ပွင့် လင်းလင်း ပြောချင်တယ်။ ကျနော်တို့ ဒါတွေ လုပ်ထား တယ်ဗျာ၊ ကြည့်ကြ။ အဲဒီလို လာကြည့်ကြလို့ ခေါ်တဲ့ အဖြစ်မျိုးနဲ့တော့ မကျေနပ်ဘူး။ ဘ၀င် မကျလှဘူးပေါ့။”

ဒီရေနံပိုက်လိုင်းနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ကိုလည်း စိုးရိမ်မှုတွေ ကတော့ ရှိနေဆဲပါ။ ဒီပိုက်လိုင်းကို အကောင် အထည် ဖော်တဲ့ တရုတ်နိုင်ငံပိုင် တရုတ် အမျိုးသား စွမ်အင် ကော်ပိုရေးရှင်း CNPC ရဲ့ အထွေထွေ မန်နေဂျာ Liao Yongyuan ကတော့ ဒီပိုက်လိုင်း စီမံကိန်းက ကော်ပိုရေးရှင်း အတွက် အခက်ခဲဆုံး လုပ်ငန်းကြီး တခု ဖြစ်တယ်လို့ ဖွင့်ပွဲနေ့မှာ အခုလို ပြောသွား ပါတယ်။

ဒီစီမံကိန်းကြီး ကတော့ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်းက အကောင်အထည် ဖော်ခဲ့တဲ့ လုပ်ငန်း တွေထဲမှာ အခက်ခဲဆုံး စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းစဉ် တွေကို ပြုစုပြီး ပိုက်လိုင်း တည်ဆောက်ရေး ပြဌာန်း စာအုပ် ထဲမှာတောင် ထည့်သွင်း သင့်ပါတယ်။ ဒီပိုက်လိုက်ကြီးကို ပေ ၂၇၀ လောက် အနက်ကနေ ဖြတ်သန်းပြီး တောင်တန်းပေါင်း များစွာကို ဖြတ်ပြီး ကျနော်တို့ တည်ဆောက် ခဲ့တာပါ-လို့ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်းရဲ့ အထွေထွေ မန်နေဂျာက ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဒီရေနံ ပိုက်လိုင်း စီမံကိန်းရဲ့ပိုင်ဆိုင်မှု ၅၀.၉ % ကို တရုတ် အမျိုးသား ရေနံ ကုမ္ပဏီက ရယူထားပြီး မြန်မာ အစိုးရ စွမ်းအင် ၀န်ကြီး ဌာနက ၄၉.၁ % ပိုင်ဆိုင် ပါတယ်။ တရုတ် အစိုးရပိုင် တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်းကပဲ တည်ဆောက် ခဲ့တဲ့ ကျောက်ဖြူ ကနေ တရုတ် နိုင်ငံဆီကို တင်ပို့တဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ကိုတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင် ပို့လွှတ်နေတာ ဖြစ်ပါတယ်။ ဒီသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှာ တရုတ်၊ မြန်မာ၊ တောင်ကိုးရီးယား၊ အိန္ဒိယတို့က ရှယ်ယာ ပိုင်ဆိုင် ကြတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအထိ ကျောက်ဖြူကနေ တရုတ်နိုင်ငံကို တိုက်ရိုက် တင်ပို့နေတဲ့ သဘာဝ ဓာတ်ငွေ့ ကုဗမီတာ သန်း ၄,၀၀၀ နီးပါး ရှိခဲ့ပြီး မြန်မာနိုင်ငံ အတွက်တော့ ကုဗမီတာ ၁၄၇ သန်း ပေးထားပြီး ဖြစ်တယ်လို့လည်း တရုတ်အစိုးရ စာရင်း ဇယားတွေမှာ ဖော်ပြ ထားပါတယ်။



