နောက်ဆုံးသတင်း/ဆောင်းပါးများ




MYARF
RB News
27.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်စုနှင့် ဘုရားပြင် အောင်ပ ကျေးရွာ များတွင် ဆွဲ၊တင်၊စစ် နှင့် အခြားခေါင်းစဉ်များ တပ်ကာ ဒေသခံများ ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စ၍ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးခဲ့သည်။ မွေးတိုး ၂၀၀၀ ကျပ်၊ ပယ်ဖျယ် ၂၀၀၀ ကျပ်၊ ဓါတ်ပုံရိုက်ခ ၅၀၀ ကျပ်၊ မ.က.ဖ အတွက် စားစရိတ် ၁၀၀၀ ကျပ် ကျစီ ကောက်ခံခဲ့သည်။ ငွေကို မ.က.ဖ များက မကောက်ခံဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ ကို ကောက်ခံစေခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက မ.က.ဖ နှင့် နယ်ခြားစောင့် ရဲများကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့ထိ ကြက်သားဟင်းနှင့် ထမင်း ကျွေးခဲ့သည်။ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ကြက်မရခဲ့၍ ငါးဟင်းဖြင့် ထမင်းကျွေးခဲ့သည်။ သို့ဖြစ်၍ မ.က.ဖ က အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာကို ငါးဟင်းဖြင့် ထမင်းကျွေးသည့် အတွက်ဟုဆိုကာ ဆဲဆို၍ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် စစ်ဆေးရန် လာရောက်မည် မဟုတ်ဟု ပြောဆို၍ ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဘုရားပြင် အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ က ၎င်း၏ တပည့် ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆော်ယာဒ်ကာဆိမ်းကို ၎င်းကျေးရွာနေ ဦးမာမတ်ကာဆိမ်း (ဘ) ဦးဂေါ်နီမျာ (အသက် ၅၀ နှစ်) ထံစေလွှတ်၍ ၎င်းအတွက် ဖုံညိုလိပ် ကျေးရွာသား တစ်ဦးက တိုင်တန်းခဲ့သည်ဟု ဆို၍ ခြိမ်းခြောက်ကာ ငွေကျပ် ၅ သောင်း ညှစ်ယူစေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးမာမတ်ကာဆိမ်းက ၎င်း၏ သားဖြစ်သူ အတွက် ဖုံညိုလိပ် ကျေးရွာမှ မိန်းကလေး တစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းရန် ပြောဆိုပြီးနောက် ဖျက်ခဲ့သည်ကို အကြောင်း ပြု၍ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက လိမ်လည်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။



MYARF
RB News
27.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိပြီး ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၉) မှ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဆွဲ၊တင်၊စစ် အစစ်မခံ၍ ဖမ်းဆီးခံရသည့် အမျိုးသမီး (၄) ဦးကို ယင်းနေ့ ည ၁၀ နာရီ အချိန်တွင် အိမ်ထောင်ဦးစီး များမှ ခံဝန်ချက် ပေးရသည့် အပြင် အိမ်ထောင်စု စာရင်းများပါ အပ်မှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ (သတင်း အပြည့်အစုံ -- http://bit.ly/1zmNHMl) ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ၎င်း မိသားစု (၄) စု စစ်ဆေးခံရန် သွားကြရာ မိသားစု (၃) စုအား စစ်ဆေးပြီး ဓါတ်ပုံရိုက် ပေးသော်လည်း မဟာလေဒါ၏ မိသားစုကို ညနေ ၄ နာရီထိ ထိုနေရာတွင် အကြောင်းမဲ့ ထိုင်ခိုင်း ထားခဲ့သည်။

ယင်းနေ့ နံနက် အစောပိုင်းတွင် နယ်ခြားစောင့် ရဲတစ်ဦးသည် ရာအိမ်မှူး ဦးအာဘူကာလာမ် နှင့် အတူ အိမ်ထောင်စု စာရင်း တစ်ခုတည်းရှိ မိသားစု နှစ်စုမှ ပယ်ဖျက် ခံရသည့် ဦးမိုဟာမတ်တော်ယုဖ်နှင့် ဦးဆုလ်တာန် အာမတ်တို့၏ နေအိမ်သို့ သွားရောက်၍ စာရင်းမှ ပယ်ဖျက်ခံရသည့် မိသားစုအား ပြန်လည် တင်ပေးရန်ဟု ဆိုကာ အိမ်ထောင်စု စာရင်း သိမ်းယူသွားခဲ့သည်။ ညနေပိုင်းတွင် ဦးဆုလ်တာန်အာမတ်က သွားရောက်၍ အိမ်ထောင်စု စာရင်း တောင်းသော်လည်း ပြန်လည် မပေးခဲ့ကြောင်း သိရသည်။

ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသည့် နေ့တွင် ငွေကြေး ကောက်ခံခြင်း လုံးဝ မရှိခဲ့သော်လည်း ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ စ၍ မွေးတိုး ၅၀၀၀/- ကျပ်၊ ပယ်ဖျက် ၅၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။




MYARF
RB News
27.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အများပြည်သူ အားကိုး ရသည့် ချောင်းကို ပိတ်၍ ပုဇွန်ကန် အဖြစ် လုပ်ကိုင်နေခြင်းကြောင်း ဒေသခံများ၏ စီးပွားရေး ထိခိုက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် အင်းဒင် ကျေးရွာ အခြေစိုက် အမှတ် (၁၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး တို့ပူးပေါင်း၍ သင်္ဘောကွဲ ကျေးရွာရှိ အများပြည်သူ အားကိုး၍ အသက် မွေးဝမ်းကျောင်း ပြုနေသော ချောင်းကို ပိတ်၍ ပုဇွန်ကန် အဖြစ် ပြုလုပ်၍ စီးပွားရှာလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ လွန်ခဲ့သည့် ၂ လခန့်မှ စ၍ အာဏာပိုင်များက ချောင်းကို ပိတ်၍ ချောင်းတွင် ရွာသားများကို ငါးဖမ်းခွင့် ပိတ်ပင် ထားခဲ့သည်။ ငါးဖမ်းသူများကို တွေ့ရှိ၍ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိပြီး လွန်ခဲ့သည့် ၁၀ ရက်အတွင်း ချောင်းတွင် ငါးဖမ်းခဲ့၍ ဟုဆိုကာ ဒေသခံ (၄) ဦးကို ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။

ငွေညှစ်ခံရသူများမှာ ဘင်္ဘောကွဲ ကျေးရွာမှ ဆင်းရဲသားများ ဖြစ်ပြီး၊ ၎င်းတို့မှာ --

(၁) ဦးအီမာန်ဟူစိန်း (ဘ) ဦးရှုနာအလီ
(၂) ဦးဟူဆောင်းအာမတ် (ဘ) ဦးအဒူဇော်ဘောရ်
(၃) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအာမတ်ရှောရိဖ်
(၄) ဦးနူရူလ်ဟောက် (ဘ) ဦးအဒူရှုကူရ် -- တို့ဖြစ်သည်။

၎င်းချောင်းကို မှီခို အားထားပြီး ရွာသားများက ဆောင်းသီးနှံ၊ နွေစပါး စသည်တို့ စိုက်ပျိုးကြရာ၊ ယခုအခါ လယ်သမားများက ချောင်းမှ ရေယူခွင့် မရတော့ကြောင်း၊ ချောင်းမှ ရေယူလျှင် ငွေပေးနေရကြောင်း ဒေသခံများက ပြောပါသည်။ သင်္ဘောကွဲ ကျေးရွာတွင် ရေတင်စက် (၇) လုံး ရှိပြီး၊ ယခုအခါ ရေတင်စက် ပိုင်ရှင်များက လယ်သမားများ၏ စိုက်ခင်းများကို ချောင်းမှ ရေစုပ်၍ ရေလောင်းပေကာ စီးပွားရှာ နေရသည်ဟု ဆိုသည်။ ရေတင်စက် ပိုင်ရှင်များက အာဏာပိုင်များကို ငွေကျပ် ၂၅၀၀၀/- စီ ပေးနေရသည်။ ဆင်းရဲသည့် လယ်သမားများနှင့် ငါးဖမ်းသမား များမှာ မိမိတို့၏ စားဝတ်နေရေး အတွက် အခက်ကြုံ နေရသည်။

အလားတူ ကျောက်ပန္ဒူ  ကျေးရွာရှိ ချောင်းကိုလည်း ၎င်းရဲမှူးနှင့် ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း တို့က ပိတ်၍ ပုဇွန်ကန် အဖြစ် လုပ်ကိုင်လျက် ရှိသည်။ ကျောက်ပန္ဒူ ရွာသားများလည်း သင်္ဘောကွဲ ရွာသားများ ကဲ့သို့ အခက်ကြုံနေရသည်။ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဘင်္ဘောကွဲ ကျေးရွာမှ တံငါးသည် ပဲ့ထိန်း ဦးအာမီးန်အုလ္လာ ဦးဆောင်သော တံငါးသည် (၁၆) ယောက်ပါ ဦးအာနိုဝါရ်ဆာဒဲခ် (ဘ) ဦးရှော်ကောတ်အုလ္လာ၏ ငါးဖမ်း စက်လှေမှ ငါးများရခဲ့သည်ကို အကြောင်းပြု၍ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အင်းဒင် ကျေးရွာ အခြေစိုက် အမှတ် (၁၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ကျောက်ပန္ဒူနှင့် မြင်းလွတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ၎င်းတံငါသည် များကို ခေါ်၍ ငါးများများ ရခဲ့သည့် အတွက် ဝေစုပေးရမည်ဟု ဆိုကာ ငွေကျပ် ၁၁ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein


ကိုဇော်ဝင်းလှိုင်
26.2.2015

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ် တွေဟာ လမ်းလွဲနေပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ဗုဒ္ဓဟူးနေ့မှာ သတိပေး ပြောကြား လိုက်ပါတယ်။ အခုနှစ်ဟာ ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ရေရှည် တည်တံ့မယ့် အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွေ အတွက် အရေးပါတဲ့နှစ် ဖြစ်တယ်လို့ သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်လာတာ၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာ၊ တရုတ်-မြန်မာ နယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာတွေ စတဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးအစီအစဉ်ဟာ လမ်းလွဲတဲ့ဘက်ကို ဦးတည်နေကြောင်း OHCHR - ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဗုဒ္ဓဟူးနေ့ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အဲဒီ ကြေငြာချက်ပါ အကြောင်းအရာတွေကိုတော့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။
 
“မြန်မာနိုင်ငံအနေနဲ့ လမ်းလွဲတဲ့ဘက်ကို ဦးတည်သွားနေတဲ့အတွက် လမ်းမှန်ပေါ်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးက သတိပေး ပြောကြားလိုက်ပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း အကောင်အထည်ဖော်လာတဲ့ ဘက်စုံ ပြုပြင် ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက အစဉ်တစိုက် ချီးကျူး ပြောဆိုခဲ့ကြတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ တခြားနိုင်ငံတွေအတွက် နမူနာ ယူသင့်တယ်ဆိုပြီး တင်စား ပြောဆိုခဲ့ကြတာပါ။

