နောက်ဆုံးသတင်း/ဆောင်းပါးများ

စေတီလည်း ပြီး၊ ပြည်ကြီးလည်း ပျက်

အောင်တင်

13.6.2013

ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ ဆိုးလှချည်လား အောင်းမေ့တာ ဒီမိုကရေစီ ဘပြောင် လက်ထက် ကျမှ တိုင်း ပြည် က အဝီစိကို တိုက်ရိုက် ဆင်းရမဲ့ ပုံဘဲ။

လက်ရှိ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဝင် ခေါင်းဆောင်တွေ အတော် များများဟာ ဘာနဲ့ အလား သဏ္ဍာန်တူ သလဲ ဆိုတော့ အိုးကောင်းနှင့် အိုးကွဲ ယှဉ်ပေါက် နေကြသူ များလို ဖြစ်နေ ပါတယ်။

သမိုင်း ဘယ်လိုမှ မလှနိုင် တော့တဲ့ ဗိုလ်သန်းရွှေရဲ့ ညာလက်ရုံး ဗိုလ်သိန်းစိန် အုပ်စုက အိုးကွဲပါ။ မိမိ ဘဝ တစ်သက် တာလုံး တိုင်းပြည်နဲ့ လူမျိုး အပေါ်မှာ ကိုယ်ကျိုး မဖက်၊ မဖေါက်မပြန်၊ သစ္စာ ရှိရှိ၊ ကြံ့ကြံ့ခံ အနစ်နာခံ အသေခံ၊ အသတ်ခံ၊ သတ္တိပြောင် ခဲ့ကြတဲ့ သံဃာ တော်တွေ အပါအဝင် ပါတီစုံ၊ အဖွဲ့စုံ၊ တိုင်းရင်းသား ပေါင်းစုံ ခေါင်းဆောင် တွေဟာ အိုးကောင်း တွေပါ။ ဘာဖြစ်လို့ အိုးကွဲကို အိုးကောင်းနဲ့ ယှဉ်ပြီး ပေါက်နေ ကြတာလဲ။ ဘာဖြစ်လို့ ဒီနေ့၊ မနက်ဖန်၊ ၂၀၁၅ ရွေးကောက်ပွဲ လောက် ကို ကျော် ပြီး မြန်မာ့ အနာဂတ် ရေရှည် ခရီးလမ်း ကြောင်းကို မမြင်နိုင် ကြတာလဲ။

၂၀၁၅ ရွေးကောက် ပွဲပြီးလို့ ဒေါ်အောင်ဆန်း စုကြည် ဘဲဖြစ်ဖြစ်၊ တိုင်းရင်းသား အင်အား စုတွေ၊ ဒီမိုကရေစီ အင်အား စုတွေ စုပေါင်း ဦးဆောင်တဲ့ အစိုးရကဘဲ ဖြစ်ဖြစ် အာဏာရ လာရင်တောင် စည်းပျက် ကမ်းပျက်၊ အကြမ်းဖက် မှုတွေ ဗလပွနဲ့ အုပ်မနိုင် စီးမရတဲ့ တိုင်းပြည်ပျက် ကြီးဖြစ် နေရင် ဘယ်လို လုပ်ပြီး တည်ငြိမ် အေးချမ်း တိုးတက်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် ကြီးကို တည်ဆောက် နိုင်တော့ မလဲ ဆိုတာကို မစဉ်းစား ကြဘူးလား။

ဒီပြဿနာက မွတ်စလင် ပြဿနာ ဖြစ်တယ်။ အောင်တင်က မွတ်စလင် အရေးမို့ ပြောနေတယ် ထင်ကြသူ များ ရှိပေမယ်။ အခု ဦးဝီရသူ တင်သွင်းတဲ့ အဆိုက ၂၁ ရာစုခေတ် ကမ္ဘာ့ အလည်မှာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး၊ မဖြစ်နိုင်၊ မဖြစ်သင့်လို့ ကန့်ကွက် နေတာ ဖြစ်တယ်။ ဦးဝီရသူ တင်သွင်းတဲ့ ဒီ လို ဖက်ဆစ် ဥပဒေမျိုးကို အတည်ပြု လာရင်လည်း မြန်မာ မွတ်စလင် တွေကို ကွက်ပြီး ထူးမထိ ခိုက် ပါဘူး။ တစ်နိုင်ငံလုံး ကိုသာ နစ်နာ စေမှာပါ။

