ဥဒေါင်းရွာမှ အပြစ်မဲ့ (၆) ဦးကို နစကမှ ဖမ်းဆီး၍ ငွေကျပ် ၇ သိန်းနီးပါးယူခဲ့
RB News
26.5.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စုမှ အပြစ်မဲ့ (၆) ဦးထံမှ နစက က ငွေညှစ် ယူရန် အတွက် ဖမ်းဆီး၍ ငွေညှစ်ပြီး ပြန်လည် လွှတ်ပေး လိုက်ကြောင်း သတင်း ရရှိပါသည်။
“နစက က ရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်နဲ့ ပေါင်းပြီး လုပ်နေတာပါ။ နစက ၀င်မဖမ်းခင် ဦးတင်မောင် ရဲ့ ယောက္ခမ ဦးမောင်မြကို အရင်လွှတ်တယ်။ အမှုလုပ်မယ်။ အဖမ်း မခံချင်ရင် ငွေ ဘယ်လောက် ပေး ရ မယ်။ မဟုတ် မမှန် စွပ်စွဲပြီး ငွေညှစ်တာကို မပေးဘူး ဆိုရင် နောက်နေ့ညမှာ နစက က၀င် ဖမ်းပြီး နယ်မြေ စခန်းကို ခေါ်သွားတယ်။ အဲဒီမှာ သူတို့တောင်းတဲ့ငွေ မပေး မချင်း ရိုက်နှက် နှိပ် စက်တယ်” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ ပြောပါသည်။
ယမန်နေ့ (မေလ ၂၅ ရက်) ညက ဥဒေါင်း ကျေးရွာ အုပ်စုမှ အပြစ်မဲ့ (၄) ဦးကို တရားမ၀င် လက် ထပ် ပေါင်း သင်း နေထိုင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး သွားခဲ့သည်။
“တရားမ၀င် ပေါင်းသင်း နေတယ် ဆိုပြီး ခေါင်းစဉ်တပ် ငွေညှစ် နေတာက အခုမှ မဟုတ်ဘူး။ ဗိုလ်ချုပ် ခင်ညွန့် လက်ထက် ကတည်းကပါ။ အခုလည်း ဖမ်းခံ ရတဲ့ လူတွေကို ငွေညှစ်ရုံ သက်သက် ဖမ်းသွား တာ ပါ။ သူတို့ တောင်းတဲ့ ငွေပေးတော့ ပြန် လွှတ်လိုက် ပါတယ်” ဟု ရွာသားမှ ဆက် လက် ပြော သည်။
ဖမ်းခံရသူ (၄) ဦးမှာ -
(၁) ဥဒေါင်း ကုန်းတန်းမှ ဦးရှမ်ရှု (ဘ) မော်လ၀ီ ဦးရှဘီရ် ဟူစိန်း (ပေးခဲ့ရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း)
(၂) ဥဒေါင်း ဇုံမ္မာမှ မောင်အဇီဇုရာမန် (ဘ) မော်လ၀ီ ရာမုလ္လာ (ပေးခဲ့ရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း)
(၃) ဥဒေါင်း ကုန်းတန်းမှ မော်လ၀ီ ရှမ်ရှုအာလမ် (ပေးခဲ့ရသည့် ငွေကျပ် တစ်သိန်း)
(၄) ဥဒေါင်း မြောက်ရွာမှ မောင်ဆယီဒူလ္လာ (ဘ) ဦးရာဘီအဟမတ် (ပေးခဲ့ရသည့် ငွေကျပ် တစ်သိန်းငါးသောင်း) --- တို့ဖြစ်သည်။
ငွေကြေး ပေး၍ လွတ်မြောက် လာသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်၏ ယောက္ခမ ဖြစ်သူ ဦးမောင်မြမှ ဦးရှမ်ရှု အိမ်သို့ လာရောက်၍ ငွေကျပ် သုံးသိန်း ထပ်မံ တောင်းခံနေ ကြောင်းသိရသည်။
“ဦးရှမ်ရှုက ငွေကျပ် တစ်သိန်း ငါးသောင်း ပေးပြီး လွတ်လာ ပေမယ့်လည်း ထပ်ပြီး အဲဒီအ မှုနဲ့ ပြန် ဖမ်း မယ်။ ငွေကျပ် သုံးသိန်း ပေးရမယ် ဆိုပြီး ဦးမောင်မြက လာခြိမ်းခြောက် နေတယ်” ဟု ဒေသခံ ရွာသား မှ ပြော ပါသည်။
မေလ (၂၄) ရက်နေ့က ထောက်လှမ်းရေး ဦးအောင်ကျော်ဇင်မှ ဖမ်း၍ ငွေကျပ် တစ်သိန်း ငါးသောင်း ပေး ခဲ့ရသည့် မော်လ၀ီ ဦးအဒူ ရှကူရ်ကို လည်းထပ်မံ ဖမ်းဆီး ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်း ၏ ညီဖြစ် သူ ဦးဇီအိုရာမန် ကိုလည်း အတူ ဖမ်းဆီး ခဲ့သည်။
“ထောက်လှမ်းရေးက တစ်ခါ ဖမ်းလို့ ပေးပြီးပြီ၊ အဲဒါကို နစက ကလည်း ငွေရမှန်း သိလို့ ထပ်ဖမ်း သွားတယ်။ သူ့ရဲ့ ညီအရင်းကို လည်းဖမ်းသွားတယ်။ နှစ်ယောက်လုံး ဆီက ငွေကျပ် ခြောက်သောင်းစီ ယူ ပြီး ဒီနေ့ ပြန်လွှတ် ပေးလိုက်တယ်” ဟု ရွာသားမှ ပြောပါသည်။
နွားကျောင်းနေသူ တစ်ဦးကိုလည်း နွားများ တစ်ဖက် နိုင်ငံသို့ တင်ပို့ရန် ပြုလုပ် နေသည်ဟု စွပ်စွဲ၍ နစက တပ်ဖွဲ့ဝင် များက မတရား ရိုက်နှက် နှိပ်စက် ခဲ့ကြောင်း သိရပါသည်။
“နွားကျောင်းနေတာက ဟာဖီဇ် ရရှီဒူလ္လာပါ။ ဦးရာမတ်အုလ္လာရဲ့သား။ ဟာဖီဇ်ကျောင်းတွေ ပိတ်ထားရ တဲ့အတွက် အိမ်က နွားတွေ ကျောင်းနေတာကို နွားတွေကို ရသေ့တောင် ကနေ ယူလာပြီး တစ်ဖက် နိုင်ငံကို ပို့ဖို့ လုပ်နေတာလို့ စွပ်စွဲတယ်။ ပြီးတော့ နစက ၄/၅ ယောက်လောက် ၀ိုင်းရိုက်တယ်။ ကျွန်တော်တို့ ဆီမှာ ဒီလိုပါဘဲ။ ကျွန်တော်တို့ အတွက် ဥပဒေ ဆိုတာ မရှိဘူး။ နစကနဲ့ အာဏာပိုင် တွေက ရိုက်ချင် သလို ရိုက်လို့ ရတယ်။ ငွေညှစ် ချင်သလို ညှစ်လို့ ရတယ်” ဟု ဒေသခံ ရွာသားမှ ၀မ်းနည်းစွာဖြင့် RB News သို့ပြောပါသည်။