အသတ်ခံ သားနှစ်ယောက် မိခင်၏ အဖြစ်
အသတ်ခံ သားနှစ်ယောက် မိခင်၏ အဖြစ်
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
14.10.2016
ထိုနေ့မနက်က မိုးတွေ တဖွဲ့ဖွဲ့ရွာလို့
နေမင်းကလည်း ပုံမှန်ပဲ အရှေ့ရပ်ဝန်းမှထွက်လာခဲ့ပြီ။
ပုံမှန်မဟုတ်တာ တစ်ခုလည်း ကျမတို့အတွက် ဖြစ်ခဲ့သည်။
ကျမတို့ရွာလေးကို စစ်သားတွေက ဝိုင်းလိုက်တာလေ။
ဒီတော့--
အိမ်နီးနားချင်းလို ကျမမိသားစုလည်း အိမ်ထဲမှာ နေကြရတာပေါ့။
အပြင်ဘယ်သူ ထွက်ရဲမှာလေနော်။
စစ်သားတွေ နေရာယူထားပုံက တတိယကမ္ဘာစစ် ဆင်နွှဲမည့် သဏ္ဍာန်။
ဘာပဲဖြစ်ဖြစ်ဖြစ်--
သားနှစ်ယောက်နဲ့ အလည်ရောက်လာတဲ့ သားမက် အတွက် မနက်စာအဖြစ်
မနေ့ညက ကြွင်းကျန်ခဲ့တဲ့ ထမင်းကို
ကျမ ကြော်နေခဲ့သည်။
အိမ်နီးနားချင်းတွေရဲ့ တီးတိုးသံတွေ
ကျမနားထဲ တစ်ချက်တစ်ချက် ဝင်လာခဲ့တာကို နားစွင့်နေရင်းပေါ့။
"စစ်သားတွေ များလိုက်တာ
ဘာလုပ်မလဲ မသိဘူးနော်တဲ့"။
ကျမ စိုးရိမ်ခဲ့ပေမယ့် လွန်ကဲခြင်း အလျဉ်းမရှိ။
စစ်သားတွေ အိမ်ကိုလာဝင်စစ်လည်း စိတ်ပူစရာမရှိဘူး။
ကျမတို့ အိမ်မှာ နိုင်ငံတော်အကျိုးယုတ်မယ့် ဘာဆိုဘာမှ မရှိ။
အခြေအနေကို နားစွင့် စောင့်ဆိုင်းရင်း
မိသားစုအတွက် မနက်စာကို ကျမပြင်ဆင်နေဆဲပါ။
နောက် နာရီတစ်ချို့စာ အနာဂါတ်ကိုပဲ
ကျမ ကြိုတင်သိရှိ ခဲ့လျှင်။
၉ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ နေရာနဲ့ ကျမတို့ရွာက
၆ မိုင်တောင် ဝေးနေသည်ကိုး။
ကျမတို့ရွာနဲ့ ဘာမှမဆိုင်ဘူး။
စစ်သားက စစ်ဆေးရေးဝင်လုပ်လည်း ကျမစိတ်မပူဘူး။
တွေးမိတုန်း အသံတစ်ခုထက်ပေါ်လို့လား
အသံထွက်လာရာကို လှည့်ကြည့်တော့
ကျမတို့အိမ်ရှေ့ကြမ်းပြင်ပေါ် စစ်သားတစ်စု
ကျမကြက်သီးတွေ ဖြန်းခနဲ ထလို့။
ကြောက်ရွံ့မှုက အသည်းနှလုံးကို အေးခနဲဖြစ်စေလို့။
ကြော်နေတဲ့ ထမင်းကို မွှေနေတဲ့ ယောက်မ
ကျမလက်ထဲက ပြုတ်ကျသွားခဲ့ပြီ။
ကျမ ခန္ဓာက ဘာလို့တုန်လာခဲ့သလဲ။
နှုတ်ဖျားကလည်း အသံမထွက်လာဘူးလေ။
ဆွံ့အ ဖြစ်နေချိန်ကာလ
ကျမ သားနှစ်ယောက်နဲ့ သားမက်ကို
စစ်သားတွေက အိမ်ကခေါ်ထုတ်ပြီး ခေါ်သွားပြီ။
စစ်သားခေါ်ရာ လိုက်နေတဲ့
သားနှစ်ယောက်နဲ့သားမက်နောက် လိုက်ရမလား။
ကျမ သားနှစ်ယောက်နဲ့ သားမက်မှာ
ဘာအပြစ်ရှိလို့ပါလိမ့်လို့ စစ်သားတွေကို မေးရမလား။
အတွေးက ခေါင်းထဲ သန္ဓေတည်လာချိန်မှာပဲ
သားနှစ်ယောက်နဲ့ သားမက်တို့က မနီးမဝေးသို့ရောက်လေပြီ။
ရှေ့နဲ့နောက်က စစ်သားတွေရဲ့ အလယ်မှာ
ကျမ သားနှစ်ယောက်နဲ့ သားမက်ပါ။
အသိတရားခေါင်းထဲ ရောက်လာချိန်