ဒါပေမဲ့ မကြာခင်က တိုင်းပြည်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးပြောတာကို Stéphane Dujarric က သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်တွေဟာ အာမခံချက်ရှိပြီး မျှော်လင့်ချက် အပြည့်ပါရှိတဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် နိုင်ငံတကာက ရှုမြင်သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လွတ်လပ်စွာ ပြောဆိုမှုတွေနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်မှုတွေကြောင့် ပြုပြင်ပြောင်းလဲရေး ဘယ်ကို ဦးတည်သွားနေသလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပြီး နောက်ကြောင်း ပြန်လှည့်မလားဆိုတဲ့ ခြိမ်းချောက်မှုမျိုးပါ တွေ့နေရပါတယ်။”

အဲဒီလို အလားတူ အဖြစ်အပျက်တွေ များစွာ ဖြစ်ခဲ့တဲ့အထဲက မိကျောင်းကန်အရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာ၊ တားမြစ်နယ်မြေထဲ ကျူးကျော် ၀င်ရောက်မှု၊ နိုင်ငံတော်လျှို့ဝှက်မှု ပေါက်ကြားအောင် လုပ်ဆောင်မှု စတဲ့ စွဲချက်တွေနဲ့ သတင်းထောက် ၁၀ ဦးကို မနှစ်က ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးလိုက်တာတွေလည်း ပါဝင်တယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦးဖြစ်သူ ဦးထင်လင်းဦးဟာလည်း ဗုဒ္ဓဘာသာ အစွန်းရောက်တွေအကြောင်း ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေး ဥပဒေအရ ထုတ်ပြန်ထားပြီး တိုင်းရင်းသား လူနည်းစုတွေ အများစု ကိုင်ဆောင်ထားတဲ့ White Card တွေအားလုံး မတ်လကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အသိပေးချက် ထုတ်ပြန်ခဲ့တဲ့ ကိစ္စဟာ မြန်မာနိုင်ငံအတွင်းက လူနည်းစုတစုဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်တွေအနေနဲ့ လူထုဆန္ဒခံယူပွဲနဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရအောင် ရည်ရွယ် လုပ်ဆောင်သလို ဖြစ်နေတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မကြာခင် ပြုလုပ်ဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲမှာ အဲဒီ White Card ကိုင်ဆောင်ထားသူတွေ မဲပေးတာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း ဖွဲ့စည်းပုံခုံရုံးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် ဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတချို့က အဲဒီလို ဘာသာရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင်နိုင်ကြောင်း၊ ကမ္ဘာတလွှား ဘာသာရေး အစွန်းရောက်တွေက အကြမ်းဖက် ဆူပူမှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ ဘာသာရေးနဲ့ ငြိစွန်းစေမယ့် ပြောဆို လုပ်ဆောင်မှုတွေကို သတိထား ရှောင်ရှားသင့်ကြောင်း၊ ဒီမိုကရက်တစ် မြန်မာနိုင်ငံသစ်ကို မတူကွဲပြားမှုတွေရဲ့ အင်အားတွေ စုစည်းပြီး တည်ဆောက်သင့်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီ ဒေသမှာ စစ်အုပ်ချုပ်ရေး အရေးပေါ် အခြေအနေ ရက် ၉၀ သတ်မှတ်လိုက်တာနဲ့ သီတင်းပတ် တစ်ပတ်အတွင်းမှာတင် ကြက်ခြေနီအလံတင်ထားတဲ့ ယာဉ်တန်း ၂ ကြိမ် တိုက်ခိုက်ခံလိုက်ရတာတွေဟာ စိုးရိမ်စရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ တဖြည်းဖြည်း ကြီးထွားပျံ့နှံ့လာရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတွက် ၀မ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်တာကြောင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာကွယ် ပေးနိုင်အောင် သက်ဆိုင်သူ အားလုံးက ဆွေးနွေးပွဲမှာ ညှိနှိုင်း အဖြေရှာကြဖို့ သူ့အနေနဲ့ တိုက်တွန်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။



RB News
25.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု (တပ်ဦးချောင်း) မှ အာဏာပိုင် များ၏ လက်ပါးစေ နှစ်ဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အရှိန်အ၀ါကို သုံး၍ ဆွဲ၊တင်၊စစ် နှင့် အခြားသော ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေသိန်းပေါင်း များစွာ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၁) ရက်နေ့ အထိ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု (တပ်ဦးချောင်း) တွင် ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့ပြီး နူရူလ္လာရွာမှ ယခင် ရ.ယ.က အတွင်းရေးမှူးဟောင်း ဦးအီနုစ်၊ ဖွဲရာရွာမှ အမီဇ္ဇာ (ခ) အာမီရ်အလီ တို့သည် ဒေသခံ ရွာသားများ ထံမှ ဆွဲ၊တင်၊စစ် နှင့် အခြားသော ခေါင်းစဉ် အမျိုးမျိုး တပ်၍ ခြိမ်းခြောက်ပြီး ငွေသိန်းပေါင်း များစွာ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

၎င်းတို့နှစ်ဦးသည် ဘဂုံးနား ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် နူရူလ္လာရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့၏ အရှိန်အ၀ါဖြင့် ဒေသခံများထံမှ မကြာခဏ ငွေညှစ်လေ့ ရှိသည်ဟု ဆိုသည်။ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦး၏ နေအိမ် ပြုပြင်ရေးနှင့် ခြံစည်းရိုး ကာရံရေး အတွက်ဟု ဆိုကာ ဒေသခံ ရွာသားများထံမှ သစ်၊ ၀ါးများ ကောက်ခံ စုဆောင်းလျက် ရှိကြောင်း သိရသည်။ အမီဇ္ဇာသည် ကျေးရွာ အတွင်းမှ ဆင်းရဲသည့် အမျိုးသမီး များကို မကြာခဏ စော်ကားခြင်း၊ ဈေးသွားဈေးလာ များထံမှ ငွေများလုယက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၁) ရက်နေ့ အတွက် ခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေညှစ်ခံရသည့် ဒေသခံများမှာ --

(၁) ဦးအီလီယာစ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၈ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၂) ဦးနူရ်အစ္စလာမ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၇ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၃) ဦးအီလီယာစ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၄) ဦးကာလူ (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၅) ဦးမာမတ်ရှဖီ (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၆) ဦးဂျမိလ်အာမတ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (လက်ထပ်ခွင့် မယူဟု စွပ်စွဲခံရ)
(၇) ဦးမာမတ်အာလာမ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၈ သောင်း -- (လက်ထပ်ခွင့် မယူဟု စွပ်စွဲခံရ)
(၈) မော်လ၀ီ အဒူလ္လာ (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း -- (ဆူပူသူများ စာရင်းတွင် ပါသည်ဟု ခြိမ်းခြောက်ခံရ)
(၉) ဦးနူရ်အလီ (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း -- (ဆူပူသူများ စာရင်းတွင် ပါသည်ဟု ခြိမ်းခြောက်ခံရ)
(၁၀) ဦးနူရ်ဟူဆောင်း (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆူပူသူများ စာရင်းတွင် ပါသည်ဟု ခြိမ်းခြောက်ခံရ)
(၁၁) ဦးအဘူလ်ဖယာစ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၂) ဦးရှာအာလာမ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၃) ဦးဖယာဇူလ်ဟောက် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၄) ဦးအာဘူလ်ဖယာစ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၅) ဦးဇာနီလောင် (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် သေဆုံး စာရင်းတင်)
(၁၆) ဦးမိုဟာမတ် ဆယောဒ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၃ သိန်း -- (မူးယစ်ဆေး ရောင်းသည်ဟု လုပ်ကြံ စွပ်စွဲခံရ)



Rohingya Eye
RB News
25.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တော မြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး ကျေးရွာမှ ဒေသခံ လူငယ် တစ်ဦး၏ ဖုန်းတွင် နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ထည့်၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ည ၉း၂၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး ကျေးရွာ (ဖေရာန်ဖူရူ) မှ အီမာန်ဟူဆောင်း (ဘ) ဦးအုလ္လာမျာ (အသက် ၂၀ နှစ်) သည် ၎င်း၏ နေအိမ်ရှေ့တွင် ဖုန်းဖြင့် စကားပြောနေစဉ် ကင်းလှည့်နေသည့် ကျောက်လှေကား ကျေးရွာ (အမှတ် ၆ နယ်မြေ) အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် တပ်မတော်သားများ ရောက်ရှိလာပြီး ၎င်းကို ရှာဖွေ စစ်ဆေးခဲ့သည်။ ထို့နောက် အဆိုပါ လူငယ်၏ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်ဖြင့် သုံးသည့် ဂျီအက်စ်အမ် ဖုန်းကို သိမ်းဆည်း၍ နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ကဒ် လဲထည့်ပြီး ဘင်္ဂလား ဖုန်းသုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ လုံခြုံရေး တာဝန်ဖြင့် ရောက်ရှိလာသည့် နယ်ခြားစောင့် ရဲများနှင့် တပ်မတော်သား များက ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

“အဲဒီ လုံခြုံရေး တပ်ဖွဲ့တွေက ရွာထဲကို ၀င်ပြီး မကြာခဏ အနှောက် အယှက် ပေးလေ့ ရှိတယ်။ သူတို့မှာ ပါလာတဲ့ ဘင်္ဂလား ဆင်းမ်တွေကို ရွာသားတွေရဲ့ ဖုန်းထဲ ထည့်ပြီး ဘင်္ဂလား ဖုန်းမိတယ် ဆိုပြီး မကြာခဏ ဖမ်းပြီး ငွေညှစ်လေ့ ရှိတယ်။ သူတို့ ကိုယ်တိုင်ကျတော့ ဘင်္ဂလားဖုန်း သုံးနေကြတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် သုံးတဲ့ ရွာသားတွေကို ဘင်္ဂလားဖုန်း သုံးတယ်ဆိုပြီး ငွေညှစ်နေတယ်။ အထက် အာဏာပိုင်တွေကို တိုင်လည်း ဘယ်တုန်းကမှ အရေးမယူဘူး” ဟု အဆိုပါ ဒေသခံက ပြောပါသည်။




RB News
25.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ် မြတ်ထွေးက ဒေသခံ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ပြီး၊ အိမ်ခွန် ပြေစာ ကောက်ခံသည့် စာရေးမက သတ်မှတ်နှုန်းထက် အဆမတန် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၉) ရက်နေ့က ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ် မြတ်ထွေးနှင့် ရဲတပ်သား စန်းမြင့် တို့သည် ဘူးသီးတောင် မြို့နယ် ကျီးနှုတ်သီး ကျေးရွာမှ ဈေးဆိုင်ပိုင်ရှင် နှစ်ဦး ဖြစ်သည့် ဦးရွှေမောင် (ဘ) ဦးဇလာလ်အာမတ်နှင့် မော်လ၀ီ နူရ်အာမတ် (ဘ) ဦးအာမိရ်ဟမ်ဇား တို့ကို မောင်တော မြို့မှ ပစ္စည်း ၀ယ်၍ ပြန်လာနေစဉ် ဘူးသီးတောင် စစ်ဗျူဟာ ဂိတ်အနီး ကားရပ်ခိုင်းပြီး အကြောင်းမဲ့ ဖမ်းဆီး၍ တစ်ညတာ ချုပ်နှောင်ထားခဲ့ပြီး ငွေကျပ် ၄၅၀၀၀/- တန် ဖုန်းဟန်းဆက် ၉ လုံးနှင့် ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ စ၍ ဘူးသီးတောင် မြို့နယ် အမှတ် (၁) အနောက်ရပ်ကွက်တွင် တာဝန်ထမ်းဆောင် နေသည့် စာရေးမ ဒေါ်လှလှခိုင်သည် အိမ်ခွန် ပြေစာများကို ဒေသခံများအား သတ်မှတ်ဈေး (၉) ကျပ် နှုန်းအတိုင်း မကောက်ခံဘဲ ပြေစာ တစ်စောင်လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အနောက် ရပ်ကွက်တွင် ရိုဟင်ဂျာ အိမ်ခြေ ၅၀၀ ခန့် ရှိသည်။




