အတင်းအဓမ္မ ခိုင်းစေသည့် အပြင် မဟုတ်မမှန် စွပ်စွဲ၍ ဒဏ်ငွေပါ ဆောင်ခိုင်း
RB News
22.5.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် နစက နယ်မြေ (၈) လက်အောက်ခံ ဥဒေါင်း ကျေးရွာ အုပ်စုရှိ ကင်းစခန်း များ၌ ရွာသား များကို အတင်း အဓမ္မ ကင်းစောင့်ခိုင်း သည့်အပြင် ကင်းစောင့် နေစဉ် အိပ်နေသည် ဟူ၍ စွပ်စွဲပြီး ဒဏ်ငွေ ရိုက်မှု များရှိနေ ကြောင်း သတင်း ရရှိပါသည်။
“မနေ့ညက ဥဒေါင်းက ကင်းစခန်းတွေ ထဲက ကင်းစခန်း တစ်ခု ဖြစ်တဲ့ အငူမော် လမ်းမ ပေါ်က ကင်းစခန်းက ကင်းစောင့် နေတဲ့သူတွေကို အိပ်နေတယ်လို့ စွပ်စွဲပြီး ဒဏ်ငွေ ၅၀၀၀/ ကျပ်စီ ရိုက်တယ်။ ကျွန်တော်တို့ ရွာသားတွေကို အလကားလည်း ခေါ်ခိုင်းတယ်။ ပြီးတော့ အိပ်နေတယ်လို့ စွပ်စွဲပြီး ဒဏ်ငွေ ရိုက်နေတာ တော်တော်လေး ကြာပြီ။ ဥဒေါင်းမှာ ကင်းစခန်း နှစ်ခု ရှိတယ်။ တစ်ခုက နတလ ရွာမှာပါ။ နောက်တစ်ခုက အငူမှော် လမ်းမပေါ်မှာ။ အိပ်ပျော်နေ တာလည်း မဟုတ်ဘူး။ ရွာ အုပ်ချုပ်ရေးမှူး ရခိုင် လူမျိုး ဦးတင်မောင်နဲ့ နစကတို့ ပေါင်းပြီး ပိုက်ဆံ ရှာဖို့ အကွက်ဆင်တာ။” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။
ဒဏ်ငွေ ကျပ် ၅၀၀၀/ စီ ပေးခဲ့ရသော ရွာသား (၃) ဦးမှာ -
(၁) မောင်ဇူဘိုင်ရ် (ဘ) ဦးအဒူဆလာမ်
(၂) မောင်ဇော်ဘီအုလ္လာ (ဘ) ဦးဖော်ဇော်လ်
(၃) မောင်အဒူရာမန် (ဘ) ဦးကာလာ -- တို့ဖြစ်သည်။
ဥဒေါင်းရှိ ကင်းစခန်း များမှာ အနီးရှိ ရွာများသို့ ဖြတ်သွား ဖြတ်လာ ပြုလုပ်သူ များအားလုံး ထံမှာ ငွေကျပ် ၃၀၀/ စီကောက်ခံ လျက်ရှိပြီး၊ ရွာတွင်း နွားအရောင်း အ၀ယ် ပြုလုပ်သူ များမှာလည်း နွားတစ်ကောင်လျှင် ငွေကျပ် ၅၀၀၀/ စီပေးသွင်း ရကြောင်း သိရသည်။ ထို့အပြင် နေ့စဉ် စားသောက်ကုန် ရောင်းသူများ ထံမှလည်း ငွေ (သို့မဟုတ်) ရောင်းချသည့် ကုန်ပစ္စည်း များကို ဆက်ကြေး သဖွယ် ကောက်ခံ လျက်ရှိကြောင်း သိရှိ ရပါသည်။
ထို့အပြင် နတလ ကျေးရွာရှိ ကင်းစခန်းမှ ကင်းသမား များကိုလည်း အိပ်ပျော်နေသည် ဟု စွပ်စွဲ၍ ဒဏ်ငွေ ကျပ် ၁၀၀၀၀/ စီရိုက် ခဲ့ကြောင်း သိရသည်။
“ကင်းစခန်း နှစ်ခုစလုံးက လူတွေကို အိပ်ပျော် နေတယ် ဆိုပြီး ရိုက်တာပါ။ နတလရွာ စခန်းမှာ စောင့်တဲ့သူ တွေကို တစ်ယောက်ကို တစ်သောင်းစီ ရိုက်တယ်။ အဲဒါ အပြင် ရွာထဲက နောက်တစ်ယောက်ကို ဘင်္ဂလား ဒေ့ရှ် သွားတယ် ဆိုပြီး ငွေ တစ်သိန်း ဒမြတိုက် သွားတယ်။ ကျွန်တော်တို့ ဥဒေါင်း ရွာကတော့ မောင်တော မြို့မှာ နှိပ်စက်ခံ ရတဲ့ထဲမှာ အဆိုးရွားဆုံးပါ။” ဟု အဆိုပါ ဒေသခံ ရွာသားမှ ပြောပါသည်။
ငွေကျပ် တစ်သောင်းစီ ဒဏ်ငွေ ပေးခဲ့ရသူ (၃) ဦးမှာ -- ဥဒေါင်း ကျေးရွာအုပ်စု အရှေ့ရွာမှ
(၁) မောင်ဆလီမုလ္လာ (ဘ) ဦးမော်နို
(၂) ဦးနူရ်မိုဟာမတ် (ဘ) ဦးယာစီးန်
(၃) ဦးအဘုလ်ဟာရှိမ် (ဘ) ဦးနူရ်ဆလာမ် -- တို့ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် သွားခဲ့သည်ဟု စွပ်စွဲ ခံရပြီး ငွေကျပ် တစ်သိန်း ပေးခဲ့ရသူမှာ ဥဒေါင်း ကျေးရွာအုပ်စု ဇုံမ္မာရွာမှ မောင်ဖိုက်ဆဲလ် (ဘ) ဦးအဒူဟာကိမ်း ဖြစ်သည်။