နိုင်ငံတော်အတိုင်ပင်ခံရုံးမှ လိမ်လည်လှည့်ဖျား၍ သတင်းထုတ်ပြန်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချခြင်း
မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ မဟုတ်မမှန်စွပ်စွဲချက်ဖြင့် လူမဆန်စွာ ညှဉ်ပန်းနှိပ်စက် စစ်ဆေး၍ သတ်ဖြတ်လိုက်သည်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နှလုံးရောဂါဖြင့် သာမာန် သေဆုံးသွားသည့် ဖြစ်ရပ်ဟု လိမ်လည်လှည့်ဖျား သတင်းထုတ်ပြန်လာသည်ကို (မောင်တောခရိုင်၏ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့) မှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ လိမ်လည် သတင်းထုတ်ပြန်မှုထဲတွင် --
ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်သည် အကြမ်းဖက်သင်တန်းတက်ရောက်သူများအား ထောက်ပံပေးနေသူတစ်ဦး ဖြစ်၍ ဖမ်းဆီးခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းနေစဉ် ရင်ဘတ်အောင့်သည်ပြောကာ ထိုင်နေရာမှလဲကျသွားသဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ည ၁၁ နာရီ ၁၅မိနစ်တွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က နှလုံးရောဂါရှိသူဖြစ်ပြီး ဆရာဝန်၏ရင်ခွဲစစ်ဆေးချက်အရ ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်ဟု ရေးသားထားပါသည်။
ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် အသတ်ခံရမှု ဖြစ်ရပ်အမှန်မှာ --
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ ဦးနော်ဇိရ်အာမတ်၏သား အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ် (အသက် ၃၅ နှစ်) ကို မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘဂုံးနား နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် ဖမ်းဆီးခဲ့သည်။
ဟာဖီးဇ် မိုဟာမတ်ဆာဒဲခ်သည် ဘာသာရေးပွဲတော် အီးဒ်နေ့တွင် ဝတ်ပြုပြီးနောက် ဘဂုံးနားဈေးရှိ လဘက်ရည်ဆိုင်၌ အသိမိတ်ဆွေများနှင့်အတူ လဘက်ရည် ထိုင်သောက်နေစဉ် အဆိုပါ နယ်ခြားစောင့်ရဲအဖွဲ့က ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန်ကျည်ချောင်း စခန်းသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းစခန်း၌ ချုပ်နှောင်ထားပြီး တနေကုန် ညှဉ်းပန်းနှိပ်စက်ပြီးနောက် ည ၁၁ နာရီကျော် အချိန်တွင် နယ်ခြားစောင့်ရဲများက ၎င်းကို သတ်ဖြတ်ပြီးနောက် အလောင်းကို မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
တုန့်ပြန်ချက်
နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်သူ ဟာဖီးဇ်မိုဟာမတ်ဆာဒဲခ်သည် နှလုံးရောဂါရှိသူ တစ်ဦးမဟုတ်ကြောင်းကို ၎င်း၏ မိသားစုဝင်များ၊ အိမ်နီးနားချင်းများနှင့် ၎င်း၏ သူငယ်ချင်းမိတ်ဆွေများ၏ ပြောပြချက်အရ အတည်ပြု သိရှိရပါသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက "နှလုံးရောဂါ" ဖြင့် ရိုးရိုးသေဆုံးသွားသည်ဟု ရေးသားထားခြင်းမှာ လူသတ်တရားခံ နယ်ခြားစောင့်ရဲများကို အကာအကွယ်ပေးလို၍ တမင်အကြောင်းပြချက်ဖန်တီး ရေးသားခြင်းဖြစ်သည်။ အသတ်ခံရသူ၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်၍ စစ်ဆေးလျှင် နယ်ခြားစောင့်ရဲများက ၎င်းကို မည်ကဲ့သို့ လူမဆန်စွာ ညှဉ်ပန်းနှိပ်စက်၍ သတ်ဖြတ်လိုက်သည်ကို အမှန်အတိုင်း တွေ့ရှိရမည်ဖြစ်ပါသည်။
(မောင်တောခရိုင်၏ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့)