RB News
25.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင် ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ လက်နက်ကိုင် အာဏာပိုင်များက ဆွဲ၊တင်၊စစ် တွင် မပါဝင်ပါက သေနတ်ဖြင့် ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဘူးသီးတောင် မြို့နယ် တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တောင်ဘဇာ ပတ်ဝန်းကျင် ကျေးရွာ အုပ်စုများ ဖြစ်သည့် ငရန့်ချောင်း၊ သင်္ဂနက်၊ ယင်းမကျောင်းတော်၊ အင်းချောင်း၊ ခြင်းသမား၊ မိကျောင်းဈေးနှင့် ဒါးပိုင်ဆရာတို့မှ ဒေသခံ ရိုဟင်ဂျာ ၂၀၀ ကျော်ကို အစည်းအဝေး ခေါ်ယူပြီး၊ မောင်တောမြို့နယ် ကျီးကန်းပြင် အခြေစိုက် မ.က.ဖ မှ ဒုညွန်ကြားရေးမှူး၊ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းမှ ရဲမှူးကြီး စွမ်းဇာနည်၊ တောင်ဘဇာ စခန်းမှ ရဲမှူး စိုးအောင် တို့က မိန့်ခွန်း ပြောကြားရာတွင် ဤတစ်ကြိမ် ဆွဲ၊တင်၊စစ် တွင် သေချာ ပါဝင် ရမည် ဖြစ်ကြောင်း၊ မပါဝင်ပါက ၀တ္တရား နှောက်ယှက်မှုဖြင့် ထောင်ဒဏ် နှစ်နှစ်၊ BD ပုဒ်မဖြင့် ထောင်ဒဏ် ငါးနှစ် ချမည့်အပြင် နေအိမ်များပါ ပြိုချသွားပြီး၊ နောက်ဆုံး သေနတ်ဖြင့် ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရပ်ရွာ လူကြီး တစ်ဦးက ဤအစီအစဉ်သည် မွတ်စလင်များ အတွက် သီးသန့် ပြုလုပ်ရန် အထက်မှ အမိန့်ညွန်ကြားစာ ထုတ်ပြန် ထားသည်ကို ပြရန် တောင်းဆိုရာ၊ ပြည်ထဲရေး ၀န်ကြီးဌာန၏ မူဝါဒသာ ဖြစ်ပြီး ညွန်ကြားစာ မရှိကြောင်း မ.က.ဖ ဒုညွန်ကြားရေးမှူးက ဖြေကြားခဲ့သည်။

ဆွဲ၊တင်၊စစ် ကို အကြောင်းပြု၍ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ငွေညှစ်နေခြင်းကို ဒေသခံများက တင်ပြသော်လည်း လူကြီးများနှင့် နားလည်မှု ယူရန်သာ ဖြေကြားခဲ့သည်။ ထို့အပြင် မ.က.ဖ အား န.စ.က အဖြစ် အသက်သွင်းခြင်း မဟုတ်သည့် ရခိုင်ပြည်နယ် အစိုးရ၏ စာနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




RB News
25.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများ ထုတ်ပေးလျက် ရှိရာ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ ထံမှ ဆရာမများက ငွေကြေး တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုရန် စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများ ထုတ်ပေးလျက် ရှိပြီး၊ ပညာရေး ၀န်ကြီးဌာနမှ ငွေကြေး ယူခြင်းမှ ကင်းရှင်းရန် ပြောဆို ထားသော်လည်း ကဒ်ပြား ထုတ်ပေးနေသည့် ဆရာမများက ငွေသား အစား ဖန်ခွက်ဆပ် တစ်ဆပ်စီ တောင်းယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

“၁၀ တန်း စာမေးပွဲ ဖြေခွင့် ကဒ်ပြား ထုတ်ပေးနေတဲ့ ဆရာမတွေက ဖန်ခွက်ဆပ် တစ်ဆပ်စီ တောင်းတယ်။ အမှန်တော့ ငွေတောင်းတာပါ။ ဖန်ခွက်ဆပ်ကို နာမည်ခံတောင်းတာပါ။ ကျောင်းသားတွေစီက ငွေ တစ်ထောင်၊ နှစ်ထောင်စီ ယူနေတယ်။ ရိုဟင်ဂျာ ကျောင်းသားတွေ ဆီကသာ ယူနေတာပါ။ ၈ တန်း စာမေးပွဲ စောင့်နေတဲ့ ရခိုင် လူမျိုး ဆရာ/ဆရာမ တွေကလည်း စာမေးပွဲ ဖြေနေတဲ့ ကျောင်းသားတွေကို တမင် ရည်ရွယ်ပြီး စိတ်အနှောက် အယှက် ဖြစ်အောင် အမျိုးမျိုး လုပ်နေတယ်။ အဆိုးဆုံးကတော့ အ.လ.က (၁) မှာ တာဝန်ကျနေတဲ့ ဆရာမ ဒေါ်နုမေ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။




MYARF
RB News
24.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငရန်းချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် ၌ ပါဝင် စစ်ဆေးခံရန် မလာသည့် မိသားစု (၄) စုမှ အမျိုးသမီး (၄) ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် (ယခင် အမှတ် ၉ နယ်မြေ) ယခု ဒေသ (၄)၊ ငရန်းချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ ရွာသားများက အစစ်မခံကြ၍ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ (၂၅) ဦးနှင့် ရာအိမ်မှူး ဦးအာဘူကာလာမ် တို့ကို ငရန်းချောင်း ကျေးရွာအုပ်စု ရပ်ကွက် (၇)၊ (၈)၊ (၉) သို့စေလွှတ်၍ နေအိမ်များ အတွင်းသို့ ၀င်ရောက်စေပြီး ဒေသခံများကို အတင်း အဓမ္မ ခေါ်ယူသွားပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင်စေခဲ့သည်။ ယခင် န.စ.က လက်ထံက်တွင် အိမ်ထောင်စု စာရင်း ခွဲထွက်ခွင့် မပြုကြ၍ အချို့ အိမ်ထောင်စု စာရင်းများတွင် မိသားစု နှစ်စု၊ သုံးစု အထိ ရှိနေကြရာ၊ ရပ်ကွက် (၉) မှ ဦးအဒူလာကိမ်း၏ သားများ ဖြစ်ကြသည့် ဦးမိုဟာမတ်တော်ယုဖ်နှင့် ဦးဆုလ်တာန် အာမတ် တို့သည် အိမ်ထောင်စု စာရင်း တစ်ခုတည်း ဖြစ်နေပြီး၊ နယ်ခြားစောင့် ရဲများက အတင်းဆွဲခေါ်သွားရာတွင် ဦးမိုဟာမတ် တော်ယုဖ်၏ မိသားစုဝင်များကို မတွေ့ခဲ့၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လိုက်ပြီး ဦးဆုလ်တာန် အာမတ်၏ မိသားစုကိုသာ စစ်ဆေး၍ ဓါတ်ပုံ ရိုက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အိမ်ထောင် ဦးစီးနှင့် မိသားစု စုံစုံလင်လင် မတွေ့သဖြင့် အမျိုးသမီး ၁၈ ဦးကို မ.က.ဖ များ နေရာယူထားသည့် မဒါရာဆာ ခြံဝင်း အတွင်းသို့ ခေါ်သွားပြီး လူအများ ရှေ့မှောက် ကာအိနြေ္ဒ ပျက်ပြားစေသည့် ပုံစံမျိုး အထိ ဆက်ဆံ၍ ထိုင်ခိုင်း ထားခဲ့သည်။ ထို့နောက် ၎င်းတို့၏ မိသားစုဝင် လာရောက်ခိုင်းပြီး အတင်း အဓမ္မ စစ်ဆေးခိုင်းခဲ့သည်။ ၎င်းတို့ထဲမှ မိသားစု (၄) စု စစ်ဆေးခံရန် မလာသဖြင့် အမျိုးသမီး (၄) ဦးကို ညနေ ၄း၃၀ နာရီ အချိန်တွင် လူအများ ရှေ့မှောက်တွင် လက်ထိပ်ခတ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ကို ခေါ်ဆောင် သွားနေစဉ် နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှ (ရခိုင် ၉၆၉ အဖွဲ့ဝင်) တို့က ညစ်ညမ်းသည့် အသုံးအနှုန်းများဖြင့် အော်ဟစ် ဆဲဆိုကာ ထောင်ဒဏ် (၄) နှစ် ကျခံရမည်ဟု ပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဖမ်းဆီးခံရသည့် အမျိုးသမီး (၄) ဦးမှာ -- 

(၁) ဒေါ်ဇော်နော်ခ်ခါတူ (ဦးအဒူရှုကူရ်၏ ဇနီး) အသက် ၄၈ နှစ်
(၂) ဒေါ်လိုင်လာ (ဦးဆောယာဒ်နူရ်၏ ဇနီး) အသက် ၄၀ နှစ်
(၃) မဆေးနူဝါရာ (ဘ) ဦးဟာမိတ်ဟူစိန်း (မိန်းမပျို)
(၄) မဟာလေဒါ (ဘ) ဦးအေနာယာဒ်အုလ္လာ (မိန်းမပျို) -- တို့ဖြစ်သည်။

ဖမ်းဆီးခံရသူ (၄) ဦးမှာ ငရန်းချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၉) မှ ဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှသည် ဒေသခံ ရွာသားများကို အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် တတ်သူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ မိသားစုနှင့် ဆွေမျိုးသားချင်း များကလည်း ရွာသားများကို အမြဲတစေ ရန်ဆောင်လေ့ ရှိသည်ဟု ဆိုသည်။



MYARF
RB News
24.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ ထင်းခုတ်သမား များသည် ကွန်ကရစ်လမ်း အတိုင်း ပြန်လာစဉ် အဆိုပါ လမ်းမှာ ရခိုင် တိုင်းရင်းသား လမ်းဖြစ်၍ ဒေသခံ ရိုဟင်ဂျာများ ဖြတ်သန်း သွားခွင့် မရှိဟု နယ်ခြားစောင့် ရဲများက ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် တောင်ပိုင်း၊ ကံပူး ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အချို့သည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် တောင်ပေါ်မှ ထင်းခုတ်၍ ပြန်လာနေစဉ် တောင်ဘက်မှ မီနီ ကားတစ်စီးဖြင့် မောရ၀တီ စခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး၊ ကွန်ကရစ် လမ်း (ရခိုင် အခေါ် တိုင်းရင်းသားလမ်း) ပေါ်မှ လမ်းလျှောက်လာသည့် ထင်းခုတ်သမား များကို ရပ်တန့်စေကာ “မင်းတို့ ကုလားတွေ တိုင်းရင်းသားလမ်းက မသွားရဘူး ဆိုတာ မသိကြဘူးလား၊ မင်းတို့ကို ထင်းခုတ်ဖို့ ဘယ်သူ ခွင့်ပြုခဲ့သလဲ” ဟုဆိုကာ “နောက်နောင် ထင်းလည်း မခုတ်နဲ့၊ တိုင်းရင်းသား လမ်းကလည်း မသွားနဲ့” ဟု ရိုင်းပျစွာ ပြောဆို၍ ပြန်လွှတ်နေစဉ် မောရ၀တီ န.တ.လ ရွာမှ ရခိုင် တစ်ဦးက ဂေါ်ရခါလီရွာမှ ရိုဟင်ဂျာ တစ်ဦးကို ဆိုင်ကယ် နောက်မှ တင်၍ မောင်းနှင် လာခဲ့သည်။

