ဆွီဒင်နိုင်ငံမှ ဆီးရီးယား ဒုက္ခသည်များကို အမြဲနေထိုင်ခွင့် ပေးမည်ဟု ကြေညာ
(ဓါတ်ပုံ - AFP) |
RB News
3.9.2013
ဥရောပ သမဂ္ဂ နိုင်ငံများ အတွင်းမှ ဆွီဒင် နိုင်ငံသည် ဆီးရီးယားမှ ဒုက္ခသည် ခိုလှုံခွင့် လျှောက်ထား သူများကို လက်ခံ၍ ခိုလှုံခွင့် ပေးသွားမည်ဟု ယနေ့ ကြေညာ လိုက်ကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် Arab News သတင်းစာတွင် ရေးသား ဖော်ပြ ထားပါသည်။
ဆွီဒင် နိုင်ငံတွင် ခိုလှုံခွင့် တောင်းခံသည့် ဆီးရီးယား နိုင်ငံသား များအားလုံးကို ခိုလှုံခွင့် ပေးမည်ဟု ဆွီဒင် လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ပြောရေး ဆိုခွင့် ရှိသူ Annie Hoernblad က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြား လိုက်သည်။ ဆွီဒင် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ယခုကဲ့သို့ ဆုံးဖြတ် ရခြင်းမှာ ဆီးရီးယား နိုင်ငံတွင် ဖြစ်ပေါ် နေသော အကြမ်းဖက် မှုများသည် မကြာခင် အဆုံးသတ်မည့် အခြေအနေ မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဆွီဒင် လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ဆုံးဖြတ်ချက် အရ ဆီးရီးယား ဒုက္ခသည် များကို အမြဲတမ်း နေထိုင်ခွင့် လက်မှတ် ထုတ်ပေးမည် ဖြစ်သည်။ ယခု အချိန်ထိ ဆွီဒင် နိုင်ငံတွင် ခိုလှုံခွင့် တောင်းသူ များကို သုံးနှစ် ယာယီ သက်တမ်းရှိ နေထိုင်ခွင့်သာ ထုတ်ပေး နေသော်လည်း ဆီးရီးယား ဒုက္ခသည် များအတွက် သီးခြား စည်းမျဉ်း သတ်မှတ်ခြင်း ဖြစ်ပါသည်။ အမြဲတမ်း နေထိုင်ခွင့် ရရှိသူများမှာ ၎င်းတို့၏ မိသားစု များကိုလည်း ခေါ်ယူခွင့် ရရှိမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ရေးသား ဖော်ပြ ထားသည်။
ကုလ သမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး၏ ကိန်းဂဏန်း များအရ ယခု အခါ ဆီးရီးယား နိုင်ငံတွင် ဒုက္ခသည် ဦးရေ နှစ်သန်းကျော် ရှိနေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဆွီဒင် နိုင်ငံမှာ ဆီးရီးယား ဒုက္ခသည် ၁၄၇၀၀ ကို လက်ခံ ခဲ့သည်။ ဆွီဒင် နိုင်ငံ၊ ပြောင်းရွှေ့ နေထိုင်ရေး ၀န်ကြီး ဌာန ၀န်ကြီး ကလည်း အခြားသော နိုင်ငံများကို ယခုကဲ့သို့ ဆီးရီးယား ဒုက္ခသည် များကို လက်ခံ၍ ကူညီ ပေးသွားရန် တိုက်တွန်း လိုက်သည်။