နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမှ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဒုတပ်ရင်းမှူးက ရိုက်နှက်၊ ဓါးဖြင့်ခုတ်၍ ငွေညှစ်

ရိုက်နှက်၊ ဓါးဖြင့် ခုတ်ခံရသည့် မိုဟာမတ်ဂျာကဲရ်





RB News
15.5.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘောဒူဖ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် လူငယ် တစ်ဦးကို တပ်ရင်း (၃၅၄) မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမြင့်နိုင်က လူမဆန်စွာ ရိုက်နှက်၊ ဓါးဖြင့်ခုတ်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မိုဟာမတ်ဂျာကဲရ် (ဘ) ဦးအာနူမျာသည် ၂၀၁၂ ခုနှစ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မတိုင်မှီက စက်ရုံစု ရပ်ကွက် အကွက် (၁၀) တွင် နေထိုင် ခဲ့သူ ဖြစ်ပြီး၊ ဦးထွန်းမြင့် ပိုင်ဆိုင်သည့် ရွှေနဂါး ရွှေဆိုင်တွင် အလုပ်လုပ်ကိုင် ခဲ့သည်။ ထိုဆိုင်တွင် အလုပ်လုပ်ကိုင် နေစဉ် ဘောဒူဖ ကျေးရွာမှ ဒေါ်ဖာတေမာသည် ရွှေဆိုင်ပိုင်ရှင် ဦးထွန်းမြင့်ကို ငွေကျပ် ၄၈ သိန်း ချေးငှား ခဲ့ရာ မိုဟာမတ်ဂျာကဲရ်က အသိသက်သေ နေရာတွင် လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက်မှုများ ပြီးနောက်တွင် မိုဟာမတ်ဂျာကဲရ်သည် ဘောဒူဖ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထို့နောက် ရွှေဆိုင်ပိုင်ရှင် ဦးထွန်းမြင့်က ဘောဒူဖ ကျေးရွာတွင်းတွင် ရွှေအရောင်း အ၀ယ် လုပ်ငန်း ပြုလုပ်ရန် ကမ်းလှမ်းလာသဖြင့် မိုဟာမတ်ဂျာကဲရ်က ရွှေအရောင်းအ၀ယ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လာခဲ့သည်။

ဦးထွန်းမြင့်ကို ငွေချေးခဲ့သူ ဒေါ်ဖာတေမာက ၎င်းချေးငှားထားသည့် ငွေကျပ် ၄၈ သိန်းကို မိုဟာမတ်ဂျာကဲရ်မှ တဆင့် တောင်းရာ ဦးထွန်းမြင့်က ငွေ ၄၈ သိန်းလုံး တစ်ကြိမ်တည်း မပေးနိုင်ကြောင်း၊ လစဉ် ငါးသိန်းကျပ်စီသာ ပြန်ပေးနိုင်မည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။ ငွေပိုင်ရှင် ဖြစ်သူ ဒေါ်ဖာတေမာက သဘောမတူ နိုင်ကြောင်း ပြောကြားပြီး၊ မေလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် တပ်ရင်း (၃၅၄) ဒု-တပ်ရင်းမှူး ဗိုလ်မှူးမြင့်နိုင်ထံ တိုင်ကြားခဲ့သည်။ ဗိုလ်မှူးမြင့်နိုင်က ဦးထွန်းမြင့်ကို ခေါ်ယူ၍ စစ်ဆေး မေးမြန်းရမည့် အစား အသိသက်သေ နေရာတွင် လက်မှတ် ရေးထိုးခဲ့သူ မိုဟာမတ်ဂျာကဲရ်ကို ဖုန်းဆက်၍ ဆင့်ခေါ်ခဲ့သည်။ မိုဟာမတ်ဂျာကဲရ်က ဗိုလ်မှူးမြင့်နိုင်နှင့် တွေ့ရန် လာနေစဉ် လမ်းမှ ဖမ်းဆီး၍ ဘောဒူဖ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားပြီး လေးနာရီကြာ လူမဆန်စွာ ရိုက်နှက်သည့်အပြင် ဓါးဖြင့်ခုတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် လူမဆန်စွာ ရိုက်နှက်၊ ဓါးဖြင့် ခုတ်ပြီးနောက် ရွှေဆိုင်ပိုင်ရှင် ဦးထွန်းမြင့်မှ ဒေါ်ဖာတေမာကို ပေးရမည့် ငွေကျပ် ၄၈ သိန်းကို မိုဟာမတ်ဂျာကဲရ်အား အတင်းအဓမ္မ ပေးလျော်ခိုင်းပြီး၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမြင့်နိုင်က ဖြေရှင်းခဟု ဆိုကာ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ နောက်ဆုံးတွင် ဗိုလ်မှူးမြင့်နိုင်က ငွေကျပ် ၃ သိန်းဖြင့် သဘောတူခဲ့သည့် အတွက် ငွေကြေး လုံလောက်စွာ မရှိသည့် မိုဟာမတ်ဂျာကဲရ်သည် ဒုက္ခသည် စခန်းရှိ မိတ်ဆွေများထံမှ ငွေကျပ် ၃ သိန်း ချေး၍ ပေးရခဲ့ကြောင်း သိရှိရပါသည်။

၃၅၄ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမြင့်နိုင်

ဗိုလ်မှူးမြင့်နိုင်၏ မတရား ညှဉ်းပန်း နှိပ်စက်မှုကြောင့် မိုဟာမတ်ဂျာကဲရ်သည် ငွေကျပ် ၅၁ သိန်းကို မတရား သဖြင့် ပေးခဲ့ရခြင်း ဖြစ်ပြီး၊ ဗိုလ်မှူးမြင့်နိုင်က ယခင်ကလည်း ယခုကဲ့သို့ မတရား ရိုက်နှက် နှိပ်စက်၍ ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus