နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် တောင်ဘဇာ နယ်မြေတွင် ဆင်းရဲသားများ အငတ်ဘေးနှင့် ရင်ဆိုင်နေရ

MYARF
RB News
1.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ နယ်မြေတစ်ဝိုက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒေသခံရိုဟင်ဂျာ ဆင်းရဲသားများကို အတင်းအဓမ္မ လုပ်အားပေးနေသောကြောင့် ဆင်းရဲသားများ အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ဘဇာ နယ်မြေမြောက်ပိုင်း ဂုတ်ပီရွာ အထက်ပိုင်း ခမွီးရွာအနီးရှိ ချောင်းဗွေ ရေနက်ပိုင်းတွင် လွန်ခဲ့သော ရက်ပိုင်းက စက်လှေတစ်စီး နစ်မြှပ်သွားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးသွားခဲ့သည်။ 

ပျောက်ဆုံးသွားသူများ၏ အလောင်းများကို (၃) ရက်အကြာတွင် တစ်လောင်း၊ ငါးရက်အကြာတွင် နှစ်လောင်း တွေ့ရှိခဲ့သော်လည်း ၎င်းတို့၏ လက်နက်များ ပျောက်ဆုံးသွားခြင်းကြောင့် ချောင်းဘေး ကမ်းနားရွာများရှိ ရိုဟင်ဂျာများအတွက် အငတ်ဘေး စိုက်ရောက်ရခြင်း၏ လမ်းစဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

စက်လှေနစ်မြှပ်ခဲ့သည့်နေ့မှစ၍ နယ်ခြားစောင့်ရဲများက ပတ်ဝန်းကျင်ရွာများမှ ရိုဟင်ဂျာရွာသားများကိုသာ သီးသန့်ရွေးချယ်၍ အတင်းအဓမ္မ ဆွဲခေါ်လာကာ ရေငုတ်ခိုင်းပြီး အလောင်းများနှင့် လက်နက်များကို တစ်ပတ်တိတိ ရှာဖွေစေခဲ့သည်။ ယခုတစ်ဖန် ချောင်းကမ်းဘေးရွာများ ဖြစ်ကြသည့် ကျောင်းတောင်၊ ဂုတ်ပီ၊ ကျွန်းပေါက်၊ မောင်နှမ၊ ငါးရန့်ချောင်း၊ မိကျောင်းဈေး၊ ဖောင်တော်ပြင်၊ သင်္ဂနက်၊ တောင်ဘဇာ၊ ပေါက်တောပြင် စသည့် ရွာများမှ ရွာအထက်ပိုင်းတွင် ၂၀ ဦး၊ အောက်ပိုင်းတွင် ၂၀ ဦးစီ အစောင့်များ ထားရှိပြီး လက်နက်များ ရေစီးအတိုင်း မျှောပါလာလျှင် ဆယ်ယူနိုင်ရန် အဆင်သင့်လုပ်ထားသည်ဟု ဒေသခံများက ပြောပါသည်။ 

တစ်နေကုန် ချောင်းထဲသို့ မျက်ခြေမပြတ် ကြည့်နေရပြီး ညပိုင်းတွင် ဓါတ်မီးများထိုး၍ စောင့်ကြည့်နေရသည်။ စောင့်ကြည့်နေရသူများ တစ်ရက်လျှင် ၃၀၀ ဦးရှိပြီး လူတစ်ဦးလျှင် နှစ်ရက်လျှင် တစ်ကြိမ် သွားနေရကြောင်း၊ အလုပ်လုပ်ချိန်မရတော့ကြောင်း၊ အလှည့်ကျသွားနေရ၍ နေ့စားအလုပ်သမားများမှာ မိသားစု ၀မ်းစာအတွက်ပင် ငွေရှာရန် အချိန်မပေးနိုင်တော့ခြင်းကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ဆိုသည်။ 




Comment ရေးရန်

Rohingya Exodus