စာဖတ်သူ တိုင်းမှာ မွတ်စလင် မိတ်ဆွေတွေ ရှိကြ ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းခလေး တွေကို မွတ် စလင် တွေက အတင်း လက်ထပ် နေကြတယ် ဆိုရအောင်၊ ဘာသာ မတူသူ တစ်ယောက်ကို လက် ထပ် လိုက်လို့ ဝမ်းသာ သွားတဲ့၊ အောင်ပွဲခံ သွားတဲ့ မွတ်စလင် မိသားစု တစ်စု၊ တစ်ယောက် လောက် များ မိမိ တစ် သက်မှာ တွေ့ဖူးရင် ထောက်ပြ ပါလို့ လေးစားစွာ စိန်ခေါ် ပါရစေ။ မြန်မာ့ သမိုင်းဝင် သွားအောင် မှတ် တမ်း တင် ထားချင်လို့ပါ။ မြန်မာပြည်က မွတ်စလင် တစ်ယောက် ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ဘာသာ မတူ သူ တွေ နဲ့ အကြောင်း ကြောင်းကြောင့် လက်ထပ် တာတော့ ရှိပါတယ်။ သို့သော် မြန်မာ မွတ်စလင် တစ် ရာ မှာ ဘာသာခြား လက်ထပ်သူ တစ်ယောက် နှုံးတောင် မရှိဘူး ထင်ပါတယ်။ တစ်ရာခိုင် နှုံးတောင် မရှိ တာကို သိသိကြီးနဲ့ ဘာဖြစ်လို့ ဓမ္မန္တရယ်လို မတန်တရာ ပုံကြီးချဲ့ပြီး မုန်းတီးရေး အဆိပ်တွေ ခတ်နေ ကြတာလဲ။

မွတ်စလင် တွေက မယား လေးယောက် ယူပြီး သားဖောက် သာသနာ ပြုနေတယ် လို့လည်း ဆိုကြ ပြန် တယ်။ ကျနော့ အသက် (၅၉) နှစ်ရှိပါပြီ။ ကျနော့ တစ်သက်မှာ မယား တစ်ယောက်ထက် ပိုယူတဲ့ မြန်မာ မွတ်စလင် မတွေ့ ဖူးဘူး။ ခင်ဗျား တို့ကော ဘယ်နှစ်ယောက် တွေ့ဖူးကြ ပါသလဲ။

မြန်မာ ပြည်က မွတ်စလင် တွေနဲ့ ဘယ်လိုမှ မဆိုင်တဲ့ ထိုင်းတောင်ပိုင်းမှာ မွတ်စလင်တွေ ခွဲထွက်ရေး လုပ်နေ တာတွေ၊ အကြမ်း ဖက်တာ တွေနဲ့ လှည့်တိုက် ပြန်တယ်။ ထိုင်းတောင်ပိုင်းက နဂိုရ်က မလေး ဘု ရင် ပိုင်နက် မလေး မွတ်စလင်တွေ နေကြတာပါ။ ထိုင်းဘုရင်က သိမ်းထားလို့ ထိုင်းပိုင်နက် ထဲ ရောက် သွားတယ်။ ဒါကို သူတို့က လွတ်လပ်ရေး အတွက်တိုက်နေကြတယ်။ ထိုင်းပိုင်နက် ထဲကို မွတ်စ လင် တွေက ဝင်ရောက် ကျူးကျော် နေထိုင်တာ မဟုတ်ဘူး။ ဒီအတိုင်းဘဲ ဖိလစ်ပိုင်က မိုရို မွတ်စ လင် တွေဟာ လည်း သူတို့ဒေသ သူတို့ နေကြတယ်။ စပိန် သိမ်းလို့ ဖိလစ်ပိုင် တစ်နိုင်ငံ လုံးလောက် ခရစ် ယာန် ဖြစ်သွားပေမဲ့ သူတို့က မွတ်စလင် အဖြစ် နေကြတယ်။ သူတို့ အကြမ်း ဖက်ရင် ကျနော်တို့ မထောက် ခံပါဘူး။ ရှုံ့ချပါတယ်။ သို့သော် သူတို့ ကိစ္စနဲ့ ကျနော်တို့ မြန်မာ မွတ်စလင်နဲ့ ဘာဆိုင် သလဲဗျာ။

နောက်တစ်ခါ အင်ဒိုချိုင်းနားမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်ပြီး မွတ်စလင် ဖြစ်သွားတယ် စွပ်စွဲ ပြန်တယ်။ လွန်ခဲ့တဲ့ နှစ်ပါတ် လောက်က မလေး ဝန်ကြီးချုပ်ဟောင်း မဟာ သီယာက သူတို့ဆီမှာ ဘယ်တုန်း ကမှ ဗုဒ္ဓဘာသာ မရှိခဲ့ဘူး ဆိုပါတယ်။ မွတ်စလင် ကုန်သည်တွေ၊ သူတော်စင် တွေရဲ့ အပြု အမူကို လေးစား ခဲ့တာမို့ မူလ ဟိန္ဒူ ဘာသာ ကနေ မွတ်စလင် ဖြစ်ခဲ့တယ်။ ဘယ်မွတ်စလင် စစ်သား တစ်ယောက် တောင် အင်ဒို ချိုင်းနားကို ခြေမချ ဖူးဘူးလို့ ဆိုပါတယ်။

တိုင်းပြည် မတည် မငြိမ် ဖြစ်အောင် မဟုတ် မမှန် စွပ်စွဲ သူတွေက လုပ်ကြံ စွပ်စွဲတယ်။ အမှန်သိ သူတဲ့ ဗုဒ္ဓဘာသာဝင် သမိုင်း ပညာရှင် တွေက ရှင်းပြမယ် ဆိုရင် မွတ်စလင်တွေ ရှင်းပြ တာထက် အများကြီး ထိရောက် ပေမယ်။

မည်သို့ပင် ဆိုစေကာမူ တိုင်းပြည် မတည် မငြိမ် ဖြစ်အောင်၊ စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်အောင်၊ ဒီမိုကရေစီ ခေါင်းဆောင်၊ လူထု ခေါင်းဆောင် တွေကို နိုင်ငံရေး သတ်ရအောင် စစ်အာဏာရှင် အုပ်စုနဲ့ သူတို့ရဲ့ လက်ကိုင်ဒုတ် ဦးဝီရသူတို့က ဟန်ချက် ညီညီ ပူးပေါင်း လုပ်ကြံ လည်ဆယ် နေတာကို မြင်အောင် ကြည့်နိုင်ဖို့ လိုပါပြီ။

ကျနော် တို့တွေက မှတ်ဥာဏ် တိုတတ် ကြတယ်။

မှတ်မိသေး ကြလား။ သမ္မတကြီး ဦးသိန်းစိန် ရုံးရဲ့ ညွှန်ကြား ရေးမှူး ဗိုလ်မှူး ဟောင်း ဇော်ဌေး က ပြည် ပ နိုင်ငံခြားသား လက်နက် ကိုင်တွေ မြန်မာ့ မြေပေါ် ကျူးကြော် လာကြပြီ၊ ကာကွယ် ကြဆိုပြီး ကိုယ့်နိုင်ငံ သား ရခိုင် ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေ ဆန့်ကျင်ရေး မီးစကို ဓါတ်ဆီ လောင်းလိုက် လို့ မနှစ် ဇွန်လက ရခိုင် ပြည်နယ်မှာ သတ်ပွဲ ကြီးတွေ ဆင်နွှဲ ခဲ့ကြ တာလေ။ ထင်ရာပြော ကိုကိုကြီးက အခု ဘဲ စစ်ထဲ ဝင်ပြီး ရှေ့တန်း ထွက်တော့ မလိုဖြစ်၊ မှီရာလိုက် ဦးသိန်းညွန့်က ကိုယ်တိုက်ပွဲ ဝင်ခဲ့တဲ့ လူ့ အ ခွင့် အရေး အကြောင်း ပြောရင် ကဗျာဆရာဘဲ ဖြစ်ရမလိုလို လွှတ်တော် ထဲမှာပြော၊ နောက်ကျတဲ့ ဖနောင့် သစ္စာဖေါက် ဆိုပြီး အိုးနင်း ခွက်နင်း ထောက်ခံ လိုက်ကြတာ။ ရုပ်ပျက် ဆင်းပျက် ပါဘဲ။

