နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပဋိပက္ခအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းအပေါ် သဘောထားကြေငြာချက် ထုတ်ပြန်ခြင်း


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သတ်၍ သမ္မတကဖွဲ့စည်းပေးလိုက်သောကော်မရှင်အပေါ် သဘောထားကြေငြာချက် ထုတ်ပြန်ခြင်း။


၁။ သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်သည့်အတွက် မူအရ ကြိုဆိုထောက်ခံပါသည်။

၂။ သို့ရာတွင် စုံစမ်းရေးကော်မရှင်တွင် ပါဝင်သော အဖွဲ့ဝင်များသည် နှစ်ဖက်စလုံးမှ အချိုးကျ ပါဝင်သင့်သည့် အရေအတွက် အချိုးကျ မပါရှိခြင်း၊ ရခိုင်ဖက်မှ လွှတ်တော်ကိုယ်စားလှယ်တော်များ ပါဝင်သော်လည်း ရိုဟင်ဂျာမွတ်စလင်များဘက်မှ လွှတ်တော်ကိုယ်စားလှယ်များ ထည့်ထားခြင်း မရှိခြင်း၊ ပဋိပက္ခစတင်ဖြစ်ပွားအောင် လှုံ့ဆော်ပေးခဲ့သည်ဟု နာမည်ဆိုးနှင့် ကျော်ကြားနေသော ရခိုင်အမျိုးသား တိုးတိုက်ရေးပါတီမှ ဒေါက်တာ အေးမောင်ကဲ့သို့ ပုဂ္ဂိုလ်များ ပါဝင်ခြင်း၊ ရိုဟင်ဂျာ မွတ်စလင်များအား နိုင်ငံခြားသားများ ဖြစ်၍ တပ်မတော်နှင့် ပူးပေါင်း၍ ချေမှုန်းဖြစ်ရမည်ဟု ကြွေးကြော်ခဲ့သော ၈၈ ကျောင်းသားအဖွဲ့မှ ဦးကိုကိုကြီးကဲ့သို့ ပုဂ္ဂိုလ်များပါဝင်ခြင်း၊ ပြင်သစ်နိုင်ငံရောက်ခိုက် ရိုဟင်ဂျာမွတ်စလင်များသည် နိုင်ငံသားများ မဟုတ်၊ နိုင်ငံခြားများသာ ဖြစ်သည်ဟု၊ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သော ဇာဂနာကဲ့သို့ ပုဂ္ဂိုလ်များ ပါဝင်နေခြင်း၊ အစ္စလာမ်ဘာသာရေး ပုဂ္ဂိုလ်များ ပါဝင်သော်လည်း ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင် တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်း မရှိခြင်း၊ အစ္စလာမ်ဘာသာဝင်အချို့ ပါဝင်သော်လည်း ရိုဟင်ဂျာမွတ်စလင်များကို ကိုယ်စားပြုသော မည့်သည့်ရိုဟင်ဂျာ မွတ်စလင်များ ပါဝင်ခြင်းမရှိခြင်းတို့ကြောင့် ဤကော်မရှင်ကို မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ကြောင်းနှင့် ဤကော်မရှင်မှတစ်ဆင့် ထွက်ပေါ်လာမည့် ရလဒ်သည်လည်း သင့်တင့်မျှတ မှန်ကန်သည့် ရလဒ်မျိုး ဖြစ်မည်မဟုတ်ကြောင်း ယူဆမိပါသည်။

၃။ ဤပဋိပက္ခသည် ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာမွတ်စလင်လူမျိုးများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတစ်ခု ဖြစ်သည်။ သို့ရာတွင် ကော်မရှင်တွင် ဗုဒ္ဓဘာသာရခိုင်ဖက်မှ ပုဂ္ဂိုလ်များ ပါဝင်ပြီး အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာဖက်မှ မည်သည့် တစ်ဦးတစ်ယောက်မျှပါဝင်မှု မရှိခြင်းသည် လေးစားယုံကြည်အပ်သော ကော်မရှင်တစ်ရပ်မဟုတ်ကြောင်းနှင့် ဦးတည်ချက်မှာ လည်း ရိုးသားခြင်းမရှိကြောင်း သက်သေပြ နေပါသည်။

၎။ သို့ဖြစ်၍ ယုံကြည်လက်ခံနိုင်လောက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုဖြစ်ရေးအတွက် လက်ရှိကော်မရှင်မှ နာမည်ဆိုး စာရင်းထွက်နေသော ပုဂ္ဂိုလ်များအား ကော်မရှင်မှ ဖယ်ရှားပေးရေးနှင့် ရိုဟင်ဂျာမွတ်စလင်ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်များ ကော်မရှင်တွင် ပါဝင်ရေးသည် အလွန်အရေးကြီးသည်။ သို့မဟုတ်လျှင် နိုင်ငံခြားမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်များ မြန်မာနိုင်ငံထဲသို့ ၀င်ရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် တောင်းဆိုသွားမည် ဖြစ်သည်။ သို့ဖြစ်၍ ဤကော်မရှင်အား ပြန်လည်ဖွဲ့စည်းရန်နှင့် ရိုဟင်ဂျာမွတ်စလင်ကို ကိုယ်စားပြုသော ရိုဟင်ဂျာခေါင်းဆောင်များကို ထည့်သွင်းပေးရန် သမ္မတကြီးဦးသိန်းစိန်သို့ အလေးအနက် တောင်းဆို လိုက်ပါသည်။

၅။ ဤစစ်ဆေးရေးကော်မရှင်တွင် ပါဝင်နေသော အစ္စလာမ်ဘာသာဝင်တို့အား ရိုဟင်ဂျာမွတ်စလင်များကို ကိုယ်စားပြုနိုင်သော ရိုဟင်ဂျာခေါင်းဆောင်များ ကော်မရှင်တွင်မပါဝင်ပါက မိမိတို့ဘက်မှ ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ကော်မရှင်မှ နုတ်ထွက် ပေးကြရန် တောင်းဆိုလိုက်ပါသည်။


ဦးလှအောင်
ဥက္ကဌ
ပြည်ပရောက်အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ
ပါရီမြို့၊ ပြင်သစ်နိုင်ငံ





Comment ရေးရန်

Rohingya Exodus