အဆိုပါ ဆိုင်ကယ်သည် ထင်းခုတ်သမား များထဲမှ ကံပူးကျေးရွာသား အော်လီအုလ္လာ (ဘ) ဦးဂျမာလ် (အသက် ၁၂ နှစ်) ကို တိုက်မိခဲ့ပြီး၊ အော်လီအုလ္လာနှင့် ဆိုင်ကယ် နောက်မှ ပါလာသူတို့ ဦးခေါင်း ကွဲပြဲ၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ရှေ့မှောက်တွင် ဆိုင်ကယ် တိုက်မှု ဖြစ်ပွားခဲ့သော်လည်း ဆိုင်ကယ်တိုက်သူမှာ ရခိုင် လူမျိုး ဖြစ်သောကြောင့် နယ်ခြားစောင့် ရဲများက ၀င်ရောက်၍ ပြောဆိုခြင်း မရှိဘဲ ငြိမ်သက်စွာ ထွက်သွားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဆိုင်ကယ် မောင်းနှင် လာသူကလည်း ဒဏ်ရာရသူများကို ထား၍ ဆိုင်ကယ် မောင်းနှင်၍ ထွက်ပြေးရန် ကြိုးစားနေစဉ် လမ်းနဘေးတွင် အဆောက်အအုံ ဆောက်လုပ်နေသည့် ရိုဟင်ဂျာ အလုပ်သမားများက ဆိုင်ကယ် သမားကို တား၍ ဆိုင်ကယ် တိုက်ခံရသူ များကို တာဝန်ယူ ဖြေရှင်း ပေးရန် ပြောသည့် အခါမှသာ ဆိုင်ကယ် သမားက ဒဏ်ရာရသူ နှစ်ဦး စလုံးကို မောရ၀တီရှိ ကျေးလက် ဆေးခန်းသို့ ခေါ်သွားကာ ဦးခေါင်းမှ ဒဏ်ရာများကို ဆေးကုသ ပေးခဲ့သည်။ ထို့နောက် ဆိုင်ကယ် တိုက်ခံရသူ နှစ်ဦးကို နေအိမ်သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ ၎င်းက ဆေးကုသ ပေးခဲ့သော်လည်း ဆင်းရဲသည့် ထင်းခုတ်သမား အော်လီအုလ္လာမှာ ဆက်လက် ဆေးကုသရန် စရိတ်မတတ်နိုင်သဖြင့် ၎င်း၏ နေအိမ်တွင်သာ အနားယူနေရသည်ဟု ဆိုသည်။




MYARF
RB News
23.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) မှ ဖြတ်၍ ဆိုင်ကယ်တက္ကစီဖြင့် ပြန်နေသည့် အမျိုးသမီးများထံမှ ရခိုင်ရွာသားများက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တော မြို့နယ် ရွှေဇား ကျေးရွာ အုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) မှ ရခိုင်လူငယ် (၇) ဦးသည် မောင်တောမြို့မ ဈေးမှ ဈေးဝယ်၍ ဆိုင်ကယ် တက္ကစီများဖြင့် ရွာများသို့ ပြန်နေသည့် ဒေသခံ ရိုဟင်ဂျာ အချို့ကို အောင်ဗလရွာ အတွင်းတွင် ဆိုင်ကယ် တက္ကစီများ ပေါ်မှ ဆင်းခိုင်းပြီး ဆဲဆိုကာ ပါလာသည့် ပစ္စည်းများကို လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ပစ္စည်းများ လုယက်ခံရသူများမှာ အမှတ် (၆) နယ်မြေအပိုင်၊ ဇင်ပိုင်ညှာ၊ ကျောက်လှေကား၊ မင်္ဂလာကြီးနှင့် လှဘော်ဇား စသည့် ကျေးရွာများမှ ဖြစ်ပြီး လုယက်ခံရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ လုယက်ခံရသည့် ပစ္စည်းများမှာ တန်ဖိုး အားဖြင့် ငွေကျပ် ၅ သိန်း ကျော်ဖိုး ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
23.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာနှင့် သရေကုန်တန်း ကျေးရွာများတွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် အဆမတန် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်နှင့် ရုံးစာရေး တို့သည် ၎င်းကျေးရွာတွင် ဆွဲ၊တင်၊စစ် အဖွဲ့မလာမှီ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရမည့်သူများ လာရောက်၍ စာရင်းပေးသွင်း၍ ကြေညာခဲ့သည်။ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် လိုသော မိသားစုများ လာရောက်၍ စာရေးပေးသွင်းသည့် အခါ အုပ်ချုပ်ရေးမှူး ဦးမြအောင်နှင့် ရုံးစာရေး တို့က ပယ်ဖျက်ခဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၃ သောင်းစီ ကောက်ခံခဲ့သည်။ ဆွဲ၊တင်၊စစ် အဖွဲ့ လာရောက်သောအခါ ကနဦး ကြိုတင် ငွေပေးသွင်းပြီးသူ များထံမှ ထပ်မံ၍ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ သေဆုံး ပယ်ဖျက် ၁၅၀၀၀/- ကျပ်၊ နိုင်ငံခြားထွက် ၂၀၀၀၀/- ကျပ်၊ မွေးတိုး ၅၀၀၀/- ကျပ်၊ အခြား ပယ်ဖျက် ၄၅၀၀၀ မှ ၅၀၀၀၀/- ကျပ်၊ အပြောင်းအရွှေ့ ၄၀၀၀၀/- ကျပ်၊ ဆွဲ၊တင်၊စစ် အဖွဲ့ စားသုံးစရိတ် ၁၀၀၀/- ကျပ် ကျစီ ကောက်ခံလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဤကဲ့သို့ အုပ်ချုပ်ရေးမှူးက အဆမတန် ငွေကြေး ကောက်ခံမှုနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဒေသခံများက အကြိမ်ကြိမ် တိုင်ကြားသော်လည်း မသိဟန်ဆောင် နေလျက် ရှိသည်ဟု သိရသည်။

မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်တုန်း ကျေးရွာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုက်ဆဲလ်က မွေးတိုး ၅၀၀၀/- ကျပ်၊ ပယ်ဖျက် ၅၀၀၀/- ကျပ်စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောသည်။ အိမ်ထောင်စု တစ်စုမှ အခြား အိမ်ထောင်စုသို့ ပြောင်းရွှေ့ခွင့်ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။

ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ငွေကောက်ခံစေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က ဝေစုခွဲလျက် ရှိခြင်းကြောင့် ဒေသခံများ၏ တိုင်ကြားချက်များကို ဥပက္ခောပြုလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စုတွင် န.တ.လ ရွာသား တစ်ဦးက ၉ နှစ်သမီး တစ်ဦးကို ဓါးဖြင့် ခုတ်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခြင်းနှင့် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာတွင် ရွာသားများကို ကင်းစောင့်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ရိုက်နှက်၍ ငွေညှစ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ သောကြာနေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာရွာတွင် အမျိုးသားများ အားလုံး ၀တ်ပြုနေစဉ် ဦးရှောမ်ရှု၏ သမီး ဖြစ်သူ ၉ နှစ် အရွယ် မရေဟာနားသည် ခရေမြိုင် န.တ.လ ကျေးရွာ အနီး ချောင်း၏ တဖက်ကမ်းတွင် စိုက်ခင်း စောင့်နေစဉ် ခရေမြိုင် န.တ.လ ရွာမှ ရွာသား တစ်ဦး ရောက်ရှိလာပြီး အကြောင်းမဲ့ ဓါးဖြင့် ခုတ်၍ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဓါးဖြင့် ခုတ်ခံရမှုကြောင့် မိန်းကလေး၏ ဦးခေါင်းမှာ တစ်လက်မ ကျော်ကျော် ကွဲသွားခဲ့ပြီး၊ နေအိမ်သို့ အပြေးအလွှား ရောက်ရှိ လာပြီးနောက် ကျေးရွာ တာဝန်ခံ ဦးအီနုစ်ကို တိုင်တန်း၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဘထွန်းနှင့် ၎င်း၏ တပည့်များ ဖြစ်သော ဦးအာမိရ်အလီ (ဖော်အီရာဖာရာ)၊ ဦးအီနုစ် (နူရူလ္လာရွာ)၊ ဦးအဒူရော်ဟိမ်း (နူရူလ္လာရွာ) နှင့် ဦးဆော်လိမ် (ဘဂုံးနားရွာ) တို့ပူးပေါင်း၍ နူရူလ္လာရွာမှ ဦးဂျီယိုရာမန် (ဘ) ဦးမိုဟာမတ်ကာဆိမ်းက ဘဂုံးနားရွာတွင် လူတစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည်ကို အကြောင်းပြ၍ ဂေါ်ဒူသာရ တံတား စခန်းမှ ရဲမှူး ငြိမ်းချမ်းအေးက ဖမ်းဆီးရန် ရှာဖွေသဖြင့် ၎င်းအား ပေးရန်ဆိုကာ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် နူရူလ္လာရွာရှိ ဦးအီနုစ် အိမ်သို့ ဆင့်ခေါ်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် အဆိုပါ ငါးဦးသည် ဘဂုံးနား ကျေးရွာ အုပ်စု အတွင်းရှိ အခြားသော ဒေသခံ ရွာသားများကိုလည်း အမျိုးမျိုး အကြောင်းပြ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများနှင့် ၎င်းတို့၏ ပွဲစား ဖြစ်သူ ဦးလေးဒူ တို့သည် ၎င်းကျေးရွာရှိ ဦးအာဘူလ်ဟူစိန်း (ဘ) ဦးနူရ်ဘော်ရှော်ရ်နှင့် ဦးဘော်ဒလူး (ဘ) ဦးအဒူဆော်လမ် တို့၏ နေအိမ်များသို့ သွားရောက်ပြီး ကင်းစောင့်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ စခန်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်၍ ငွေကျပ် နှစ်သောင်း ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့သည့် ပြစ်မှု တစ်ခုကို အကြောင်းပြ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး အမည်ကို သုံး၍ ငွေကျပ် ၇ သိန်းခွဲ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အနောက်ရွာနေ ဦးမော်တီရောန်က အခြား မိသားစု တစ်စုနှင့် ရန်ဖြစ်ခဲ့ရာ၊ ဦးမော်တီရောန်က ၎င်းနှင့် ရန်ဖြစ်သည့် မိသားစုမှ သားအမိ နှစ်ဦးကို ဓါးဖြင့် ခုတ်ခဲ့သည်။ ဓါးဖြင့် ခုတ်ခံရသည့် သားအမိနှစ်ဦးက ဦးမော်တီရောန်နှင့် သမီးတို့က ၎င်းတို့ကို ဓါးဖြင့် ခုတ်ခဲ့သည်ဟု ဆိုကာ ကျောက်ပြင်ဆိပ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်း၍ ထိုမှတဆင့် ကျောက်လှေကား (နယ်မြေ ၆) စခန်းရှိ ရဲမှူး ထံသို့ အကြောင်းကြား ခဲ့သည်။