RB News
31.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ပုဇွန်သားဖောက် လုပ်ငန်းကို တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားသဖြင့် ပုဇွန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ လုပ်ကိုင် စားသောက်ရန် ခက်ခဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စု၊ ချောင်းကုလား ရွာနေ အုပ်ချုပ်ရေးမှူး ဦးအာယုဖ်၏ အစ်ကို အရင်း ဖြစ်သူ ဦးမိုဟာမတ် ရော်ဖိခ် (ဘ) ဦးအာဘူလ်ဟူစိန်းသည် ဇီးပင်ချောင်း၊ ရေတွင်းပြင်၊ ကျောင်းချောင်း ကျေးရွာ အုပ်စု (၃) အုပ်စု အတွက် ပုဇွန် သားဖောက် လုပ်ငန်း အတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ တစ်ဦးတည်း ကိုယ်စားလှယ် ယူထားသဖြင့် အခြားသော ပုဇွန်လုပ်ငန်း လုပ်ကိုင်သူများ လုပ်ကိုင် စားသောက်ရန် ခက်ခဲလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ပုဇွန်သားဖောက် လုပ်ငန်းကို ယင်းကျေးရွာ အုပ်စုများတွင် လုပ်ကိုင်နေသူ အများအပြား ရှိသည့်ကြားမှ ယခုကဲ့သို့ တစ်ဦးတည်းကို ရွေးချယ် လုပ်ကိုင်ခွင့် ချပေးသည့် အတွက် ဒေသခံများ အလွန် နစ်နာလျက် ရှိသည်ဟု ဆိုသည်။ ထို့အပြင် ပုဇွန်သားဖောက် တစ်ဦးတည်း ကိုယ်စားလှယ် ရရှိထားသူ ဦးမိုဟာမတ်ရော်ဖိခ်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများတွင် ကျားပိုက် လုပ်ငန်း လုပ်ကိုင်သူများထံမှ ၂၀၁၅ ခုနှစ်အတွက် ကျားပိုက် လုပ်ငန်း လိုင်စင်ကြေး ဟုဆိုကာ ကျားပိုက်သမား များထံမှ ငွေကျပ် ၂၅၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း သိရသည်။ ငါးလုပ်ငန်း ဦးစီးဌာနသို့ ကျားပိုက် လိုင်စင်ကြေး ငွေကျပ် ၁၂၀၀၀ သာ ပေးသွင်း ရမည် ဖြစ်သော်လည်း ၎င်းက ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်းသိန်းနှင့် ပူးပေါင်း၍ ငွေကောက်ခံခွင့် ရယူထားပြီး ယခုကဲ့သို့ အမှန်တကယ် ပေးသွင်း ရမည်ထက် နှစ်ဆပို၍ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ ငါးလုပ်ငန်း ဦးစီးဌာနသို့ ကျားပိုက်သမားများ ကိုယ်တိုင် သွားရောက် သွင်းနိုင်သော်လည်း ငါးလုပ်ငန်း ဦးစီးဌာနမှ လက်မခံဘဲ ဦးမိုဟာမတ် ရော်ဖိခ်မှ တဆင့် ပေးသွင်းရန် ညွန်ကြားသည်ကို ကြည့်ခြင်းအားဖြင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဦးမိုဟာမတ် ရော်ဖိခ်တို့ ပူးပေါင်း၍ ငွေရှာနေခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်ဟု ဒေသခံများက ပြောပါသည်။

ယခင် ပုဇွန်သားဖောက် လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် များက ငါးလုပ်ငန်း ဦးစီးဌာနသို့ သွားရောက်၍ လုပ်ငန်း လိုင်စင် လျှောက်ထားသော်လည်း လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း မရှိဟု ဆိုသည်။ ဒေသ၏ အနေအထား အရ အဆိုပါ လုပ်ငန်းသည် တစ်ဦးတည်း လုပ်ပိုင်ခွင့် မဟုတ်ဘဲ အများပြည်သူ အားလုံး ချပေးရမည် ဖြစ်သော်လည်း ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဦးမိုဟာမတ် ရော်ဖိခ် တို့အကြား နားလည်မှု ပြုလုပ်ထားခြင်းကြောင့် ဒေသခံ ပြည်သူ အများအပြား နစ်နာလျက် ရှိကြောင်း၊ အထက် အာဏာပိုင်များက စီစစ်ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

Rohingya Exodus