ဇင်ပိုင်ညှာ မူလတန်း လွန်ကျောင်းအုပ်ကြီးက UNICEF ထောက်ပံ့ကြေးများ ဖြတ်စား
RB News
31.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၆) နယ်မြေ အပိုင်ရှိ ဇင်ပိုင်ညှာ ကျေးရွာ အုပ်စု အခြေခံ ပညာ မူလတန်း လွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးစောလွင်က UNICEF မှ ကျောင်းသား/သူ များအတွက် ပေးသည့် ထောက်ပံ့ကြေး များကို ဖြတ်စား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ်၊ ဇင်ပိုင်ညှာ ကျေးရွာ မူလတန်း လွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးစောလွင် အပါအ၀င် အစိုးရခန့် ဆရာ (၄) ဦးနှင့် ဆရာမ (၇) ဦး ရှိသည်။ ဒေသခံ ရိုဟင်ဂျာ ဆရာ (၂) ဦး အပါအ၀င် စုစုပေါင်း ၁၃ ဦး ဖြစ်သည်။ ကျောင်းသား/သူ ပေါင်း ၅၇၀ ဦးရှိပြီး စာသင်ခန်း မလုံလောက် မှုကြောင့် နှစ်ချိန် ခွဲ၍ မနက်ပိုင်းနှင့် ညနေပိုင်း သင်ကြား လျက်ရှိသည်။
၂၀၁၃ ခုနှစ် ပညာ သင်နှစ် အတွက် UNICEF (ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ) မှ မောင်တော မြို့နယ် တစ်ခုလုံးရှိ မူလတန်း ကျောင်းသား/သူ များအတွက် ကျောင်းဝင်ကြေး၊ လွယ်အိတ်၊ ဖတ်စာအုပ်၊ ဗလာ စာအုပ်၊ ကျောင်းသုံး ကိရိယာနှင့် အခြား ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ ပေးသည့် အပြင်၊ ကျောင်းသား/သူ တစ်ဦးချင်းစီ အတွက် ငွေကျပ် ၁၀၀၀ စီပါ ထောက်ပံ့ ခဲ့သည်။
ဇင်ပိုင်ညှာ မူလတန်း လွန်ကျောင်းရှိ ကျောင်းသား/သူ ၅၇၀ အတွက် ထောက်ပံ့ ပေးသည့် ကျောင်းသုံး ပစ္စည်း များနှင့် ငွေကျပ် ၁၀၀၀ စီမှ ကျောင်းသုံး ပစ္စည်း အချို့နှင့် ငွေကျပ် ၅၀၀ စီကို ကျောင်းအုပ်ကြီးမှ ကျောင်းသား/သူ များကို ပေးအပ် ခဲ့ပြီး၊ ကျန်သည့် ကျောင်းသုံး ပစ္စည်း များနှင့် ငွေကျပ် ၅၀၀ စီကို ကျောင်းအုပ်ကြီး ဦးစောလွင် အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
မောင်တော မြို့နယ်ရှိ ကျောင်းများသို့ ပေးအပ်သည့် ထောက်ပံ့ကြေး အများစုမှာ ကျောင်းအုပ်ကြီးများ အလွဲသုံးစား ပြုလုပ် လိုက်ပြီး ကျောင်းသား အနည်းငယ်သာ လက်ခံ ရရှိကြောင်း သိရှိ ရသည်။