ထို့နောက် နယ်မြေ ၆ စခန်းမှ နယ်ခြားစောင့် ရဲများက ဦးမော်တီရောန်နှင့် သမီး ဖြစ်သူ မဇာဟီဒါ တို့ကို ဖမ်းဆီးရန် ရှာဖွေသောအခါ ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာ တို့က အမှု ဖြေရှင်းပေးမည်ဟုဆိုကာ ရဲမှူး အတွက်ဟု ခေါင်းစဉ်တပ်၍ ဦးမော်တီရောန် ထံမှ ငွေကျပ် ၇ သိန်း ၅ သောင်း ညှစ်ယူ၍ ရဲမှူးကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ကြောင်း သိရသည်။ ရဲမှူး ဖြစ်သူက ငွေမရခဲ့သည့် အတွက် ပြစ်မှု ကျူးလွန်သည့် သားအဖ နှစ်ဦးကို ဖမ်းဆီးရန် နယ်ခြားစောင့် ရဲများ အကြိမ်ကြိမ် စေလွှတ်နေသည့် အတွက် ဦးမော်တီရောန်က ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာထံ သွားရောက်၍ အကျိုးအကြောင်း ပြောပြရာ အုပ်ချုပ်ရေးမှူးက ၎င်းနှင့် မဆိုင်ကြောင်း၊ ငွေ ၇ သိန်း ၅ သောင်းကို ဦးဆော်လီမူလ္လာကို ပေးခဲ့ခြင်း ဖြစ်သည့် အတွက် ၎င်းအား သွားပြောဟု ဆိုကာ ကြမ်းတမ်း ရိုင်းပျစွာ ပြောဆို၍ ခေါင်းရှောင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ပြစ်မှု ကျူးလွန်သည့် သားအဖ နှစ်ဦးကို နယ်ခြားစောင့် ရဲများက အကြိမ်ကြိမ် လာရောက် ရှာဖွေ နေခြင်းကြောင့် နေအိမ်တွင် မနေနိုင်ဘဲ တိမ်းရှောင် နေရသည်ဟု ဆိုသည်။ နယ်ခြားစောင့် ရဲများ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာ တို့သည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နေ့လည် အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာ၌ ဘင်္ဂလားဖုန်း သုံးလိုလျှင် ၎င်းတို့အား လစဉ်ငွေ နှစ်သောင်းကျပ်စီ ပေးသွင်း၍ တရားဝင် သုံးစွဲနိုင်မည်ဟု ကြေညာခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲအုပ်က ငါးစားကြူး ကျေးရွာရှိ ဒေသခံများထံမှ ငွေသိန်းချီ၍ အကြောင်းမဲ့ တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲအုပ်သည် ငါးစားကြူး ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆော်လိမ်ကို ဆင့်ခေါ်ပြီး သူ့အား ငါးစားကြူး ကျေးရွာမှ ငွေကျပ် ၆ သိန်း ကောက်ခံပေးရန်နှင့် ကြက်ရိုးပြင် ကျေးရွာမှလည်း ဆိုင်ကယ် တစ်စီး ၀ယ်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ အကယ်၍ ငွေမပေးပါက အချိန်မရွေး ရွာထဲသို့ ၀င်၍ ရွာသားများကို ဖမ်းဆီးမည် ဖြစ်ကြောင်း၊ ဈေးဆိုင်များကို စစ်ဆေး၍ အနှောက်အယှက် ပေးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဆော်လိမ်က ငွေကျပ် တစ်သိန်း ပေးသော်လည်း လက်မခံဘဲ ငွေကျပ် ၆ သိန်းကိုသာ ဆက်လက် တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ ဒုရဲအုပ်သည် ငါးစားကြူး ဈေးသို့ သွားရောက်၍ ဈေးအတွင်းရှိ လဘက်ရည်ဆိုင် နှစ်ဆိုင်မှ ရောင်းချခွန် အဖြစ် လစဉ် ငွေကျပ် တစ်သောင်းစီ ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ ငွေမပေးချင်လျှင် ဆိုင်ရောင်းချခွင့် ပိတ်ပင်ရမည်ဟု ခြိမ်းခြောက်၍ ငွေတောင်းခံ ခဲ့သည်။ လဘက်ရည်ဆိုင် ပိုင်ရှင်များမှာ အခြားလုပ်ငန်း မရှိသဖြင့် ဆိုင်ရောင်းခွင့် ပိတ်ပင်ခံရလျှင် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံရမည်ကို စိုးရိမ်၍ ငွေပေးမည်ဟု ပြောဆိုခဲ့သည်။ လဘက်ရည်ဆိုင် ပိုင်ရှင် နှစ်ဦးမှာ - ဦးနော်ဇူမူဒိန်နှင့် ဦးနော်ဂျီမူလ္လာ တို့ဖြစ်သည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ညပိုင်းတွင် ငါးခူရ စခန်း (ယခင် နယ်မြေ ၅ စခန်း) မှ နယ်ခြားစောင့် ရဲများသည် ကားတစ်စီးဖြင့် ငါးစားကြူး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ အဖွဲ့ မရောက်မှီ ငန်းချောင်း စခန်းမှ နယ်ခြားစောင့် ရဲနှစ်ဦးလည်း ရောက်ရှိနေခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူး ထံမှ ကြက်ဖ တစ်ယောက် ယူ၍ ချက်ပြုတ် စားသောက်ပြီးနောက် နံနက် ၄ နာရီ အချိန်တွင် မိုးပေါ်သို့ သေနတ် ပစ်ဖောက်၍ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။



Rohingya Eye
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာမှ ဒေသခံ နှစ်ဦး ထံမှ ငွေများ၊ ယာယီကဒ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို နယ်ခြားစောင့် ရဲများနှင့် ရခိုင်များက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သည့် ဦးဟာဖီဇူလ္လာ (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၀ နှစ်) သည် ဇော်မတက် ကျေးရွာသို့ သွားရောက်နေစဉ် ဇော်မတက် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ အကြောင်းမဲ့ ဖမ်းဆီး ထိန်းသိမ်းပြီး ယာယီ သက်သေခံ ကဒ်ပြားနှင့် အိမ်ထောင်စု စာရင်း တို့ကို သိမ်းဆည်းကာ ၎င်း၏ အိတ်ထဲတွင် ပါသည့် ငွေကျပ် တစ်သောင်း ငါးထောင်ကိုလည်း လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သံဒါကျေးရွာမှ မော်နီရ်ရာဟာမန် (ဘ) ဦးအဒူရာဇတ် (အသက် ၂၇ နှစ်) သည် ဇော်မတက်ဈေးသို့ သွားနေစဉ် လမ်းတ၀က်၌ ဇော်မတက် န.တ.လ ရခိုင်ရွာရှိ ဘုန်းကြီးကျောင်း ရှေ့တွင် ရခိုင်ရွာသားများက ၀ိုင်းဝန်း ရိုက်နှက်ပြီး အိတ်ထဲတွင် ပါလာသည့် ငွေကျပ် နှစ်သောင်းကို လုယက်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“အဲဒီ န.တ.လ ရွာကနေ ဖြတ်သွားရင် အနှောက်အယှက် မျိုးစုံပေးတယ်။ လုယက်တာလည်း ခဏခဏပါပဲ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေကို သွားတိုင်ရင်လည်း အရေးယူ ဆောင်ရွက် ပေးတာ မရှိဘူး။ တကယ်လို့ ခုခံ ကာကွယ်ခွင့်နဲ့ ခုခံ ကာကွယ်မယ် ဆိုရင်လည်း ကာကွယ်သူကိုသာ ဖမ်းပြီး အရေးယူမှာ သေချာတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။




Rohingya Eye
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်သည် ဒေသခံ ရိုဟင်ဂျာ (၁၇) ဦးထံမှ အကြောင်း အမျိုးမျိုး ခေါင်းစဉ် တပ်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်သည် ဒေသခံ ရိုဟင်ဂျာ ရွာသား (၁၇) ဦးကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ စ၍ အိမ်ပြုပြင်နေသည်၊ အိမ်ဆောက်လုပ်နေသည်၊ မလေးရှားနိုင်ငံသို့ သားသမီးများ ပို့နေသည်ဟု အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အိမ်ပြုပြင်နေသည်ဟု စွပ်စွဲခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဒိလ်မိုဟာမတ် (ဘ) ဦးအာမတ်ရှော်ရိဖ် (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၈ သောင်း
(၂) ဒေါ်မော်ရီယမ်ခါတူ (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၄၉ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၃ သောင်း
(၃) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၉ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၄) ဦးအန်ဇူလ်ဟူစိန်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၇ သောင်း
(၅) မော်လ၀ီ အဲမ်ဒါတ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၆ သောင်း
(၆) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၇) ဦးအဒူရှုကူရ် (ဘ) ဦးမာမတ်ဒူး (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း -- တို့ဖြစ်သည်။

မလေးရှားနိုင်ငံသို့ သားသမီးများ ပို့နေသည်ဟု စွပ်စွဲခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာဖ်တာရ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း
(၂) ဦးရှော်မ်ရှု (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၅၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း
(၃) ဦးကာမာလ်ဟူစိန်း (ဘ) ဦးဘိုက်တာ (အသက် ၄၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၄) ဦးရှော်ဖီ (ဘ) ဦးအလီဟူဆောင်း (အသက် ၅၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၅) ဦးဖါရူခ် (ဘ) ဦးအလီဟူဆောင်း (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၆) ဦးလေထား(ဟ်) (ဘ) ဦးတော်ဖ်ဂူလ် (အသက် ၆၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း
(၇) ဦးဒိလ်မိုဟာမတ် (ဘ) ဦးဆော်ယာဒ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၈) ဦးအဒူကူဒူစ် (ဘ) ဦးမူဘာရက်ခ် (အသက် ၄၂ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၉) ဦးရော်ဟိမ်မူလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၁၀) ဦးဖါရူခ် (ဘ) ဦးလာလ်မာမတ် (အသက် ၂၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း -- တို့ဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်က ၎င်းတောင်းခံသည့် ငွေကို မပေးသူများကို အုပ်ချုပ်ရေးမှူး ရုံးတွင် ထိပ်တုံးခတ်ထားပြီး ရခိုင်လူမျိုး နှစ်ဦးကို ရိုက်နှက်ခိုင်းကြောင်း၊ ငွေပေးမှသာ ပြန်လည် လွှတ်ပေးကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။




Rohingya Eye
RB News
20.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအုပ်စုမှ ဆွဲ၊တင်၊စစ် တွင် ဓါတ်ပုံရိုက်ရန် ပျက်ကွက်သည့် မိသားစုများနှင့် အိမ်ပြုပြင်သူများ ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အုပ်စု၌ ဆွဲ၊တင်၊စစ် စစ်ဆေးရာတွင် မိသားစု မစုံလင်၍ ဓါတ်ပုံရိုက်ရန် ပျက်ကွက်ခဲ့သည့် မိသားစု (၁၇) စုကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဒါးကြီးစား ကျေးရွာသို့ လာရောက်၍ စစ်ဆေးခံရန် ဆင့်ခေါ်ခဲ့သည်။ ဒါးကြီးစား ကျေးရွာသို့ ရောက်သည့်အခါ မ.က.ဖ ဦးစီးအရာရှိနှင့် ကျားခေါင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာ တို့က ၎င်းတို့၏ ကျေးရွာတွင် စစ်ဆေးခံရန် ပျက်ကွက်သည့် အတွက်ဟုဆိုကာ အဆမတန် ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ငွေညှစ်ခံရသည့် မိသားစု အချို့မှာ --

