သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့ - အပိုင်း (၁)
(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ) |
သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့
အပိုင်း (၁)
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
1.8.2016
"မသွားရဘူးလို့ အမေပြောနေတယ်နော် သား ... ဘယ်တော့မှ ဘယ်ကိုမှ သား မသွားရဘူး... ဒါပဲ"
အမေဖြစ်သူ၏ မာဆတ်ဆတ် တစ်ချက်လွှတ် အမိန့်စကားကြောင့် အာနိစ်သည် ခေါင်းကို ငုတ်လိုက်၍ ထမင်းကိုသာ စားမြဲမပျက် စားနေသည်။ သို့သော် စားချင်စိတ်မရှိတော့သဖြင့် ''အမေ့လက်ရာ သိပ်ကောင်းတယ်အမေရေ" ဟု ခဏခဏ ချီးမွမ်းတတ်သော အမေ့လက်ရာကို သူကိုယ်တိုင် ယနေ့ ခံတွင်းမတွေ့ပေ။
ဒီတစ်ပတ် မလေးရှားသို့ ထွက်ခွာသွားတော့မည့် စက်လှေ တစ်စင်းက အသင့်။ ထိုစက်လှေနှင့် အတူ သူ့ရွာက ငယ်သူငယ်ချင်းတွေ ဒါဇင်ကျော် သွားနေကြောင်း၊ သူလည်း သူတို့နှင့်အတူ မလေးရှား သွားချင်နေသည်ဟု အမေကို လာဖွင့် ပြောပြသောအခါ အမေက ခါတိုင်းလို တစ်ချက်လွှတ် အမိန့်ဖြင့် ဟန့်ထားလိုက်လေပြီ။
အာနိစ်သည် ယခင်ကလည်း သူ့အမေကို မလေးရှား သွားချင်နေပြီဟု ပြောတိုင်း အမေက "မသွားရဘူး... သား" ဆိုပြီး တစ်ချက်လွှတ် အမိန့်စကားဖြင့် ဟန့်ထားတတ်သည်။
သာသနာ့ပညာကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆည်းဖူးပြီးသူ အာနိစ်သည် အမေဖြစ်သူကို မည်သည့်အခါမှ အာခံပြီး ပြန်ပြောခြင်းမရှိ။ အမေကို စကားသံကျယ်ကျယ်ဖြင့် ပြန်ပြောဖူးတာ သူ့ဘဝတစ်လျှောက်လုံးမှာ မရှိခဲ့ပေ။ အမေ၏ စကားလုံးများသည် သူ့အတွက် မလိုက်၍ မရသော "အမိန့်" သဖွယ် ဖြစ်သည်။
သားအမိ နှစ်ယောက်၏ ထမင်းစားဝိုင်းပွဲသည် ဒီနေ့တော့ ခါတိုင်းနှင့်မတူဘဲ ငြိမ်သက်လွန်းနေပါသည်။
အတန်ကြာမှ အမေက စကားဆိုလာသည်။
"သားရေ... ဘာလို့ မျက်နှာ မကောင်းပြန်တာလဲ... အဲ့လို မျက်နှာမျိုးကို အမေ ကြာကြာမကြည့်ရက်ဘူးသား... သားပဲ စဉ်းစားကြည့်လေ... အမေ မွေးတဲ့ သားသမီး လေးယောက်ထဲမှာ သားပဲ အမေနဲ့ အတူ ရှိနေတာ... သားလည်း အမေ့ကို ထားသွားချင်နေပြီလား... သား အဖေလည်း ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး ... နှလုံးရောဂါ ဆိုတာက အချိန်မရွေး ဖောက်တတ်တာပဲ ... ဒီလို အခြေအနေမျိုးမှာ သားက အမေကို ထားသွားချင်နေပြီပေါ့ ... အမေ အားကိုးစရာမဲ့ ဖြစ်သွားမှာကို သား ထည့်မစဉ်းစား တော့ဘူးလား ...
