နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇားကျေးရွာအုပ်စု တာဝန်ခံ၏ သတင်းမှားပေးမှုကြောင့် ရွာသားတစ်ဦး ရှောင်နေရ

Rohingya Eye
RB News
7.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု တာဝန်ခံ၏ သတင်းမှားပေးမှုကြောင့် ရွာသားတစ်ဦး တိမ်းရှောင်နေရသည်။

ယနေ့ မတ်လ (၇) ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် ရွှေဇား ဒီ(ပ်) ဖာရာ၌ အမည်မသိသူတစ်ဦးကို WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၄ သိန်းနှင့်အတူ စ.ရ.ဖ အဖွဲ့နှင့် မူးယစ်အဖွဲ့ တို့က ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်များမှာ ရွှေဇား စေတီပြင်ရွာမှ ဇူးဟာရူး (ဘ) ဦးအာဘူဇော်မိလ် (အသက် ၂၃ နှစ်) နှင့် ဆွေယာဒ်ကာဆိမ်း (ဘ) ဦးအာဘူဇော်မိလ် (အသက် ၃၀ နှစ်) တို့ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ည ၁၁ နာရီခန့် အချိန်တင် စ.ရ.ဖ အဖွဲ့နှင့် မူးယစ်အဖွဲ့ တို့သည် ကား (၅) စီးဖြင့် ရွှေဇားကျေးရွာအုပ်စုသို့ ၀င်ရောက်လာပြီး ကျေးရွာတာဝန်ခံ ဖြစ်သူ ဦးမော်နိရ်အာမတ်နှင့် အတူ စိတ်ကြွဆေးပြား ပိုင်ရှင်များကို ဖမ်းဆီးရန် ကြိုးစားနေစဉ် စိတ်ကြွဆေးပြား ပိုင်ရှင်များသည် နေအိမ်မှ တိမ်းရှောင်သွားပြီး၊ ကျေးရွာတာဝန်ခံကို ဖုန်းဆက်၍ “ခင်ဗျားကို ဖုန်းဆက်မယ်၊ ကျွန်တော်တို့ အိမ်ကို မ၀င်ခိုင်းဘဲ အခြားအိမ်တစ်အိမ် ၀င်ခိုင်းပါ” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ ဖုန်းဆက်ပြောဆိုသောကြောင့် ကျေးရွာတာဝန်ခံက ပိုင်ရှင်မှန်များ၏ နေအိမ်ကို ပြမပေးဘဲ အပြစ်မဲ့တစ်ဦး ဖြစ်သည့် ဂျာနီအာလာမ် (ဘ) ဦးမင်ဂိရ်၏ နေအိမ်ကို ၀င်ခိုင်းခဲ့သည်။

ကျေးရွာတာဝန်ခံ၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ဂျာနီအာလာမ် ဆိုသူသည် နေအိမ်မှ တိမ်းရှောင်နေရသည်ဟု သိရှိရသည်။

ဂျာနီအာလာမ်သည် ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ မဟုတ်မမှန် သတင်းပေးမှုကြောင့် အလွန်ကြောက်ရွံ စိုးထိတ်နေသည်ဟု ဒေသခံများက ပြောပါသည်။

ကျေးရွာတာဝန်ခံ ဦးမော်နိရ်အာမတ်သည် ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံ လီဆယ်၍ ရွာသားများကို ဒုက္ခပေးနေသည်မှာ အကြိမ်ကြိမ် ဖြစ်နေပြီ ဖြစ်ကြောင်း၊ ၎င်းကြောင့် စိတ်မချမ်းမသာ အမြဲဖြစ်နေရသည်ဟု ဒေသခံများက ဆိုသည်။




Comment ရေးရန်

Rohingya Exodus