(၁) ဦးအာဘူအာလမ် (ဘ၀ ဦးအော်ဆီရာမန် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၂) ဦးနူရူ (ဘ) ဦးလုခ်မာန် (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း တစ်သောင်း
(၃) ဦးနူရ်မာမတ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၄) ဒေါ်ရော်ဇီယာ (ဘ) ဦးအာဘူရှော်မာ (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၅) ဦးဘော်ဒလူး (ဘ) ဦးအဒူဆလာမ် (အသက် ၂၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၆) ဦးရော်ရှိတ်ဒူလ္လာ (ဘ) ဦးဖေါရိတ်အူလ္လာ (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၇) ဦးမာမတ်ဇော်လာလ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် လေးသောင်း ငါးထောင် -- တို့ဖြစ်သည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကပင် ကျားခေါင်းတောင် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ ပြုပြင်ခြင်း ရှိ/မရှိ စစ်ဆေးရန် ငါးခူရ ကျေးရွာ အခြေစိုက် စ.ရ.ဖ၊ မြို့နယ် အုပ်ချုပ်ရေးရုံးမှ စာရေး တစ်ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ အိမ်ပြုပြင် မွမ်းမံသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဒေသခံ (၇) ဦးထံမှ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ --
(၁) မာမတ်အာယာစ် (ဘ) ဦးအာယုဖ် (အသက် ၂၂ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၂) အေဆာန်အုလ္လာ (ဘ) ဦးကော်ရီမူလ္လာ (အသက် ၂၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၃) ရော်မာန်အုလ္လာ (ဘ) ဦးဟေမာယာဒ်အုလ္လာ (အသက် ၂၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၄) မော်လ၀ီမူစ်တာဖာ (ဘ) ဦးဖော်ယာစ်အူဒင် (အသက် ၃၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ရှစ်သောင်း
(၅) အဘူအာမောတ် (ဘ) ဦးအဒူရှုကူရ် (အသက် ၃၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၆) အီမာနူ (ဘ) ဦးဟူစိန်းအာဘူ (အသက် ၂၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း
(၇) နူရ်ဟူစိန်း (ဘ) ဦးအာဘူအာလာမ် (အသက် ၃၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း -- တို့ဖြစ်သည်။

RB News
20.2.2015

ယာယီ သက်သေခံ လက်မှတ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး၏ အမိန့် ကြော်ငြာစာများ အပေါ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီက သဘောထား ကြေညာချက် တစ်ရပ်ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ထုတ်ပြန်လိုက်သည်။ 








Rohingya Eye
RB News
19.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး၏ အမည်ကိုသုံး၍ ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ဟာဘဲစ်အာမတ် (ဘ) ဦးဟာဘီရောန် (အသက် ၂၃ နှစ်) သည် ဦးလေး ဖြစ်သူ ဦးနူရ်မာမတ် (ဘ) ဦးအဒူရှုကူရ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာနှင့် အဖွဲ့က ရုတ်တရက် နေအိမ်ကို ၀န်းရံလိုက်ပြီး ဟာဘဲစ်အာမတ်က ကြောက်လန့်ပြီး ထွက်ပြေး သွားခဲ့သည်။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးနူရ်မာမတ်ကို ဆင့်ခေါ်ပြီး အကြောင်းမဲ့ ငွေကျပ် သိန်း ၂၀ တောင်းခံခဲ့သည်။ တောင်းခံသည့် ငွေများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၇) နယ်မြေမှူးနှင့် အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ တို့ကို ပေးရန် ဖြစ်သည်ဟု ပြောဆိုသဖြင့် ဦးနူရ်မာမတ်က ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခံရမည်ကို စိုးရိမ်၍ ငွေကျပ် (၄) သိန်း ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးနူရ်မာမတ်ထံမှ ငွေကျပ် (၄) သိန်း ယူပြီးနောက် ကျန်သည့် (၁၆) သိန်းကို ဦးနူရ်မာမတ် နေအိမ်မှ ကြောက်လန့်၍ ထွက်သွားခဲ့သည့် ဟာဘဲစ်အာမတ် ထံမှ တောင်းခံလျက် ရှိသည်ဟု ဆိုသည်။ အကယ်၍ ၎င်းတောင်းခံသည့် ငွေကို မပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စ.ရ.ဖ တို့အား ဖမ်းဆီး ခိုင်းမည်ဟု ဆိုကာ ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဟာဘဲစ်အာမတ်ကို ဦးလေး၏ သမီးဖြစ်သူနှင့် ချိန်းတွေ့သည်ဟု ဆိုကာ လုပ်ကြံ၍ ယခုကဲ့သို့ ငွေညှစ်နေခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
19.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် များရှိ နယ်ခြားစောင့် ရဲများနှင့် မီးသတ်တပ်ဖွဲ့တို့က ဒေသခံများကို ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ၊ သင်္ဘောကွဲ၊ အင်းဒင်၊ သ၀င်ချောင်း စသည့် ကျေးရွာများရှိ ဆိုင်ခန်းများမှ ရောင်းချခွန်ဟု ဆို၍ ငွေကျပ် ၅၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ နယ်ခြားစောင့် ရဲများက ဆိုင်ရှင်များကို ငွေကျပ် ၅၀၀၀ စီ မပေးလျှင် ဆိုင်ရောင်းချခွင့် ပိတ်ပင်မည်ဟု ခြိမ်းခြောက်၍ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ အင်းဒင်နှင့် ကျောက်ပန္ဒူ ဈေးရှိ ဆိုင်များမှ အပ လမ်းတစ်လျှောက်နှင့် ရွာထဲရှိ ဆိုင်များ အားလုံးမှ ကောက်ခံနေခြင်း ဖြစ်သည်။ ဈေးတွင်းရှိ ဆိုင်များကို ဈေးခေါင်းများက အကာအကွယ် ပေးထား၍ ကောက်ခံနိုင်ခြင်း မရှိဟု ဆိုသည်။ အခွန်ကောက်ခံခြင်းသည် နယ်ခြားစောင့် ရဲများနှင့် လုံးဝ မသက်ဆိုင်သော်လည်း အာဏာ အလွဲသုံးစား ပြုလုပ်၍ ဒေသခံများထံမှာ အတင်း အဓမ္မ ကောက်ခံနေခြင်း ဖြစ်သည်။

ဘူးသီးတောင် မြို့နယ်တွင်လည်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ဦးခင်အေးကျော်နှင့် အဖွဲ့သည် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း၊ ဖရုံချောင်း၊ ပြိုင်းတောင် စသော ကျေးရွာများသို့ သွားပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ ကျေးရွာများကို မီးဘေး အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ခဟု ဆို၍ တစ်အိမ်လျှင် ငွေကျပ် ၅၀၀ ကျပ်စီ ကောက်ခံခဲ့သည်။ ဒေသခံ အချို့က ငွေမပေးသဖြင့် နေအိမ်များ ရှေ့တွင် တွေ့သမျှ ဖိနပ်၊ ရေအိုး၊ ကြက်၊ ခို စသည့် များကို လုယက်ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းတို့က အချို့ နေအိမ်များ၏ နေအိမ် တံခါးများကို ကန်ကျောက်ခြင်း၊ အိမ်သားများကို ရိုက်နှက်ခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။



Rohingya Eye
RB News
18.2.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက်မှ အပြစ်မဲ့ ဒေသခံ သားအဖနှစ်ဦးကို အာဏာပိုင်များက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့ပြီး၊ အိမ်ပြုပြင်သူများ ထံမှလည်း ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက်မှ ဦးရှုနာလီ (ဘ) ဦးအဒူကာဒိရ် (အသက် ၆၇ နှစ်) သည် ၎င်း၏ ခြံဝင်းအတွင်းရှိ အုန်းပင်များမှ အုန်းသီးများ ဖျက်ဆီးနေသည့် ကြွက်၊ လင်းနို့များကို နှင်ထုတ်ရန် ခေါင်းလောင်းတီး နေစဉ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်နှင့် စ.ရ.ဖ တို့ပူးပေါင်း၍ ရွာအတွင်း ကင်းလှည့်နေရာမှ ခေါင်းလောင်းသံ ကြား၍ ဦးရှုနာလီ၏ ခြံထဲသို့ ၀င်ရောက်၍ ဦးရှုနာလီနှင့် သားဖြစ်သူ ဦးဂူလာမိန် (အသက် ၄၂ နှစ်) တို့ကို ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် ၎င်းတို့ သားအဖကို လုံခြုံရေး အဖွဲ့ ရောက်ရှိလာချိန်တွင် ခေါင်းလောင်းတီး၍ အချက်ပေးခြင်း ဖြစ်ပြီး၊ RSO နှင့် အဆက်အသွယ် ရှိသူများဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ တစ်ညလုံး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ၇ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ လူမဆန်စွာ ရိုက်နှက်မှုကြောင့် သားအဖ နှစ်ဦး၏ မျက်နှာများနှင့် ခန္ဓာကိုယ် ကြောဘက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ အမှတ် (၂) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှ၊ ရာအိမ်မှူး ဦးအဒူကော်ရီးမ် (ဘ) ဦးအဒူနော်ဘီနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များသည် ဒေသခံ ရွာသား အချို့ကို အိမ်ပြုပြင်ရန် ခွင့်ပြုချက် မယူဟုဆိုကာ ငွေညှစ်ခဲ့သည်။ အိမ်အသစ် ဆောက်လျှင် သက်ဆိုင်ရာမှ ခွင့်ပြုချက် ယူရသော်လည်း အိမ်ပြုပြင်ရန် ခွင့်ယူချက် မယူရကြောင်း ဒေသခံများ ဆိုသည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးက အာဏာအလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဟာလိမ် (ဘ) ဦးအလီဟူစိန်း (အသက် ၅၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ ထောင်
(၂) ဦးနော်ဘီဟူစိန်း (ဘ) ဦးအာဘူလ်ဟိုက်ရ် (အသက် ၆၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ ထောင်
(၃) ဦးဟာဘဲစ်အာမတ် (ဘ) ဦးဇာဖောရ် (အသက် ၃၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သောင်း -- တို့ဖြစ်သည်။




MYARF
RB News
18.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာ အုပ်စုတွင် ဇနီးမောင်နှံ နှစ်ဦး ပြဿနာမှ ဖြစ်လာသည့် ပြစ်မှုကို ကျေးရွာ အုပ်ချုပ်ရေးမှူးက လာဘ်စား၍ အမှုကြေအေးရန် ဖိအားပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာ အုပ်စု အလယ်ရွာနေ ဦးဆော်ယာဒ်ဟူစိန်း (ဘ) ဦးရာရှိတ်ဟူစိန်းသည် ဇနီးဖြစ်သူ ဒေါ်နူရာဘေဂမ်နှင့် ပြဿနာ ဖြစ်ပွားသောကြောင့် ဇနီးဖြစ်သူသည် ကျောက်ပြင်ဆိပ် ကျေးရွာရှိ မိဘများဖြစ်သော ဦးကော်ဘိရ်နှင့် ဒေါ်ရှုနာဘီတို့ထံ သွားရောက်၍ နေထိုင်ခဲ့ရာ၊ ခင်ပွန်းဖြစ်သူက ပြန်ခေါ်သော်လည်း မပေါင်းသင်းချင်တော့၍ ကွာရှင်းစာ တောင်းခံခဲ့သည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဦးဆော်ယာဒ်ဟူစိန်းသည် ဒေါ်နူရ်ဘေဂမ် နေထိုင်ရာ ကျောက်ပြင်ဆိပ် ကျေးရွာရှိ မိဘများ၏ အိမ်သို့ လိုက်သွားပြီး အတင်းခေါ်ရာ မလိုက်သဖြင့် ဓါးဖြင့်ခုတ်ရာ ဒေါ်နူရ်ဘေဂမ်၏ ဦးခေါင်းနှင့် လက်ချောင်း ၄ ချောင်း အခုတ်ခံ ခဲ့ရသည်။ ထို့နောက် ကျောက်ပြင်ဆိပ် ကျေးရွာသားများက ဦးဆော်ယာဒ်ဟူစိန်းကို ၀ိုင်းဝန်း ဖမ်းဆီး၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။ ဒေါ်နူရ်ဘေဂမ်ကို အဒေါ်ဖြစ်သူနှင့် အတူ မောင်တောမြို့သို့ ဆေးကုသရန် ပို့ဆောင်ခဲ့သည်။

