နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုက်ကားသမား တစ်ဦးကို ရခိုင် အစွန်းရောက်များ ၀ိုင်းဝန်းရိုက်နှက်

MYARF
RB News
19.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဗိုလ်မှူးရွာသို့ သွားသည့် ခရီးသည် ရခိုင်အမျိုးသမီး တစ်ဦးကို လိုက်ပို့သည့် ရိုဟင်ဂျာ ဆိုက်ကားသမား တစ်ဦးကို ရခိုင်အစွန်းရောက်များက ၀ိုင်းဝန်းရိုက်နှက် ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ဆေးရုံအနောက်ပိုင်းရှိ ဗိုလ်မှူးရွာမှ ရခိုင်အမျိုးသမီး တစ်ဦးသည် မြို့မကညင်တန်း ဈေးမှ အပြန် ဦးအဒူရှကူရ် (ဘ) ဦးနာဆဲရ်အာမတ် (အသက် ၄၃ နှစ်) ၏ ဆိုက်ကားကို စီးနင်း၍ အိမ်ပြန်ခဲ့သည်။ အဆိုပါ အမျိုးသမီးသည် ၎င်း၏ အိမ်ရှေ့သို့ ရောက်ပြီး၊ ဆိုက်ကားပေါ်မှ ဆင်းသွားခဲ့သည်။ ထို့နောက် ရုတ်တရက် ရခိုင်အစွန်းရောက် ၇ ဦးခန့် ပတ်ဝန်းကျင် နေအိမ်များမှ ထွက်လာပြီး ဆိုက်ကားသမား ဖြစ်သူ ဦးအဒူရှကူရ်ကို ၀ိုင်းဝန်း၍ ထိုးကြိတ်ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

လူမဆန်စွာ ထိုးကြိတ်ရိုက်နှက် ခံရမှုကြောင့် ဦးအဒူရှကူရ်၏ မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရခိုင်အစွန်းရောက်များမှာ ဦးအဒူရှကူရ်ကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် မိမိတို့၏ နေအိမ်များထဲသို့ ပြန်လည်ဝင်သွားခဲ့သည်။

ရိုဟင်ဂျာလူမျိုး များသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ရခိုင်လူမျိုးများနှင့် သင့်မြတ်အောင် အမြဲနေထိုင်သော်လည်း ရခိုင်အစွန်းရောက် များမှ အမြဲတစေ အကြမ်းဖက်မှုများ ဖြစ်အောင် လှုံ့ဆော်ဖန်တီးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus