ကြိမ်ချောင်းဈေးသို့ သွားသည့် ဆိုင်ကယ် တက္ကစီ များမှ ဆက်ကြေး ကောက်လျက်ရှိ
RB News
19.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း ဈေးသို့ သွားသည့် ဆိုင်ကယ် တက္ကစီ များထံမှ အာဏာပိုင် အဖွဲ့ အစည်း များက အတင်း အဓမ္မ ဆက်ကြေး သဖွယ် ကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။
ကြိမ်ချောင်း ဈေးသို့ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ တမန်းသား၊ ခမောင်းဆိပ်နှင့် အခြားသော ရွာများမှ ဆိုင် ကယ် တက္ကစီများ သွားလာ လျက်ရှိသည်။
တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ဆိုင်ကယ်တက္ကစီများ လာရာတွင် ပြူးမချောင်း တံတား ရဲကင်းနှင့် ကြိမ်ချောင်း အမှတ် (၂၄) လုံထိန်း ရဲစခန်း များ၏ ရှေ့မှ ကျော်ဖြတ် ရပြီး၊ အဆိုပါ စခန်းများ ရှေ့တွင် ရပ်၍ ၎င်းတို့ သတ်မှတ် ထားသည့် အတိုင်း ဆက်ကြေး ပေးသွင်း ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော သည်။
ဆိုင်ကယ် တက္ကစီ တစ်စီး အသွား/အပြန် တစ်ကြိမ်လျှင် ပြူးမ တံတား ရဲကင်းသို့ ၁၀၀၀ ကျပ်၊ ကြိမ်ချောင်း အမှတ် (၂၄) လုံထိန်း ရဲစခန်းသို့ ၁၀၀၀ ကျပ်၊ ကြိမ်ချောင်း ရဲစခန်းသို့ ၅၀၀ ကျပ်နှင့် ကြိမ်ချောင်း သတင်း တပ်ဖွဲ့သို့ ၅၀၀ ကျပ် ပေးသွင်း ရသည်။ တစ်ရက် ထဲတွင် အသွား အပြန် အခေါက် တိုင်းတွင် ပေးသွင်း ရကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ ဆက်ကြေး ပေးနေ ရသဖြင့် ဆိုင်ကယ် တက္ကစီ သမား များမှ အလုပ် မဖြစ်တော့ဘဲ အရှုံးဖြင့်သာ နေ့စဉ် ရင်ဆိုင် နေရသဖြင့် စားဝတ် နေရေး ခက်ခဲ လာကြောင်း ဒေသခံ များ က ဆိုသည်။ အလားတူ ထော်လာဂျီ များထံမှလည်း အထက်ပါ အတိုင်း ကောက်ခံ လျက်ရှိကြောင်း သိရှိ ရပါသည်။