သိပ်မကြာခင်ဘဲ သမ္မတ ဦးသိန်းစိန်ရဲ့ နယ်စပ် ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဘယ်လက်နက် ကိုင်တပ်မှ မြန်မာ့ မြေပေါ်ကို ကျူးကျော် မလာပါဘူး။ ကျူးကျော် လို့လည်း မရပါဘူး လို့ ပြောလိုက်တာ ကကော ကြားမိ ကြလားဗျာ။ နိုင်ငံတော် သမ္မတကို တာဝန်ခံတဲ့ ဗိုလ်မှူး ဇော်ဌေးရဲ့ တာ ဝန်မဲ့ မမှန်မကန် လုပ်ကြံမှုက တိုင်းပြည် မတည်မငြိမ် ဖြစ်စေတဲ့ ကြီးမားသော ရာဇဝတ်မှု ဖြစ်ပါတယ်။ ဗိုလ်မှူးဟောင်း ဇော်ဌေးကို အရေးယူ ခဲ့သလား။ သူ့ကြောင့် နှစ်ဖက်သော ရခိုင် ပြည် သူတွေ သွေး ပင် လယ် ဝေခဲ့ ရပေမဲ့၊ ကိုဇော်ဌေးက ပန်းပန် လျှက်ပါဘဲ။ ကိုဇော်ဌေး မဟုတ် မမှန် လုပ်ကြံ ပြော ခဲ့တာကို သမ္မတကြီးက သဘောတူနေလို့ အရေးမယူခဲ့တာဘဲ ဆိုတဲ့ကောက်ချက် ကလွဲပြီးတခြား ဘယ်ကောက် ချက် များ ချနိုင် ကြမှာလဲ။ ဒါကို ကြည့်ခြင်းဖြင့် ဦးသိန်းစိန်ရဲ့ နှစ်မျက်နှာ ပေါ်လစီကို ထင်း ထင်း မြင်နိုင် ပါတယ်။ 

မှတ်မိ သေးကြလား။ ကချင် စစ်ပွဲ ရပ်ဖို့ သမ္မတက အမိန့်ပေး ခဲ့တာလေ။ တစ်နှစ် ကျော်ကြာသည် အထိ အထက်က အမိန့် အောက်ခြေကို မရောက် သေးလို့ ပါဆိုပြီး ထိုးစစ်ကြီး တွေ ဆင်ပြီး လေ ယာဉ် တွေ နဲ့တောင် ဗုံးကြဲ တိုက်ခိုက် ခဲ့နေ ခဲ့တာလေ။ ရပ်ပါ ရပ်ပါ ဆိုလည်း သူဘဲ။ လုပ်ပါ လုပ်ပါ ဆိုလည်း သူပါဘဲ။

မှတ်မိ ကြသေးလား။ ရခိုင် အထိကရုန်း တွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူ တွေကို သိထားပြီ။ မကြာ ခင် ပြတ်ပြတ် သားသား အရေး ယူမယ်လို့ ဦးသိန်းစိန် မနှစ်က ပြောခဲ့တာလေ။ ဒီပြောလုံး မျိုးကို ဦးသိန်း စိန် အနည်းဆုံး သုံးခါ ပြောပြီးပါပြီ။ ဦးသိန်းစိန်က သူသိထားတဲ့ နောက်ကွယ်က ကြိုးကိုင်သူ တစ်ယောက် ကိုတောင် မဖမ်းခဲ့ ပါဘူး။ ခပ်ပြောင်ပြောင် ပါဘဲ။

မှတ်မိကြ သေးလား။ ဘင်္ဂလီတွေ ခိုးဝင်နေကြပြီ ဆိုပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက် လာပါပြီ၊ အနောက် တံခါးကြီး ကျိုးသွားပြီ ဆိုပြီး ကျနော်တို့ မြန်မာ ပြည်သူတွေ ရင်ဘတ် စည်တီးရုံမက အမျိုး ဘာသာ သာသနာ ကာကွယ်ရေး အတွက် တိုက်ပွဲတွေ ခေါ်ခဲ့ ကြတာလေ။ သမ္မတ ဦးသိန်းစိန်နဲ့၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ တို့က ခိုးဝင် လာတဲ့ ဘင်္ဂါလီ ဆိုတာ မရှိသလောက် ပါဘဲ ဆိုပြီး ပြောခဲ့တာ ကိုကော။ သိချင်ရင် သူတို့ ပြောထားတဲ့ ဗီဒီယိုဖိုင် https://www.youtube.com/watch? feature= player_detailpage&v=o0iOMjItvqE ကိုကြည့်ပါ။

မှတ်မိ သေးရဲ့လား။ ကိုမင်းကိုနိုင်၊ ဦးဝင်းထိန် တို့ရဲ့ ပြောကြားချက် တွေလေ။ အကြမ်းဖက်မဲ့ သူတွေဟာ ကြိုတင် လူသိရှင်ကြား အချိန်း အချက် လုပ်တယ်။ လုပ်မဲ့ နေရာကို ကြေငြာတယ်။ ကြေငြာတဲ့ အတိုင်းဘဲ ကားတွေ၊ ဆိုင်ကယ် တွေနဲ့ တန်းစီ၊ ဝီစီမှုတ်ပြီး မောင်းဝင် လာတယ်။ မလာခင် မီးဖြတ် ပေးတယ်။ ဖုံးလိုင်း ဖြတ်ပေးတယ်။ လုယက် သတ်ဖြတ် သူတွေကို ဘေးမသီ ရန်မခအောင် အစိုးရက စောင့်ရှောက် ကာကွယ် ပေးတယ်။ ဝီစီမှုတ်ပြီး ပြန်ထွက် သွားတယ်။ အကြမ်းဖက် သမားတွေ ပြန်ထွက် သွားပြီးမှ မီးပြန် လာတယ်။ ဖုံးလိုင်း ပြန်ဖွင့်တယ်။

မဖြစ်ခင်မတားဘူး။ မွတ်စလင်ဆန့်ကျင်ရေး ခေါင်းဆောင် ဦးဝီရသူနဲ့ အဖွဲ့ကိုယနေ့အထိ ကြိုက် သလောက် အမုန်း အဆိပ်တွေဖြန့်ခွင့်၊ လှုံ့ဆော်ခွင့် ပေးထားတယ်။ သတ်ပြီး၊ လုပြီး၊ ရှို့ပြီးမှလူ ကြား ကောင်းအောင် အရေးယူ ပြတယ်။ ခံရသူကို ထောင်ဒါဏ် ၂၄နှစ်၊ လုပ်သူ ကို ထောင် ဒါဏ် ခြောက် လ။ ပြီး ရင် နောက် ကွယ်က ကြိုးကိုင်သူ တွေကို သိထားပြီ၊ ပြတ်ပြတ် သားသား အရေး ယူမယ် ပြောပြန် တယ်။ ပြောတဲ့သူ ကတော့ ရှက် မရှက် မသိဘူး။ နားထောင်ရ သူတွေက နားရှက် လာပါပြီ။

ရွှေသမင် ဘယ်တာက ထွက်နေ သလဲ။ သံလျှက် တော်ခိုးတဲ့ သူခိုးကို မိဖူးတဲ့ ထုံးစံ ရှိပါသလား။

ယနေ့ မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်က ခေါင်းဆောင်တွေမှာ တာဝန် သိပ်ကြီး နေပါပြီ။ လှေကြုံနဲ့ ရေစုန် လိုက်နေတာ တော်လောက်ပြီ ထင်ပါတယ်။ တိုင်းပြည် အတွက် အန္တရာယ် သိပ်များ လာပါပြီ။ အပ်နဲ့ထွင်း ရမဲ့အရေးကို ပေါက်ဆိန်နဲ့ ပေါက်ရတာတွေ ဖြစ်လာ နေပြီ။

တိုင်းပြည် အဖတ်ဆယ် မရအောင် မပျက်စီး သွားခင် မူပေါ်မှာ ကြံ့ကြံ့ခံ ရပ်ပြီး အစွန်းရောက်တွေ လက် ထဲ က တိုင်းပြည်ကို ကယ်တင် ကြပါတော့။ ရေဆန်၊ လေဆန် လှော်တက် ကြပါတော့။

ဒီအတို်င်းသာ အတားအဆီးမဲ့ ရှေ့လျှောက် ဆက်သွား နေမယ် ဆိုရင်တော့ တပ်မတော်က ဒီမိုကရေစီ ကို ဖေါ်ဆောင် ပေးနေ ပါတယ် ဆိုတဲ့ သစ္စာ စကား မှန်တယ် ဆိုပါက တပ်မတော် ဖေါ်ဆောင်ပေး မဲ့ ဒီမိုကရေစီကို ရသွားမှာတောင် ကြောက်လာ ပြီဗျာ။ ဒီ ဒီမိုကရေစီကြီးက မရခင်တောင် ဒီလောက် ဆိုးနေ တာ ရများ ရသွားရင် မြန်မာ ပြည်သူတွေ ငရဲကို အရှင် လတ်လတ် ရောက်သွား မှာထက် ဆိုးများ ဆိုးနေ မလားလို့ စိုးရိမ် မိပါရဲ့။

စေတီလည်း ပြီး၊ တိုင်းပြည်လည်း ပျက်ဆိုတဲ့ သမိုင်းဝင် တဘောင်ကို သတိရ လိုက်မိ ကြောင်းပါဗျာ။


Comment ရေးရန်

Rohingya Exodus