သမ္မတနဲ့ ဒေါ်စု တွေ့ဆုံ
31.8.2013
သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီကနေ့ နေလည် ပိုင်း နေပြည်တော် မှာရှိတဲ့ သမ္မတရဲ့ လယ်တောဆောင်မှာ တွေ့ဆုံ ခဲ့တယ်လို့ သိရ ပါတယ်။ အရေးပေါ် တွေ့ ဆုံမှု တခု ဖြစ်တယ်လို့ စုံစမ်း ကြားသိ ရပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောခွင့် ရသူ လည်းဖြစ်၊ လွှတ်တော် ကို်ယ်စားလှယ် တဦး လည်းဖြစ်တဲ့ ဦးဝင်းမြင့် ကတော့ ခေါင်းဆောင် နှစ် ဦး တွေ့ဆုံ မှုကို အတည်ပြု ပေမယ့်လည်း ဘယ်လို ပုံစံနဲ့ တွေ့ဆုံတယ်၊ ဘာကြောင့် တွေ့ဆုံတယ် ဆို တဲ့ ဆွေးနွေးပွဲ အသေးစိတ် ကိုတော့ ထုတ်ပြန်ဖို့ မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
"ဟုတ်ကဲ့ ခင်ဗျ။ ဒီနေ့ နေ့လည် ၃ နာရီက တွေ့တယ် ခင်ဗျ။ လယ်ယာ ခြံထဲမှာ ရှိတဲ့ သမ္မတ အိမ်တော် မှာလေ။ ခါတိုင်း တခြား နိုင်ငံရေး ပါတီတွေ ဘာတွေ တွေ့တဲ့ နေရာလေ။ အဲဒီမှာ- တွေ့တာတော့ သိ တယ်။ နောက်တခါ ဆွေးနွေးချက် တွေကတော့ အသေးစိတ် ထုတ်ပြန်မှာ မဟုတ်ဘူး။ အဲဒါတော့ ကျနော် သိတယ်ဗျ။ သမ္မတနဲ့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ တွေ့တယ်-အဲဒါပဲ ကျနော် သိတယ်။"
ဒေါ်အာင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့အကြားမှာ သီးခြား တွေ့ဆုံမှုတွေ အရင်က ရှိခဲ့ပေမယ့် အခုတခေါက် အခြေအနေ ကတော့ လွှတ်တော် နိုင်ငံရေးနဲ့ ဆက်စပ် မယ်လို့ ယူဆမှုတွေ အတော် များများ ရှိပါတယ်။ အထူး သဖြင့် ကတော့ လွှတ်တော်နဲ့ အစိုးရ အကြား ဥပဒေ ပြဌာန်းမှု ပိုင်းတွေမှာ အပြန် အ လှန် တင်းတင်း မာမာ သဘောတွေ ရှိခဲ့သလို ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် နောက်ဆုံး ရက်မှာလည်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ကနေ မြေသိမ်း ယာသိမ်း ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရ ကပိုင်းက အလျင်အမြန် တုံ့ပြန် ကိုင်တွယ် ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို စာရေး သား ပေးပို့ ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြည်သူ့ လွှတ်တော်ရဲ့ တရား ဥပဒေ စိုးမိုးရေးနဲ့ တည် ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်နဲ့ တာဝန် ယူထား ပါတယ်ရှင်။