နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်းမှ အပြစ်မဲ့ ရိုဟင်ဂျာ (၈) ဦးကို လုပ်ကြံစွပ်စွဲ ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်လျက်ရှိ

Rohingya Eye
RB News
14.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၃၈) ဦးသည် စက်တင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဦးရှဥ့်ကျ ကျေးရွာသို့ သွားရောက်ကာ ဒေသခံ ရိုဟင်ဂျာ (၈) ဦး၏ နေအိမ်များကို စီးနင်း ၀င်ရောက်၍ ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာတွင် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိသော်လည်း နေအိမ်များမှ လူငယ် (၈) ဦးကို နယ်မြေရုံးသို့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံရသူ (၈) ဦးကို အပြင်လောကတွင် မရှိသည့် RSO နှင့် အဆက်အသွယ် ရှိသူများ ဖြစ်ပြီး၊ လက်နက်များကို နေအိမ်များတွင် သိမ်းဆည်းထားသည်ဟု အခြေအမြစ်မရှိ လုပ်ကြံ စွပ်စွဲခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကျဘန်းအလုပ်နှင့် အပ်ချုပ်သည့် အလုပ်များ လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့အား “လက်နက်တွေကို ဘယ်မှာသိမ်းထားလဲ” ဟု ထပ်ခါတလဲလဲ စစ်ကြော မေးမြန်းလျက် ရှိပြီး၊ ၎င်းတို့ မိမိတို့အား လုပ်ကြံစွပ်စွဲနေသည်ကို ငြင်းဆန်နေသောကြောင့် ညှဉ်းပန်း နှိပ်စက်လျက်ရှိရာ၊ ဆက်လက် ညှဉ်းပန်းနှိပ်စက် နေလျှင် အသက် အန္တရာယ်ပင် ရှိလာနိုင်သည်ဟု နယ်မြေရုံးနှင့် နီးစပ်သူများက RB News သို့ပြောသည်။

၎င်းတို့အား မိသားစုများနှင့် တွေ့ခွင့်မပေးသည့် အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ပင် တွေ့ဆုံခွင့် မပေးကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၈) ဦးမှာ --

(၁) အာရောဖ် (ဘ) ဦးနူရ်အာလောမ် (အသက် ၂၁ နှစ်)
(၂) မော်လ၀ီအာယုဖ် (ဘ) ဦးကာမာလ် (အသက် ၂၇ နှစ်)
(၃) ခိုက်ဆဲရ် (ဘ) ဦးမိုဟာမတ်အလီ (အသက် ၂၈ နှစ်)
(၄) ဦးဖောရီးဇူလ္လာ (ဘ) ဦးမိုဟာမတ်ဆောယောဒ် (အသက် ၃၉  နှစ်)
(၅) ဦးဇာဖောရ် (ဘ) ဦးဂူရာမျာ (အသက် ၄၀ နှစ်)
(၆) ဦးရှော်ရှုအာလောမ် (အသက် ၃၃ နှစ်)
(၇) ဆော်လိမ် (ဘ) ဦးအာမတ် (အသက် ၂၁ နှစ်)
(၈) ဦးကေဖာဒူလ္လာ (ဘ) ဦးမိုဟာမတ်ဆော်လိမ် (အသက် ၃၁ နှစ်) - တို့ဖြစ်ကြသည်။

“ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ၀င်ရောက် တိုက်ခိုက်နေတာ ရခိုင်လက်နက်ကိုင် အဖွဲ့တွေပဲ ရှိတယ်။ ရခိုင်လူမျိုးတွေဘက်က လက်နက်တွေ သိမ်းဆည်း ရမိတာတွေလည်း အများကြီးပါပဲ။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သူတို့နိုင်ငံထဲမှာ RSO မရှိဘူးလို့ ပြောထားတဲ့ကြားက နယ်ခြားစောင့်ရဲတွေက RSO နဲ့ အဆက်အသွယ်ရှိတယ်။ လက်နက်တွေ ရှိတယ်ဆိုပြီး ဘာမှ အထောက်အထား မရှိဘဲ ညှဉ်းပန်း နှိပ်စက်နေတာတွေ အရမ်းများနေပါပြီ။ အခု အစိုးရလက်ထက်မှာလည်း ဒီလို ဆက်လုပ်နေတာက အာဏာရှင် အစိုးရရဲ့ မူဝါဒ အတိုင်း ဆက်လုပ်နေတာလို့သာ ပြောရမယ်။ အရပ်သား ဒီမိုကရေစီ အစိုးရ တက်လာတော့လည်း ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပြောင်းလဲမှု မရှိဘူး။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့က အခုဖမ်းဆီး ထားတဲ့ အပြစ်မဲ့တွေကို အမြန်ဆုံး လွှတ်ပေးဖို့ အောက်ခြေက လက်နက် အာဏာပိုင်တွေကို အမိန့်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။





Comment ရေးရန်

Rohingya Exodus