နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ခရိုင် တရားသူကြီးနှင့် ဥပဒေ အရာရှိတို့က သိန်း ၄၀၀ ယူ၍ တရားခံ တစ်ဦးကို လွှတ်ပေး



RB News
15.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဖားဝပ်ချောင်း ကျေးရွာတွင် ယခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ ညပိုင်းတွင် ဦးဆော်လာမောတ် (ဘ) ဦးဆီဒိက်အာမတ်နှင့် ဇနီး ဒေါ်ဆောလေမာခါတူ (ဘ) ဦးရော်ရှိတ် တို့ ဇနီးမောင်နှံ နှစ်ဦး အသတ်ခံခဲ့ရသည်။ ယင်းလူသတ်မှုတွင် ကျူးလွန်သူ တရားခံ စွပ်စွဲခံရသူ နှစ်ဦးကို ဖမ်းဆီး၍ ရုံးတင် စစ်ဆေးခဲ့သည်။ တရားခံ အဖြစ် စွပ်စွဲခံရသူ နှစ်ဦးတွင် တစ်ဦးသည် ကျေးရွာတွင် သြဇာ အာဏာရှိပြီး ငွေကြေး ချမ်းသာသူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ဆင်းရဲသား တစ်ဦး ဖြစ်သည်။ လူသတ်မှုနှင့် ပတ်သက်ပြီး သက်သေအဖြစ် (၁၃) ဦးကို စစ်ဆေးခဲ့ရာ (၁၀) ဦးက မျက်မြင်သက်သေများ အဖြစ် သက်သေခံ ထွက်ဆိုခဲ့သည်။

သက်သေများကို စစ်ဆေးပြီးနောက် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် စွဲချက်တင် အမိန့်ချမှတ်ရန် စီစဉ်ထားခဲ့ပြီး၊ ယင်းနေ့ မတိုင်မှီ မောင်တော ခရိုင် တရားသူကြီး ဦးစောနော်မူတူးနှင့် ဥပဒေ အရာရှိ ဦးညီညီလွင် တို့နှစ်ဦးက တရားခံ နှစ်ဦး အနက် ငွေကြေး ချမ်းသာသူထံမှ ငွေကျပ် သိန်း (၄၀၀) [တစ်ဦးလျှင် ငွေကျပ် သိန်း (၂၀၀) စီ] ရယူပြီး၊ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေကြေး မတတ်နိုင်သည့် ဆင်းရဲသား တရားခံစွပ်စွဲခံရသူအား စွဲချက်တင်ပြီး ထောင်ဒဏ် ချမှတ်နိုင်ရန် ဆက်လက် စစ်ဆေး နေကြောင်း သိရှိရသည်။ အမှန်တကယ် ပြစ်မှု ကျူးလွန်သူထံမှ ငွေသိန်းရာချီ ရယူပြီး ပြန်လည် လွှတ်ပေးလိုက်ပြီး၊ ဆင်းရဲသားထံမှ ငွေတောင်းခံသော်လည်း အဆင်မပြေသောကြောင့် ဆက်လက် အရေးယူနိုင်ရန် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဥပဒေ အရာရှိ ဦးညီညီလွင်သည် တရားလိုထံမှလည်း အမှုကို တိတိကျကျ ကူညီ ဆောင်ရွက်ပေးမည်ဟု လိမ်လည် ပြောဆိုပြီး ငွေသိန်းရာဂဏန်းနှင့် အဖိုးတန် လက်ဆောင် ပစ္စည်းများ လက်ခံယူထားကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus