နောက်ဆုံးသတင်း/ဆောင်းပါးများ

လူသတ်မှု ကျူးလွန်သည့် ၀န်ထမ်း အချို့ကို ခရိုင်တရားသူကြီး အာဏာဖြင့် အာမခံပေးလိုက်

ဌေးဇော်
RB News
13.6.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ သရက်ပြင် ကျေးရွာတွင် မတ်လ (၁၂) ရက်နေ့ နံနက် ၁၂ နာရီခွဲ (မတ်လ ၁၁ ရက် ညသန်းခေါင်ယံ) တွင် သစ်တော ဦးစီးဌာန ၀န်ထမ်း ဦးအလီ၏ သားဖြစ်သူ ဒုတိယနှစ် အင်္ဂလိပ်စာ အဓိကဖြင့် တက္ကသိုလ် ပညာသင်ကြား နေသော ကျောင်း သား မောင် သန်းလှိုင် (ခ) အီလီယာစ် အား အစိုးရ ၀န်ထမ်း (၈) ဦး အပါအ၀င် အကြမ်းဖက် သမား (၁၂) ဦးမှ ဓါးဖြင့် ထိုးသတ် ခဲ့သည်။ 

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ အစိုးရ ၀န်ထမ်း ၅ ဦးကို ဖမ်းဆီး ထားခဲ့ရာမှ (၃) ဦးကို မောင်တော ခရိုင် တရားသူကြီးမှ ဘူးသီးတောင်မြို့နယ်သို့ လာရောက်၍ အာမခံဖြင့် ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရသည်။ 

“ဘူးသီးတောင် မြို့နယ် တရားသူကြီး ဦးကျော်ကျော်စိုးက အာမခံ မပေးဘူး။ ဒါပေမယ့် ခရိုင် တရား သူကြီးက ဘူးသီးတောင်ကို လာပြီး ပုဒ်မလည်း ပြောင်းလိုက်တယ်။ ပြီးတော့ အာမခံ လည်း ပေး လိုက် တယ်။ သူတို့ကို အရင်တုန်းက ပုဒ်မ ၃၀၄ (က) နဲ့ တရားစွဲ ထားပေမယ့် အခုတော့ ပုဒ်မ ၁၇၇/၁ အမှုရှိ နေတယ်” ဟု ဘူးသီးတောင် မြို့နယ် ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ခရိုင် တရားသူကြီး အမိန့်ဖြင့် ပြန်လည် လွှတ်ပေး လိုက်သူ (၃) ဦးမှာ - 

(၁) ဦးလှထွန်း - တောအုပ် - သစ်တော ဦးစီးဌာန
(၂) ဦးအောင်မြင့် - တောအုပ် - သစ်တော ဦးစီးဌာန
(၃) ဦးသိန်းစိုး - တောခေါင်း - သစ်တော ဦးစီးဌာန - တို့ဖြစ်သည်။

“ဒီလူသတ်မှုကို အဓိက ခေါင်းဆောင်တဲ့ လ၀က အောင်စံသိန်းနဲ့ မြေစာရင်းက ဦးသန်းတင့် တို့ကိုတော့ အခုထိ ဖမ်းထားတုန်းဘဲ။ ပုဒ်မလည်း မပြောင်း သေးဘူး။ တရားစွဲ ထားတုန်းက ပုဒ်မ ၃၀၄ (က) နဲ့ဆက်ချုပ် ထားတယ်။ လွှတ်ပေးလိုက်တဲ့ (၃) ယောက်က ခရိုင် တရားသူကြီးကို လာဘ်ပေးထား လို့ ဖြစ် မယ်” ဟု ဒေသခံက ဆက်လက် ပြောသည်။

မောင်သန်းလှိုင် အသတ်ခံ ရပြီးနောက် ပြည်နယ် အဆင့် အရာရှိများ ဘူးသီးတောင် မြို့နယ် သို့ ရောက်ရှိ လာပြီး တရားခံ များကို ထိရောက်စွာ အရေးယူမည်ဟု ပြောဆို ခဲ့သည်။ ပြည်နယ် အရာရှိများ ၏ အမိန့်ကို မြို့နယ် တရားသူကြီးမှ လိုက်နာလျက် ရှိသော်လည်း ခရိုင် တရားသူကြီးမှ ဖောက်ဖျက်လျက် ရှိသည် ကို တွေ့ရသည်။ 

လူသတ် တရားခံ များအား ရှေ့နေလိုက် ပေးနေသည့် ရှေ့နေ ဦးစံလှမှ ရိုင်းပျစွာ ပြောဆို လှုံ့ဆော် လျက် ရှိကြောင်း ဒေသခံ များ၏ ပြောပြချက် အရ သိရသည်။

“လူသတ် သမားတွေရဲ့ ရှေ့နေ စံလှက ရိုဟင်ဂျာ လူမျိုး သတ်ရင် ဥပဒေ မရှိဘူး။ ရိုဟင်ဂျာ တွေကို သတ် ချင် သလိုသာသတ် လို့နေရာ တကာ လိုက်ပြော နေတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြော ပါ သည်။


Comment ရေးရန်

Rohingya Exodus