ပြီးတော့ အမေက မြေးလေးတွေ ချီချင်လှပြီ သား ... အမေ့ ဆန္ဒတွေ ဖြည့်ဆည်း ပေးပါ သားရေ ... ''
အမေက ပျော့ပျော့ပျောင်းပျောင်း ပြောနေသော်လည်း သူက မည်သို့မျှ ဝင်မပြော။
"ဟုတ်တယ် သား... သား အမေ ပြောနေတာတွေ စဉ်းစားပြီး သားပဲ ဆုံးဖြတ်တော့... အခုဆို သားက ပညာလည်းတတ် အသက်အရွယ်လည်း ရလာသူ ဖြစ်နေပြီပဲလေ ... တကယ်တော့ သားရေ ... မိဘ ဆိုတာ ဘယ်သားသမီးကိုမှ သူတို့နဲ့ အဝေးကို မသွားစေချင်ဘူး ... အဲ့ဒါ သားကိုယ်တိုင် ဖခင်ဖြစ်မှ အပြည့်အဝ ခံစားတတ်မှာ ... "
သူ့အဖေကလည်း သူ့အပေါ် အာဏာအပ်သည့် ပုံစံဖြင့် စဉ်းစား၍ ဆုံးဖြတ်ချ ချခိုင်းနေသည်။
ထမင်း စားပြီးသည်မို့ ပန်းကန်ကို ဆေးလိုက်ပြီး ထမင်းစားဝိုင်းမှ သူ တိတ်တိတ်လေး ထွက်လာလိုက်ပြီး ဝရံတာတွင် ရှိသော ပက်လက်ကုလားထိုင်ပေါ် လှဲလိုက်၍ မျက်စိနှစ်လုံးကို ပိတ်လိုက်ပြီး နွေရာသီ၏ အပူဒဏ်ကို ညနေခင်း လေပြေနှင့် ကုစားနေစေသည်။ သို့သော် သူ့ရင်ထဲမှာတော့ ပူစပ်ပူလောင် နေသလို ခံစားနေရသည်။
သူ တကယ်ပဲ ဆုံးဖြတ်ရခက်နေပြီလေ။
အစ်ကို နှစ်ယောက်က နိုင်ငံခြားမှာ။ အစ်မကြီးကလည်း သူ့အိမ်ထောင်နှင့် သူ။ အမေနှင့် အဝေးမှာ။ အဖေကလည်း ကျန်းမာရေး ကောင်းသည်မဟုတ်။ အိမ်မှာ အားကိုးစရာ ဆို၍ သူပဲ ကျန်နေခြင်းဖြစ်သည်။
သို့သော် ဒီနိုင်ငံမှာလည်း သူဆက်မနေချင်တော့။ အထူးသဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် နိုင်ငံထဲနေရသည်မှာ သူ့လို လူငယ် သာသနာ့ပညာရှင် တစ်ယောက်အတွက် လုံခြုံမှုမရှိဟု အမြဲခံစားနေရသည်။
တကယ်တော့လည်း ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို အကြောင်းပြပြီး ရခိုင်ပြည်နယ်အနှံ့က ပညာတတ်လူငယ် ရိုဟင်ဂျာတိုင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက တရားခံသဖွယ် ဖမ်းဆီးနေပြီး ပုဒ်မအမျိုးမျိုး တပ်၍ ငွေညှစ်ခြင်း၊ ငွေမပေးနိုင်လျှင် ညှဉ်းပန်းနှိပ်စက်၍ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်နေလေသည်။ အထူးသဖြင့် သူ့လို သာသနာ့ပညာ ဆည်းပူးထားသူများ၊ ဘွဲ့ရပညာတတ်များ၊ ငွေးရေးကြေးရေးချမ်းသာနေပြီး မျက်နှာဖုံးသဖွယ် ဖြစ်နေသူများကို ပစ်မှတ်ထား၍ ဖမ်းဆီးနေခြင်း ဖြစ်သည်။
သူတို့နေသော မောင်တောခရိုင်မှာ ဆိုလျှင် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို အကြောင်းပြု၍ ရိုဟင်ဂျာ ၈၀၀ ကျော်ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်အား သူ့အနေဖြင့် ကိုယ်တိုင် သိရှိထားသည်။ ထိုအထဲတွင် ဒါဇင်ပေါင်းများစွာသော လူများသည် စစ်ကြောရေးကာလ အတောအတွင်း အာဏာပိုင်များ၏ လူမဆန်စွာ ညှဉ်းပန်းမှုကြောင့် အကျဉ်းထောင်ထဲ၌ အသက်ပါ ဆုံးရှုံးသွားရသူများ ရှိသည်။ သူတို့ရွာမှ ဆိုလျှင် ၁၅ ယောက်ကျော် အဖမ်းခံခဲ့ရပြီး ထိုအထဲတွင် တစ်ယောက် အသတ်ခံခဲ့ရသည်။
