နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ကျွန်းပေါက်တွင် စခန်းချထားသည့် စစ်တပ်က နေအိမ်များမှ လုယက်၊ ရွာသားများကို ဖမ်းဆီးငွေညှစ်

MYARF
RB News
3.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျွန်းပေါက်ကျေးရွာအုပ်စုနှင့် ဂုတ်ဖီ ကျေးရွာအုပ်စုများတွင် တာဝန်ကျနေသော စစ်သားများက ရခိုင်ရွာသား ဘထွန်း ဆိုသူနှင့် ပူးပေါင်း၍ ရွာသားများထံမှ ကြက်၊ ငှက်၊ ထီး၊ လုံချည် စသော အသုံးအဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ငွေများကို လုယက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျွန်းပေါက်ကျေးရွာအုပ်စုတွင် ရသေ့တောင် အခြေစိုက် ခမရ (၅၃၆) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်သော အင်အား (၁၀၀) ကျော်ရှိ တပ်ရင်း (၃) ခုမှ ရွေးချယ်ထားသော ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ စခန်းချနေသည်မှာ ယခုအခါ နှစ်လနီးပါး ရှိနေပြီ ဖြစ်သည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် စခန်းအခြေစိုက်ရာ ကျွန်းပေါက်ကျေးရွာအုပ်စုနှင့် အနီးရှိ ဂုတ်ဖီကျေးရွာအုပ်စုများသို့ နေ့စဉ်နေ့တိုင်း ၀င်ရောက်၍ ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သည့် ဆိတ်၊ ကြက်၊ ဘဲများနှင့် ခိုများ၊ ထီး၊ လုံချည်၊ စောင်၊ အင်္ကျီ၊ နာရီ၊ မိုဘိုင်းဖုန်း၊ ဖိနပ် စသည့် အသုံးအဆောင်ပစ္စည်းများကို အတင်းအဓမ္မ လုယက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့ လုယက်ထားသည့် အိမ်မွေးတိရိစ္ဆာန်များကို ချက်ပြုတ်စားသောက်နိုင်ရန် အတွက် ထင်း၊ ဟင်းသီးဟင်းရွက်၊ ဆား၊ ဆီ၊ မဆလာ၊ ဟင်းချိုမုန့်များကိုလည်း ရွာသားများ၏ နေအိမ်များရှိ မီးဖိုချောင်ထဲထိ အတင်းအဓမ္မ ၀င်ရောက် လုယက်လျက်ရှိကြောင်း၊ ၎င်းတို့ကြောင့် စားသောက်ဖွယ်ရာများပင် ၀ယ်ယူထား၍ မရနိုင် ဖြစ်နေကြောင်း၊ စစ်သားများ နေအိမ်ထဲသို့ ၀င်ရောက်လာလျှင် အိမ်သူအိမ်သားများ ကြောက်လန့်၍ ထွက်ပြေးသည်ကို အခွင့်ကောင်းယူ၍ ဆိုလာပြားများနှင့် ဘက်ထရီများပါ လုယက်သွားကြောင်း သိရှိရပါသည်။

အဆိုပါ တပ်ရင်းမှ ဒုတပ်ရင်းမှူးက နယ်မြေလုံခြုံရေး တာဝန်ယူထားသည်ကို အခွင့်ကောင်းယူ၍ ရခိုင်ရွာများမှ ရခိုင်အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားသည့် အထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း ပြုလုပ်နေသည်များ ရှိနေကြောင်း၊ ဗိုလ်ကြီးတစ်ဦးက ငွေညှစ်၊ အခြား ဗိုလ်ကြီး တစ်ဦးက အိမ်မွေးတိရိစ္ဆာန်များ လုယက်လျက်ရှိပြီး၊ စစ်သား ၂၀ ဦးခန့်နှင့် ကျွန်းပေါက်ရွာမှ မောင်ဘထွန်း (ဘ) ဦးကျော်သာ တို့ပူးပေါင်း၍ ရွာနှစ်ရွာရှိ ရွာသားများကို မတရားသဖြင့် ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့် အတွင်းတွင် ကျွန်းပေါက်ရွာမှ ရွာသားများ ဖြစ်ကြသည့် --

(၁) ဦးဂူရာမျာ (ဘ) ဦးဟာဆောန် ထံမှ ငွေကျပ် ၂ သိန်း
(၂) ဦးရှောင်ရှု ထံမှ ငွေကျပ် ၂ သိန်း
(၃) ဦးအိုမောရ်ဟမ်းဇား (ဘ) ဦးကာဆိမ်း ထံမှ ငွေကျပ် ၂ သိန်း
(၄) ဦးဆော်ယာဒ်ကရီးမ် (ဘ) ဦးမူဇာဖော်ရ် ထံမှ ငွေကျပ် ၂ သိန်း
(၅) ဦးမူဆောလိမ် (ဘ) ဦးမူဇာဖော်ရ် ထံမှ ငွေကျပ် ၂ သိန်း -- တို့ထံမှ စုစုပေါင်း ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း၊ အလားတူ ဂုတ်ဖီရွာမှလည်း ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း၊ ရွာနှစ်ရွာ အတွင်းရှိ အိမ်ခြေ (၁၀၀) ခန့် အသုံးအဆောင်ပစ္စည်းများ၊ စားသုံးကုန် ပစ္စည်းများ လုယက်ခဲ့ကြောင်း၊ ယနေ့ထိ နေ့စဉ် ရက်ဆက် လုယက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။



Comment ရေးရန်

Rohingya Exodus