ဦးဆော်ယာဒ်ဟူစိန်း ကျူးလွန်သည့် ပြစ်မှုကို အကြောင်းပြ၍ ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပွဲစား ဦးဆော်လီမူလ္လာ တို့သည် ဦးဆော်ယာဒ်ဟူစိန်းကို ပြန်လည် ထုတ်ပေးမည်ဟု ဆိုကာ ဦးဆော်ယာဒ်ဟူစိန်း၏ ဖခင် ဦးရာရှိတ်ဟူစိန်း ထံမှ ငွေကျပ် ၅ သိန်း ရယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဒေါ်နူရ်ဘေဂမ်၏ မိခင် ဖြစ်သူ ဒေါ်ရှုနာဘီကို အမှု ကြေအေးပေးရန် ပြောက ၎င်းက မိမိ၏ သမီးက အတူမနေချင်တော့သဖြင့် ကြေအေးမှု မပေးနိုင်ဟု ပြောကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာနှင့် နယ်ခြားစောင့် ရဲများ၏ ပွဲစားဖြစ်သူ ဦးဆော်လီမူလ္လာ တို့က မိမိတို့သည် ရဲမှူးချုပ် တင်ကိုကို၏ ညွန်ကြားချက် အတိုင်း လာရောက်သည် ဖြစ်ကြောင်း၊ ကြေအေးမှု မပေးပါက သမီးနှင့် အမေ နှစ်ဦးစလုံးကို ထောင်ကျခံရမည် ဖြစ်ကြောင်း ခြိမ်းခြောက်၍ အတင်း အဓမ္မ ကြေအေးခိုင်း လျက်ရှိသည်။ ဓါးဖြင့် ခုတ်ခံရသူ ဒေါ်နူရ်ဘေဂမ်က ၎င်း၏ ခင်ပွန်း ဖြစ်သူနှင့် လုံးဝ မနေချင်တော့၍ ကြေအေးမှု မပေးနိုင်ကြောင်းနှင့် ကွာရှင်းစာသာ ရယူလိုသည်ဟု ပြောဆိုလျက် ရှိကြောင်း သိရသည်။




RB News
17.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် ဖုံညိုလိပ် ကျေးရွာမှ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေး အပါအ၀င် ရဲတပ်ဖွဲ့ (၁၀) ဦးတို့သည် ဖုံညိုလိပ် ကျေးရွာသို့ သွားရောက်၍ ဓါးပြများ ဖမ်းဆီးရန် ဟုဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) တွင် ညအိပ်ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ဖုံညိုလိပ် ကျေးရွာ အတွင်း ကွင်းဆင်း၍ လူကုန်ကူးသူနှင့် တဖက်နိုင်ငံပြန် ရှိသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဦးကာမာလ်ဟူဆောင်း (ဘ) ဦးအီဆုပ်နှင့် ဦးဘာဂူမျာ (ဘ) ဦးဆော်ယာဒ် တို့ကို ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ချုပ်နှောင် ထားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ရိုက်နှက်၍ တစ်ဦးထံမှ ငွေကျပ် နှစ်သိန်းနှင့် နောက်တစ်ဦးထံမှ ငွေကျပ် လေးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖုံညိုလိပ် ကျေးရွာသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) အပိုင် နယ်မြေဖြစ်ပြီး၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ယခုကဲ့သို့ လာရောက်၍ ဖမ်းဆီးခြင်းမှာ စခန်းအမှတ် (၁၂) မှ စခန်းမှူးနှင့် ရဲအုပ်မြတ်ထွေးတို့ ပူးပေါင်း၍ ငွေရှာခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) မှ စခန်းမှူးသည် ရဲအုပ်မြတ်ထွေး၏ တပည့်ဖြစ်သည်ဟု ဆိုသည်။ ရဲအုပ်မြတ်ထွေးသည် ၎င်းနှင့် မသက်ဆိုင်သည့် နယ်မြေများသို့ သွားရောက်၍ ယခုကဲ့သို့ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
17.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ တို့မှ အပြစ်မဲ့ ဒေသခံ များကို နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် မောင်တော ခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ လိပ်ရ ကျေးရွာ အုပ်စု၊ တောင်ရွာနေ ဦးနူရ်အာလာမ် (ဘ) ဦးဆောယာဒ်အာလာမ် (အသက် ၄၁ နှစ်) သည် ချောင်းတွင် ပုဇွန်သားပေါက် ရှာဖွေရန် သွားနေစဉ် လိပ်ရ ချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများ အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ပြီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းကို လိပ်ရ ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ခံခဲ့ရာ ပြန်လည် လွှတ်ပေးခဲ့သော်လည်း နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ယခုအချိန်ထိ အိပ်ရာပေါ်တွင် လှဲနေရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးနူရ်အာလောမ်သည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး ဆေးကုသမှု ခံယူရန်လည်း မတတ်နိုင်၍ အိပ်ရာထဲတွင် လှဲနေရသည့် အတွက် မိသားစု စားဝတ်နေရေး ဒုက္ခရောက် နေရသည်ဟု ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် ၈း၃၀ နာရီတွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု ဗျူဟာမှူးရွာနေ ဦးကော်ရီမူလ္လာ၏ ငါးဖမ်း စက်လှေ တစ်စီးသည် ကံပူးချောင်းမှ ပင်လယ်ပြင်သို့ ထွက်ခွာနေစဉ် ကံပူးချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲတစ်ဦးက လှမ်းအော်သည်ကို မကြား၍ ဆက်သွားခဲ့ရာ နယ်ခြားစောင့်ရဲ (၄) ဦးနှင့် ၎င်းတို့၏ ပွဲစားဖြစ်သူ အာယာတူလ္လာ (ဘ) ဦးကာဒိရ်ဟူစိန်း (ကျော်ဇေယျာဦး၏ ညီ) တို့လိုက်သွား၍ ငါးဖမ်းစက်လှေကို ဖမ်းဆီးပြီး တံငါသည် ၁၅ ဦးကို လူမဆန်စွာ ရိုက်နှက်၍ စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
17.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အုပ်စု၊ တောင်ရွာ အတွင်းသို့ ဓါးပြများ ၀င်ရောက်ပြီး ဓါးပြတိုက်ရန် ကြိုးစားခဲ့ရာ စစ်တပ်ကို အကူအညီ တောင်းသော်လည်း ညအချိန် အပြင်ထွက်ခွင့် မရှိဟုဆိုကာ ဖမ်းဆီး မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာအုပ်စု တောင်ရွာနေ ဦးအဒူဆော်လာမ်၏ နေအိမ်ကို ဓါးပြများ ၀င်ရောက်ရန် ကြိုးစားခဲ့သည်။ လူအင်အား ၁၅ ဦးခန့် ရှိသည့် ဓါးပြများက ဦးအဒူဆော်လာမ်၏ နေအိမ်တံခါးကို ဖွင့်ပေးရန် ပြောသော်လည်း အိမ်သားများက တံခါး မဖွင့်ပေးသောကြောင့် နံရံကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အိမ်သားများက အော်ဟစ်၍ အကူအညီ တောင်းခံမှုကြောင့် ရွာသားများ ၀ိုင်းဝန်းလာခဲ့ရာ ဓါးပြများသည် ရွာအရှေ့ဘက်ရှိ တောတောင်ထဲသို့ ထွက်ပြေး သွားခဲ့ ကြသည်။ ရွာသားများက တောတောင်ထဲထိ လိုက်လံ ရှာဖွေရာ ဓါးပြ နှစ်ဦးကို လုပ်သေနတ် တစ်လက်နှင့် ဓါးတစ်ချောင်း တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဓါးပြများ သေနတ်ဖြင့် ပစ်ခတ်နေစဉ် ရွာသားများက ငန်းချောင်း ကျောင်း၌ ကင်းလှည့်ရန် ရောက်ရှိလာသော တပ်မတော် စစ်ကြောင်းကို အကြောင်းကြား ခဲ့သော်လည်း အထက် အရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ ညအချိန်တွင် အပြင်ထွက်၍ မရဟု ဖြေကြား၍ ဓါးပြများကို ဖမ်းဆီးရန် မကြိုးစားဘဲ လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွာသားများ ဖမ်းဆီးရမိသည့် ဓါးပြနှစ်ဦးကို ရွာသားများက ရိုက်နှက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ရာ ဌာနချုပ်မှ ရဲမှူးချုပ် တင်ကိုကို အပါအ၀င် နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး ဓါးပြနှစ်ဦးကို ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ရွာသားများ၏ ရိုက်နှက်မှုကြောင့် သေလုမျောပါး ဖြစ်ခဲ့ရသည့် ဓါးပြ တစ်ဦး ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် သေဆုံး သွားခဲ့ပြီး ကျန်တစ်ဦးကို ဌာနချုပ်တွင် ချုပ်နှောင် ထားကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ကျောက်ပြင်ဆိပ် ကျေးရွာတွင် လူစိမ်း တစ်ဦး တွေ့ရှိခဲ့ရာ ရွာသားများက ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာ၏ လက်ထဲသို့ အပ်နှံခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါ လူစိမ်းကို စစ်ဆေးရာ ၎င်းက ဘူးသီးတောင်သား ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာရာ လမ်းတွင် မင်္ဂလာကြီး ကျေးရွာရှိ နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး ရှိသမျှ ငွေလုယက်ခြင်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ သို့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက မသင်္ကာဖြစ်၍ ကျောက်လှေကား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး လက်ထဲသို့ အပ်နှံခဲ့ရာ ၎င်းက ဓါးပြဟု ထွက်ဆိုရာ ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။

(ဓါတ်ပုံ - ဧရာဝတီ) 


RB News
17.2.2015

ယာယီ သက်သေခံ လက်မှတ် (၀ှိုက်ကဒ်) ကိုင်ဆောင် ထားသူ များကို မဲပေးခွင့်ပြုမည်ဟု ပြည်ထောင်စု လွှတ်တော်မှ ဆုံးဖြတ်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီညွတ်၍ မဲပေးခွင့် မရှိကြောင်း ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ဆုံးဖြတ်ခဲ့သည်။ 

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ များကို နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) ဖြင့် လဲလှယ် ပေးသင့်ကြောင့် RFA မြန်မာပိုင်းမှ မေးမြန်းခန်းတွင် ပြောဆို ထားသည်။ 