ထိုအခြေအနေများကြောင့် လူများစွာသည် အမိနိုင်ငံကို စွန့်ခွာ၍ ရရလမ်းဖြင့် နိုင်ငံရပ်ခြားကို ထွက်သွားနေလေပြီ။ အများစုမှာ စက်လှေစီးပြီး မလေးရှားသို့ သွားနေခြင်း ဖြစ်၏။ လမ်းခရီးတွင် စက်လှေနစ်၍ အသက်ဆုံးရှုံးသွားသူများလည်း ရှိသည်။ တစ်ချို့ဆို ထိုင်းနယ်စပ်တွင် အဖမ်းခံရပြီး ထိုင်းအစိုးရ၏ ထိန်းသိမ်း ချုပ်နှောင်ခြင်းကို ခံနေရသည်။
သူသွားမည်ဟု အကြောင်းဖန်လာလျှင် သူလည်း ထိုစက်လှေမျိုးဖြင့် ထိုလမ်းအတိုင်းသာ သွားရမည် ဖြစ်သည်။ သို့သော် အမေ၏ တစ်ချက်လွှတ် အမိန့်သာ မရှိခဲ့လျှင် သူ ရောက်သွားတာ ကြာလှပြီ။ ပင်လယ်ထဲ စက်လှေနစ်ပြီ သေခြင်းကိုလည်း သူမမှုချင်။ ထိုင်းနယ်စပ်မှာ အဖမ်းခံရနိုင်သည်ကိုလည်း သူ မကြောက်ချင်။ ဒီနိုင်ငံမှာ နေရခြင်းသည် ထိုအန္တရယ် နှစ်ပါးထက် အဆပေါင်းများစွာ ပိုသည်မဟုတ်လား။
'ငါ နိုင်ငံရပ်ခြားကို သွားသင့်သလား ... သွားခဲ့ရင်တော့ ပြန်လာခွင့်လည်း ဒီတစ်သက် ရမယ်မထင် ... မိဘ နှစ်ပါးကို ထားရစ်ပြီး အဲ့လောက် ဝေးလံတဲ့ နေရာဆီ ငါ ထွက်ခွာသင့်သလား ... ငါ မရှိရင် အသက်အရွယ်လည်း ရလာတဲ့ သူတို့ခမျာ ဘယ်သူ့ကို အားကိုးရမှာလဲ... ပြီးတော့ သူတို့ ဆန္ဒတစ်ခု။ မြေးလေးတွေ ချီချင်ပြီတဲ့ ... ဟုတ်ပါပြီ...ငါ မသွားသင့်ဘူး...'

အာနိစ်က မိဘ နှစ်ပါး၏ ခံစားချက်များကို စဉ်းစား၍ မသွားသင့်ကြောင့် ဆုံးဖြတ်ချက် ချလိုက်သည်။
'ဒါပေမယ့်.... ငါ အဖမ်းခံ ရရင်ရော ... ပထမဆုံး ငါ့မိဘတွေရဲ့ ငွေတွေ ကုန်သွားမယ်... ပြီးတော့ ငါလည်း ညှဉ်းပန်းနှိပ်စက် ခံရမယ်... နောက်ဆုံးတော့ သံတိုင်နောက် အကျဉ်းထောင်ကို ရောက်သွားမယ် ... အို... ငါ ထွက်သွားမှပဲ တော်ကာကျမယ်...'
အာနိစ်၏ ဆုံးဖြတ်ချက်ကို မတရားမှု၏ အကြောက်တရားက ပြောင်းသွားစေသည်။
'ဟေ့ ... အာနိစ်...သူရဲဘော် ကြောင်မနေနဲ့ ... မင်းမိဘတွေက မင်းအတွက် အရေးကြီးဆုံးပဲ ... မင်းမျက်နှာကိုပဲ ကြည့်ပြီး အသက်ရှင်နေသူတွေပါ ... မင်း မသွားသင့်ဘူး... ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် မိဘကို ထားရစ်ပြီး ဘယ်မှ မသွားနဲ့... '
အာနိစ်က သူ့ကိုသူ အားပေး၍ သူ့ကိုသူ တရားချ နေသည်။
"သား... ဝတ်ပြုချိန် နီးပြီ"
"ဗျာ...!!! ဟုတ် ဟုတ် အမေ... သား သွားတော့မယ်"
အမေ၏ သတိပေးသံကြောင့် အတွေးကမ္ဘာထဲ ရောက်နေသော အာနိစ် တစ်ယောက် ရုတ်တရက် ကြောင်သွား၏။ ထို့နောက် အမေကို ပျာပျာသလဲလဲ ဟုတ်ကဲ့ လိုက်ရသည်။ သူ့အတွေးသည်လည်း ဝင်သွားသော နေမင်းနှင့်အတူ ပျောက်ကွယ်သွားလေပြီ။
(ဆက်ရန်)
မှတ်ချက်။ ။ ဖြစ်ရပ်မှန် အဖြစ်အပျက်လေးကို ဇတ်လမ်းဖွဲ့ ရေးသားခြင်းဖြစ်ပါသည်။