ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
သို့ -
မစ္စတာကိုဖီအာနန်
ဥက္ကဌ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်
ရက်စွဲ။ ။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်
အကြောင်းအရာ။ ။ ကော်မရှင်နှင့် တွေ့ဆုံစကားပြောမည့် ဒေသခံရိုဟင်ဂျာများ၏ လုံခြုံရေးကို ကော်မရှင်မှ တာဝန် အပြည့်အ၀ ယူပေးပါရန် တောင်းဆိုခြင်း။
လေးစားစွာဖြင့်
၁။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကို အကြောင်းပြု၍ မောင်တောမြို့ တွင် အာဏာပိုင်များက ကျွန်ုပ်တို့ ဒေသခံ ရိုဟင်ဂျာ ရာပေါင်း များစွာကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ကျွန်ုပ်တို့၏ အိုးအိမ် ထောင်ပေါင်းများစွာကို မီးရှို့ပစ်ခြင်း၊ ကလေးသူငယ်များကို မီးထဲသို့ ပစ်သွင်းခြင်း၊ အမျိုးသမီး ရာကျော်ကို ပေါ်ပေါ်တင်တင် အဓမ္မပြုကျင့်ခြင်း၊ အပြစ်မဲ့ အမျိုးသား ရာပေါင်းများစွာကိုလည်း အကြမ်းဖက်သမား ခေါင်းစဉ်တပ်၍ အထောက်အထားမဲ့စွာ ဖမ်းဆီးခဲ့ခြင်း စသည်များကို ကျူးလွန်လာနေ ခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်ပါသည်။
အထူးသဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာများဖြစ်ကြသော ကြက်ရိုးပြင်၊ ပွင့်ဖြူချောင်း၊ ဒါးကြီးဇား၊ ပြောင်းပြိုက်၊ ဝါးပိတ် စသော ကျေးရွာများကို ရွာလုံးကျွတ်နီးပါး မီးရှို့ပစ်ခဲ့သည့်အပြင် ကျီးကန်ပြင် အလယ်ရွာနှင့် မောင်နှမ တောင်ရွာ စသည့် ရွာအချို့မှ ဒေသခံများကိုလည်း နေအိမ်မှ အတင်းအဓမ္မ နှင်ထုတ်လိုက်သောကြောင့် ယခုအခါ လူဦးရေ လေးသောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အချို့မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရပြီ ဖြစ်ပါသည်။
ထို့အပြင် ကျွန်ုပ်တို့၏ ကျွဲ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်များကို အာဏာပိုင်များနှင့် န.တ.လ ရွာသားများ၊ ရခိုင် ရွာသား များက လုယက်ယူသွားခဲ့ပြီး ကျွန်ုပ်တို့၏ စပါးစိုက်ခင်းများကိုလည်း ရိတ်သိမ်း၍ ယူသွားနေပါသည်။ ယနေ့ အထိ တစ်ရွာမှ တစ်ရွာသို့လည်း သွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါသည်။
၂။ ထိုအချိန်မှ စ၍ ပြင်ပအဖွဲ့အစည်းများ ဝင်ရောက်ခွင့်ကို လုံးဝ ကန့်သတ် ပိတ်ပင်ထားခဲ့သည်မှာလည်း ယနေ့အထိ ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် နိုဝင်ဘာလ (၂) ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ဦးဆောင်သော နိုင်ငံတကာ သံအမတ် အဖွဲ့ကို မြန်မာအစိုးရက ခေါ်ဆောင်လာခဲ့ပြီး အမျိုးမျိုး လှည့်ဖြားကာ ပြန်လည်ခေါ်ဆောင် သွားခဲ့ပါသည်။ ထိုကိုယ်စားလှယ်အဖွဲ့ကို ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ကျေးရွာ (effected area) များ၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ နေထိုင်ရာသို့ သွားရောက်လေ့လာခွင့်မပေးခဲ့ပေ။ သို့သော် ဝါးပိတ်နှင့် ကျီးကန်းပြင် ကျေးရွာသားအချို့သည် တင်းကျပ်သော လုံခြုံရေးကို မကြောက်မရွံ့ဘဲ သံအမတ်အဖွဲ့ကို ကျီးကန်းပြင် လမ်းခုလတ်တစ်နေရာတွင် သွားရောက်တွေ့ဆုံခဲ့၍ မိမိတို့ တွေ့ကြုံခဲ့ရသည့် မတရားမှုများကို ရင်ဖွင့်ပြောပြခဲ့ပါသည်။ သို့သော် သံအမတ်အဖွဲ့ ပြန်သွားခဲ့သည်နှင့် တပြိုင်နက် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဝါးပိတ်နှင့် ကျီးကန်းပြင် ကျေးရွာသားများကို ဖမ်းဆီးလိုက်ပြီး ထိုအထဲတွင် သံအမတ်အဖွဲ့နှင့် မျက်နှာချင်းဆိုင်၍ စကားပြောခဲ့သည့် အမျိုးသားလေးဦးကို ရှာဖွေခဲ့ပါသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အဆိုပါ အမျိုးသားလေးဦး ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး ယနေ့အချိန်ထိ တိမ်းရှောင်နေရပါသည်။
အလားတူ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာသူကျေးရွာသားများကလည်း အဆိုပါ သံအမတ်အဖွဲ့ကို မိမိတို့ တွေ့ကြုံခံစားနေရသည့် မတရားမှုများအကြောင်းကို Banner များကိုင်ဆောင်၍ ဖော်ထုတ်ပြသခဲ့ပါသည်။ ထို့ကြောင့် သံအမတ်အဖွဲ့ပြန်သွားပြီး နှစ်ရက်အကြာတွင် ဒေသဆိုင်ရာ အာဏာပိုင်များသည် အဆိုပါ ကျေးရွာကို စစ်တပ်၊ လုံထိန်းရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်ဖြင့် ဝန်းရံပိတ်ဆို့ခဲ့၍ ရွာထဲဝင်ပြီး တွေ့သမျှလူများကို ကန်ကျောက် ရိုက်နှက်ခြင်း၊ သံအမတ်အဖွဲ့ကို Banner ပြ၍ ဆန္ဒထုတ်ဖော်ခဲ့သူများဟုဆိုကာ အပြစ်မဲ့ ရွာသူရွာသားများကို အလုံအရင်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပါသည်။
၃။ ဒေသဆိုင်ရာ အာဏာပိုင်များသည် "နိုင်ငံတကာကို ငါတို့မကြောက်ဘူး၊ ငါတို့က လုပ်ချင်တာလုပ်မယ်၊ သူတို့ပြောမှာက နောက်မှာ၊ သတ္တိရှိရင် အခု လာကယ်ခိုင်း" စသော စကားများပြောဆိုလျက် ကျွန်ုပ်တို့ ဒေသခံရိုဟင်ဂျာများကို နေ့စဉ်ရက်ဆက် ဥပဒေမဲ့ သတ်ဖြတ်၊ ဖမ်းဆီး၊ မုဒိမ်းကျင့်နေလျက်ရှိပါသည်။
လူမျိုးတုံးသုတ်သင်ရေး အထိ အစိုးရ၏ ရာဇဝတ်မှု ကျူးလွန်နေမှုကြောင့် အရေးပေါ် အကူအညီ လိုအပ်နေလျက်ရှိသော်လည်း မည်သည့် အဖွဲ့အစည်းကိုမှ မြန်မာအစိုးရ ဝင်ခွင့်မပေးသည့်အချိန်တွင် လူကြီးမင်းတို့ ကော်မရှင်လာရောက်၍ ကျွန်ုပ်တို့ အားကိုးစရာမဲ့ ပြည်သူများနှင့် တွေ့ဆုံမည်ဟု သိရသည့်အပေါ် အင်မတန် ဝမ်းသာပါသည်။
သို့သော် လူကြီးမင်းတို့အဖွဲ့နှင့် တွေ့ဆုံရာတွင် ဒေသအာဏာပိုင်များ ရှိနေလျှင် ကျွန်ုပ်တို့၏ လွပ်လပ်စွာ ရင်ဖွင့်ခွင့်ကို ဟန့်တားရာ ရောက်စေမည်ဖြစ်ပြီး လူကြီးမင်းတို့ပြန်သွားသည်နှင့် ကျွန်ုပ်တို့ တွေ့ဆုံစကားပြောမည့် လူများကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးကာ အစိုးရလုပ်နေကျအတိုင်း အကြမ်းဖက်သမားအဖြစ် သတင်းထုတ်ပြန်ပေးမည်ကို အင်မတန် စိုးရိမ်မိပါသည်။ ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များသည် လူအချို့ကို ခြိမ်းခြောက်၍ လူကြီးမင်းတို့နှင့် တွေ့ဆုံ စကားပြောရန်၊ အစိုးရက မည်သို့မျှ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်းမရှိဟု လုပ်ကြံထွက်ဆိုပေးရန် လေ့ကျင့် ဖန်တီးထားကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့ အနေဖြင့် effected area များသို့ ကွင်းဆင်း၍ ဒေသခံလူထုနှင့်သာ တွေ့ဆုံပေးရန်နှင့် ထိုသို့တွေ့ဆုံ စကားပြောမည့် ဒေသခံရိုဟင်ဂျာများ၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း လူကြီးမင်းတို့ဖက်က တာဝန်အပြည့်ယူပေးပါရန် အလေးအနက် တောင်းဆိုပါသည်။
မောင်တောမြောက်ပိုင်းမှ ဒေသခံရိုဟင်ဂျာများ