နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ချောင်းမှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို ၎င်း၏ ခင်ပွန်း အရှေ့တွင်ပင် စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်

RB News
23.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောက်ချောင်း ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို ၎င်း၏ ခင်ပွန်းအရှေ့တွင်ပင် စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း မြောက်ချောင်း ကျေးရွာအုပ်စု ဂန်ဒါဟာလီရွာမှ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ယာခင်းထဲတွင် အလုပ်လုပ်နေစဉ် စစ်သားများက အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် အဆိုပါ အမျိုးသားကို စစ်သားများက အမျိုးသား၏နေအိမ်သို့ ခေါ်ဆောင်သွားကာ ၎င်း၏ အသက် (၂၅) နှစ် အရွယ် ဇနီးကို စစ်သား ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများက အဆိုပါ အမျိုးသား၏ ရှေ့မှောက်တွင်ပင် ဇနီးသည်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။

စစ်သားများက စိတ်တိုင်းကျ မုဒိမ်းကျင့်ပြီးနောက် အဆိုပါ အမျိုးသားကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားပြီး ငွေကျပ် တစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။  အသက် (၅၅) နှစ် အရွယ် အမျိုးသား၏ ပထမ ဇနီး ကွယ်လွန်သွားပြီးနောက် ဒုတိယ အိမ်ထောင်ပြုထားခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် ယင်းကျေးရွာမှ ဦးဘဲဆာအလီ (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၅၀ နှစ်) ကိုလည်း လမ်းမှ ဖမ်းဆီး၍ ရိုက်နှက်ပြီးနောက် ငွေကျပ်နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့ကလည်း အဆိုပါ ကျေးရွာတွင်းသို့ စစ်သား (၇၀) ဦးကျော် ၀င်ရောက်၍ အမျိုးသမီးများကို နေအိမ်များ၏ အပြင်သို့ ထုတ်ထားခဲ့ပြီး အိမ်များ အတွင်းမှ ပစ္စည်းများ လုယက်ခဲ့သည်။

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး၏ အမည်နှင့် ၎င်း၏ ခင်ပွန်းအမည်ကို လုံခြုံရေးနှင့် ဂုဏ်သိက္ခာ အရ ချန်လှပ်ထားခဲ့သည်)


Comment ရေးရန်

Rohingya Exodus