နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ (၅၆၄) မှ ခေတ္တတပ်ရင်းမှူး၏ ငွေညှစ်မှုကိစ္စ ဖိအားပေးခံရသောကြောင့် လက်နက်များမိသည့် ဇတ်လမ်းပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြော

RB News
5.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင် ကျေးရွာတွင် လက်နက်များ မိသည့် အကြောင်းများ ပေါ်လာခြင်းမှာ ခမရ (၅၆၄) မှ ခေတ္တတပ်ရင်းမှူး၏ ငွေညှစ်မှုကိစ္စ ဖိအားပေးခံရသောကြောင့် အာရုံလွှဲရန် တမင်ကြံစည်၍  ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ယနေ့ ဇန်န၀ါရီလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ခမရ (၅၆၄) တပ်ရင်းမှ စစ်သားများနှင့် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ဒါးပိုင်ဆရာ ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး၊ စဥ့်အောင်းကျေးရွာ၊ ဒါးပိုင်ဆရာကျေးရွာနှင့် ဂေါ်နီရွာများမှ ဒေသခံ ရိုဟင်ဂျာများကို အိမ်ထောင်စု စာရင်းများနှင့် အတူ ဒါးပိုင်ဆရာကျေးရွာရှိ စာသင်ကျောင်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။

စာသင်ကျောင်းသို့ ရောက်ရှိလာသည့် မိသားစုများကို တစ်ဦးချင်းစီ စစ်ဆေး၍ မိသားစု (၈) စုကို ထိန်းသိမ်းထားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးရှုနာမျာ (ဘ) ဦးအာဘုလ်ကာဆိမ်းနှင့် သားနှစ်ဦးကိုလည်း ကျေးရွာတွင်းမှ ဖမ်းဆီး၍ ကျောင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ရှုနာမျာ အမည်ရှိ ရွာသားများ အားလုံးကို ဖမ်းဆီးခဲ့ပြီး၊ ည (၇) နာရီ အချိန်တွင် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးရှုနာမျာကို ခေါ်ဆောင်သွားကြောင်း၊ ကျောင်းအတွင်း စစ်ဆေးစဉ် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဦးရှုနာမျာသည် ဌာနဆိုင်ရာများနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးဖြစ်ပြီး၊ အေးချမ်းစွာ နေထိုင်သူ တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့တွင် မောင်ကြီးတောင် ကျေးရွာမှ ဖမ်းဆီးသွားသူ (၇) ဦးမှ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ (၄) ဦးကိုသာ သတင်းထုတ်ပြန်ခဲ့သည်။ ကျန်သည့် (၃) ဦးနှင့် ပတ်သက်၍ သတင်းအစအန မရသည့်အပြင် အခြား မိသားစု (၃) စုလည်း ကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့နှင့် ပတ်သက်၍လည်း သတင်းလုံးဝ မရရှိသေးဟု ဒေသခံများက ပြောပါသည်။

မိသားစု (၃) စုမှာ --

(၁) ဦးမာမတ်ဆိဒိတ် (ဘ) ဦးအာဘုလ်ကာဆိမ်း (အသက် ၃၅ နှစ်)၊ ၎င်း၏ ဇနီးနှင့် သမီး (၂) ဦး
(၂) ဦးအဒူရော်ဟိမ်း (ဘ) ဦးဂျမာလ် (အသက် ၆၅ နှစ်) ၏ ဇနီး၊ သား (၂) ဦးနှင့် သမီး (၂) ဦး
(၃) ဒေါ်လိုင်လာ (ဘ) ဦးမာမတ်ရှော်ရိဖ်၊ ၎င်း၏ သား (၂) ဦး၊ သမီး (၃) ဦး -- တို့ဖြစ်သည်။

ခမရ (၅၆၄) တွင် တပ်ခွဲမှူး ဗိုလ်မှူးက ခေတ္တတပ်ရင်းမှူး တာဝန်ယူထားပြီး ရာထူး အရှိန်အ၀ါကို အသုံးပြု၍ ဒေသခံများ ထံမှ ငွေညှစ်လျက် ရှိရာ၊ အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ခရီးလွန်နေသူများ ပြန်ရောက်လာလျှင် ငွေကျပ် တစ်သိန်းစီ ယူပေးရန် မောင်ကြီးတောင် ရွာသား ဦးဂျမာလ် (ဘ) ဦးမာမတ်ဟာရှိမ်းနှင့် ရာအိမ်မှူး ဦးဇော်မိရ်ဟူစိန်း တို့ကို မှာကြားခဲ့သည်။

ဦးဂျမာလ်နှင့် ဦးဇော်မိရ်ဟူစိန်း တို့က ခေတ္တတပ်ရင်းမှူး၏ မှာကြားချက် အတိုင်း ငွေညှစ်ခဲ့ရာ စုစုပေါင်း (၂၂) သိန်း ရရှိခဲ့ပြီး၊ ခေတ္တတပ်ရင်းမှူး၏ တပည့်ဖြစ်သူ တပ်ကြပ်ကြီး ဘကျော်ကို ငွေကျပ် (၁၆) သိန်း လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ၎င်းတို့ (၄) ဦးကြားတွင် ငွေကြေး ခွဲဝေမှုများကြောင့် စကားများ ရန်ဖြစ်ခဲ့ခြင်းများ ရှိခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

အဆိုပါ ခေတ္တတပ်ရင်းမှူးသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင်လည်း မိကျောင်းဈေး ရွာသစ်ရွာနှင့် ရွာသစ်ရွာ တို့ရှိ ဒေသခံ (၂) ဦးထံမှ ငွေကျပ် ၆ သိန်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ မိကျောင်းဈေး ရွာသစ်ရွာနှင့် ရွာသစ်ရွာ တို့ရှိ ဒေသခံ (၇) ဦးထံမှ ငွေကျပ် ၂၄ သိန်း ညှစ်ယူခဲ့သည်။ ငွေကျပ် သိန်း (၃၀) ညှစ်ယူမှုနှင့် ပတ်သက်၍ RB News ၌ ဖော်ပြပြီးနောက် အထက်အရာရှိများ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး၊ ၎င်းအပေါ် ဖိအားပေးမှုများကို အာရုံလွှဲရန် အတွက် ၎င်းနှင့် ရင်းနှီးသူများ ဖြစ်ကြသည့် ဦးဂျမာလ်၊ ဦးဇော်မိရ်ဟူစိန်း တို့နှင့် အတူ လက်နက်မိသည့် ဇတ်လမ်းတွင်၍ အာရုံလွှဲလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ ပြောပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့တွင် ဖမ်းဆီးခံရသူများကို ရိုက်နှက်နှိပ်စက်၍ အခြေအနေ ဆိုးရွားလာသောကြောင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင် ထားရကြောင်း၊ ဘူးသီးတောင်မြို့ ပေါ်မှ တွင်ခုံ လုပ်ငန်း လုပ်ကိုင်သူ (၆) ဦးကို ဖမ်းဆီးထားကြောင်း မြို့ခံတစ်ဦးက ပြောကြားသော်လည်း RB News မှ သီးခြင်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။



Comment ရေးရန်

Rohingya Exodus