နောက်ဆုံးသတင်း/ဆောင်းပါးများ

လုပ်အားပေးရန် မသွားသည့် လူငယ် ၅ ဦးကို အုပ်ချုပ်ရေးမှူးက ရိုက်နှက်




RB News
26.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် အမှတ် (၂) လုံထိန်း တပ်ရင်းတွင် အဓမ္မ လုပ်အားပေး ခိုင်းစေ နေခြင်းကို မသွားရောက်သည့် လူငယ် (၅) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၂) ရဲတပ်ရင်းမှ တပ်ရင်း တာဝန်ခံ ဒုရဲမှူးကြီး ဝေလင်းကိုသည် စခန်းဝင်းခြံ သံဆူးကြိုး ကာရံရန် အတွက် လိုအပ်သော တိုင်များကို နီးစပ်ရာ ကျေးရွာ အုပ်စုများ ဖြစ်သော ကျောက်ချောင်း ကျေးရွာ အုပ်စု၊ ကျွန်းပေါက် ပြုစုနှင့် ကျွန်းပေါက် ဆင်အိုး ကျေးရွာ အုပ်စုများမှ ပေးရမည်ဟု လည်းကောင်း၊ လိပ်ရ ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများက လုပ်အားပေး၍ တိုင်များ စိုက်ထူ ပေးရမည်ဟု လည်းကောင်း အမိန့်ထုတ်ပြန် ခဲ့ရာ အဆိုပါ သတင်းကို RB News တွင် ဧပြီလ (၆) ရက်နေ့က ဖော်ပြခဲ့သည်။

RB News တွင် သတင်း ဖော်ပြပြီးနောက် ဒုရဲမှူးကြီး ဝေလင်းကိုက တိုင်များကို အလကား မယူတော့ဘဲ တိုင်တစ်တိုင်လျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် ရှင်းပေးခဲ့သည်။ သို့သော်လည်း တိုင်များ၏ ကာလတန်ဖိုးမှာ တစ်တိုင်လျှင် ငွေကျပ် ၄၀၀ ကျော် ရှိသဖြင့် ဒေသခံများမှာ နှုန်းထား တစ်ဝက်ခန့်သာ ရရှိ၍ နစ်နာခဲ့ရသည်။ လိပ်ရ ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများကို အတင်း အဓမ္မ လုပ်အားပေး ခိုင်းလျက် ရှိပြီး ဧပြီလ (၂၅) ရက်နေ့က လုပ်အားပေးရန် မသွားခဲ့သည့် လူငယ် (၅) ဦးကို ဒုရဲမှူးကြီး ဝေလင်းကို၏ အမိန့်အရ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးဆွေတာလမ်က လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရိုက်နှက်ခံရသည့် လူငယ် (၅) ဦးမှာ --

(၁) မောင်ဆော်ဒူလာမိန် (ဘ) ဦးရှောမ်ရှု (အသက် ၁၄ နှစ်)
(၂) မောင်လာလူး (ဘ) ဦးအေဘာဒုလ္လာ (အသက် ၁၈ နှစ်)
(၃) မောင်ဖေရာန် (ဘ) ဦးအာမီရ်အုလ္လာ (အသက် ၁၈ နှစ်)
(၄) မောင်နူရ်ဟာရှိမ်း (ဘ) ဦးဟာလာရှုနာ (အသက် ၂၁ နှစ်)
(၅) မောင်ဇာဟိတ်ဟူစိန်း (ဘ) ဦးနူမာလ်ဟာကိမ်း -- တို့ဖြစ်သည်။

နိုင်ငံတော်မှ အတင်း အဓမ္မ ခိုင်းစေခြင်းကို တားမြစ် ထားသော်လည်း မောင်တောခရိုင်ရှိ မြို့နယ် များတွင် ဒေသဆိုင်ရာ အာဏာပိုင်များက အာဏာ အလွှဲသုံးစား ပြုလုပ်၍ ခိုင်းစေလျက် ရှိသည့် အတွက် ဒေသခံများမှာ ဥပဒေမဲ့ ခိုင်းစေ နေခြင်း အတွက် အာဏာပိုင်များကို တိုင်ကြား၍ မရဘဲ ၎င်းတို့ ညှဉ်းပန်း နှိပ်စက်သမျှကို ခံနေရကြောင်း၊ ယခုကဲ့သို့ နေ့စဉ်နှင့် အမျှ ညှဉ်းပန်း နှိပ်စက် နေခြင်းများကို ပြည်ထောင်စု အစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus