မောင်နှမ ကျေးရွာတွင်းသို့ စစ်သားများ ၀င်ရောက်၍ လုယက်၊ အပြစ်မဲ့ ရွာသား ၁၄ ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်
RB News
19.10.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နှမ ကျေးရွာအုပ်စုသို့ စစ်သားများနှင့် န.တ.လ ရွာသားများ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သားများနှင့် န.တ.လ ရွာသား ၃၀ ခန့် ရောက်ရှိလာပြီး၊ တစ်အိမ်တက်ဆင်း စစ်ဆေးကာ အမျိုးသားများကို ထိုးကြိတ် ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို အိမ်အပြင်ဘက်တွင် ထိုင်ခိုင်းထားပြီး အိမ်ထဲသို့ ၀င်ရောက်ပြီး ရွှေ၊ ငွေ၊ ရတနာများ၊ အဖိုးတန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ မီးဖိုချောင်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါ မကျန် လုယက်၍ အိတ်များနှင့် ထည့်ပြီး အစိုးရမှ တရားဝင် လိုင်စင်ထုတ်ပေး ထားသည့် ဓါးပြများကဲ့သို့ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့အပြင် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသော ရွှေ၊ ရတနာများကို စစ်သားများ ကိုယ်တိုင် ချွတ်ယူ၍ လုယက်ခဲ့သည်။ အ၀တ်အစားများ ထဲသို့ လက်ထည့်၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ မုဒိန်းကျင့်ခံရသည့် အမျိုးသမီး အချို့ ရှိသော်လည်း အမျိုးသမီးများ၏ သိက္ခာကြောင့် ဖော်ပြရန် မလွယ်ကူကြောင်း ဒေသခံများက ပြောပါသည်။
ရက်စက်ကြမ်းကြုတ်သည့် စစ်သားများ၏ လုပ်ရပ်ကို သိရှိ၍ ရွာထဲမှ အမျိုးသားများ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သောကြောင့် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှု လွတ်မြောက် ခဲ့သော်လည်း ရွာအတွင်းတွင် ကျန်ခဲ့သည့် သက်ကြီး ရွယ်အို အပါအ၀င် အမျိုးသား (၁၈) ဦး အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးခဲ့သူ (၁၈) ဦးမှ သက်ကြီးရွယ်အို (၄) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၁၄) ဦးကို မောင်နှမ ကျေးရွာနှင့် ကပ်လျက် ရှိသော အောင်မင်္ဂလာ ရခိုင်ရွာသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။