နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ရှုံးနိမ့်၍ ရွာသားများကို ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိ



Rohingya Eye
RB News
23.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း (ဂေါဇော်န်းဒီယာ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် ကျင်းပခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် မဲရှုံးနိမ့်ခဲ့သောကြောင့် ရွာသား အပေါ် မကျေမနပ် ဖြစ်လျက် ရှိပြီး၊ ကျေးရွာရှိ လူကြီးများနှင့် မော်လ၀ီ ဆရာများကို အမျိုးမျိုး စွပ်စွဲ၍ ခြိမ်းခြောက်လျက် ရှိသည်။ 

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကညင်တန်း ကျေးရွာမှ ဦးမာမတ်ဟူဆောင်း (ဘ) ဦးတော်ဇူမ်အာလီ (အသက် ၅၅ နှစ်) ကို ရုံးသို့ ဆင့်ခေါ်၍ ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည့် အပြင် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။ 

ဦးအေနာမ်အုလ္လာ (ဘ) ဦးအဒူရော်မန် (အသက် ၄၅ နှစ်)၊ ဦးဟာဖီဇူလ္လာ (ဘ) ဦးရှာကဲရ်မိုဟာမတ် (အသက် ၅၀ နှစ်)၊ ဦးယာဆဲရ်အူဒင် (ဘ) ဦးမာမတ်ရော်ဖိတ် (အသက် ၃၅ နှစ်)၊ ဦးအေနာယာဒ်အုလ္လာ (ဘ) ဦးဂျာမာလ် (အသက် ၂၅ နှစ်) တို့သည် ငါးဖမ်းသမားများ ဖြစ်ကြပြီး၊ အုပ်ချုပ်ရေးမှူးက ၎င်းတို့ကို မူးယစ်ဆေးဝါး သယ်ဆောင်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ၎င်းနှင့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် လာတွေ့ရန် ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ငါးဖမ်းသမားများက အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေပမာဏကို မတတ်နိုင်၍ တိမ်းရှောင် သွားခဲ့သည်။ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူးက ဦးအေနာယာဒ်အုလ္လာနှင့် တွေ့ဆုံခဲ့ပြီး စကားများခဲ့ကြသည်။ ယင်းနေ့ ညသန်းခေါင်ယံ အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သားများကို အုပ်ချုပ်ရေးမှူးက ရွာထဲသို့ ခေါ်ဆောင်လာပြီး အဆိုပါ ငါးဖမ်းသမား (၄) ဦးကို ဖမ်းဆီးခိုင်းခဲ့သော်လည်း ငါးဖမ်းသမား များက တိမ်းရှောင် သွားခဲ့သောကြောင့် ဖမ်းဆီး မရခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“အုပ်ချုပ်ရေးမှူးကို မဲမပေးလို့ဆိုပြီး ရွာထဲကို နယ်ခြားစောင့်ရဲတွေနဲ့ စစ်သားတွေ ခေါ်လာပြီး ရွာသားတွေ အထိတ်တလန့် ဖြစ်အောင် လုပ်နေတယ်။ ရထားတဲ့ အခွင့်အာဏာကို သုံးပြီး ရွာသားတွေကို မတရား ရက်စက်နေတာကို အထက် လူကြီးတွေ အနေနဲ့ စုံစမ်း စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူဖို့ တစ်ရွာလုံးက တောင်းဆိုပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus