နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့နယ်၌ ၂၀၁၂ ခုနှစ်က မီးရှို့ခံရသည့် ဗလီမြေနေရာတွင် ပြန်လည်တည်ဆောက်သည့် ဗလီ ကို အာဏာပိုင်က ဖျက်ဆီး

RB News
8.3.2018

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စမ်ဘာလေ ကျေးရွာ၌ ၂၀၁၂ ခုနှစ်က မီးရှို့ခံရသည့် ဗလီမြေနေရာတွင် ပြန်လည်တည်ဆောက်သည့် ဗလီ ကို အာဏာပိုင်များ ဖျက်ဆီးလိုက်သည်။

မင်းပြားမြို့နယ် စမ်ဘာလေ ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်ကို ၂၀၁၂ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် အစွန်းရောက်များက အကြမ်းဖက် ဖျက်ဆီးခဲ့သည်။

ယင်းဗလီဝတ်ကျောင်းတော် နေရာတွင် ၂၀၁၇ ခုနှစ်မှစ၍ ရွာသားများ၏ လှူဒါန်းငွေများဖြင့် တဖြေးဖြေး တည်ဆောက်လာခဲ့ရာ မတ်လ (၇) ရက်နေ့မှ စ၍ အာဏာပိုင်များ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“၂၀၁၂ ခုနှစ်ကတည်းက ကျွန်တော်တို့ အာဏာပိုင်တွေကို အကြိမ်ကြိမ် တောင်းဆိုတယ်။ ဘာမှ မလုပ်ပေးဘူး။ နောက်ဆုံး နားလည်မှုနဲ့ လုပ်လိုက်ပေမယ့် မနေ့က သွပ်တွေကို ဖြုတ်တယ်။ ဒီနေ့ အကာအရံတွေ အကုန်ဖြုတ်လိုက်တယ်။ တိုင်တွေချည်း ကျန်တော့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ဖျက်ဆီးရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လ.၀.က ၀န်ထမ်းများနှင့် ရခိုင်ရွာသားများ လာရောက်၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် မီးရှို့ခံခဲ့ရပြီးနောက်တွင် ၀တ်ပြုဆုတောင်းရန် နေရာမရှိ ဖြစ်နေရခဲ့ပြီး၊ နေရာစီမံပြီး ဖျက်ဆီးခံလိုက်ရသဖြင့် ၀တ်ပြုရန် နေရာမရှိတော့ဟု ဒေသခံများက ဆိုသည်။




Comment ရေးရန်

Rohingya Exodus