သို့

နိုင်​ငံ​တော်​သမ္မတ
ပြည်​​ထောင်​စု မြန်​မာနိုင်​ငံ​တော်
နေပြည်တော်


ရက်​စွဲ။ ။ ၂၀၁၅ ခုနှစ်​ ဇန်​နဝါရီလ (၁၇) ရက်

အ​ကြောင်းအရာ။ ။  နိုင်ငံတော် သမ္မတရုံး အမိန့် ကြေညာချက်​ အမှတ်၊ ၁၉/၂၀၁၅ ဖြင့် ယာယီ သက်​သေခံ လက်​မှတ်​၏ ကုန်​ဆုံးရက်​ သတ်​မှတ်​ခြင်း အ​ပေါ် တဖက်​သတ်​ အခွင့်ကောင်းယူ၍ ​​မောင်​​တောခရိုင်​ အမှတ်​(၁) နယ်​ခြား​စောင့် ရဲတပ်​ဖွဲ့ ကွပ်​ကဲ​ရေးမှူး ရဲမှူးချုပ်​တင်​ကိုကိုက ဒေသခံများကို အမျိုးမျိုး ခြိမ်း​ခြောက်​​နေခြင်းအား လိုအပ်​သလို အ​ရေးယူ ဆောင်​ရွက်​​ပေး ပါရန် တင်​ပြခြင်း။

လေးစားစွာဖြင့်​-

၁။ ကျွန်​​တော်​တို့ တင်​ပြသူများသည်​ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောခရိုင်​ အတွင်း၌ ​ရှေးပ​ဝေသဏီကပင်​ တိုင်းရင်းသား လူမျိုး​ပေါင်းစုံနှင့် ​အေးအတူပူအမျှ အတူတကွ ပူးတွဲ​ယှဉ်​တွဲ နေထိုင်​လာကြ​သော ​ဒေသခံ ရိုဟင်​ဂျာ တိုင်းရင်းသား လူမျိုးများ ဖြစ်​ပါသည်​။

၂။ ကျွန်​​တော်​တို့သည်​ ၁၉၅၁ ခုနှစ်​တွင်​ တစ်​နိုင်​ငံလုံး၌ နိုင်​ငံ​တော်​ အစိုးရမှ​ ပေးအပ်​ခဲ့​သော အမျိုးသား မှတ်​ပုံတင်​ ကဒ်​ပြားကို မြန်​မာနိုင်​ငံရှိ နိုင်​ငံခြားသား မဟုတ်​​သော တိုင်းရင်းသား ညီအစ်​ကို မောင်နှမများ နည်းတူ ရရှိခဲ့သူများ ဖြစ်​ကြပါသည်​။ ၁၉၉၀ ခုနှစ်တွင် န.စ.က မှ အဆိုပါ အမျိုးသား မှတ်​ပုံတင် ​ကဒ်​ပြားကို သိမ်းဆည်းလိုက်​ပြီး ယာယီ သက်​​သေခံ လက်​မှတ်​များကို လဲလှယ်​ ထုတ်​​ပေးခဲ့သည်​။ ထို့သို့ လဲလှယ်​ထုတ်​​ပေးခဲ့ခြင်းကို ရိုဟင်​ဂျာ ပြည်​သူများက လက်​မခံ ခဲ့သော်​လည်း န.စ.က ၏အမျိုးမျိုး​သော အတင်း အဓမ္မ အကျပ်​ကိုင်​မှု​ကြောင့် မတတ်​သာ၍ လက်​ခံယူခဲ့ရသည်​။ ထို့​ကြောင့်လည်း ရိုဟင်​ဂျာ ပြည်​သူ များ၏ အဆင်မြင့် ပညာသင်​ယူနိုင်​​ရေး၊ လွတ်​လပ်​စွာ သွားလာ​နိုင်​ရေး စ​သော အ​ခြေခံ အခွင့်​အ​ရေးများ ဆုံးရှုံးနေ ရသည်မှာ လွန်ခဲ့သည့် နှစ်ဆယ်ငါးနှစ်ခန့်မှ ယခု အချိန်ထိ ဖြစ်သည်။

၃။ သမ္မတရုံး၏ ​ကြေညာချက်​တွင်​ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ များ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၃) ပါ ပြဌာန်းချက်တို့နှင့် အညီ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူ အချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီ သက်သေခံ လက်မှတ် များအား ထုတ်ပေးခဲ့သည်​ဟု ပါရှိပါသည်​။ အထက်​ပါ ဥပ​ဒေများကို အသေးစိတ် လေ့လာလိုက်​​သည့် အခါ ယာယီ သက်​​သေခံ လက်​မှတ်​ ကိုင်​​ဆောင်​သူ များသည်​ နိုင်ငံခြားသားများ လုံးဝ မဟုတ်​​ကြောင်း ​လေ့လာ​တွေ့ ရှိရပါသည်​။

၎။ စီစစ်​ရန် ​အချိန်​ယူသည့် ​သ​ဘောဖြင့်​ ယာယီ သက်​​သေခံ လက်​မှတ်​ကို အချိန်​ အတိုင်းအတာ တစ်ခုအတွက်​ ထုတ်​​ပေး ခဲ့​သော်​လည်း ဆယ်စုနှစ် ​နှစ်ခုကျော်ကြာမျှ အခြားကဒ်​ တစ်​ခုခုဖြင့် လဲလှယ်​ ​ဆောင်​ရွက် ​မ​ပေးခဲ့​သော ယခင် ​အစိုးရ အဆက်​ဆက်​၏ ပျက်​ကွက်​မှုကို ယခုအခါ သမ္မတကြီး အ​နေဖြင့် အ​မြော်​အမြင်​ကြီးစွာ ​ဆောင်​ရွက်​​ပေးရန် ​စတင်​ လုပ်​​ဆောင်​လာသည်​ဟု ယုံကြည်​ပါသည်​။

၅။ မည်​သို့ပင်​ဖြစ်​​စေ သမ္မတကြီး၏ ယာယီ သက်သေခံ လက်မှတ် သက်တမ်း သတ်မှတ်ခြင်းနှင့် သက်တမ်း ကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေး အစီအစဉ် ထုတ်ပြန် ကြေညာခြင်း အ​ပေါ် တဖက်​သတ်​ အမြင်​ဖြင့် အခွင့်ကောင်းယူ၍ မောင်​​တောခရိုင်​ အမှတ်​(၁) နယ်​ခြား​စောင့် ရဲတပ်​ဖွဲ့ ကွပ်​ကဲ​ရေးမှူး ရဲမှူးချုပ်​တင်​ကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်​ ​မောင်​​တောမြို့နယ်​၊ ​ဇော်မတက် ကျေးရွာရှိ ကျောင်း၌ ကံပူး၊ အလယ်သံကျော်၊ အလယ်သံကျော် ကညင်းတန်း၊ ချိန်ခါလီ၊ သံဒါ၊ ၀ါးချ၊ ဇော်မတတ်၊ ပညောင်ပင်ကြီး၊ သရေကုန်တန်း စသော ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဗလီရှေ့ဆောင် ဆရာများ စသည်တို့ကို အစည်းအဝေး ခေါ်ယူခဲ့၍ "မင်းတို့ဆီက ယာယီ သက်​​သေခံ လက်​မှတ်​လည်း ရုပ်​သိမ်းမည်​၊ မည်​သည့် ကဒ်​မျိုးမှ ထုတ်​​ပေးမှာ မဟုတ်​၊ မင်းတို့ကို တမင်​ ဒုက္ခ​ရောက်​​အောင်​ လုပ်​​ဆောင်​​နေခြင်း ဖြစ်​တယ်​၊ ဘင်္ဂလီ​တွေ ဘင်္ဂလီ အဖြစ်​သာ​နေ" ဟူ၍ ဒေသခံများကို အမျိုးမျိုး ခြိမ်း​ခြောက်​​လျက် ​ရှိ​နေပါသည်​။

၆။ ဤကဲ့သို့ ဥပ​ဒေနှင့် ဆန်​ကျင်​​သော စကားမျိုးဖြင့် ဒေသခံ များအား ခြိမ်း​ခြောက်​ နေ​သော ရဲမှူးချုပ်​ တင်ကိုကို​ကြောင့် နိုင်​ငံ​တော်​ သမ္မတကြီး၏ လုပ်​ငန်းစဉ်များ အ​ကောင်​အထည်​ ဖော်​ရာတွင်​ များစွာ​သော ခက်​ခဲမှုများ​ ပေါ်​ပေါက်​လာ နိုင်​ပါသည်​။ သို့ဖြစ်​ပါ၍ ရဲမှူးချုပ်​ တင်​ကိုကို၏ အာဏာ အလွဲသုံးစား ပြုလုပ်၍ ပြောဆို နေခြင်းများကို အချိန်​မှီ တာဆီး​ပေးပါရန်​နှင့် လိုအပ်​သလို အ​ရေးယူ ဆောင်​ရွက် ​ပေးနိုင်​ရန် အတွက် သမ္မတကြီး ထံသို့ ရို​သေ​ လေးစားစွာ တင်ပြအပ်ပါသည်။

မောင်တောခရိုင်မှ ဒေသခံပြည်သူများ



RB News
16.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်မှ ဘူးသီးတောင် မြို့နယ်သို့ ဈေးဝယ်ရန်လာသည့် ဒေသခံ တစ်ဦးကို ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေးက အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရသေ့တောင် မြို့နယ် စိုင်ဂူးဒိုင် ကျေးရွာမှ ဦးမောင်သိန်းကျော် (ခ) ဦးအာဘူကာလာမ်သည် ဘူးသီးတောင် မြို့မဈေးတွင် ဈေးဝယ်ရန် ရောက်ရှိလာရာ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေးက အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ရဲအုပ် မြတ်ထွေးက ၎င်းတောင်းသည့် ငွေကို မပေးပါက နယ်ကျော်မှုဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရသေ့တောင် မြို့နယ်ရှိ ဒေသခံများမှာ ဈေးဝယ်ရန်နှင့် ဆေးကုသရန် အခက်အခဲ ရှိနေသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် ဘူးသီးတောင် မြို့နယ်သို့ လာရောက်၍ ဈေးဝယ်ရန်နှင့် ဆေးကုသရန် ခွင့်ပြုချက် ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

ရဲအုပ်မြတ်ထွေးသည် နယ်ပိုင်းမှ ဈေးဝယ်ရန် လာရောက်သူများကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ် နေခြင်းမှာ နှစ်ပေါင်း များစွာ ရှိပြီး ဖြစ်သော်လည်း အထက် အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မရှိသည်ကို တွေ့ရသည်။ ၎င်းအား ပြည်နယ် ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ၀န်ကြီး ဌာနသို့ ဆင့်ခေါ်၍ စစ်ဆေးခြင်းများ ရှိခဲ့သော်လည်း စစ်ဆေးသူ များကို ငွေသိန်းပေါင်း များစွာ လာဘ်ထိုးခြင်းကြောင့် မည်သည့် အခါမှ အရေးယူခြင်း မရှိဟု ဒေသခံများက ဆိုသည်။ ဒေသခံများ အနေဖြင့် ၎င်း၏ လိုင်စင်ရ ဓါးပြ ပုံစံဖြင့် ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို နှစ်ပေါင်း များစွာ ခံစားလာနေရသဖြင့် ယခုအခါ သည်းခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက ဒေသခံများနှင့် ရဲအုပ်မြတ်ထွေး အကြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ပြောပါသည်။

Rohingya Exodus