ကျမ သားနဲ့ သားမက်နောက် ပြေးသွားဖို့ ဟန်ပြင်သည်။

မိုးကြိုးပစ်သံအလား အသံတစ်သံ
ကျမ နားထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့သည်။
ကျမ ဒူးတွေ တုန်လွန်းနေပြီး
ခြေလှမ်းတွေ ရပ်သွားခဲ့ပြီ။
ကျမ ကြမ်းပြင်ပေါ် ဗုန်းဗုန်း လဲကျသွားလေပြီ။
ကျမ သားနှစ်ယောက်နဲ့ သားမက်တွေ ဘယ်မှာလဲ။
အားယူကာ စဉ်းစားတုန်းပေါ့
ဒုတိယမြောက် သေနတ်ပစ်သံ
ကျမနားထဲသို့ ခါးသီးစွာ ဝင်ရောက်လာခဲ့ပြီ။
ကျမ အသိတရားတွေလည်း
ဒုတိယမြောက် သေနတ်ပစ်သံနဲ့အတူ တုံးသွားခဲ့ပြီလေ။
အချိန်က မနက် ၉ နာရီခွဲခန့်
ကျမ လက်နှစ်ဖက်က ဘေးဘီဝဲယာကို စမ်းကိုင်မိ။
စိုစွတ်နေတာက ကျမ အဝတ်အစားများ
ခေါင်းပေါ်က ဆံကေသာများ
မျက်စိကို အားယူဖွင့်မိချိန်
သမီးက ကတိုက်ကရ မေးလာသည်
"အမေသတိရပြီးလားတဲ့"။
ကျမ ဘယ်မှာလဲ
ကျမ သားနှစ်ယောက်နဲ့ သားမက် ဘယ်မှာလဲ
စစ်သားတွေရော ဘယ်မှာလဲ။
ကျမ ဘေးနားက သမီးရဲ့မျက်လုံးတွေတော့
ရေကန် ဖြစ်နေပြီ။
မြေးလေးတွေကလည်း ငိုနေသည်။
ကျမ အိမ်မှာ ဘာဖြစ်နေတာလဲ
ကျမ သေချာ စဉ်းစားရခက်နေ၏။
အသံတွေ ဗလောင်ဆူနေပြီ။
ကျမ မကြားချင်ဆုံး အသံများ ကျမနားထဲ တိုးဖောက်လာသည်။
"သား နှစ်ယောက်နဲ့ သားမက်ရဲ့ အလောင်းတွေ
မြေကြီးပေါ် လဲလျောင်းနေပြီ"တဲ့။
"ဘာ!!!"
ကျမ ထလာခဲ့သည်။
လူတွေ ကျမကို တင်းကျပ်စွာ ဖက်ထား၏။
ကျမ ဟစ်ငိုခွင့်ရချင်လည်း
လူတစ်ယောက်က ကျမပါးစပ်ကို သူ့လက်နဲ့ အတင်း ပိတ်ထားလိုက်သည်။
အသံထွက်ရင် ပြန်ရောက်လာမယ်တဲ့။
"ကျမ သားတွေနဲ့ သားမက်ကို ယူလာပေးပါ"
ကျမ တောင်းဆိုချက် ဘယ်သူမှ ဖြည့်ဆည်းမပေး။
ဘယ်သူမှ အိမ်ပြင် မထွက်ရဲဘူးပြောသည်။
ကျမ အရာရာကို နားလည်လာခဲ့ပြီ။
ပြီးလျှင် ကျမ အိပ်မောကျသွားတာလား
ဒုတိယအကြိမ် သတိလစ်သွားတာလား
ကျမ ဘယ်သိမလဲ။
ကျမ နိုးလာချိန်မှာ
ကျမ ကြော်ထားတဲ့ ထမင်းကြာ်ကိုတွေ့သည်
အဲ့ဒီထမင်းကြော်ကို ကျွေးမယ့် ကျမသားတွေနဲ့ သားမက်ကိုတော့
ကျမ မတွေ့ခဲ့ရပါ။
"အလောင်းကို စစ်သားတွေ ကားပေါ်တင်ပြီး ယူသွားတယ်"
ထိုစကားတစ်စွန့်တစ်ပဲ ကျမနားထဲ
ယနေ့ထိ တစ်ရစ်ရစ် ကျန်နေဆဲပါ။
ကျမသားတွေနဲ့ သားမက်ကိုတွေ့ရင်
အိမ်ပြန်လာကြဖို့ ပြောပေးပါ။
ကျမ သူတို့ကို--
ပြင်းပြင်းပြပြ သတိရနေတယ်လို့လည်း
ပြောဖြစ်အောင် ပြောပေးပါနော်။
* အောက်တိုဘာလ (၁၀) ရက်နေ့၌ စစ်သားများက အိမ်မှခေါ်ထုတ်ပြီး အနီးကပ် သေနတ်ပစ် သတ်ဖြတ်လိုက်သည့် ၁၃ နှစ်အရွယ်နှင့် ၂၀ နှစ်အရွယ် အပြစ်မဲ့ ကလေးများ၏ မိခင်နေရာကို ဝင်ခံစားပြီးရေးဖွဲ့ပါသည်။