နောက်ဆုံးသတင်း/ဆောင်းပါးများ

မုဒိမ်းကျင့်ခံရသည့် ရိုဟင်ဂျာ အမျိုးသမီးများ အတွက် MSF ၏ အကူအညီများ အမြန်ဆုံးပေးရန် အမျိုးသမီးတစ်ဦး တောင်းဆို

MYARF

RB News
17.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ စစ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာအမျိုးသမီး များစွာကို လွန်ခဲ့သည့် အောက်တိုဘာ (၉) ရက်နေ့ နောက်ပိုင်းတွင် လူမဆန်စွာ မုဒိန်းကျင့်ခဲ့သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ ဆေးဝါးကုသခွင့် လုံးဝ မရဖြစ်နေသည့် အတွက် MSF ဟု ခေါ်သည့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့၏ ဆေးဝါးကုသမှု အကူအညီများ အမြန်ဆုံး ပေးရန် မောင်တောမြို့မှ ပညာတတ်သည့် အမျိုးသမီး တစ်ဦးမှ တောင်းဆိုလိုက်သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ၀င်ရောက်၍ နေအိမ်များ မီးရှို့ခြင်း၊ အပြစ်မဲ့ ရွာသားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း အပြင် အမျိုးသမီးများစွာကို မုဒိမ်းကျင့်ခဲ့သည်။

အောက်တိုဘာလ (၁၄) ရက်နေ့မှစ၍ နိုဝင်ဘာလ (၁၆) ရက်နေ့ထိ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ခဲ့ရာ ဦးရှည်ကျ ကျေးရွာမှ အမျိုးသမီး (၂၂) ဦးလည်း မုဒိမ်းကျင့်ခံခဲ့ရသည်။ ဦးရှည်ကျ ကျေးရွာမှ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး (၈) ဦး အကြောင်းကို ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သော်လည်း ကျန်သည့် (၁၄) ဦး၏ ကိစ္စရပ်များကို သတင်းထောက်များ ၀င်ခွင့် ကန့်သတ်ထားသောကြောင့် ယခုအချိန်ထိ နိုင်ငံတကာ မီဒီယာပေါ်သို့ မရောက်နိုင်သေးကြောင်း၊ အမျိုးသမီး အချို့မှာ ထိတ်လန့်ပြီး အခြားရွာများသို့ တိမ်းရှောင်နေခြင်းများလည်း ရှိကြောင်း အမျိုးသမီးတစ်ဦးက RB News သို့ပြောသည်။ 

နိုဝင်ဘာလ (၁၆) ရက်နေ့ နေ့လည် (၁) နာရီ အချိန်ခန့်တွင် စစ်သားအင်အား ၁၀၀ ကျော်ရှိသော အဖွဲ့တစ်ဖွဲ့သည် ဦးရှည်ကျ ကျေးရွာကို ၀ိုင်းထားပြီး သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ အမျိုးသား အချို့ ရွာမှ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့ပြီး၊ အချို့ အမျိုးသားများသည် အသက်ဘေးမှ လွတ်ကင်းနိုင်အောင် ရွာရှိ ဈေးကြီး၏ အရှေ့ဘက် တောင်တန်းပေါ်သို့ ပြေးလွှား တက်ခဲ့ကြသည်။ ထိုသို့ တက်သွားသည်ကို စစ်သားများက မြင်ပြီးနောက် လိုက်လံ၍ ပစ်ခတ်ရာ အမျိုးသားများမှာ တောင်တန်းနှင့် ကပ်လျက်ရှိသည့် ချောင်းထဲသို့ ခုန်ဆင်းခဲ့ရသည်။ စစ်သားများသည် တောင်ပေါ်သို့ ရောက်ရှိလာပြီး ချောင်းကူးနေသူများဘက်သို့ မိုးရွာသည့် အလား သေနတ်ပစ်ခတ်ခဲ့သည်။ 

"ကျနော်တို့ ကမ်းဘက်ကို ရောက်တာနဲ့ သူတို့က တောင်ပေါ်ကို ရောက်လာတယ်။ ပြီးတော့ ကျနော်တို့ဖက်ကို အဆက်မပြတ် ပစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး ကျည်ဆံထိပြီး အသက်ဆုံးရှုံးခဲ့တယ်" ဟု အသက်ဘေးမှ လွတ်မြောက်လာသူ ရွာသားတစ်ဦးက ပြောသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသူ (၃) ဦး ရှိကြောင်း အဆိုပါရွာသားက ဖြည့်စွက် ပြောကြားပါသည်။

ထို့နောက် စစ်သားများသည် ရွာထဲကို စီးနင်းဝင်ရောက်ပြီး ထွက်ပြေးတိမ်းရှောင်ခွင့် မရဘဲ ကျန်ရစ်ခဲ့သည့် အမျိုးသားများနှင့် အမျိုးသမီးများ (၃၀၀) ကျော်ကို တစ်နေရာတွင် စုထားကာ စစ်သားအချို့က အမျိုးသမီးများထဲက ချောမော့လှပသည့် အမျိုးသမီး (၄) ဦးကို အတင်းဆွဲခေါ်ယူပြီး နီးစပ်ရာ အိမ်တစ်အိမ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်သားများ ဝိုင်းထားသည့် အမျိုးသားများထဲမှ (၇) ဦးကို ဖမ်းဆီးထားပြီး ကျန်အမျိုးသားများကို စိတ်တိုင်းကျ ရိုက်နှက်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် စစ်သားများသည် ညနေ(၅) နာရီထိ ရွာထဲတွင် လုယက်မှုများနှင့် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ ပြန်လည် ထွက်ခွာသည့် အချိန်တွင် ဖမ်းဆီးထားသည့် ရွာသား (၇) ဦးကို အတူခေါ်ဆောင်သွားခဲ့သည်ဟု သိရှိရသည်။

"အခုလို ဝင်စီးနင်းလာပြီး အပြစ်မဲ့ အမျိုးသမီးတွေကို စစ်သားတွေက ထပ်ခါထပ်ခါ မုဒိမ်းကျင့်နေတာက လိုင်စင် ရထားလို့ လုပ်နေတယ် ထင်ရတယ်။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေကလည်း ဘာဆေးကုသမှုမှ မရနိုင်ဘဲ နာကျင်စွာ ဝေဒနာခံစားနေရတယ်။" ဟု ပညာတတ် မိဘနှစ်ပါးမှ မွေးဖွားလာသူတစ်ဦး ဖြစ်ပြီး ကိုယ်တိုင်လည်း ပညာတတ်သည့် ရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"အဲဒီလို ဝေဒနာရှင် အမျိုးသမီးတွေအတွက် MSF လို့ ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ဆေးကုသမှု အကူအညီကို အမြန်ဆုံး လိုအပ်တယ်။ အဲဒါကြောင့် အမြန်ဆုံး အကူအညီပေးဖို့ တောင်းဆိုတယ်"ဟု အဆိုပါ အမျိုးသမီးက ပြောပါသည်။

Rohingya Eye မှ သတင်းအချက်အလက် အချို့ မျှဝေသည်။

ဦးရှည်ကျရွာမှ ရွာသားများ (ဓါတ်ပုံ - စိုးဇေယျာထွန်း / ရိုက်တာ)

Comment ရေးရန်

Rohingya Exodus