နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင် စခန်း (၁၈) မှ နယ်ခြားစောင့်ရဲ များက ရိုဟင်ဂျာ များထံမှ ငွေညှစ်၊ ပစ္စည်းများ သိမ်း



MYARF
RB News
22.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် စခန်းအမှတ် (၁၈) မှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီရွာသို့ သွားရောက်၍ ဦးဟော်လီလုရာမန် (ခ) ဟောလုကို ခွင့်ပြုချက် မပါဘဲ အိမ်အသစ် ဆောက်လုပ်ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ်၏ အမိန့်အရဟု ဆိုကာ ဟောလုထံမှ ငွေကျပ် တစ်သိန်းငါးသောင်းကို ရဲမှူးချုပ် (ကွပ်ကဲရေးမှူး) ဖလား ဘောလုံးပွဲ ရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ ရယူပြီး အိမ်ဆောက်လုပ်ခွင့် ပေးခဲ့သောကြောင့် ဟောလုက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထံမှ ခွင့်ပြုချက် မယူဘဲ အိမ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ 

နယ်ခြားစောင့်ရဲ များက ဟောလုကို ဖမ်းဆီးပြီး ငွေညှစ်ယူနေသည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို အချိန်မှီ တိုင်ကြားသော်လည်း ဦးကျော်သိန်းက မည်သို့မှ ဖြေရှင်း ပေးခြင်းမရှိဘဲ ငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း အဆိုပါ အင်းဒင် စခန်း (၁၈) မှ နယ်ခြားစောင့်ရဲ များက ကျောက်ပန္ဒူ ရွာကြီးသို့ သွားရောက်၍ မော်လ၀ီ အီနုစ် (ဘ) ဦးဟိုင်ဘူလ္လာ၏ အိမ်တွင် ၀ယ်ယူ စုဆောင်းထားသည့် သစ်များကို တရားမ၀င် ခုတ်၍ စုဆောင်း ထားသည်ဟု စွပ်စွဲ၍ သိမ်းဆည်း သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ သိမ်းဆည်းခံရသည့် သစ်များ၏ ကာလတန်ဖိုးမှာ တစ်သိန်းငါးသောင်းကျပ် ရှိသည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီရွာသို့ သွားရောက်၍ ဦးနူရ်မာမတ် (ဘ) ဦးနိုရိုဇာမာကို အိမ်ဆောက်လုပ်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်း ရှစ်သောင်း ညှစ်ယူခဲ့သည်။ 

ဦးနူရ်မာမတ်သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ခွင့်ပြုချက် ရယူပြီး အိမ်အသစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ နယ်ခြားစောင့်ရဲ များက မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ရယူခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် ယူရန် လိုသည်ဟု ဆိုကာ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ များသည် ရွာကြီးသို့ သွားရောက်၍ ဦးအိုဘိုင်ဒူရာမန် (ဘ) ဦးဒိလ်မာမတ်၏ အိမ်သို့ ၀င်ရောက် စစ်ဆေးကာ ဦးအိုဘိုင်ဒူရာမန်၏ MPT ဖုန်းတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလားဖုန်း တွေ့သည်ဟု လုပ်ကြံ၍ ဦးအိုဘိုင်ဒူရာမန်၏ အစ်မဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် နေ့စဉ် တစ်ရွာပြီး တစ်ရွာ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး လုပ်ကြံ ဖမ်းဆီးကာ ငွေညှစ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus