ရိုဟင်ဂျာတွေ အပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန် လွှတ်တော်အမတ်များအဖွဲ့ပြော
မြန်မာနိုင်ငံအစိုးရက လူနည်းစု ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ သွားရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်များ အဖွဲ့က ဘင်္ဂလားဒေရှ့်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ပြောပြခဲ့တယ်လို့ bdnews24 သတင်းဌာနမှာ ရေးသား ဖော်ပြထားပါတယ်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ အထက်လွှတ်တော်အမတ် Richard Durbin၊ ကွန်ဂရက်လွှတ်တော်အမတ် (အမျိုးသမီး) Betty McCollum နဲ့ Jan Schakowsky ၊ ကွန်ဂရက်လွှတ်တော်အမတ် (အမျိုးသား) David Cicilline ၊ အမေရိကန် သံအမတ် Marica Bernicat နဲ့ အမေရိကန်သံရုံးရဲ့ လက်ထောက်အကြီးအကဲ Joel Reifman တို့လည်း ပါဝင်ခဲ့ပါတယ်။
အစည်းအဝေးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို စောစောစီးစီး လုံလုံခြုံခြုံ ပြန်ပို့ဆောင်ဖို့ မြန်မာအစိုးရကို ဖိအားပေးဖို့လည်း နှစ်ဖက်သဘောတူကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာရှိပါတယ်။
လွန်ခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ရိုဟင်ဂျာတွေအပေါ် ဖြစ်ပျက်နေတာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု Genocide မြောက်တယ်လို့ အမေရိကန်အစိုးရက မှတ်ယူပါသလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ အမေးကို တေလာဆန်က အခုလို ဖြေကြားခဲ့ပါတယ်။
"ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကြမ်းကြုတ်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး ထွက်နေတဲ့ သတင်းတွေအပေါ် ကျနော်တို့ အလွန်အမင်း စိုးရိမ်တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ လူသားမျိုးသားနွယ်စုအပေါ် ပြစ်မှုကျူးလွန်ရာရောက်တယ်ဆိုတဲ့ အရိပ်လက္ခဏာပဲဆိုတာ ကျနော်တို့ သိထားတယ်။ ဒါတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ရောက်မရောက် ကျနော်တို့ အသေအချာ ဆက်လက်လေ့လာပြီး ဆုံးဖြတ်သွားမှာပါ"
နိုင်ငံခြားဝန်ကြီးရဲ့မှတ်ချက်ပြုအပြီး အမေရိကန်လွှတ်တော်အမတ်များ အဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွားရောက်ကာ သေချာလေ့လာခဲ့အပြီး War crimes လို့ခေါ်တဲ့ စစ်ရာဇဝတ်မှု ရောက်တယ်လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
![]() |
(ဓါတ်ပုံ - Reuters: Danish Siddiqui) |