နောက်ဆုံးသတင်း/ဆောင်းပါးများ

အထူးတပ်ဖွဲ့သစ်က နယ်ခြားစောင့်ရဲများထက် ပိုမိုဆိုးရွားစွာ နှိပ်စက်မှုများ စတင်

MYARF
RB News
28.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နေရာတွင် အစားထိုး ရောက်ရှိလာသည့် အထူးတပ်ဖွဲ့ ဆိုသည့် တပ်ဖွဲ့သစ်က ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်မှုများ စတင်လျက် ရှိကြောင်း သတင်းရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ နေရာတွင် အစားထိုးလိုက်သည့် အထူးတပ်ဖွဲ့သည် သြဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ၀တ်စုံများသည် လုံထိန်းရဲ၏ ၀တ်စုံနှင့် တူညီနေသည်။ သြဂုတ်လ (၂၇) ရက်နေ့ နံနက်ပိုင်းမှ စ၍ အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို အလွန်ပင် ဖိနှိပ် နှိပ်စက်နေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“သူတို့က ၂၆ ရက်နေ့ ညနေပိုင်း ရောက်လာတာပေါ့နော်၊ စရောက်ပြီး နောက်တစ်နေ့ မနက်ကစပြီးတော့ သူတို့ကင်းစခန်းကို ဖြတ်ပြီး သွားနေတဲ့ လမ်းသွားလမ်းလာတွေကို အမျိုးမျိုးနှိပ်စက်နေတာဗျ၊ ကားနဲ့သွားတဲ့ လူတွေကို ကားပေါ်က ဆင်းခိုင်းပြီးတော့ အမျိုးမျိုး စစ်ဆေးတယ်၊ လမ်းလျှောက်သွားခိုင်းတယ်၊ ဆိုင်ကယ်မောင်းပြီး သွားလာသူတွေကိုလည်း ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီးတော့ လမ်းလျှောက်သွားခိုင်းတယ်၊ အရင်က အဲ့လို ဆင်းမသွားရဘူးဆိုတော့ လူတွေက အရင်ကလိုပဲ မောင်းသွားကြတယ်။ အဲလို မောင်းသွားတဲ့လူကို ရပ်ခိုင်းတယ်၊ ပြီးတော့ဆင်းခိုင်းပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး ပက်ပက်စက်စက် ဆဲတယ်၊ လူတွေလည်း အတော်လေး စိတ်အနှောက်အယှက် ဖြစ်နေကြပြီ” ဟု အဆိုပါဒေသခံက ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များကို မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်နေရာတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ တံတားကင်းစခန်းနှင့် ပန်းတောပြင် တံတားကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ အဆိုးဆုံးဖြစ်သည်။ အဆိုပါ ကင်းစခန်းများ၏ အနီးတွင် စခန်းအသစ်တစ်ခု ဆောက်လုပ်လျက်ရှိပြီး၊ ဆောက်လုပ်ပြီးပါက ယင်းစခန်းတွင် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ရွာထွက်လက်မှတ် စစ်ဆေးရန် ဖြစ်သည်ဟု အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကြိုတင်၍ ခြိမ်းခြောက်သည့် ပုံစံဖြင့် ပြောဆိုနေကြောင်း သိရှိရသည်။ 

“မင်းတို့ ကုလားတွေကို ဖိနှိပ်ဖို့ အထက်က အထူးစေလွှတ်လိုက်တာ၊ မကျေနပ်တာရှိရင် ကြိုက်တဲ့နေရာကို သွားတိုင်လို့ ရတယ်။ ကိုဖီအာနန်အဖွဲ့ကို တိုင်ချင်လည်း တိုင်ကွာ” ဟု ဆိုကာ တပ်ဖွဲ့ဝင်သစ်များက လမ်းသွားလမ်းလာများကို ခြိမ်းခြောက် ပြောဆိုနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 

ယခုအခါ ဒေသခံ ရိုဟင်ဂျာများသည် အလွန်ပင် ထိတ်လန့်လျက် ရှိနေပြီး၊ မိမိတို့၏ ကျေးရွာမှ အပြင်သို့ သွားရန်ပင် ကြောက်ရွံနေသည်ဟု ဒေသခံများက ဆိုသည်။ ဖော်ပြပါ အဆိုးရွားဆုံး ကင်းစခန်းနှစ်ခုကို ဖြတ်ကျော်၍ ကျောင်းတက်နေရသော ကျောင်းသား/သူ ငယ်များသည် ကင်းစခန်းများကို ဖြတ်ကျော်၍ ကျောင်းတက်ရန်ပင် မ၀ံ့မရဲ ဖြစ်နေကြောင်း ကျောင်းသားမိဘ တစ်ဦးက RB News သို့ပြောသည်။

NLD အစိုးရက ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ပြဿနာဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းမလာခင် ဒေသခံရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ကြောက်ရွံအောင် တမင်လုပ်နေခြင်းသာ ဖြစ်သည်ဟု မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူများက သုံးသပ်နေကြသည်။

ဒီမိုကရေစီ ခေတ်သစ်တွင် ရိုဟင်ဂျာလူမျိုးများ အပေါ် ဤကဲ့သို့ စနစ်တကျ ပေါ်ပေါ်တင်တင် ခွဲခြား နှိပ်စက်နေခြင်းသည် အလွန်ပင် မတရားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့၏ တရားဥပဒေနှင့် ဆန့်ကျင်၍ လုပ်ဆောင်နေမှုများကို ပြည်ထောင်စု အစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။ 

မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူများက အသစ်ရောက်ရှိလာသည့် အထူးတပ်ဖွဲ့၏ တရားဥပဒေ ချိုးဖောက်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနီးကပ် စောင့်ကြည့် လော့လာ၍ မှတ်တမ်းပြုစုနေသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ကတော့ သူတို့ရဲ့ တရားဥပဒေ ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီးတော့ သေချာ မှတ်တမ်းပြုစုနေတယ်၊ အဲဒါတွေကို လအလိုက် ဗဟိုအစိုးရဆီကိုရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရော ပို့ပေးမှာပါ၊ ကုလသမဂ္ဂထိ လစဉ်မပျက် ပို့ပေးဖို့ ရှိတယ်၊ ဒေသခံတွေ အနေနဲ့ကတော့ အလွန်အကျွံ ထိတ်လန့် ကြောက်ရွံ မနေဘဲ မတရားမှုတွေကို တရားဥပဒေဘောင် အတွင်းက ဖြေရှင်းဖို့နဲ့ ဖြစ်လာသမျှ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ သတ္တိမွေးဖို့ လိုအပ်တယ်” ဟု ဖြည့်စွက် ပြောကြားပါသည်။



Comment ရေးရန်

Rohingya Exodus