မောင်တောမြို့တွင် အထူးကု ဆရာဝန်အဖွဲ့ ရောက်ရှိပြီး ဆေးကုသပေးနေသော်လည်း ရိုဟင်ဂျာများကို အသိမပေး
RB News
22.10.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများမှာ အဖက်ဖက်က ပိတ်ဆို့ခြင်း ခံထားရပြီး၊ ဆေးဝါးကုသမှုများ အရေးပေါ်လိုအပ်လျက် ရှိရာ၊ မောင်တောမြို့သို့ အထူးကု ဆရာဝန်များ အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေသော်လည်း လူမျိုး၊ ဘာသာ ခွဲခြားမှုအရ ဒေသခံရိုဟင်ဂျာများကို အသိပေးခြင်းပင် မရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ကို အောက်တိုဘာလ (၉) ရက်နေ့တွင် အမည်မသိ လက်နက်ကိုင် အုပ်စုတစ်စုက ၀င်ရောက် တိုက်ခိုက်ပြီးနောက်၊ မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာရွာများကို မီးတင်ရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နေ့စဉ်မှီခိုအားထား၍ ၀ယ်ယူစားသောက် နေရသည့် ဈေးဆိုင်များကို လုယက်ခြင်း၊ ပြည်သူများ၏ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက် ရှိသည်။
နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၁၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်ပေါင်း တစ်ထောင်ကျော် မီးတင်ရှို့ခြင်းကြောင့် အနည်းဆုံး တစ်သောင်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဘ၀သို့ ရောက်ရှိနေရသည်။ စားနပ်ရိက္ခာ လာရာ လမ်းကြောင်းများကို ပိတ်ဆို့ထားပြီး၊ ကျန်းမာရေး ၀န်ဆောင်မှုလည်း လုံးဝ မရှိတော့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့အပြင် မောင်တောမြို့နယ်တွင်းရှိ နိုင်ငံတကာမှ အန်ဂျီအိုများကိုလည်း သွားလာခွင့် လုံးဝ ကန့်သတ်ထားပြီး၊ နိုင်ငံတကာမှ စားနပ်ရိက္ခာ အထောက်အပံ့များကိုလည်း ပိတ်ဆို့ထားသည်။
အောက်တိုဘာလ (၂၁) ရက်နေ့တွင် မောင်တောမြို့သို့ အထူးကု ဆရာဝန်များ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မြို့မစည်ပင်သာယာဈေး အနောက်ဘက်ရှိ ဗုဒ္ဓသာသနာ့ ဗိမာန်တွင် ဗုဒ္ဓဘာသာဝင်များကိုသာ သီးခြား ကြေညာပြီး အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ အဖွဲ့က ယခုကဲ့သို့ သီးခြား ဆေးကုသ ပေးနေခြင်းမှာ လူမျိုး၊ ဘာသာ ခွဲခြားမှုကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။
“အခုရောက်လာတဲ့ အထူးကု ဆရာဝန်တွေရဲ့ စေတနာကိုတော့ လေးစားမိပါတယ်။ ဒါပေမယ့် လူမျိုး၊ ဘာသာခွဲခြားပြီး ဆေးကုသပေးနေတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရိုဟင်ဂျာတွေ၊ ရွာတွေမှာ ကလေးမွေးထားတဲ့ အမျိုးသမီးတွေမှာ ဆေးဝါး အကူအညီ အပူတပြင်း လိုနေတယ်။ အစိုးရ အနေနဲ့ လူသားချင်း စာနာထောက်ထားပြီး ၀န်ဆောင်မှု ပေးသင့်ပါတယ်။ အခုရောက်နေတဲ့ ဆရာဝန်အဖွဲ့ကလည်း လူနာဆိုရင် လူနာလို့သာ မြင်ပြီး၊ လူမျိုး ကိုးကွယ်တဲ့ ဘာသာကို မမြင်စေချင်ဘူး။” ဟု မြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောသည်။
“ပြောရမယ်ဆိုရင် ရိုဟင်ဂျာတွေထဲမှာလည်း စာအလွန်တော်တဲ့ လူတွေရှိပါတယ်။ သူတို့ရဲ့ ဆရာဝန်ဖြစ်ခွင့်ကို အစိုးရက စနစ်တကျ ပိတ်ပင်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ် နှစ်ခု မကတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့မှာ ကိုယ့်လူမျိုး ဆရာဝန် မရှိသလောက် ရှားသွားပြီ။ နည်းနည်းပါးပါး ရှိတာတွေကိုလည်း ခရီးသွားလာခွင့် ကန့်သတ်ထားတော့ သူတို့တွေအနေနဲ့ ဆေးကုသပေးချင်ရင်တောင် လာလို့မရတဲ့ အနေအထားပါ။ အစိုးရက ကျွန်တော်တို့ကို စနစ်တကျနဲ့ လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုရင် မမှားပါဘူး။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။