ထောင်သား ၁၅၀ ကျော်အား စစ်တွေထောင်မှ သံတွဲထောင်သို့ ပြောင်းရွှေ့
Kay Te Zat O
23.8.2012
နေပြည်တော် ။ ။ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော အခြေအနေများ၏ နောက်ဆက်တွဲအဖြစ် ကုလသမဂ္ဂအဖွဲ့အစည်း ၀န်ထမ်းများအပါအ၀င် လူပေါင်းများစွာအား သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ရခိုင်ပြည်နယ်မှလာသော သတင်းများအရ သိရှိရပါသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ဘူးသီးတောင်နှင့် သံတွဲမြို့များတွင်ရှိသော ထောင်များသည် လူသိများသော ထောင်များဖြစ်ကြပြီး အဆိုပါထောင်များ၌ ယခုအခါ ထောင်နှင့်ချီသော အကျဉ်းသားများအား ရခိုင်ပြည်နယ်အရေးနှင့် ဆက်နွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပြီး ယနေ့ (၂၃-၈-၂၀၁၂)နေ့ မြန်မာစံတော်ချိန် နံနက် (၁၁)နာရီအချိန်တွင် စစ်တွေထောင်မှဟု ယူဆရသော အကျဉ်းသား ၁၅၀ခန့်အား ကား(၅)စီးဖြင့် သံတွဲထောင်သို့ တင်ဆောင်လာသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပြပါတယ်။
“လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက စစ်တွေကနေ တောင်ကုတ်ကို သင်္ဘောနဲ့ တင်လာတာပါ။ တောင်ကုတ်ကို ဒီနေ့ မနက်က ရောက်ပါတယ်။ မနေ့ကတည်းက ဂွမြို့နဲ့ သံတွဲမြို့ပေါ်က ရဲတွေ တောင်ကုတ်ကို လိုက်သွားကြရတာပါ။ အခု ၁၁ နာရီမှာ သံတွဲကို ကား ၅ စီးနဲ့အတူ လုံခြုံရေးတွေ စောင့်ကြပ်ပြီး ရောက်လာပါတယ်။” ဒါကတော့ သံတွဲမြို့မှ အခြေအနေအား မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ ပြောပြတာ ဖြစ်ပါတယ်။
ရာနှင့်ချီသော ထောင်သားများအား ယခုကဲ့သို့ ပြောင်းရွှေ့ခြင်းအပေါ် စောင့်ကြည့်အကဲခတ်လေ့လာသူတစ်ဦးကတော့ “ဒါဟာ အမှန်တရားပေါ်ပေါက်ဖို့ သက်သေတွေကို ဖျောက်ဖျက်ဖုံးကွယ်လိုက်တာပါ။ ဒါမျိုးတွေဟာ ယခင်အစိုးရလက်ထက်မှာလဲ ရှိခဲ့တာပဲလေ။ တစ်ခုခုပြဿနာပေါ်လာရင် မဆိုင်သူတွေကို ဖမ်းမယ်။ ပြီးရင် အပြစ်မရှိဘူးဆိုတာ ထင်ရှားနေရင်ပြန်ရင်လဲ တခြားအကြောင်းရှာပြီး ဖမ်းတယ်။ နိုင်ငံတကာက စုံစမ်းသူတွေ ရောက်လာရင် ဒီလူတွေကို သူတို့နဲ့ မတွေ့နိုင်အောင် စတေးရှောင်ပေးထားလိုက်တယ်။ ဒါဟာ ထုံးစံလို ဖြစ်နေပါပြီ။ ဒါပေမဲ့ဗျာ အခုလိုခေတ်မှာတော့ ဒါတွေဟာ မရှိသင့်တော့ပါဘူး။ နေရာတိုင်းမှာ ဥပဒေစိုးမိုးမှု ရှိဖို့ အရေးကြီးပါတယ်။ ဥပဒေကို လိုသလို အသုံးချနေတာဟာလဲ ဥပဒေမဲ့ လုပ်ရပ်လို့ ဆိုရမှာပေါ့။” ဟု သုံးသပ် ပြောဆိုပါတယ်။
ထို အကျဉ်းသား ၁၅၀ ကျော်အား ပြောင်းရွှေ့ခြင်းနှင့်အချိန်ကိုက်ပင် စစ်တွေမြို့၌ သမ္မတဦးသိန်းစိန်မှ ပြန်လည် ဖွဲ့စည်းပေးထားသော ၂၇ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည်လည်း ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဆိုက်ရောက်လာချိန် ဖြစ်သည်။ ယင်း ကော်မရှင်မှ ဒေါက်တာအေးမောင် (RNDPပါတီ) နှင့် ကိုကိုကြီး (၈၈မျိုးဆက်)တို့အားလည်း ဒေသခံများမှ သံသယ ၀င်လျှက်ရှိပြီး ကန့်ကွက်မည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့ပါသည်။ တဖန် ကမ္ဘာ့ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ရခိုင်ဒေတွင် ဖိနှိပ်ခွဲခြား ဆက်ဆံမှုများရှိနေပြီး ယင်းအခြေအနေများအား နိုင်ငံတကာမှလည်း မျှတသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် အစိုးရအပေါ် ဖိအားပေးလျှက်ရှိပြီး ယင်းဖြစ်စဉ်များတွင် RNDP ပါတီအား အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းအဖြစ် နိုင်ငံတကာမှ မှတ်ယူထားချိန်လည်း ဖြစ်ပါသည်။
ယခု အကျဉ်းသား ၁၅၀ကျော်အား မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ထောင်ပြောင်းရွှေ့သည်ကို မသိရသေးသော်လည်း အများစုကမူ စုံစမ်းရေးကော်မရှင်နှင့် ရှောင်လွှဲစေလိုခြင်းကြောင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ကြိုတင်သတင်းပေး စေခိုင်းမှုအရ ပြောင်းရွှေ့ပေးထားခြင်းဖြစ်နိုင်ကြောင်း ယုံကြည်ယူဆလျှက် ရှိပါကြောင်း သတင်းရရှိပါတယ်။